Skip to main content

ကမ္ဘာ့ဈေးကွက်တွင် ပိုမိုအရေးပါလာသည့် ဓနိအခြေခံထုတ်ကုန်များ

ဒေါက်တာမောင်အောင်

ဓနိပင်များကို ပင်လယ်ကမ်းရိုးတန်း တစ်လျှောက်နှင့် မြစ်ချောင်းများတွင် တွေ့ရလေ့ရှိပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းပေးနိုင်သည့် လမုတောဖြစ်၍ အရေးပါသည့်အပင်များဖြစ်သည်။

သဘာဝအရ ပေါက်သည်ဆိုသော်လည်း ကမ္ဘာတစ်ဝန်း အများဆုံးတွေ့ရသည်မှာ အာရှနိုင်ငံများတွင်ဖြစ်ပြီး အထူးသဖြင့် တစ်နှစ်ပတ်လုံးအပူချိန်မြင့်သည့် အရှေ့တောင်အာရှနိုင်ငံများ၏ ကမ်းခြေများတွင် အများဆုံးဖြစ်သည်။ အရှေ့တောင်အာရှ နိုင်ငံများအနက် အများဆုံးတွေ့ရသည့်နိုင်ငံများမှာ အင်ဒိုနီးရှားနိုင်ငံ စုစုပေါင်းဧရိယာ ဟက်တာခုနစ်သိန်း၊ ဒုတိယအများဆုံး မြန်မာနိုင်ငံ ဟက်တာငါးသိန်း၊ ထို့နောက်တွင် ပါပူအာနယူးဂီနီ၊ မလေးရှား၊ ဖိလစ်ပိုင်၊ ထိုင်း၊ ဗီယက်နမ်နိုင်ငံတို့ဖြစ်သည်။

လမုတော(Mangrove forest)ဖြစ်သည့် ဓနိပင်များအား ထိန်းသိမ်းစောင့်ရှောက်ခြင်းသည် ပတ်ဝန်းကျင်ဆိုင်ရာ ရေရှည်တည်တံ့သည့် ဂေဟစနစ်ကို ဖော်ဆောင်ပေးပါသည်။ ထို့အတူ ဓနိကို အခြေခံသည့် တန်ဖိုးမြင့်ထုတ်ကုန်များ ထပ်ဆင့်ပြုပြင်ထုတ်လုပ်ရောင်းချခြင်းဖြင့် ဓနိတောင်သူ များအပါအဝင် ထပ်ဆင့်ပြုပြင်သူများ၊ ရောင်းဝယ် သူများအတွက် ဝင်ငွေဖန်တီးပေးနိုင်ခြင်း၊ အဆိုပါ ဒေသများတွင် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုဖော်ဆောင်ပေးနိုင်ခြင်းဖြင့် အသက်မွေးဝမ်းကျောင်း အထောက်အပံ့ပြုခြင်းတို့ကြောင့် စီးပွားရေးအကျိုးကျေးဇူးလည်းရှိမည်ဖြစ်သည်။

ထို့ပြင် ဓနိအခြေခံထုတ်ကုန်များပြုလုပ်နိုင်ခြင်းကြောင့် အဆိုပါကျေးလက်နေပြည်သူလူထု အတွက် ပညာရေး၊ ကျန်းမာရေး၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံများ စသည့်လူမှုအကျိုးကျေးဇူးများကိုပါ ရရှိနိုင်သောကြောင့် အဆိုပါဒေသရှိကျေးလက်နေပြည်သူလူထုအတွက် အထူးအရေးပါသည်။

