နိုင်ငံတော်၏ အခြေခံစီးပွားရေးမဏ္ဍိုင်နှင့် MSME အခန်းကဏ္ဍ
အိ(Hist)
ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်တည်ဆောက်ရာတွင် အခြေခံအကျဆုံးနှင့် အရေးအကြီးဆုံးသော စီးပွားရေးအင်အားစုမှာ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (MSMEs) ပင်ဖြစ်သည်။ ကမ္ဘာ့နိုင်ငံအသီးသီး၏ စီးပွားရေးသမိုင်းကို လေ့လာပါကအကြီးစားစက်မှုလုပ်ငန်းများ အောင်မြင်ရန်အတွက် ခိုင်မာသော MSME ကဏ္ဍက နောက်ကွယ်မှ ပံ့ပိုးပေးရစမြဲ ဖြစ်သည်။
မြန်မာနိုင်ငံ၏ ပထဝီဝင်အနေအထား၊ သယံဇာတပေါများမှုနှင့် လုပ်သားအင်အားစုတို့အပေါ် အခြေခံ၍ MSME များအား နည်းမှန်လမ်းမှန်ဖြင့် မြှင့်တင်ပေးခြင်းသည် နိုင်ငံတော်၏ လူမှုစီးပွားဘဝကို မြှင့်တင်ပေးရာတွင် အထိရောက်ဆုံးသော နည်းလမ်းပင်ဖြစ်သည်။
MSME ၏ အဓိပ္ပာယ်နှင့် အမျိုးအစားခွဲခြားသတ်မှတ်ခြင်း
MSME ဆိုသည်မှာ လုပ်ငန်းတစ်ခု၏ ရင်းနှီးမြှုပ်နှံမှုပမာဏ၊ အလုပ်သမားအင်အားစု အနည်းအများနှင့် နှစ်စဉ်ကုန်ထုတ်လုပ်မှုတန်ဖိုးတို့အပေါ်မူတည်၍ အမျိုးအစားခွဲခြားထားခြင်း ဖြစ်သည်။ အသေးစားလုပ်ငန်းများသည် မိသားစုတစ်ပိုင်တစ်နိုင်မှ စတင်သကဲ့သို့ အလတ်စားလုပ်ငန်းများက ပြည်ပသို့ တင်ပို့နိုင်သည်အထိ ကျယ်ပြန့်သည်။ ဤလုပ်ငန်းများသည် နိုင်ငံတော်စီးပွားရေး၏ ၉၀ ရာခိုင်နှုန်းကျော်ကို လွှမ်းမိုးထားသဖြင့် အဓိကသွေးကြောကြီးများပင် ဖြစ်ပါသည်။
နိုင်ငံခြားမှ တင်သွင်းနေရသော လူသုံးကုန်ပစ္စည်းများနှင့် အခြေခံစားသောက်ကုန်များကို ပြည်တွင်း၌ အရည်အသွေးမီထုတ်လုပ်နိုင်ခြင်းသည် MSME များ၏ ရည်မှန်းချက်ဖြစ်ပါသည်။ ပြည်တွင်းဖြစ်ကို အားပေးခြင်းဖြင့် နိုင်ငံခြားငွေယိုစီးမှုကို တားဆီးနိုင်ရုံသာမက မိမိတို့၏ ထုတ်ကုန်စွမ်းအားကို ကမ္ဘာကသိအောင် ပြသရာလည်း ရောက်ပါသည်။
MSME များသည် လူဦးရေအများစုကို အလုပ်အကိုင်ပေးထားနိုင်သော ကဏ္ဍဖြစ်သည်။ အထူးသဖြင့် ကျေးလက်နေပြည်သူများနှင့် လူငယ်များအတွက် ဒေသတွင်း၌ပင် အလုပ်အကိုင်ရရှိစေခြင်းဖြင့် မြို့ပြသို့ ပြောင်းရွှေ့အခြေချမှုကို လျှော့ချပေးနိုင်ကာ လူမှုရေးပြဿနာများကိုပါ တစ်ဖက်တစ်လမ်းမှ ဖြေရှင်းပေးရာ ရောက်ပါသည်။
