ရန်ကုန်တက္ကသိုလ်ကျောင်းတော်သား ကျွန်တော် (၂)

ဤဆောင်းပါးကို  တောင်းပန်ခြင်းဖြင့်  အစပြုလိုသည်။ ပထမဆောင်းပါးတွင် တို့တိတို့တိရေးသားရာမှ အာစရိယ ဆရာသခင်များကို စုံစုံလင်လင်ဖော်ပြ ရန် လစ်ဟင်းသွားခဲ့  မိပါသည်။

အာစရိယဆရာများ

ပထမနှစ်တွင်     မြန်မာစာကို    ဦးဟုန်ဝမ်က လည်းကောင်း၊    အင်္ဂလိပ်စာကို     ဦးကျော်ဝင်းက လည်းကောင်း၊ သင်္ချာကို ဒေါ်သိန်းတင့် ကလည်းကောင်း၊ ရူပဗေဒကို  ဦးမြင့်ကြည်ကလည်းကောင်း၊ ဓာတုဗေဒကို  ဒေါ်သန်းသန်း ကလည်းကောင်း၊ ဘူမိဗေဒကို ဦးရွှေဝင်းက လည်းကောင်း သင်ကြားပေးပါသည်။ “ရှရီ၊ နမောဗုဒ္ဓါယ အစချီသော မြစေတီကျောက်စာကို မှတ်မိသမျှ ကျွန်တော် ရွတ်ပြတိုင်း သမီးများအပါအဝင် တပည့်များက အံ့ဩစွာ ကြည့်ကြသည်။ သူတို့တစ်တွေလည်း ယင်းကို  သင်ကြ ရသော်လည်း မမှတ်မိကြတော့ပါ။ ဆရာ ဦးကျော်ဝင်းက မိတ်ဆွေတစ်ဦးထံမှ  ပန်းသီးတစ်လုံး  လက်ဆောင်ရ၍ ဝမ်းမြောက် ဝမ်းသာပြောပြမှုကိုလည်း မှတ်မိနေပါသည်။ ထိုအချိန်အထိ ကျွန်တော်ပန်းသီးမစားဖူးသေးပါ။

ရူပဗေဒဆရာဦးမြင့်ကြည်က အရာဝတ္ထုအချင်းချင်း ဆွဲသောအား(ဂြိုဟ်ဆွဲအား)အကြောင်း  သင်ကြားရင်း သင်္ချာညီမျှခြင်းတွင်    ကိန်းသေ ထည့်ရာ၌    တွက်ချက် ရာတွင် 4π များ မကြာခဏပါနေ၍ “ခုရှုပ်မှနောင်ရှင်း ဆိုဘိသကဲ့သို့ ကိန်းသေကို အပ်ဆိုင်လွန် () အစား  4π ဟု အသုံးပြုမည် ဟု ပြောသော ပို့ချချက်ကို မှတ်မိနေပါ သေးသည်။   ဆရာမဒေါ်သန်းသန်းမှာ   ကျွန်တော်တို့ သင်ကြားရသော ပြဋ္ဌာန်းစာ အုပ်ပြုစုရာတွင်  ပါမောက္ခ ဆရာကြီးနှင့်အတူ တွဲဖက်ပြုစုသူအဖြစ်  မှတ်မိပါသည်။ ဆရာဦးရွှေဝင်းသင်သော တွင်းထွက်များ၏ မာဆင့်ကို မှတ်သားသည့်  “The girl can flirt and other queer things can do” ဆိုသည့် ‘မိုး ၏  အမာစကေး (၁) မှ (၁၀) ဖြစ်သော ကံ့ကူဆန်၊   ဂျစ်ပဆင်၊  ထုံးကျောက်၊  ဖလူအိုရိုက်၊ အပ်ပတိုက်၊   အော်သိုကလေ့၊   သလင်း၊ ဥဿဖရား၊ ကိုရန်ဒမ်(ပတ္တမြား၊ နီလာ)၊  စိန်တို့ကိုလည်း မှတ်မိပါသေးသည်။  ဆရာများတော်၍  စွဲမြဲစွာမှတ်မိ နေခြင်းဟု ယူဆမိပါသည်။

ဒုတိယနှစ်တွင်    အင်္ဂလိပ်စာကို   ဒေါ်နီနီနေဝင်း၊ ရူပဗေဒကို   ဦးသောင်း၊   သင်္ချာဘာသာရပ်များတွင် အက္ခရာသ င်္ချာ(Algebra)ကို ဒေါ်ခင်မြင့်မြင့်၊ ကဲကုလ သင်္ချာ(Calculus)ကို    ဦးကြင်ကို၊     ဗက်တာစိတ်ဖြာ လေ့လာ ချက်(Vector Analysis) ကို ဒေါ်တင်တင်လှနှင့်  ဒေါ်နန်းဝိုဖတ်ကျောက်တို့က သင်ကြားပေးပါသည်။

တတိယနှစ်တွင်      သင်္ချာစိတ်ဖြာလေ့လာချက် (Mathematical Analysis)   ကို   ဒေါက်တာသိန်းမြင့်၊ ကဲကု လသင်္ချာ(Calculus)ကို ဒေါက်တာကျော်ညွန့်နှင့်  ဒေါက်တာတင်မောင်၊ ကိန်းထွေစနစ်(Complex Number  System) ကို    ဒေါ်ခင်မမ၊    မက္ကင်းနစ်  (Mechanic)ကို ဦးစိုးနိုင်၊ ကြားခံနယ်မက္ကင်းနစ် (Mechanic of Continuous Media) ကို ဦးမျိုးညွန့်၊ စာရင်းအင်းပညာ(Statistics)ကို ဦးခင်မောင်လတ်တို့က သင်ကြား ပေးပါသည်။