ကျန်းမာရေးအထောက်အကူပြု ဓနိထုတ်ကုန်များ

သဘာဝဓနိထုတ်ကုန်များသည် အချိုဓာတ်ပါဝင်မှုလျော့နည်းသလို သတ္တုဓာတ်ပါဝင်မှုများခြင်းကြောင့် ဓနိထုတ်ကုန်များမှာ ကျန်းမာရေး အထောက်အကူဖြစ်သည့်အတွက် ကမ္ဘာ့ဈေးကွက်တွင် ဓနိအခြေခံထုတ်ကုန်များ ပိုမိုအသုံးပြုလာခြင်း ဖြစ်သည်။ ဓနိထုတ်ကုန်များသည် အပင်မှရသည့် သဘာဝဓာတ်တိုးဆန့်ကျင်ပစ္စည်း (Polyphenol နှင့် Antioxidant) ပေါကြွယ်သည့်အတွက် နှလုံး ရောဂါ၊ ကျောက်ကပ်၊ ဆီးချို၊ သွေးချို၊ သွေးတိုး၊ အဝလွန်ရောဂါ၊ ကိုယ်တွင်းအပူထိန်းညှိခြင်း၊ အဆိပ်အတောက်ရှင်းလင်းခြင်း၊ ခေါင်းကိုက်၊ သွားကိုက်အပါအဝင် ရောဂါ ၁၃ မျိုးကို ကာကွယ်ပေးနိုင်သည့်အတွက် ဓနိထုတ်ကုန်များ ပိုမိုသုံးစွဲလာခြင်း ဖြစ်သည်။

ထို့ပြင် ဓနိအခြေခံသည့် အလှကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ ဆေးဝါးများ၊ အီသနော လောင်စာဆီ၊ အစားအသောက်အမျိုးမျိုးစသဖြင့် အမျိုးပေါင်း ၁၀၀ ကျော်ထုတ်လုပ်နိုင်သည့်အတွက် အခြားလယ်ယာထုတ်ကုန်များထက်အသုံးဝင်မှု ပိုမိုများပြားပါသည်။

ကမ္ဘာ့ဈေးကွက်အခြေအနေနှင့် အလားအလာ

ကမ္ဘာ့ဈေးကွက်တွင် ဓနိထုတ်ကုန်များ၏တန်ဖိုးမှာ WTO ၏စာရင်းများအရ ၂၀၂၅ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၂ ဒသမ ၂ ဘီလီယံခန့်ရှိပြီး အများဆုံးတင်ပို့သည့်နိုင်ငံများမှာ တရုတ်နိုင်ငံ ဖြစ်ပါသည်။ ထို့နောက်တွင် စပိန်၊ ဘယ်လ်ဂျီယံ၊ မက္ကဆီကို၊ ပိုလန်၊ နယ်သာလန်၊ ပြင်သစ်၊ အီဂျစ်၊ တူကီယဲနိုင်ငံ စသည်တို့ရှိပြီး အရှေ့တောင်အာရှနိုင်ငံ များတွင် အင်ဒိုနီးရှား၊ ထိုင်း၊ ဗီယက်နမ်နိုင်ငံတို့ အနည်းငယ်စီ တင်ပို့လာနေကြပြီဖြစ်သည်။

ဓနိထုတ်ကုန်များကို အများဆုံးဝယ်ယူသူမှာ အမေရိကန်ပြည်ထောင်စုဖြစ်ပြီး ထို့နောက်တွင် ဗြိတိန်၊ ဂျပန်၊ ဘယ်လ်ဂျီယံ၊ ပြင်သစ်၊ အီတလီ၊ ဂျာမနီ၊ တောင်ကိုရီးယား၊ ကနေဒါနိုင်ငံတို့ ဖြစ်သည်။ ယခုအခါ ဓနိထုတ်ကုန်များသည် ကျန်းမာရေးအထောက်အကူပြုသည့် ကုန်စည်များ အဖြစ်ပိုမိုသိရှိလာမှုကြောင့် ချမ်းသာသည့်နိုင်ငံများ အနေဖြင့် ဓနိထုတ်ကုန်များအား ယခင်ကထက် အသုံးပြုလာနေရာ သဘာဝအရင်းအမြစ် ဓနိတောပေါကြွယ်သည့် အရှေ့တောင်အာရှနိုင်ငံများအတွက် အခွင့်အလမ်းကောင်းပင်ဖြစ်သည်။

အရှေ့တောင်အာရှနိုင်ငံများတွင် ဓနိအခြေခံ ထုတ်ကုန်များ ထုတ်လုပ်နေကြသော်လည်း အများစုမှာ ပြည်တွင်းဈေးကွက်ကိုသာရည်ရွယ်၍ ထုတ်လုပ်မှုကသာများနေပြီး အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ထိုင်းနိုင်ငံတို့အနေဖြင့် ပြည်ပဈေးကွက်သို့ ထုတ်လုပ်တင်ပို့နေပြီဖြစ်သည်။ မိမိတို့နိုင်ငံအနေဖြင့်မူ ဓနိဖူးလက်ဖက်ခြောက်များ တင်ပို့မှုအနည်း ငယ်သာရှိသည်။ လက်ငင်းကာလများအတွင်း ဝယ်ယူသုံးစွဲမှု သိသိသာသာတိုးလာသည့် ဈေးကွက်များမှာ တောင်အမေရိကနိုင်ငံများ၊ အရှေ့အလယ် ပိုင်းနိုင်ငံများနှင့် အချို့အာဖရိကနိုင်ငံများဖြစ်သည်။