ခေတ်မီစက်ကိရိယာများနှင့် နည်းပညာများကို MSME လုပ်ငန်းများအတွင်း ထည့်သွင်းအသုံးချခြင်းက ထုတ်လုပ်မှုစွမ်းအားကို နှစ်ဆတိုးစေသည်။ ရိုးရာလုပ်ငန်းများတွင် ခေတ်မီနည်းပညာကို ပေါင်းစပ်ခြင်းဖြင့် ကုန်ကျစရိတ်သက်သာပြီး အရည်အသွေးမြင့်မားသော ထုတ်ကုန်များ ဖန်တီးလာနိုင်မည်ဖြစ်ပါသည်။
မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးထွက်ကုန်များကို ကုန်ကြမ်းအတိုင်း ရောင်းချခြင်းထက် စနစ်တကျ ပြုပြင်ထုတ်လုပ်၍ တန်ဖိုးမြှင့်ကုန်ချောများအဖြစ် ပြောင်းလဲခြင်းသည် MSME များ၏ အဓိကတာဝန် ဖြစ်သည်။ ဥပမာအားဖြင့် သီးနှံများကို အခြောက်ခံခြင်း၊ အနှစ်ပြုလုပ်ခြင်းနှင့် စံချိန်မီထုပ်ပိုးခြင်းတို့ဖြင့် ပြည်ပစျေးကွက်သို့ ပိုမိုမြင့်မားသောဈေးနှုန်းဖြင့် တင်ပို့နိုင်ပါသည်။
မြို့ကြီးများတွင်သာ စီးပွားရေးစုပြုံမနေစေဘဲ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၏ ဒေသထွက်ကုန်များကို အခြေခံသည့် MSME များ ပေါ်ထွန်းလာခြင်းက ဒေသအလိုက် ဖွံ့ဖြိုးမှုကွာဟချက်ကို ကျဉ်းမြောင်းစေသည်။ ဒေသတစ်ခုထုတ်ကုန်တစ်ခု (One Village One Product) စနစ်ကို ဖော်ဆောင်နိုင်ခြင်းက အားရဖွယ်ရာ ဖြစ်ပါသည်။
လုပ်ငန်းများချဲ့ထွင်ရာတွင် လိုအပ်သောရင်းနှီးမြှုပ်နှံမှုများအတွက် အစိုးရဘဏ်များနှင့် ပုဂ္ဂလိကဘဏ်များမှ သက်သာသော အတိုးနှုန်းဖြင့် ချေးငွေများထုတ်ပေးခြင်းသည် MSMEများအတွက် သက်စောင့်အားဆေးပင်ဖြစ်သည်။ စနစ်ကျသော ဘဏ္ဍာရေးစီမံခန့်ခွဲမှုသည် လုပ်ငန်းရှင်များအတွက် မရှိမဖြစ် လိုအပ်လျက်ရှိပါသည်။
စျေးကွက်ရှာဖွေရေးနှင့် ပြိုင်ဆိုင်မှုစွမ်းရည် မြှင့်တင်ခြင်း
ပြည်တွင်းစျေးကွက် ခိုင်မာရုံသာမက အိမ်နီးချင်းနိုင်ငံများနှင့် ကမ္ဘာ့စျေးကွက်သို့ ထိုးဖောက်နိုင်ရန် အရည်အသွေး စီမံခန့်ခွဲမှုစနစ်များ ကျင့်သုံးရမည်။ ကုန်စည်ပြပွဲများ ကျင်းပခြင်းနှင့် ချိတ်ဆက် ဆောင်ရွက်ခြင်းတို့ဖြင့် မိမိတို့၏ထုတ်ကုန်ကို စားသုံးသူများ ပိုမိုသိရှိစေရန် ကြိုးပမ်းရမည်ဖြစ်ပါသည်။
ယနေ့ခေတ်တွင် အွန်လိုင်းမှတစ်ဆင့် အရောင်းအဝယ်ပြုလုပ်ခြင်းသည် MSME များအတွက် စရိတ်သက်သာပြီး ထိရောက်သော နည်းလမ်းဖြစ်ပါသည်။ ဒီဂျစ်တယ်ငွေပေးချေမှုစနစ်များနှင့် လူမှုကွန်ရက် စျေးကွက်ရှာဖွေရေးကို ကျွမ်းကျင်စွာအသုံးချခြင်းဖြင့် လုပ်ငန်းနယ်ပယ်ကို အကန့်အသတ်မရှိ ချဲ့ထွင်နိုင်ပါသည်။