စတုတ္ထနှစ်တွင်   အဆင့်မြင့်ကဲကုလ   (Advance Calculus)ကို    ဒေါက်တာသိန်းမြင့်၊   အလိုက်ပြောင်း ညီမျှခြင်းများ(Differential Equations) ကို ဒေါက်တာ  ကျော်သိန်း၊ ဒေါက်တာချစ်ဆွေနှင့် ဦးစိန်မင်း၊ ကိန်းထွေ စိစစ်နည်း (Complex Variable analysis) ကို ဒေါ်သိန်းတင့်၊ ကိန်းသီအိုရီနှင့်  သင်္ချာယုတ္တိဗေဒ (Number Theory &  Mathematical Logic)    ကို   ဒေါက်တာလှလှစိန်နှင့် ဦးစိန်ဝင်း၊  အက္ခရာသင်္ချာ(Algebra)  ကို  ဦးကျော်ညွန့်၊ အလိုက်ပြောင်းဂျီဩမေတြီ(Differential Geometry)ကို ဦးကြင်ကိုတို့က သင်ကြားပေးပါသည်။

မဟာသိပ္ပံနောက်ဆုံးနှစ်    အပိုင်း(က)တန်းတွင် တိုင်းတာခြင်းနှင့်   အလိုက်ပြောင်းခြင်း  (Measure and  Integration)ကို ဒေါက်တာ လှလှစိန်၊ သာမန်အလိုက်ပြောင်း     ညီမျှခြင်းများ   (Ordinary   Differential  Equations) ကို    ဒေါက်တာကျော်သိန်း၊ တစ်ပိုင်း အလိုက် ပြောင်းညီမျှခြင်း  များ   (Partial   Differential  Equations) ကို   ဒေါက်တာ စောတင်၊   ဖန်ရှင်စိစစ်ခြင်း   (Functional Analysis)ကို     ဒေါက်တာ ခင်မောင်ဝင်း နှင့်  ကိန်းဂဏန်းအရစိစစ်ခြင်း   (Numerical Analysis)ကို   ဒေါက်တာကျော်ညွန့်တို့က           သင်ကြားပေးပါ သည်။   မှတ်မိသရွေ့ဖြစ်သဖြင့်   လွဲမှား နေပါက တည့်မတ်ကြပါရန်  မေတ္တာရပ်ခံပါသည်။

သင်ခန်းစာပို့ချမှုများ

ကျွန်တော်တို့ပထမနှစ်က     မန္တလေးဆောင်တွင် အများဆုံးသင်ကြားရသော်လည်း     ပင်မဆောင်များသို့  သွားတက် ရသော အချိန်များ လည်း     ရှိ၏။   ဒုတိယနှစ် အရောက်တွင် အင်္ဂလိပ်စာကို သိပ္ပံတိုးချဲ့ဆောင်များ (SE)ဟုခေါ်သည့် အင်းဝဆောင်နှင့် ပင်မဆောင် အကြား ယာယီ အဆောက်အအုံများတွင်လည်းကောင်း၊ ကျန်ဘာသာများကို  ဌာနရှိ စာသင်ခန်းများတွင်လည်းကောင်း သင်ကြားရသည်။ အခန်း ကူးပြောင်း      သင်ကြား ကြရ သဖြင့်လည်းကောင်း၊ စာသင်ချိန်များမဆက်ဘဲ         ကြားအားလပ်ချိန်ရှိသဖြင့် လည်းကောင်း တက္ကသိုလ် တစ်ခုလုံးတွင် လူများ    ဟိုဟို သည်သည်     သွားလာနေသည်ကို    မြင်တွေ့နေရသည်။ ထိုမျှမက သင်ကြားရ သည့် ဘာသာရပ်တူစာကိုပင် စာသင် ပိုကောင်းသော/လူကြိုက်များသော ဆရာရှိရာအတန်းသို့ သွားတက်ကြ သည်လည်း   ရှိပြန်ပါသည်။  အထက်တန်း ကျောင်းများနှင့် လုံးဝကွာခြားချက်ပါပေ။

အတန်းအားလပ်ချိန်တွင် စာကြည့်လိုသူများအတွက်  အကောင်းဆုံးနေရာမှာ တက္ကသိုလ်များ ဗဟိုစာကြည့်တိုက် ဖြစ်၏။ စာကြည့် တိုက် အတွင်းတွင် စာဖတ်ရန် ဆိတ်ငြိမ်နေရာ ရှိ၏။ တစ်ယောက်ထိုင်စားပွဲ၊  ကုလား ထိုင်များတွင် အသံ မထွက်စေဘဲ  စာကြည့်နိုင်၏။   အားလုံး တိတ်ဆိတ်စွာ  စာကြည့်နေကြရာ စကားပြော လိုသူများအတွက် အဆင် မပြေပေ။    စာသက်သက်  အာရုံထားလိုသူများအတွက်မူ လုံခြုံသော နိဗ္ဗာန်ဘုံ ပါတည်း။

အတန်းဖော်များ

ကျောင်းတွင်     ကျွန်တော်တို့တက်သော   တန်းခွဲမှာ လူစည်ပါသည်။      အကြောင်းမူ         ရုပ်ရှင်သရုပ်ဆောင် မေဝင်းမောင် ရှိသော ကြောင့်ပင်။  ပထမနှစ်မှာပင်  ရုပ်ရှင် စတင်ရိုက်ကူးသည်ဟု ထင်ပါသည်။ မသေချာပါ။ သို့သော်  ရုပ်ရှင်ကားများ ဆက်တိုက်ဆိုသလို ရိုက်ရင်း၊ ကျောင်းတက်  ရင်းဖြင့် အတန်းစဉ်တူခဲ့ကြသည်။ ပင်မဆောင် စာသင် ခန်းများရှေ့   အုတ်ဝရန်တာများမှာ    လူတက်ထိုင်ရန်  အနေတော်ဖြစ်၍        ကျောက်ချ စောင့်ကြည့်လိုသူများ   အကြိုက်ပင် ဖြစ်သည်။