ဓနိအခြေခံတန်ဖိုးမြင့်ထုတ်ကုန်များ

သဘာဝကုန်စည်ဖြစ်သည့် ဓနိပင်မှထုတ်ကုန် အမျိုးမျိုးပြုလုပ်နိုင်သည့်အတွက် အရေးပါသည့် အပြင် အော်ဂဲနစ်ဖြစ်ခြင်း၊ အချိုဓာတ်ပါဝင်မှုနည်းပြီး သတ္တုဓာတ်ကြွယ်ဝသည့်အတွက် ဓနိအခြေခံစားသောက်ကုန်များ ပို၍အရေးပါလာရခြင်း ဖြစ်သည်။ ယေဘုယျအားဖြင့် ဓနိထုတ်ကုန် ဓနိဖူးများကို လက်ဖက်ခြောက်အဖြစ်အသုံးပြုခြင်း၊ ဓနိရည်များကို ရှလကာရည်၊ ဓနိထန်းလျက်၊ ဓနိ သကြား၊ (သကြားရည်၊ သကြားပွင့်၊ သကြားခဲ)၊ အလှကုန်နှင့် ပရဆေးအမျိုးမျိုး၊ ဓနိရည်ကိုကျိုချက်ခြင်းဖြင့် ဇီဝလောင်စာဆီ စသဖြင့် ထုတ်ကုန် အမျိုးမျိုးပြုလုပ်နိုင်ပါသည်။

လက်တွေ့တွင်မူ အများဆုံးတွေ့ရသည့် ဓနိထုတ်ကုန်များအနက် ဓနိသကြားသည် အခြားသော ထုတ်ကုန်များထက် ပိုမိုများသည့်အပြင် ကမ္ဘာ့ဈေးကွက်တွင်လည်း ပိုမိုသုံးစွဲလာမှုကြောင့် အလားအလာကောင်းများ ရှိနေပါသည်။ ထို့ပြင် ယခုကဲ့သို့ ရုပ်ကြွင်းလောင်စာဆီအခက်အခဲများ ရှိလာမှုကြောင့် ဇီဝလောင်စာဆီထုတ်လုပ်နိုင်သည့် လယ်ယာကုန်စည်များအပေါ် ယခင်ကာလများထက် နိုင်ငံတိုင်းပိုမိုအလေးထားလာမှုကလည်း သဘာဝအရင်းအမြစ် ဓနိပေါများသည့်နိုင်ငံများအနေဖြင့် အခွင့်အလမ်းတစ်ရပ်ပင်ဖြစ်သည်။

အရှေ့တောင်အာရှနိုင်ငံများအနက် အင်ဒိုနီးရှား နိုင်ငံအနေဖြင့် ဇီဝလောင်စာဆီထုတ်လုပ်ခြင်းကို အများဆုံးလုပ်ဆောင်နေပြီး ကျန်နိုင်ငံများလည်း ယခင်ကထက် ပိုမိုထုတ်လုပ်နိုင်ရေးအတွက် ကြိုးစားနေကြသည့်အချိန်ဖြစ်ပါသည်။