MSME များ ရှင်သန်ရေးအတွက်ဥပဒေ၊ လုပ်ထုံးလုပ်နည်းများ ဖြေလျှော့ပေးခြင်းနှင့် အခွန်ကင်းလွတ်ခွင့်များပေးခြင်းတို့သည် နိုင်ငံတော်၏ ပံ့ပိုးမှုများဖြစ်သည်။ လုပ်ငန်းလိုင်စင်လျှောက်ထားရာတွင် လွယ်ကူချောမွေ့စေခြင်းက လုပ်ငန်းရှင်အသစ်များ ပေါ်ထွက်လာစေရန် အားပေးရာရောက်ပါသည်။
လုပ်ငန်းရှင်များနှင့် အလုပ်သမားများ၏ ကျွမ်းကျင်မှုအဆင့်အတန်း မြင့်မားစေရန် အသက်မွေးဝမ်းကျောင်းသင်တန်းများ၊ စီမံခန့်ခွဲမှုသင်တန်းများ စဉ်ဆက်မပြတ် ပေးအပ်ရပါမည်။ ကျွမ်းကျင် လုပ်သားရှိခြင်းသည် ထုတ်လုပ်မှုအလေအလွင့်ကို လျှော့ချပေးနိုင်ရုံသာမက ထုတ်ကုန်၏ ဂုဏ်သိက္ခာ ကိုပါ မြှင့်တင်ပေးနိုင်ပါသည်။
ပြည်တွင်းမှထွက်ရှိသော ကုန်ကြမ်းများကို အချိတ်အဆက်မိမိ အသုံးချနိုင်ခြင်းသည် ထုတ်လုပ်မှုစရိတ်ကို သက်သာစေသည်။ ကုန်ကြမ်းထုတ်လုပ်သူမှသည် စားသုံးသူ လက်ဝယ်ရောက်ရှိသည်အထိ စနစ်တကျ ချိတ်ဆက်ထားသော Supply Chain စနစ်က MSME များ၏ အောင်မြင်မှုကို အထောက်အပံ့ ဖြစ်စေပါသည်။
ထုတ်လုပ်မှုဖြစ်စဉ်များတွင် သဘာဝပတ်ဝန်း ကျင်ကို ထိခိုက်မှုအနည်းဆုံးဖြစ်စေမည့် နည်းလမ်းများကို အသုံးပြုခြင်းသည် ကမ္ဘာ့စံချိန်စံညွှန်းများနှင့် ကိုက်ညီစေသည်။ ဘေးထွက်ဆိုးကျိုးနည်းပါးသော Green MSMEs များသည် ရေရှည်တွင် စားသုံးသူများ၏ ပိုမိုယုံကြည်မှုကို ရရှိမည်ဖြစ်ပါသည်။
လုပ်ငန်းခွင်အတွင်း အမျိုးသမီးများ၏ ပါဝင်ဆောင်ရွက်မှုနှင့် လူငယ်များ၏ တီထွင်ဆန်းသစ်မှုများက MSME ကဏ္ဍကို ပိုမိုတက်ကြွစေသည်။ ၎င်းတို့အတွက် သီးသန့်ကူညီပံ့ပိုးမှုများ ပြုလုပ်ပေးခြင်းဖြင့် မိသားစုဝင်ငွေနှင့် လူမှုစီးပွားဘဝကို သိသိသာသာပြောင်းလဲစေနိုင်သည်။
အရည်အသွေး စစ်ဆေးခြင်းနှင့် လက်မှတ်ရရှိမှု (Certification)
FDA ၊ ISO နှင့် အခြားသော အရည်အသွေးအသိ အမှတ်ပြုလက်မှတ်များရရှိရန် ကြိုးပမ်းခြင်းသည်ပြည်ပသို့ ကုန်စည်တင်ပို့ရာတွင် အဓိကအတားအဆီးများကို ကျော်လွှားစေနိုင်ပါသည်။ စားသုံးသူများ၏ ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံမှုကို အလေးထားခြင်းက လုပ်ငန်း၏ရေရှည်တည်တံ့မှုကို အာမခံနိုင်ပါသည်။
လျှပ်စစ်မီး လုံလောက်မှုမရှိခြင်း၊ ကုန်ကြမ်းစျေးနှုန်းမတည်ငြိမ်ခြင်းနှင့် သယ်ယူပို့ဆောင်ရေး အခက်အခဲများကို အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍများ ပူးပေါင်းဖြေရှင်းရပါမည်။ အစုအဖွဲ့လိုက် (Cluster)စနစ်ဖြင့် ပူးပေါင်းဆောင်ရွက်ခြင်းက အခက်အခဲများကို စုပေါင်းကျော်လွှားနိုင်စေပါသည်။