ပန်းကလေးတစ်ပွင့်လို          လန်းဆန်းလှပသော ကျွန်တော်တို့အတန်းဖော်   နှမကလေးအား    လာရောက် မျက်စိ အစာကျွေး သူ         တော်တော် များ လှပါသည်။   ကျွန်တော်တို့     သင်္ချာဌာန    ဆရာကန်တော့ပွဲတွင်    မမေဝင်းမောင်က သူ၏ဓာတ်ပြားရသီချင်း “မျက်နက် ဝန်း လေးများမှတစ်ဆင့်  သီချင်းဖြင့်  သီဆိုဖြေဖျော်သည်ကို သတိရမိပါသေးသည်။ ၁၉၈၀ ပြည့်နှစ်တွင် မမေဝင်းမောင် “ကြည်ပြာ ရုပ်ရှင်ကားဖြင့် ပထမအကြိမ် အကယ်ဒမီ ရသောအခါ     မိမိ၏နှမအရင်းအချာတစ်ယောက်  ဆုရဘိသကဲ့သို့     ဝမ်းသာအားရ    မုဒိတာပွားရသည်။   တပ်ထဲမှ  လုပ်ဖော်ကိုင်ဖက်များကိုလည်း  တို့အတန်း ထဲကဟု  ကြွားရပါသေးသည်။   အမိတက္ကသိုလ်တွင် အတူစာသင်ခဲ့သည့် သံယောဇဉ်ပါပေ။

စာရေးဆရာလင်းယုန်နီ၏သား ကိုထင်အောင်၊ သူ၏ ပါရမီဖြည့်ဖက်ဖြစ်လာမည့် မတင်တင်ဆွေ(ကွယ်လွန်)  တို့မှာလည်း    ကျွန်တော်တို့    အတန်းဖော်များဖြစ်ပြီး စစ်တက္ကသိုလ်   သင်္ချာဌာနတွင်   စာပေနည်းပြလုပ်ခဲ့၍  ပိုမိုရင်းနှီးခဲ့ပါသည်။  ကျွန်တော်တို့   သူငယ်ချင်းအုပ်စု တွေကို  မုန့်ကျွေးလေ့ရှိသော  မဖြူဖြူကြိုင်မှာလည်း  အတန်းဖော် တစ်ဦးပင်။ စာမေးပွဲနီးလျှင်   ကျွန်တော်တို့ အဆောင်ကိုလာအိပ်ပြီး      စာကျက်တတ်ကြသော   နေ့ကျောင်းသားများကို   မျက်နှာမှတ်မိနေသော်လည်း    အမည်များ မေ့သွားပါပြီ။ ခွင့်လွှတ်ကြပါကုန်။

မိန်းမလှကျွန်း

ကျွန်တော်တို့      ရန်ကုန်တက္ကသိုလ်နယ်မြေတွင် မိန်းမလှကျွန်းဟုခေါ်သောနေရာမှာ     စီးပွားရေး တက္က သိုလ်ပင် ဖြစ်၏။ စီးပွားရေး တက္ကသိုလ် မှာ ကျောင်းသူ  အချောအလှပေါများလှ၍ အခြားတက္ကသိုလ်များဖြစ်သော စက်မှု၊  တိမွေး/ကု၊ ဆေး(၁ ၊၂)၊ သွား/ဆေးတို့သာမက ကျွန်တော်တို့ကျောင်းမေဂျာပေါင်းစုံမှ ကာလသားများ  သွားရောက်လည်ပတ်      မျက်စိအစာကျွေးရာဖြစ်၏။   ထိုမျှမကသေး ရုပ်ရှင် သရုပ်ဆောင် ဆွေဇင်ထိုက်မှာ လည်း  ကျောင်းတက်နေဆဲဖြစ်၏။    

ကျွန်တော်တို့ ဝိဇ္ဇာ/သိပ္ပံတက္ကသိုလ်တွင်မူ မိန်းမလှ  လေးများပေါသည်ဟု နာမည်ကျော်သည်မှာ     ရုက္ခဗေဒ  ဖြစ်၏။  ပန်းပွင့်များနှင့်  ပတ်သက် သောကြောင့်  လှပ ကြလေသည်လား ထင်စရာပါပေ။

တက္ကသိုလ်အရန်တပ်ရင်း(ယူတီစီ)

ရန်ကုန်တက္ကသိုလ်နယ်မြေသို့    ၁၉၇၂    ခုနှစ်  စက်တင်ဘာလဆန်းတွင် ရောက်ရှိကာ ပင်းယဆောင် တွင်   နေရာ ရရှိပြီး နောက်    တက္ကသိုလ် အနှံ့လည်ပတ် နေသဖြင့်   စက်တင်ဘာလ ၇ ရက်နေ့  မောင်မယ်သစ်လွင် ကြိုဆိုပွဲသို့ မတက်ခဲ့မိပါ။   သို့အတွက်   တက္ကသိုလ် အရန်တပ်ရင်း (ယူတီစီ) (University Training Corps) အကြောင်းကို မသိရှိခဲ့ပါ။

ပထမနှစ်စာသင်ခန်းများသည် မန္တလေးဆောင်တွင် ဖြစ်သော်လည်း ရူပဗေဒ၊  ဓာတုဗေဒ၊ ဘူမိဗေဒဘာသာရပ် များ လက်တွေ့ သင်ခန်းစာဆောင်ရွက်ရန် ပင်မဆောင်  များသို့လည်း  သွားရောက်သင်ကြားရပါသည်။   ထိုသို့ သွားရောက်ရင်း     စစ်ယူနီဖောင်း ဝတ်များကို     တွေ့ရှိ ရသောအခါ    စစ်သားများလည်း   တက္ကသိုလ်တက်၍ ရသည် ဟုသာ ထင်ခဲ့မိသည်။

တစ်ရက်တွင် အခန်းချင်းကပ်လျက်နေ ကိုဇော်ဝင်း နိုင်ကို     ယူနီဖောင်းနှင့်တွေ့မှသာ  ယူတီစီအကြောင်း စသိရပါတော့သည်။ အတန်း တင်စာမေးပွဲအပြီး  ကျောင်း  နှစ်လ   ပိတ်ချိန်တွင်   ယူတီစီတပ်စခန်း ချလေ့ကျင့်ရေး လိုက်ပါသွားသော ကိုဇော်ဝင်းနိုင်က တပ်စခန်းချ အတွေ့ အကြုံများ  စာရေးလာပါသည်။  ပထမ နှစ် သက်သက် ကိုသာ လက်ခံသောကြောင့် ဒုတိယနှစ်အရောက်တွင် ဝင်လိုသော် လည်းဝင်မရခဲ့ပါ။ တတိယ နှစ်အရောက်တွင် ယူတီစီသင်တန်း နှစ်နှစ်တက်နိုင်ပါက   ဝင်ခွင့်ပြုမည် ဖြစ်ကြောင်း  ကြားသိရ၍   ကျွန်တော်၊   ကိုအောင်သူ၊ ကိုကျော်ဆွေတင့်နှင့် ကိုခင်မောင်ကြွေ (ကိုကျော်တင်) တို့ ယူတီစီဝင်ကြသည်။  ဒုတိယနှစ်မှ  ကျောင်းသားများ လည်း ဝင်ကြပါသည်။

လျှောက်လွှာတင်ပြီးနောက် ဆေးစစ်ရန် ခေါ်သော အခါ ယူတီစီဝင်းအတွင်းရှိ အားကစားရုံ၌ သွားရောက် ဆေးစစ်ခံကြရသည်။ မြေခင်း (ground sheet) များဖြင့် ယာယီကာရံထားသော အခန်းအတွင်း ၁၀  ယောက် တစ်တွဲ ဂျပန်ရေချိုးသကဲ့သို့ နှိုက်နှိုက်ချွတ်ချွတ် စစ်ဆေး ခံရသည်မှာလည်း မျက်နှာထူပူလျက် မမေ့နိုင်စရာပါပေ။ ဆေးအောင်ပြီးနောက်    ယူနီဖောင်းများနှင့်   စစ်ချပ် တန်ဆာပလာများ    ကစ်ဘက်အိတ်   (အိတ်လုံးရှည်) တစ်လုံးစာ  ထုတ်ပေးပါသည်။  ယူနီဖောင်းကို   မိမိ ခန္ဓာကိုယ်နှင့် ကိုက်ညီအောင်ပြင်၍ ဝတ်ဆင်ကြသည်။ ကျောင်းသား ၃၀ ခန့်စီကို  တပ်စုများခွဲပေးပြီး  တပ်စု အလိုက်   အခြေခံစစ်ပညာများ   သင်ကြားပေးသည်။ တနင်္လာနှင့်  အင်္ဂါတွင် ညနေ ၄ နာရီမှ  ၅ နာရီခွဲအထိ မိနစ် ၄၀ နှစ်ချိန်နှင့် စနေတွင် မွန်းလွဲ ၁ နာရီမှ ညနေ  ၅ နာရီအထိ   ငါးချိန်   လေ့ကျင့်ရသည်။   စစ်ရေးပြ၊ လက်နက်ငယ်၊ ကိုယ်စီစစ်မြေပြင်ကျွမ်းကျင်မှု စသည်တို့ သင်ကြားရသည်။ နေ့ကျောင်းသားများမှာ  သင်တန်း ရက်များတွင် ခရီးစရိတ် ပြား ၄၀ နှုန်း ခံစားခွင့်ရှိပါသည်။ သင်တန်းတက်ရောက်သော ရက်အလိုက် မှတ်သားပြီး စုထုတ်ပေးကြောင်း သိရသည်။

ကျွန်တော်တို့   တပ်စုနည်းပြမှာ   တပ်ကြပ်ကြီး မျိုးဝင်း  (ချင်းအမျိုးသားအမည် ဘီခံဒို)  ဖြစ်သည်။ တပ်ရေးဗိုလ်ကြီး    (သန္ဓေတပ်မှူး)မှာ    ဗိုလ်ကြီး ဝေါ်လ်တာသန့်ဖြစ်ပြီး တပ်ရင်းအရာခံဗိုလ်မှာ အရာခံ ဗိုလ်လှဝင်းနိုင်     (ဗိုလ်ကြီး၊ ကွယ်လွန်)   ဖြစ်သည်။  ကြံ့ခိုင်ရေးနည်းပြ    ဆရာကြီး    ဘစိန် PT   မောင်းစဉ်  “အမှတ်စဉ် … အမှတ်စဉ်ဆိုဟု  အမိန့်ပေးသည်ကို ကျောင်းသားများက “ဘစိန် …ဘစိန်ဆို  ဟု  ရောချ နောက်ပြောင်ကြသေးသည်။  ဆရာကြီး  မသိပါချေ။ ပထမဆုံးသင်ကြားရသော  စစ်ပညာသင်တန်းဖြစ်၍ လားမသိ။  စစ်သက် တစ်လျှောက်တက်ခဲ့သမျှ  သင်တန်း အားလုံးတွင်   ယူတီစီမှ  နည်းပြများမှာ   အတော်ဆုံးဟု ယူဆမိသည်။ စစ်သင်တန်းဖြစ်သော်လည်း ငလူး၊ ငလဲသံ  မကြားရသောကြောင့်လား၊ ဖိအားမရှိဘဲ သင်ကြားရ၍ လား၊    လက်ဦးဆရာ  ဖြစ်၍လား၊    ဆက်ဆံရေး ကောင်း၍လား မဆိုနိုင်။ ပို၍အသင် အပြကောင်းသည်၊  ပို၍တော်သည်ဟု  ယခုတိုင်ထင်မြင်ဆဲ ဖြစ်သည်။