နှိုင်းယှဉ်အရေးပါမှု ပိုများလာခြင်း

ဓနိအခြေခံပြီး ဇီဝလောင်စာဆီထုတ်လုပ်ခြင်း သည် အခြားသော ဇီဝလောင်စာဆီ ချက်လုပ်နိုင် သည့် လယ်ယာထုတ်ကုန်များ (ကြံ၊ ပြောင်း) စသည် တို့ထက် အထွက်နှုန်း သိသိသာသာများနေခြင်း ကလည်း ဓနိကိုပို၍ဦးစားပေးခြင်းဖြစ်သည်။ အကြမ်းဖျင်းအားဖြင့် ကြံတစ်ဟက်တာစိုက်ပျိုး ထုတ်လုပ်မှုမှ အီသနောအထွက် လီတာ ၅၀၀၀ မှ ၇၀၀၀ ဝန်းကျင်၊ ပြောင်းဆိုလျှင် လီတာ ၄၅၀၀ မှ ၅၀၀၀ ဝန်းကျင်သာ ရရှိနိုင်သော်လည်း ဓနိဆိုလျှင် လီတာ ၇၀၀၀ မှ ၁၂၀၀၀ အထိ ရရှိနိုင်သောကြောင့် အခြားလယ်ယာကုန်စည်များထက် သိသိသာသာများပါသည်။ ထို့ပြင် ဇီဝလောင်စာဆီချက်လုပ်ခြင်းမှ ထွက်ပေါ်လာသည့် ကြိတ်ဖက်များကိုလည်း သဘာဝမြေဩဇာအဖြစ်အသုံးပြုနိုင်ပါသည်။

ထို့အတူ ဓနိအခြေခံစားသောက်ကုန် အမျိုးမျိုးရှိသော်လည်းအရေးပါဆုံးမှာ ဓနိသကြားဖြစ်ပြီး ပုံစံအားဖြင့် အရည်၊ အပွင့်နှင့် အခဲဟူ၍ သုံးမျိုးရှိသည်။ လေ့လာမှုများအရ ဓနိအခြေခံသကြားများ၏ ကမ္ဘာ့ဈေးကွက်တန်ဖိုး ၂၀၂၅ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁ ဒသမ ၃၇ ဘီလီယံရှိပြီး တောက်လျှောက်ဝယ်လိုအားတိုးလာမှုကြောင့် ၂၀၂၅ ခုနှစ်နှင့် ၂၀၃၄ ခုနှစ်အကြားတွင် တိုးတက်မှုနှုန်း ၇ ဒသမ ၂ ရာခိုင်နှုန်း ရှိနိုင်သည့်အတွက် ၂၀၃၄ ခုနှစ်တွင် ဈေးကွက်တန်ဖိုး ဒေါ်လာ ၂ ဒသမ ၅၇ ဘီလီယံရှိလာမည်ဖြစ်သည်။

လယ်ယာစားသောက်ကုန်များအနက် မြင့်မားသည့် တိုးတက်နှုန်းရှိသည့်အတွက် ဓနိတောကြွယ်ဝသည့်နိုင်ငံများအတွက် ကြီးမားသည့်အခွင့်အလမ်း ပင်ဖြစ်သည်။ အဓိကအကြောင်းရင်းမှာ ဓနိသကြားသည် သဘာဝအခြေခံအော်ဂဲနစ်ထုတ်ကုန်ဖြစ်၍ အခြားအချိုဓာတ်များသည့် refined sugar များ နေရာတွင် စားသုံးသူများအနေဖြင့် အစားထိုးဝယ်ယူမှုပိုများလာခြင်းနှင့် လူထုအကြား ဓနိသကြားစားသုံးခြင်းက ကျန်းမာရေးအထောက်အကူပြု အာဟာရ အကျိုးကျေးဇူးရှိမှုကို ပိုမိုသိရှိလာမှုကြောင့်ဖြစ်သည်။

မြင်သာသည့် အကြောင်းရင်းမှာ ဓနိသကြားသုံးစွဲခြင်းသည် ဆေးသကြား၊ ကြံသကြားများနှင့် နှိုင်းယှဉ်လျှင် သဘာဝအတိုင်းထပ်ဆင့်ပြုပြင်မှု အနည်းဆုံးဖြင့်ပြုလုပ်ထားခြင်းဟုဆိုရသည့် ပါဝင် ပစ္စည်းများနှင့် ထုတ်လုပ်မှုနည်းလမ်းများပါ ပွင့်ပွင့်လင်းလင်းရှိသည့်အတွက်ကြောင့်ဖြစ်သည်။ ထို့အတွက် ကမ္ဘာ့ဈေးကွက်တွင် ကြံသကြား တစ်ကီလိုဂရမ်၏ ဈေးနှုန်းမှာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ မှ ၂ ဒသမ ၀ အကြား၊ အုန်းသကြားမှာ ဒေါ်လာ ၈ ဒသမ ၀ မှ ၁၂ ခန့်ရှိသော်လည်း ဓနိ သကြားမှာ ၁၀ ဒေါ်လာမှ ၁၅ ဒေါ်လာအတွင်းရှိသည့်အတွက် နှိုင်းယှဉ်ဈေးနှုန်း သိသိသာသာမြင့်ပါသည်။

