ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သို့ . . .
ဇော်လင်း
“အကြောင်းအမျိုးမျိုးကြောင့် နောက်ကျကျန်ခဲ့သည့် နယ်မြေများကို ဖွံ့ဖြိုးတိုးတက်မှုများ ကွာဟမှုမရှိအောင် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ အချို့နယ်မြေများသည် အစွန်အဖျားဒေသများ မဟုတ်သော်လည်း ဖွံ့ဖြိုးတိုးတက်မှု နောက်ကျနေသည့်ဒေသများလည်းရှိကြောင်း၊ ထို့ကြောင့် အဆိုပါဒေသများ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း”
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ ၂၀၂၆ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် ကျင်းပသော နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး ဗဟိုကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ် (၁/၂၀၂၆)တွင် ပြောကြားသည့် မိန့်ခွန်းမှ ကောက်နုတ်ချက်ဖြစ်သည်။
နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေး အားသွန်ခွန်စိုက်ဆောင်ရွက်
၁၉၈၉ ခုနှစ် တပ်မတော်အစိုးရလက်ထက် အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးကို စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့သည့်ရလဒ်အဖြစ် ၁၉၈၉ ခုနှစ်မှ ၁၉၉၇ ခုနှစ်အတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကြီး ၁၇ ဖွဲ့နှင့်အဖွဲ့ခွဲများ တရားဥပဒေဘောင်အတွင်း ဝင်ရောက်ခဲ့ကြသည်။ ငြိမ်းချမ်းပြီဆိုသည်နှင့် တစ်ပြိုင်တည်း ကပ်ပါလာသည်က ဖွံ့ဖြိုးတိုးတက်မှုဖြစ်သည်။ ၁၉၈၉ ခုနှစ် မေလ ၂၅ ရက်နေ့တွင် နယ်စပ်ဒေသတိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေး ဗဟိုကော်မတီကို စတင်ဖွဲ့စည်းကာ နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားသွန်ခွန်စိုက် ဆောင်ရွက်ခဲ့ကြသည်။
ဖွံ့ဖြိုးတိုးတက်မှုဟုဆိုလျှင် ရုပ်ပိုင်းဆိုင်ရာနှင့် ကိုယ်ကျင့်တရားပိုင်းဆိုင်ရာ (သို့တည်းမဟုတ်) အသိဉာဏ်ပိုင်းဆိုင်ရာဖြစ်စဉ်ဟု အကြမ်းဖျင်းအဓိပ္ပာယ်ဖွင့်ဆိုနိုင်ပါသည်။ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအတွက် ထိုစဉ်က နယ်စပ်ဒေသများတွင် လုပ်ငန်းကော်မတီဝန်ထမ်းများက ဖွံ့ဖြိုးရေးရုံးများဖွင့်လျက် လမ်းပန်းဆက်သွယ်ရေး၊ ပြန်ကြားရေး၊ စိုက်ပျိုးရေး၊ ကျန်းမာရေး၊ ပညာရေး အစရှိသော လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ကြသည်။
နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ပိုမိုထိရောက်မြန်ဆန်စွာ ဆောင်ရွက်နိုင်ရန်အတွက် ၁၉၉၂ ခုနှစ်အတွင်း နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနကို ဖွဲ့စည်းခဲ့သည်။ ထိုမှတစ်ဆင့်နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စည်ပင်သာယာရေးဝန်ကြီးဌာန၊ ထို့နောက် နယ်စပ်ရေးရာဝန်ကြီးဌာနအဖြစ် အဆင့်ဆင့်ပြောင်းလဲ ဖွဲ့စည်းခဲ့သည်။
ဖွံ့ဖြိုးရေးလုပ်ငန်းများအား နိုင်ငံတစ်နံတစ်လျား နယ်စပ်ဒေသတစ်လျှောက် အားသွန်ခွန်စိုက်ဆောင်ရွက်နိုင်ခဲ့ကြသည်။ ယနေ့အချိန်ကာလတွင် ဖွံ့ဖြိုးရေးရလဒ်များအဖြစ် လမ်းပေါင်းမြောက်မြားစွာ၊ တံတားပေါင်းမြောက်မြားစွာ၊ ပညာရေး၊ ကျန်းမာရေးစသော အခြေခံအဆောက်အအုံ မြောက်မြားစွာ၊ စိုက်ပျိုးရေး၊ ဆက်သွယ်ရေး၊ စွမ်းအင်၊ ပြည်သူ့ဆက်ဆံရေးစသည်ဖြင့် ငြင်း၍မရနိုင်သော အထောက်အထားများစွာက မြန်မာနိုင်ငံ၏ နယ်စပ်ဒေသများ ဖွံ့ဖြိုးရေးသမိုင်းကြောင်း တစ်နည်းအားဖြင့် နိုင်ငံတော်အစိုးရ၏ စေတနာ တစ်နည်းအားဖြင့် နယ်စပ်ရေးရာဝန်ကြီးဌာန၏ စွမ်းဆောင်ရည်ကို ဖော်ညွှန်းနေသည်ဟု ဆိုချင်ပါ သည်။
ထိုမျှမက နယ်စပ်ဒေသတိုင်းရင်းသားလူမျိုးများ၏ ပညာရေးအတွက် ယခင်က စာသင်ကျောင်း မရှိသောနေရာများတွင် စာသင်ကျောင်းများ ဖွင့်လှစ်ပေးခြင်း၊ ဆရာ ဆရာမများ စေလွှတ်ခြင်းစသော လိုအပ်နေသည့် ပညာရေးကွက်လပ်များအား ဖြည့်ဆည်းပေးနိုင်ခဲ့ကြသည်။
နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဆင့်မြင့်ပညာကဏ္ဍတွင် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်၊ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်နှစ်ကျောင်း၊ အခြေခံပညာရပ်များအတွက် လူငယ်သင်တန်းကျောင်း ၄၅ ကျောင်း၊ အသက်မွေးဝမ်းကျောင်းပညာရပ်များအတွက် စက်မှုလက်မှုသင်တန်းကျောင်းကိုးကျောင်း၊ အိမ်တွင်းမှုသင်တန်းကျောင်း ၄၇ ကျောင်းတို့ ဖွင့်လှစ်နိုင်ခဲ့ပြီး တိုင်းရင်းသားတို့၏ လူ့စွမ်းအား အရင်းအမြစ်များအား မြေတောင်မြှောက်ပေးနိုင်ခဲ့သည်။ ထိုဖွံ့ဖြိုးတိုးတက်မှုများသည် နယ်မြေဒေသများ တည်ငြိမ်အေးချမ်းသောကြောင့် တစ်နည်းအားဖြင့် “ငြိမ်းချမ်းရေး”၏အဓိပ္ပာယ်ကို ပီပီပြင်ပြင်ဖွင့်ဆိုနိုင်သောကြောင့် ရုပ်ပိုင်းဆိုင်ရာနှင့် အသိဉာဏ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုဖြစ်စဉ်ကို စဉ်ဆက်မပြတ် မောင်းနှင်နိုင်ခဲ့ခြင်းဖြစ်သည်။