တတိယနှစ်အပြီး စခန်းချလေ့ကျင့်ရေးထွက်သော အခါ    တိုက်ကြီးမြို့နယ်   ဂျိုးဖြူအနီးကန်သာယာတွင် စခန်း ချကြသည်။  ကွင်းပြင်တွင်  ၁၀   ယောက်အိပ် မိုးကာတဲများထိုး၍    နေထိုင်စေပြီး    တစ်လတာ  စစ်ပညာများ  သင်ကြားလေ့ကျင့်ရသည်။   လက်နက် ငယ်နှင့်  စစ်နည်း ဗျူဟာဘာသာရပ်များကို   ဝါးရုံရိပ်၊   သစ်ရိပ်များတွင်  နေရာခွဲ၍   သင်ကြားလေ့ကျင့်ရခြင်း ဖြစ်သည်။ လေ့ကျင့်ရာနေရာမှ ထမင်း ယူရန်   အလှည့်ကျ တာဝန် ထမ်းဆောင် ရသည်။ တပ်မတော်ထုံးစံ ဖိုကြီးချက် ပဲဟင်းမှာ တော်တော်လေးကောင်းသည်။  တစ်ရက်တွင် ကျွန်တော် ပါဝင်သောအဖွဲ့ ထမင်း၊ ဟင်းယူရန်  တာဝန်ကျ သည်။   ထမင်း၊ ဟင်းဝေရာ   ဖိုကြီးတွင်   ကျွန်တော်က  ပဲဟင်းပိုပေးရန်   တောင်းရာ  ခွဲတမ်းအပြင်   အနည်းငယ် ပိုပေးလိုက်ပါသည်။  ဝမ်းသာစွာ ပြန်လာပြီး  ထမင်း၊ ဟင်း ဝေပြီးသောအခါကျမှ   ပြဿနာပေါ် လာပါတော့သည်။ ထုံးစံအတိုင်း ပဲဟင်းကို နို့ဆီဘူး တစ်ခွက် နှုန်းဝေအပြီးတွင်      အပိုတောင်း၍ရလာသော ပဲဟင်း လေး၊ ငါးခွက်စာ ကျန်နေ သည်။ သို့ဖြစ်၍ “စကင်းရောင်း (Second Round) ရမယ် ဟု အော်လိုက်ပြီး  လာတောင်းသူများကို အနည်းငယ်စီ   ထပ်ပေးရာ များမကြာခင်  လုံးဝကုန်သွားပါသည်။  ထိုအခါ  စကင်းရောင်းမရသူများက   ပြဿနာရှာပါတော့သည်။    “ဟင်းဝေသူ    မတရားဘူး၊ မျှမျှတတမဝေဘူး ဟု   မကျေ မနပ်  ရန်တွေ့ပါသည်။ ကျွန်တော်လည်း အံ့အား သင့်ပြီး ဘာပြောရမှန်း မသိတော့ပါ။  “စေတနာ … ဝေဒနာ ဖြစ်ရ သည်   ဟုသာတွေးပြီး   စိတ်မ ကောင်းဖြစ်မိသည်။   

ထိုစခန်းချကာလအတွင်း    ခရီးရှည်   ထိုးဖောက် ချီတက်ခြင်း လေ့ကျင့်ခန်းကို  စခန်းချသင်တန်းသားများ အားလုံး ပါဝင်သည့် တပ်ရင်း ဖွဲ့စည်း၍ စခန်းချရာမှ နှစ်ညအိပ် သုံးရက်လေ့ကျင့်ရန်ထွက်ခွာခဲ့ကြသည်။ လမ်း တစ်လျှောက် တိုက်ပွဲလေ့ကျင့်ခန်းများဆောင်ရွက်ပြီး ပထမည  စခန်း ချသည့်နေရာတွင် ခံစစ်လေ့ကျင့်ကြသည်။ သရုပ်ပြအဖွဲ့က  လက်နက်ငယ်များ၊   စိန်ရောင်ခြည်များဖြင့်    အသံပေး ပစ်ခတ် မှုပြုလုပ်ရာ ကျွန်တော်တို့ အတွေ့အကြုံမရှိသေးသူ  များ အတော်စိတ်ညစ်သွားကြရသည်။  “စိန်ရောင်ခြည်  ပစ်တယ် ဟူသောစကားကို   စကြားခါစက   ကျွန်တော့် နာမည်နှင့် အစချင်းတူသော လူတစ်ယောက်ဟု ထင်ခဲ့မိပါ သေးသည်။ နောက်မှသာ ကတ်ထူ စက္ကူအတွင်း ယမ်းထည့်၍ အသံပေးဖောက်ခွဲသောဗုံးဖြစ်ကြောင်း သိရသည်။ ယခင်  ကတည်းက တက်ရောက်ခဲ့သူများက  တစ်ညလုံးမကြာခဏ လာပစ်တတ်သည်ဟုဆို၍ ယူနီဖောင်းအပြည့်ဝတ်လျက်   ကြက်အိပ်၊ ကြက်နိုး အိပ်စက်ကြရပါတော့သည်။ သို့ရာတွင် ညဦးပိုင်း    ပစ်ခတ်မှုအပြီး    နောက်ထပ်   ထပ်မံအသံပေး မပစ်ခတ်တော့ပါ။

နောက်မှ ကြားသိရသည်မှာ ယမန်နေ့  ညဦးက လေ့ကျင့်ချိန်တွင်    သရုပ်ပြအဖွဲ့က   မိုးပေါ်ထောင်ဖောက် လိုက်သော ရိုင်ဖယ် ကျည် တစ်တောင့်သည် ငါးမိုင်ကျော် ဝေးသည့်ရွာမှ      သွပ်မိုးအိမ်တစ်လုံးပေါ်     အရှိန်ကုန် ပြုတ်ကျ၍  အမိုးအားဖောက်ပြီးနောက်  အိပ်နေသော ကလေးတစ်ဦးအား   ထိမှန်ခဲ့ကြောင်း၊   ဒဏ်ရာမပြင်းထန် ကြောင်းဟူ၍    ဖြစ်သည်။   “ရိုင်ဖယ်၊    မိုင်နှစ်ဆယ်   တိုင်မကွယ်နဲ့ ဆိုသည်မှာ မမှားပါ။