ဓနိသကြားတွင် သကြားရည်၊ သကြားပွင့်နှင့် သကြားတုံးဟူ၍ သုံးမျိုးရှိသည့်အနက် သကြားပွင့်သည် အသုံးအများဆုံးဖြစ်ကာ ၂၀၂၅ ခုနှစ်၏ စာရင်းအရ စုစုပေါင်း၏ ၄၂ ရာခိုင်နှုန်းရှိပြီး ဓနိသကြားရည်အသုံးပြုမှုမှာ ၃၈ ဒသမ ၅ ရာခိုင်နှုန်း၊ သကြားခဲအနေဖြင့် အသုံးပြုမှု ၁၉ ဒသမ ၅ ရာခိုင်နှုန်း သာရှိပါသည်။

ဓနိသကြားသည် သဘာဝအချိုဖြစ်၍ သကြားလုံး၊ ချောကလက်၊ ယိုအမျိုးမျိုး စသည့် အချိုဓာတ် လိုသည့် စားသောက်ကုန်များ၊ အချိုရည်များ၊ မုန့်ဖုတ်လုပ်ငန်း စသည်တို့တွင် ကြံသကြားများ နေရာ၌ ဓနိသကြားများကိုပို၍ အစားထိုးအသုံးပြု လာနေကြပြီဖြစ်သည်။ ထို့အတူ ဆေးဝါးအမျိုးမျိုးထုတ်လုပ်မှုတွင်လည်း ဓနိသကြားကို ယခင်ကထက် အသုံးပြုလာခြင်း၊ အထူးသဖြင့် အရှေ့တောင်အာရှ နိုင်ငံများ၏ မိရိုးဖလာတိုင်းရင်းဆေးများ ဖော်စပ်ရာတွင် ပိုမိုအသုံးပြုလာကြပါသည်။

ကမ္ဘာ့ဓနိသကြားဈေးကွက်တွင် အာရှပစိဖိတ်ဒေသသည် အများဆုံးသုံးစွဲသည့် ဈေးကွက်ဖြစ်ပြီး ဝင်ငွေတန်ဖိုးအားဖြင့် ၂၀၂၅ ခုနှစ်တွင် ဒေါ်လာ ၈၃၅ သန်းရရှိပြီး စုစုပေါင်း၏ ၆၁ ရာခိုင်နှုန်းခန့်ရှိသည်။ တိုးတက်မှုအလားအလာကိုကြည့်လျှင်လည်း မြင့်မားသည့်တိုးတက်မှုနှုန်းရှိကြောင်း Growth market reports, 2025 က ဖော်ပြပါသည်။

မြန်မာ့အတွက် အခွင့်အလမ်းများစွာရှိသည့် ဓနိထုတ်ကုန်များ

မိမိတို့နိုင်ငံသည် အရှေ့တောင်အာရှနိုင်ငံများအနက် အင်ဒိုနီးရှားပြီးလျှင် ဒုတိယဓနိ ပေါကြွယ်ဝသည့် နိုင်ငံဖြစ်၍ ကမ္ဘာ့ဈေးကွက်တွင် ဝယ်လိုအားနှင့် ဈေးနှုန်းမြင့်မားသည့် ဓနိအခြေခံ ထုတ်ကုန်များကို ထုတ်လုပ်တင်ပို့ရောင်းချနိုင်မည်ဆိုလျှင် အကျိုးများစွာရှိမည်ဖြစ်သည်။ ဓနိပင်များကို ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသ ကြီး၊ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရန်ကုန်တိုင်း ဒေသကြီးတို့တွင် အများဆုံးတွေ့ရပြီး စုစုပေါင်းဧရိယာအနေဖြင့် ဟက်တာ ငါးသိန်းဝန်းကျင်ရှိသည်ဟု ခန့်မှန်းထားသည့်အတွက် တန်ဖိုးမြင့် ဓနိထုတ်ကုန်များထုတ်လုပ်နိုင်မည်ဆိုလျှင် အဆိုပါ ဒေသရှိပြည်သူလူထုအတွက် စီးပွားရေး၊ လူမှုရေး၊ အကျိုးကျေးဇူးများသာမက ကမ်းရိုးတန်းများ၏ ဂေဟစနစ်ကို ထိန်းသိမ်းပေးသည့် Mangrove Forest များ ရေရှည်တည်တံ့နိုင်ရေးအတွက်ပါ အကျိုးပြုမည်ဖြစ်သည်။