“အကြောင်းအမျိုးမျိုးကြောင့် ဖွံ့ဖြိုးမှုနောက်ကျကျန်ခဲ့ရသည့် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုကို ပြည်နယ်၊ ပြည်မအကြားအလပ်မရှိစေရေး အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ပေးရန်” ဟူသည် နယ်စပ်ရေးရာဝန်ကြီးဌာန၏ မဟာဗျူဟာဖြစ်သည်။ ထိုမဟာဗျူဟာ ရည်မှန်းချက်အတိုင်း နယ်စပ်ဒေသများ၏ဖွံ့ဖြိုးတိုးတက်မှုအား အရှိန်အဟုန်ပြင်းပြင်း ဆောင်ရွက်နိုင်သကဲ့သို့ ဆက်လက်ဆောင်ရွက်နေဆဲဖြစ်သည်။
အဓိကဒေါက်တိုင်ကြီးသုံးခုဖြင့် တည်ဆောက်
ဖွံ့ဖြိုးတိုးတက်မှုကို အဓိကဒေါက်တိုင်ကြီးသုံးခုဖြင့် တည်ဆောက်ရသည်ဟု ဆိုကြသည်။ (၁) လူမှုရေးကောင်းမွန်မှု (Social)၊ (၂) စီးပွားရေးဖွံ့ဖြိုးမှု (Economic) နှင့် (၃) သဘာဝပတ်ဝန်းကျင် တည်မြဲမှု (Environment) တို့ဖြစ်သည်။ ဒေါက်တိုင်ကြီးများအနက် အခြေခံအကျဆုံး ဒေါက်တိုင်ဖြစ်သော လူမှုရေးကောင်းမွန်မှုသည် တည်ငြိမ်အေးချမ်းခြင်း၊ တရားဥပဒေစိုးမိုးခြင်း၊ ငြိမ်းချမ်းခြင်းစသော အင်္ဂါရပ်များမရှိဘဲ မဖြစ်နိုင်ပေ။
ဒုတိယကမ္ဘာစစ်ကာလ ဂျပန်နိုင်ငံ ဟီရိုရှီးမားနှင့် နာဂါစကီမြို့တို့သည် အဏုမြူဗုံးအကြဲခံရပြီး ပြာပုံအတိဖြစ်ခဲ့ရသည်။ ထိုအခြေအနေမျိုးမှ မာရှယ်စီမံကိန်းဖြင့် ပြန်လည်ရုန်းထပြီး ၂၀ ရာစု အတွင်းမှာပင် ဖွံ့ဖြိုးပြီးနိုင်ငံအဖြစ်သို့ ရောက်ရှိခဲ့သည်။ ဂျပန်နိုင်ငံ၏ စစ်ပြီးခေတ်ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်တွင် စဉ်ဆက်မပြတ် ဒေသဖွံ့ဖြိုးရေးအသိသညာ “Sustainable Regional Development Concept” က အရေးကြီးသောနေရာမှ ပါဝင်သည်။ ထိုအသိသညာတွင် အခြေခံအချက်ကြီး သုံးချက်ရှိသည်။ Disaster Management၊ Environmental Mana-gement နှင့် အရေးအကြီးဆုံးနှင့် အခြေခံအကျဆုံးဖြစ်သော Human Security တို့ဖြစ်သည်။
ဖွံ့ဖြိုးတိုးတက်ရေး၏ အခြေခံအုတ်မြစ်
အကြမ်းအားဖြင့် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုမရှိလျှင် ဖွံ့ဖြိုးရေးလုပ်ငန်းများက သမင်မွေးရင်း ကျားစားရင်းနှင့် တည်ဆောက်ခဲ့သမျှ အပျက်သံသရာလည်နေမည်။ သဘာဝပတ်ဝန်းကျင် စီမံခန့်ခွဲမှုမရှိပြန်လျှင်လည်း ပျက်စီးရေးကို လက်ယပ်ခေါ်သလို ဖြစ်နေမည်။ အရေးကြီးသည်က လူသားလုံခြုံမှုဖြစ်သည်။ လူသားလုံခြုံမှုအတွက် ကြောက်ရွံ့ခြင်းမှ လွတ်မြောက်ရန်လိုသည်။ ကြောက်ရွံ့ခြင်းမှ လွတ်မြောက်ရန် အခြေခံအားဖြင့် တည်ငြိမ်အေးချမ်းမှု၊ ငြိမ်းချမ်းမှုရှိနေရန် မဖြစ် မနေလိုအပ်သည်။ ဖွံ့ဖြိုးတိုးတက်ရေး၏ အခြေခံအုတ်မြစ်သည် တည်ငြိမ်အေးချမ်းခြင်းဖြစ်သည်နှင့်အညီ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း တည်ငြိမ်အေးချမ်းခြင်းအပေါ်တွင် တည်မှီနေကြောင်း ပြောလိုရင်းဖြစ်ပါသည်။
ခေတ်အဆက်ဆက်အစိုးရများက နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလိုသော စေတနာများရှိခဲ့ကြသည်။ ဆောင်ရွက်ပေးခဲ့ကြသည်။ သို့သော် မိမိတို့နိုင်ငံ၏ လွတ်လပ်ရေး ရရှိပြီးချိန်မှစ၍ နှစ်ပေါင်း ၇၀ ကျော်ကာလကြာမြင့်အောင် လက်နက်ကိုင်ပဋိပက္ခများ ရင်ဆိုင်နေရမှု၊ လက်နက်ကိုင်တိုက်ခိုက်မှုများ၊ ပြည်သူပိုင် လမ်းတံတား၊ အဆောက်အအုံများကို ဖျက်ဆီးမှုများက နိုင်ငံနှင့်ပြည်သူအား ဆင်းရဲနွံထဲသို့ တွန်းပို့မှုများ ကြုံခဲ့ကြရသည်။ နိုင်ငံချစ်သူများက တည်ဆောက်ပြုပြင်ကြသည်။ ကိုယ်ကျိုးစီးပွားအတွက် ဖျက်ဆီးသူကလည်း ဖျက်ဆီးရက်ကြသည်။
မိမိတို့နိုင်ငံသည် တိုင်းရင်းသားလူမျိုး ၁၃၀ ကျော်ဖြင့် ဖွဲ့စည်းတည်ဆောက်ထားသော နိုင်ငံဖြစ်ပြီး တိုင်းရင်းသားစည်းလုံးညီညွတ်ရေးက အသက်တမျှအရေးကြီးလှသည်။ ဖြတ်သန်းခဲ့ရသော သမိုင်းကြောင်းတွင် လွတ်လပ်ရေးဆုံးရှုံးခဲ့ရခြင်း၊ ကိုလိုနီလက်အောက်တွင် ကာလကြာရှည်ခဲ့ရခြင်း၊ လွတ်လပ်ရေးရရှိပြီးနောက် တည်ငြိမ်အေးချမ်းမှုအားနည်းခဲ့ရခြင်းများကိုလည်း ကြုံတွေ့ခံစားခဲ့ကြရသည်။ တိုင်းရင်းသားညီအစ်ကိုများ အားလုံးစည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နှင့် တည်ဆောက်နိုင်မှသာလျှင် တည်ငြိမ်အေးချမ်း၍ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သို့ ရောက်ရှိနိုင်မည် ဖြစ်သည်။
ရွေးကောက်ခံအစိုးရသစ်၏ ယခုကာလတိုအတွင်း ဆောင်ရွက်ပေးသွားမည့် ကိစ္စရပ်များနှင့် ပတ်သက်ပြီး ၂၀၂၆ ခုနှစ် ဧပြီလ ၂၀ ရက်နေ့က ကျင်းပခဲ့သော ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးတွင် ငြိမ်းချမ်းရေးကိစ္စသည် ထိပ်တန်းမှ ပါဝင်ခဲ့သည်။ နိုင်ငံတော်သမ္မတကြီးက ရင်ထဲက ခံစားချက်အတိုင်း “ကျွန်တော်တို့လည်း ငြိမ်းချမ်းရေးကို လိုချင်ပါတယ်”ဟု ပြောကြားခဲ့သည်။ တစ်ဆက်တည်း PDF အဖွဲ့များနှင့် ပတ်သက်၍ တရားဥပဒေဘောင်အတွင်း ဝင်ရောက်လာစေရေး ဖိတ်ခေါ်ထားပြီး NCA လက်မှတ်ရေးထိုးထားသော အဖွဲ့များ၊ NCA လက်မှတ်ရေးထိုးထားခြင်း မပြု လုပ်ထားသောအဖွဲ့များအားလည်း တွေ့ဆုံဆွေးနွေး ရေးဆောင်ရွက်ရန် ဖိတ်ခေါ်ထားကြောင်း တွေ့ရှိရသည်။