နောက်ရက် ချီတက်စဉ်တွင် ရန်ကုန်-ပြည် မော်တော် ကားလမ်းနံဘေးသို့   ရောက်သွားပြီး     ကားလမ်းဘေး ကုက္ကိုတန်းတွင်   စစ်ကြောင်းအလိုက်   ခေတ္တနားနေစဉ် လမ်းမပေါ်ဖြတ်သွားသော      ကုန်တင်ကားကြီးများက   စားစရာများ     ပစ်ချပေးသွားသည် ကိုလည်း ကြုံတွေ့ရပါ သည်။ ရန်ကုန်တွင် အရေးအခင်းများဖြစ်ခဲ့စဉ် တပ်များက လုံခြုံရေး ဝင်ယူရသည်က  တစ်ကဏ္ဍ၊  အများပြည်သူက တပ်မတော်သားများကို ချစ်ကြသည်က တစ်ကဏ္ဍပါပေ။

ထိုစဉ်က တပ်မတော်တွင်  ဂျီသရီး၊  ဂျီဖိုး(G3၊ G4)  လက်နက်များ အသုံးပြုနေပြီဖြစ်သော်လည်း ကျွန်တော်တို့ ယူတီစီ တွင်  သင်ကြားရ သည်မှာ  ပွိုင့်  ၃၀၃  ရိုင်ဖယ်နှင့် စက္ကလေးဖြစ်သည်။ စခန်းချလေ့ကျင့်စဉ်အတွင်း ဂျိုးဖြူရှိ တိုင်းဗဟိုလေ့ကျင့်ရေးစခန်းသို့သွား၍ စက်ပစ် ကွင်း  ပစ်ရ ပါသေးသည်။ အလှည့်ကျ စက်က တုတ်တွင်နေ၍  “ထောင်၊ ယမ်း၊ ခါ၊ ထိုး  လုပ်ကြရပါသေးသည်။  အဓိကရည်ရွယ် ချက်မှာ သေနတ်ပစ်ခံရသည့် အသံကို  ကြားဖူးစေရန်ပင်။ (ဗဟိုကွင်းထိလျှင် မြားအဖြူဖြင့် ပစ်မှတ်ဘယ်ဘက်တွင် ထောင်ပြ၊ အတွင်း ကွင်းထိလျှင် မြားအနက်ဖြင့် ပစ်မှတ်ကို ဖြတ်၍   ယမ်းပြ၊    အပြင်ကွင်းထိလျှင်   ညွှန်တံမြားကို ပလုတ် တုတ်ကဲ့သို့ ခါပြ၊  အနားကွင်းထိလျှင် ညွှန်တံမြားကို အောက်မှအထက်သို့ သုံးကြိမ် ထိုးပြပြီး ထိချက်ပြရသည်။  မထိလျှင် “အဝတ် အလံဖြင့် ပစ်မှတ်ကိုဖြတ်၍ ယမ်းပြ ရပါသည်။ ယင်းကို ‘လှကလေးစိန် ဟုခေါ်သည်။) ပစ်၍ အကောင်းဆုံးလက်နက်မှာ  ဘရင်းဂန်းခေါ်  စက္ကလေး ပါတည်း။

စခန်းချလေ့ကျင့်ချိန်တွင်  တပ်မတော်မှ   အရာရှိ တစ်ဦးတွဲဖက်လာရောက်ပြီး  ကိုယ်တွေ့အတွေ့အကြုံ များနှင့် ယှဉ်၍ သင်ခန်းစာတစ်ချိန် ပို့ချပေးသည်။   စခန်းချ  သုံးကြိမ်မီသော ကျောင်းသားများ၏ ပြောကြားချက်အရ  ဗိုလ်ကြီးမောင်ဘို (ဒုတိယဗိုလ်ချုပ်ကြီးမောင်ဘို၊ ကွယ်လွန်)၊ ဗိုလ်ကြီးသက်ထွန်း၊ ဗိုလ်ကြီးခင်မောင်အေးတို့ လာရောက် ပို့ချဖူးကြပြီး သူတို့၏ ဝတ်ပုံ စားပုံ၊ စစ်သားပီသ စမတ်ကျပုံ၊ ပြောပုံဆိုပုံတို့ကို လေးစား အားကျကြရသည်ဟု ဆို၏။

စခန်းချလေ့ကျင့်ရေး တစ်လအပြီးတွင် ကျောင်းသား တပ်ဖွဲ့ဝင်များကို    အဆင့်လိုက်  လစာထုတ်ပေးပါသည်။ ကျွန်တော်တို့မှာ  တပ်သား အဆင့်ဖြစ်၍   တပ်သားလစာ ရကြသည်။ ပထမဆုံးချွေးနှင့်ရင်း၍ရသော လစာဖြစ်၍  မိခင်ကြီးအား ကန်တော့ခဲ့ပါ၏။ အချို့သော  ပထမနှစ် မှ စတင်ဝင်ရောက်ပြီး သင်တန်းပျက်ကွက်ခြင်း လုံးဝမရှိသူ များမှာ   တစ်နှစ်လျှင်တစ်ရစ်နှုန်း  အဆင့်တိုးကြသဖြင့် ဒုတိယတပ်ကြပ်/  တပ်ကြပ်/   တပ်ကြပ်ကြီးအဆင့်များ  ရနေကြ ပြီဖြစ်၍  အဆင့်အလိုက်   လစာရရှိကြပါသည်။ ဘွဲ့လွန်တက်နေသော တပ်ဖွဲ့ဝင်တစ်ဦးကို  ဒုတိယ အရာခံ ဗိုလ်အဆင့် ရရှိသည်ကိုလည်း တွေ့ရှိရသည်။