လုပ်ငန်းတစ်ခု ရေရှည်ရပ်တည်နိုင်ရန်မှာ စနစ်ကျသော စာရင်းထိန်းသိမ်းမှုရှိရန် လိုအပ်ပါသည်။ ဝင်ငွေ၊ ထွက်ငွေနှင့် အမြတ်အစွန်းကို တိကျစွာတွက်ချက်နိုင်ခြင်းဖြင့် လုပ်ငန်း၏ အခြေအနေမှန်ကို သိရှိကာ ရှေ့လုပ်ငန်းစဉ်များကို မှန်ကန်စွာ ချမှတ် နိုင်မည်ဖြစ်ပါသည်။
တူညီသော လုပ်ငန်းအမျိုးအစားအလိုက် အသင်းအဖွဲ့များဖွဲ့စည်းခြင်းဖြင့် သတင်းအချက်အလက်ဖလှယ်ခြင်း၊ ကုန်ကြမ်းများကို စုပေါင်းဝယ်ယူခြင်းနှင့် စျေးကွက်ကို စုပေါင်းထိန်းချုပ်ခြင်းတို့ ပြုလုပ်နိုင်သည်။ ဤစုပေါင်းအင်အားသည် တစ်ဦးချင်းဆောင်ရွက်ခြင်းထက် ပိုမိုအားကောင်း စေပါသည်။
နိုင်ငံတကာမှ နည်းပညာနှင့်ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ပြီး ပြည်တွင်းလုပ်ငန်းရှင်များနှင့် ပူးပေါင်းဆောင်ရွက်ခြင်း (Joint Venture) သည် အတွေ့အကြုံသစ်များ ရရှိစေသည်။ ထိုမှတစ်ဆင့် နိုင်ငံတကာစံနှုန်းများကို လေ့လာနိုင်ကာ မိမိတို့၏ အရည်အသွေးကို မြှင့်တင်နိုင်မည်ဖြစ်ပါသည်။
နိုင်ငံတော်၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ပန်းတိုင်
MSME များသည် နိုင်ငံတော်၏ စီးပွားရေးတည်ငြိမ်မှုနှင့် ဖွံ့ဖြိုးမှုအတွက်မရှိမဖြစ်သော အခြေခံအုတ်မြစ်များဖြစ်သည်။ ၎င်းတို့ အောင်မြင်ခြင်းသည် နိုင်ငံသူနိုင်ငံသားများ၏ လူနေမှု အဆင့်အတန်းမြင့်မားလာခြင်း၊ ဆင်းရဲနွမ်းပါးမှုလျော့ကျခြင်းနှင့် နိုင်ငံတော်ခေတ်မီတိုးတက်ခြင်းကို ဦးတည်စေပါသည်။
အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (MSMEs)သည် မြန်မာ့စီးပွားရေး အဆောက်အအုံ၏ အဓိကအုတ်မြစ်များပင် ဖြစ်ပါသည်။ ဤကဏ္ဍ အားကောင်းလာစေရန်အတွက် လုပ်ငန်းရှင်များ၏ ကြိုးပမ်းမှု၊ နိုင်ငံတော်၏ မှန်ကန်သောမူဝါဒများနှင့် ပြည်သူများ၏ ပြည်တွင်းဖြစ်အားပေးမှုတို့ ဟန်ချက်ညီရန်လိုအပ်ပါသည်။ MSME များ ဖွံ့ဖြိုးတိုးတက်ခြင်းဖြင့် နိုင်ငံတော်၏ စုစုပေါင်းထုတ်ကုန်တန်ဖိုး (GDP) ကို မြှင့်တင်ပေးနိုင်ရုံသာမက တောင့်တင်းခိုင်မာသော စီးပွားရေးအင်အားစုအဖြစ် ကမ္ဘာ့အလယ်တွင် ဝင့်ထည်စွာ ရပ်တည်နိုင်မည်ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။