ဆွေးနွေးပွဲများ ကျင်းပပြုလုပ်နိုင်ရန် လေးနက်စွာဖိတ်ခေါ်
နိုင်ငံတော်သမ္မတ ဦးဆောင်သည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် လွတ်လပ်ပြီး ကြိုတင်ကန့်သတ်ချက်များ မထားသည့် ဆွေးနွေးပွဲများ ကျင်းပပြုလုပ်နိုင်ရန် လေးနက်စွာ ဖိတ်ခေါ်ကြောင်း ကြေညာချက်အား ဧပြီလ ၂၁ ရက် ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်ကိုလည်း တွေ့ရှိရသည်။
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီ၏ ဖိတ်ခေါ်ကြေညာချက်တွင် “လေးနက်စွာ ဖိတ်ခေါ်အပ်ပါသည်” ဆိုသည့် ဝိသေသလက္ခဏာ ထူးထူးခြားခြား ပါဝင်နေသည်။ ငြိမ်းချမ်းရေးအတွက် စိတ်ရင်းစေတနာ ပြင်းပြထက်သန်မှုကို ထင်ထင်ရှားရှား တွေ့မြင်နေရသည်။
ရလဒ်အဖြစ် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား ယုံကြည်လက်ခံလာသော KIA၊ AA၊ PLA အဖွဲ့ များမှအဖွဲ့ဝင်များ၊ PDF အမည်ခံ အဖွဲ့အစည်းအသီးသီးမှ အဖွဲ့ဝင်များသည် တရားဥပဒေဘောင်အတွင်း ထပ်မံဝင်ရောက်လာခဲ့ကြသည်။
နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်သမ္မတက ငြိမ်းချမ်းရေးဖိတ်ခေါ်မှုနှင့်ပတ်သက်၍ ပြောကြားရာတွင် “ကွာဟမှုရှိနေတဲ့နယ်မြေတွေ ကွာဟမှုမရှိအောင်လုပ်ပေးဖို့ ဒါကတော့ ကျွန်တော်တို့ မလွဲမသွေဆောင်ရွက်မယ့် လုပ်ငန်းတာဝန်တစ်ခု ဖြစ်တယ်ဆိုတာကို ကျွန်တော်ပြောချင်ပါတယ်။ ဒီလိုလုပ်ဖို့ဆိုရင်လည်း တည်ငြိမ်အေးချမ်းရေးက အလွန်အရေးကြီးပါတယ်။ ဒါကြောင့် ကျွန်တော်တို့ အစိုးရသစ်တာဝန်ယူတဲ့အချိန်မှာ ကျွန်တော်တို့တိုင်းပြည် ငြိမ်းချမ်းအောင်လုပ်မယ်။ ဖွံ့ဖြိုးတိုးတက်အောင်လုပ်မယ်။ ကျွန်တော် ၅ နှစ်အတွင်းမှာ တိုင်းပြည်ငြိမ်းချမ်းအောင် အတတ်နိုင်ဆုံး ကြိုးစားဆောင်ရွက် မယ်လို့ ကျွန်တော်ပြောခဲ့တယ်။ ရက်ပေါင်း ၁၀၀ နဲ့ပတ်သက်ပြီး ကျွန်တော်ပြောတဲ့အချိန်မှာ ငြိမ်းချမ်းရေးဖိတ်ခေါ်မှုတွေလုပ်ခဲ့ပါတယ်။ အခုလည်းထပ်ပြောချင်ပါတယ်” ဟု ထည့်သွင်း ပြောကြားခဲ့သည်။
နိုင်ငံတော်သမ္မတကြီး၏ နိုင်ငံတော်အပေါ် ထားရှိသောစေတနာ၊ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြင်းပြထက်သန်မှုကို ထပ်မံ၍ထင်ထင်ရှားရှား တွေ့မြင်လိုက်ရခြင်းပင် ဖြစ်သည်။