ဤနေရာတွင်       တက္ကသိုလ်၏တစ်မိတည်းဖွား ညီငယ်ဟုဆိုနိုင်သည့် တက္ကသိုလ် အရန်တပ်ရင်း(ယူတီစီ)များ  ပေါ်ပေါက် လာမှုကို   အကျဉ်း ချုံးဖော်ပြ လိုပါသည်။ တက္ကသိုလ်အရန်တပ်ရင်းကို ၁၉၂၂ ခုနှစ် ဇွန်လတွင် စတင် ဖွဲ့စည်းခဲ့သည်။ ထိုစဉ်က အမည်မှာ “အမှတ် (၆)မြန်မာပြည် တပ်ရင်း၊   တက္ကသိုလ်လေ့ကျင့်ရေးအရန်တပ်ဖွဲ့    ဟူ၍ ဖြစ်သည်။ ကျောင်းသားများ စစ်ပညာတတ်မြောက်စေရန်နှင့်   ကိုယ်ကာယ     ကြံ့ခိုင်စေရန်ရည်ရွယ်၍     ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

သီပေါဘုရင်   ပါတော်မူပြီးနောက်   မြန်မာနိုင်ငံကို အိန္ဒိယနိုင်ငံ၏   ပြည်နယ်တစ်ခုအဖြစ်  ဗြိတိသျှအစိုးရက စီမံ အုပ်ချုပ် ခဲ့သည်။ မြန်မာတို့ နိုင်ငံရေး နိုးကြားလာသော ကာလ    (မြန်မာ့သမိုင်းပါ တွဲရေး/ခွဲရေးပြဿနာ)  ၁၉၃၀ ပြည့်နှစ်ဝန်းကျင်တွင်     နိုင်ငံတစ်ခုအဖြစ်     ခွဲထွက်ရန် အစိုးရက ပြုပြင် တည်ထောင်ရေးဌာနကို ဖွဲ့စည်း ခဲ့သည်။ နောင်မြန်မာနိုင်ငံ အစိုးရအဖြစ်   ဖွဲ့စည်းရာတွင်  အုပ်ချုပ်မှု ဆိုင်ရာလုပ်ငန်းတာဝန်များ အရှိန် အဟုန်မပျက် ဆောင်ရွက် နိုင်ရန်ဖြစ်သည်။  ၁၉၃၅ ခုနှစ်တွင် မြန်မာပြည်အက်ဥပဒေကို ဗြိတိသျှအစိုးရက အတည်ပြု ထုတ်ပြန်ခဲ့ရာ ယင်းဥပဒေအရ  ၁၉၃၇  ခုနှစ် ဧပြီလ ၁  ရက်နေ့မှစ၍  မြန်မာနိုင်ငံသည်   ဗြိတိသျှ အင်ပါယာအတွင်း     သီးခြားကိုလိုနီနိုင်ငံတစ်ခု ဖြစ်လာသည်။ ဖော်ပြပါ   ပြုပြင်တည်ထောင်ရေးဌာနကို ကာကွယ်ရေးဌာနအဖြစ် ပြောင်းလဲခဲ့သည်။    ကျွန်တော်တို့     ကာကွယ်ရေးဝန်ကြီးဌာန၏  အစပါတည်း။

ယင်းကာကွယ်ရေးဌာနသည်        မြန်မာပြည်     ကြည်းတပ်မတော်၏  သေနတ်ကိုင်တပ်ရင်း   လေးရင်း၊ မြန်မာ ပြည် နယ်ခြားတပ် ရှစ်ရင်း၊ မြန်မာပြည် စစ်ပုလိပ်တပ် သုံးရင်းနှင့်  ရန်ကုန်တက္ကသိုလ်အရန်တပ်ရင်းတို့ကို  သီးခြား ကွပ်ကဲခဲ့သည်။ စစ်ကြိုခေတ်တွင် ၁၉၄၂ ခုနှစ်ဆန်းအထိ လေ့ကျင့်မှုများဆောင်ရွက်ပြီး      ဒုတိယ ကမ္ဘာစစ်မီး   မြန်မာပြည်သို့  ကူးစက်လာသောအခါ  ဇန်နဝါရီလ  ၁၅ ရက်နေ့၌    ရန်ကုန်တက္ကသိုလ်ကို   ဘုရင်ခံအမိန့်ဖြင့်   ရပ်ဆိုင်းရခြင်းနှင့်အတူ ရပ်ဆိုင်းသွားခဲ့သည်။

လွတ်လပ်ရေးရပြီးနောက်  ရောင်စုံသူပုန်များကြောင့်  “ရန်ကုန်အစိုးရဟု   အခေါ်ခံရချိန်   အင်းစိန်တိုက်ပွဲတွင် တပ်မတော်နှင့်အတူ   ရန်ကုန် တက္ကသိုလ်မှ   တက္ကသိုလ်   အရန်တပ်ဖွဲ့ဝင်ကျောင်းသားဟောင်းများ  ပါဝင် တိုက်ခိုက်  ခဲ့ကြသေးသည်။ ၁၉၅၂ ခုနှစ် နိုဝင် ဘာလတွင်  တက္ကသိုလ် အရန်တပ်ရင်း(ရန်ကုန်)နှင့်   တက္ကသိုလ် အရန်တပ်ရင်း (မန္တလေး)  တို့ကို  စစ်ဝန်ထမ်းဌာနချုပ်   လက်အောက်တွင် ထားရှိဖွဲ့စည်းခဲ့သည်။