အထူးသဖြင့် သဘာဝဓနိထုတ်ကုန်များ၏ ကျန်းမာရေးအထောက်အကူပြုမှုကို အထူးအလေးထားသည့် ဖွံ့ဖြိုးပြီးနိုင်ငံများရှိ စားသုံးသူများ၏အသိအမှတ်ပြုလာမှုနှင့်အတူ ပိုမိုအသုံးပြု လာခြင်းကလည်း ဓနိတောများရှိသည့် မြန်မာအပါအဝင် အရှေ့တောင်အာရှနိုင်ငံများအတွက် စီးပွားရေးအခွင့်အလမ်းကောင်းပင်ဖြစ်သည်။ လက်တွေ့တွင်မူ ကမ္ဘာ့ဝယ်လိုအားကောင်းသည့် ဓနိထုတ်ကုန်များကို အခြားအရှေ့တောင်အာရှ နိုင်ငံများအနေဖြင့် ထုတ်လုပ်တင်ပို့နေကြပြီ ဖြစ်သော်လည်း မိမိတို့နိုင်ငံအနေဖြင့်မူ မလုပ်ဆောင်နိုင်သေးသည့်အတွက် ထုတ်ယူ မသုံးစွဲနိုင်သေးသော ဖုံးကွယ်နေသည့်ထုတ်ကုန် များပင်ဖြစ်သည်။

လက်ရှိအချိန်တွင် ဓနိနှင့်ပတ်သက်၍ ပြုလုပ်သည့်ထုတ်ကုန်များမှာ ဓနိရည်၊ ဓနိရှလကာရည် (ပအုံးရည်)နှင့် ဓနိရွက်များအား အမိုးအကာအဖြစ်ရက်ခြင်းကို အများဆုံးတွေ့ရပြီး ဓနိဖူးလက်ဖက် ခြောက်လုပ်၍တင်ပို့မှု စတင်နိုင်သော်လည်း ကျယ်ပြန့်မှုမရှိသေးပေ။ ကမ္ဘာ့ဈေးကွက်တွင် ဈေးကောင်းသည့် ဓနိသကြားထုတ်လုပ်ခြင်းနှင့် ဓနိအခြေပြု ဇီဝလောင်စာဆီ ထုတ်လုပ်မှုတို့မရှိသေးဘဲ လိုအပ်နေဆဲဖြစ်သည်။ ထုတ်ကုန်အများစုမှာ ဒေသတွင်းနှင့် ပြည်တွင်းဈေးကွက်ကိုသာ ဦးတည်ရောင်းချနေရဆဲဖြစ်ပြီး စားသုံးသူများ အနေဖြင့် ဓနိ၏ကျန်းမာရေးအကျိုးကျေးဇူး သိရှိနားလည်မှု အားနည်းနေသေးသည့်အလျောက် ပြည်တွင်းဈေးကွက်မှာပင် ကျယ်ပြန့်စွာသုံးစွဲမှု မရှိသေးပေ။

သဘာဝအခြေပြုအော်ဂဲနစ်ထုတ်ကုန်များ ပိုမိုထွန်းကားလာရေးမှာ ယခုလိုအချိန်တွင် ပိုမိုလိုအပ်နေပြီး ကျယ်ပြန့်သည့်လုပ်ငန်းဖြစ်သည့်အတွက် အစိုးရ၊ ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုပုံစံ (PPP)ဖြင့် ဆောင်ရွက်မည်ဆိုလျှင် အမြန်ထွန်းကား လာနိုင်သည့် လယ်ယာအခြေခံစီးပွားရေးလုပ်ငန်း ဖြစ်ပေသည်။ အခြားလယ်ယာသီးနှံများထက် လူမှုစီးပွားရေး အကျိုးသက်ရောက်မှုသာမက ကမ်းရိုးတန်းများ၏ဂေဟစနစ်ဖြစ်သည့် Mangrove Forest ကို ထိန်းသိမ်းစောင့်ရှောက်နိုင်ခြင်းမှာ အထူးအရေးပါပြီး စနစ်တကျထိန်းသိမ်းမှုကို စဉ်ဆက်မပြတ်လုပ်ဆောင်ရမည်ဖြစ်သည်။