မတူကွဲပြားမှုများအကြား ဖြစ်ပေါ်ခဲ့သော ပဋိပက္ခများအား တစ်ဦးနှင့်တစ်ဦးနားလည်မှု၊ သည်းခံမှု၊ အပေးအယူရှိမှု၊ မျှတမှုများဖြင့် လက်တွဲဖြေရှင်းကြခြင်းသည် ငြိမ်းချမ်းသောလူ့ဘောင်သို့ ဦးတည်ခြင်းဖြစ်ပြီး ငြိမ်းချမ်းသော လူ့ဘောင်သည်သာ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သို့ ဦးတည် နိုင်မည်ဖြစ်သည်။
ရွေးကောက်ခံအစိုးရသစ်၏ စိတ်ရင်းစေတနာ မှန်ကန်စွာဖြင့် ငြိမ်းချမ်းရေးဖိတ်ခေါ်မှုအပေါ် နွေးထွေးစွာလက်ကမ်းသော အဖွဲ့ပေါင်းများစွာ ရှိနေကြပါသည်။ ၂၀၂၆ ခုနှစ် ဇွန်လ ၁၇ ရက်တွင် လည်း အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ရှမ်းပြည်နယ် မိုင်းလားနှင့် ပန်ဆန်းမြို့တို့သို့ သွားရောက်၍ အမျိုးသားဒီမိုကရက်တစ်မဟာမိတ် အဖွဲ့(NDAA)၏ အဆင့်မြင့်ခေါင်းဆောင်များ၊ ဇွန်လ ၁၈ ရက်တွင် “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP)၏ အဆင့်မြင့်ခေါင်းဆောင်များနှင့် ရင်းနှီးနွေးထွေးစွာ တွေ့ဆုံဆွေးနွေးခဲ့ကြသည်ကိုလည်း တွေ့ရပါသည်။
ဖွံ့ဖြိုးတိုးတက်မှုသည် ငြိမ်းချမ်းရေး၏ အသီးအပွင့်ဖြစ်သည်။ ရယူခံစားမည်မှာလည်း တိုင်းရင်းသားပြည်သူတစ်ရပ်လုံးသာ ဖြစ်သည်။ နှစ်ပေါင်း ၈၀ နီးပါး ရှည်ကြာခဲ့လေသော လက်နက် ကိုင်ပဋိပက္ခချုပ်ငြိမ်း၍ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ဆီသို့ လျှောက်လှမ်းရန်သည်လည်း လက်ရှိမျိုးဆက်သစ်များ၏ သမိုင်းပေးတာဝန် တစ်ရပ်ဟု ဆိုရမည်။
အချုပ်အားဖြင့်ဆိုသော် နိုင်ငံတော်အစိုးရ အနေဖြင့် နယ်စပ်ဒေသများအား ပြည်မဒေသများနှင့် အကြားအလပ်မရှိ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုအား ဆောင်ကြဉ်းရန် မဟာဗျူဟာများချမှတ် အကောင်အထည်ဖော် လျက်ရှိသည်။ မြန်မာနိုင်ငံ၏ မည်သည့်နေရာတွင်မဆို တူညီသောဖွံ့ဖြိုးတိုးတက်မှု ခံစားရရှိနိုင်စေ ရန်ဟူသော အချက်သည်ပင်လျှင် နယ်စပ်ရေးရာ ဝန်ကြီးဌာန၏ မျှော်မှန်းချက်ဖြစ်သည်။ အနာဂတ်လူ့အဖွဲ့အစည်းဖွံ့ဖြိုးတိုးတက်ရန်အတွက် သားစဉ်မြေးမြစ်အား ပေးခဲ့ရမည့်လက်ဆောင်မွန်ဖြစ်သော ငြိမ်းချမ်းမှုမှသည် ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်ဆီသို့ မမှိတ်မသုန် ချီတက်ကြမည်ဟု ယုံကြည်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။