ယူတီစီတပ်ဖွဲ့ဝင်ဖြစ်ခဲ့ပြီး   လက်ရှိနိုင်ငံ့တာဝန် ထမ်းဆောင်နေသူများမှာ - စစ်ဘက်တွင်  တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊  ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်၊  ဒုတိယဗိုလ်ချုပ်ကြီး တင်မောင်ဝင်း၊ ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်၊ ဒုတိယ ဗိုလ်ချုပ်ကြီးအေးဝင်း၊     ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်၊    ဒုတိယဗိုလ်ချုပ်ကြီးမင်းနောင်တို့ဖြစ်ပြီး  နယ်ဘက်တွင်  ဦးကျော်တင့်ဆွေ  (နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး)၊ ဒေါက်တာအောင်သူ (စိုက်ပျိုးရေး၊  မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန    ပြည်ထောင်စု ဝန်ကြီး)၊ ဦးကျော်တင် (အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး)၊ ဒုတိယ ဗိုလ်ချုပ်ကြီး   ခင်ဇော်ဦး(ငြိမ်း)  (NRPC)၊   ဒေါက်တာ ကျော်ကျော်ခေါင် (ပါမောက္ခချုပ်၊ အရှေ့ပိုင်းတက္ကသိုလ်)၊ ဒေါက်တာတင်ထွန်း (ပါမောက္ခချုပ်၊ တောင်ငူတက္ကသိုလ်) စသည်တို့ဖြစ်ကြသည်။ ကျန်ရှိနေသူများကို ဖြည့်စွက် ပေးကြပါကုန်။

စာပေဟောပြောပွဲများ

ကျွန်တော်တို့ကျောင်းတက်စဉ်က    ဘာသာရပ် ဆိုင်ရာအသင်းများ၏    စီစဉ်မှုဖြင့်လည်းကောင်း၊ ကျောင်းဆောင် သဟာယအသင်းများ၏  အစီအစဉ်ဖြင့် လည်းကောင်း၊ စာပေဟောပြောပွဲများ  အမြောက်အမြား ကျင်းပကြ၏။  သွားရောက်နားထောင်ဖူးသည်များမှ မှတ်မိနေသည် မှာ ထိုစဉ်က နာမည်ကျော်စာရေးဆရာ မောင်သာရ၊ ရုပ်ရှင်သရုပ်ဆောင် စာရေးဆရာသုမောင် တို့ဖြစ်၏။ ဝိဇ္ဇာခန်းမ၊ သိပ္ပံခန်းမတို့မှာ သာမက ထမင်းစား ဆောင်များတွင်လည်း စီစဉ်ကျင်းပကြသည်။ မောင်သာရ ၏ ဝတ္ထုအမည်များမှာလည်း  အဆန်းသား။   “မျိုးမမ ပကာသနီ၊ “ထမီကျွတ်၍လွှတ်လိုက်သည်၊ “စီးပလေ စေ မောင်မသုတ်နဲ့၊ “ယုန်နှင့် အတူပြေး၊ ခွေးနှင့်အတူ လိုက်၊ “ကျဉ်တုတ်ခံဝံ့၊ မခံဝံ့ စသည်တို့ ဖြစ်သည်။ ‘ကျဉ်တုတ် ခံဝံ့၊ မခံဝံ့ မှ ကြည့်ကန် ရှင်ကြီးမေတ္တာစာပါ “ပဲဟင်းကို ရှုပ်လို၏။ နှုတ်ခမ်းမွေးကို အနုတ်ခံဝံ့၊ မခံဝံ့။ မှိုနှင့်မျှစ်ကို နုတ်လို၏။ ကျဉ်တုတ် ခံဝံ့၊ မခံဝံ့။ မင်းမှာ အမှုလုပ်လို၏။ တင်းကုပ်၌ အချုပ်ခံဝံ့၊ မခံဝံ့။ ကို စိတ်ထဲ စွဲမြဲမိ၏။ တင်းကုပ်၌အ ချုပ်မခံဝံ့သောကြောင့် အရေး အခင်းများနှင့်ကင်းကင်းရှင်းရှင်း နေမိပါတော့သည်။

အမှားပြင်ဆင်ချက်များ

ပထမဆောင်းပါးမှာ  ရေးလိုက်မိသည့်   ၁၉၇၅ ဦးသန့်အရေးအခင်းဆိုသည့်အချက် မှားကြောင်း ၁၉၇၄ ဒီဇင်ဘာ ၅ - ၁၁ ဖြစ်ကြောင်း ထောက်ပြကြ၍ အထူး  ကျေးဇူးတင်မိပါသည်။ တတိယနှစ်(၁၉၇၄-၇၅)ဆိုလျှင် မမှားသော် လည်း စာသင်နှစ် အဆုံးများကို  အလွယ်မှတ် ထားမိရင်း လွဲချော်သွားရခြင်းဖြစ်သည်။

နောက် အမှားတစ်ခုက  ကျွန်တော်တို့အသုတ်မှ မခင်ခင်အေးကို စတုတ္ထနှစ်တွင် ကွန်ပျူတာဘာသာရပ်သို့ ပြောင်းရွှေ့သွားသည်ဟု ဖော်ပြခဲ့ရာ အမှန်မှာ စတုတ္ထနှစ် အပြီး သိပ္ပံဘွဲ့ရပြီးမှ ပြောင်းသွားသည်ဟုဆိုပါသည်။

နောက်အမှားတစ်ခုမှာ ဒဂုံဆောင်နှင့်ရွှေဘိုဆောင် အမည်လွဲခြင်းဖြစ်သည်။ ကျွန်တော်အရောက်အပေါက် သိပ်မရှိသော ယင်းကျောချင်းကပ် နှစ်ဆောင်ကို အမည် အမှတ်မှားခြင်းဖြစ်သည်။ အမှန်မှာ တောင်ငူဆောင်ရှေ့မှ ထွက်ပါက အနီးဆုံးလူနေဆောင်မှာ ဒဂုံဆောင်ဖြစ်သည်။

ဆုတောင်း

ကျွန်တော်တို့ကျေးဇူးရှင်     အမိတက္ကသိုလ်ကြီး နှစ်ပေါင်းရာထောင် တည်တံ့ပါစေသတည်း။ နိုင်ငံတကာ အဆင့်မီ တက္ကသိုလ်ကြီးအဖြစ် အမြန် တက်လှမ်းနိုင်ပါစေ သတည်းဟု  ဆုမွန်တောင်းလျက်  ရန်ကုန်တက္ကသိုလ် ရာပြည့်ပွဲကို ဂုဏ်ပြုလိုက်ပါသည်။ ။

စိန်ဝင်း (၄၀)