ထို့ပြင် ထုတ်လုပ်မှုလုပ်ငန်းများပြုလုပ်နိုင်ရန်အတွက် လိုအပ်သည့် အခြေခံအဆောက်အအုံများနှင့်ပတ်ဝန်းကျင်ကောင်းများ၊ သက်သာသည့် သယ်ယူထောက်ပံ့စရိတ် စသည်တို့ကိုဖော်ဆောင်ပေးမှသာလျှင် ပြည်တွင်း၊ ပြည်ပယှဉ်ပြိုင်နိုင်သည့် ထုတ်ကုန်များ ဖြစ်လာနိုင်ပါသည်။ သေချာသည့် အချက်မှာ ဓနိတောများထိန်းသိမ်းခြင်းဖြင့် ရေရှည်တည်တံ့သည့် ပတ်ဝန်းကျင်ကိုဖော်ဆောင် နိုင်ခြင်း၊ ဓနိအခြေပြုထုတ်ကုန်များ ဖွံ့ဖြိုးတိုးတက်မှုမှတစ်ဆင့် အဆိုပါဒေသများရှိဒေသခံ ဓနိတောင်သူများ၊ ထပ်ဆင့်ပြုပြင်သူများ၏ ဝင်ငွေများနှင့် အလုပ်အကိုင်များဖန်တီးပေးခြင်းကြောင့် စီးပွားရေးကိုပါ မြှင့်တင်ပေးနိုင်မည်ဖြစ်၍ ထိရောက်သည့် ကျေးလက်ဖွံ့ဖြိုးမှုနည်းလမ်းလည်း ဖြစ်ပေသည်။

အကယ်၍သာ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကို ထုတ်လုပ်နိုင်လျှင် ယနေ့မြန်မာအပါအဝင် ကမ္ဘာ့နိုင်ငံများ အခက်အခဲဖြစ်နေသည့် ရုပ်ကြွင်းလောင်စာဆီ အခက်အခဲကိုလည်း အတိုင်းအတာ တစ်ခုအထိ ဖြည့်စွမ်းပေးနိုင်သည့် အစားထိုး လောင်စာဆီလည်းဖြစ်နိုင်ပါသည်။ ယနေ့ပြည်တွင်း စားသောက်ကုန်များတွင် ဓာတုဆေးဝါးအမျိုးမျိုးသုံးစွဲမှုကြောင့် ပြည်သူလူထု၏ကျန်းမာရေးကိုပါ ထိခိုက်လာနေသည့်အတွက် သဘာဝဓနိထုတ်ကုန်များကို အထူးအားပေးရမည့် အချိန်လည်းဖြစ်သည်။

အချုပ်ဆိုရသော် ပေါများစွာရှိသည့် သဘာဝကုန်ကြမ်းဓနိကို ထပ်ဆင့်ပြုပြင်တန်ဖိုးမြင့် ထုတ်ကုန်များ တိုးချဲ့ထုတ်လုပ်တင်ပို့နိုင်ရေးအတွက် အဘက်ဘက်မှအခြေအနေကောင်းများနှင့် အချိန်အခါကောင်းရှိနေပြီဖြစ်သောကြောင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် လုပ်ဆောင် သင့်သည့် လယ်ယာအခြေပြုလုပ်ငန်းပင်ဖြစ်ပါသည်။ ။

ရည်ညွှန်းကိုးကား -

Green Policy Platform : Insight brief: Nipa Palm Books in the Ayeyarwady Region

https://www.greenpolicyplatform.org

Growth Market Reports : Nipa Palm Sugar Market Report 2025-2034

https://growthmarketreports.com

Myanmar itv : Products of Nipa Palm, 31 August 2022

Preprints.org : Sustainable supply chain mapping of Nipa Palm in Thailand (2024) https://www.preprint.org

World Bank : Nipa Palm Products in the Ayeyarwady Region Value chain

analysis 1 Nov 2020

W.T.O : World Trade Organization, trade news (up to date),

https://www.stat.wto.org