ပြောင်းလဲရာသီ လိုက်လျောညီ စိုက်ပျိုးရေးသုတေသနခြေလှမ်းဆီ
ဒေါက်တာနီနီတင့် (စိုက်သု)
ကမ္ဘာကြီး ရာသီဥတုပြောင်းလဲမှု၏ ဆိုးကျိုးများကို ကြုံတွေ့နေရချိန်တွင် မြန်မာနိုင်ငံသည်လည်း အပူချိန်မြင့်တက်လာခြင်း၊ မိုးရွာသွန်းမှုပုံစံများ ပြောင်းလဲခြင်း၊ မုန်တိုင်းနှင့် ရေကြီးရေလျှံမှုကဲ့သို့သော သဘာဝဘေးအန္တရာယ်များ မကြာခဏဖြစ်ပွားလာခြင်းစသည့် သက်ရောက်မှုများကို အကြီးအကျယ် ခံစားနေရပါသည်။
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကဏ္ဍကို အဓိကမှီခိုအားထားနေရသည့် နိုင်ငံဖြစ်သောကြောင့် ရာသီ ဥတုပြောင်းလဲမှု၏ သက်ရောက်မှုများက စားရေ ရိက္ခာဖူလုံရေး၊ ကျေးလက်နေထိုင်သူများ၏ လူမှုစီးပွားဘဝနှင့် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို တိုက်ရိုက်ခြိမ်းခြောက်နေပါသည်။ ထို့ကြောင့် ရာသီဥတုပြောင်းလဲမှုနှင့် လိုက်လျောညီထွေဖြစ်အောင် ဆောင်ရွက်ခြင်းနှင့် ရာသီဥတုပြောင်းလဲမှုကို လျော့ပါးသက်သာစေရန် ဆောင်ရွက်ခြင်းတို့သည် မြန်မာနိုင်ငံအတွက် အရေးကြီးသော ဦးစားပေးကဏ္ဍများ ဖြစ်လာပါသည်။
စိုက်ပျိုးရေးသုတေသနဦးစီးဌာန၏ သုတေသနလုပ်ငန်းတာဝန်များတွင် ရာသီဥတုပြောင်းလဲမှုနှင့် လိုက်လျောညီထွေဖြစ်စေရေးနှင့် လျော့ပါးသက်သာစေရေးသည်လည်း အခြေခံကျသော အခန်းကဏ္ဍမှ ပါဝင်ပါသည်။
စိုက်ပျိုးရေးသုတေသနဦးစီးဌာန၏ ရာသီဥတုပြောင်းလဲမှုနှင့်ပတ်သက်သည့် လက်ရှိဆောင်ရွက်နေသော အဓိကလုပ်ငန်းများကို အောက်ပါအတိုင်း ဖော်ပြအပ်ပါသည်-
က။ ရာသီဥတုဒဏ်ခံနိုင်ရည်ရှိသော စိုက်ပျိုးရေးကအတွက် သုတေသနနှင့် နည်းပညာ ဖော်ထုတ်ခြင်း
က-၁။ သီးနှံမျိုးသစ်များ မွေးမြူထုတ်လုပ်ခြင်း
- မိုးခေါင်ဒဏ်ခံ၊ ရေငတ်ခံ၊ ရေမြုပ်ခံ၊ ရေနေခံ၊ ဆားငန်ဒဏ်ခံ သီးနှံမျိုးများ။ စပါး၊ ပြောင်း၊ မြေပဲ၊ နှမ်း၊ ပဲမျိုးစုံ၊ ကြံသီးနှံများတွင် ရာသီဥတုဖောက်ပြန်မှုဒဏ်များကို ခံနိုင်ရည်ရှိသော မျိုးသစ်များရရှိရန် မျိုးကူးစပ်မွေးမြူခြင်း၊ မျိုးရွေးချယ်ခြင်း၊ အထွက်ယှဉ်ပြိုင်စမ်းသပ်ခြင်း၊ တောင်သူသရုပ်ပြကွက်များ စိုက်ပျိုးပြသခြင်း၊ မျိုးသစ်မှတ်ပုံတင်ခြင်းနှင့် မျိုးပွားများခြင်းစသည့် သုတေသနလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိပါသည်။
- ဥပမာအားဖြင့် သက်တမ်းတိုစပါးမျိုးများ၊ ကုန်းတွင်းဆားပေါက်သောနေရာများနှင့် ပင်လယ်ရေဝင်ရောက်သောနေရာများတွင် ဆားငန်ဒဏ် ခံနိုင်ရည်ရှိသော စပါးမျိုးများကို သုတေသနပြုဖော်ထုတ်လျက်ရှိပါသည်။ ထို့ပြင် စပါးသီးနှံအတွက် ရေငတ်ဒဏ်ခံနိုင်ရည်ရှိသော ယာစပါးများ၊ ရေအနည်းလို စပါးများ၊ မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွင် အဓိကစိုက်ပျိုးသော မြေပဲ၊ နှမ်း၊ ပဲတီစိမ်း၊ ပဲစင်းငုံ၊ ပြောင်း၊ ဂျုံ၊ ဝါစသည့်သီးနှံများအတွက် ရေငတ်ဒဏ်ခံနိုင်ရည်ရှိသော မျိုးသစ်များ ရရှိစေရန် သုတေသနပြု ဆောင်ရွက်လျက်ရှိပါသည်။
- အပူဒဏ်ခံနိုင်ရည်ရှိသောမျိုးများ။ အပူချိန်မြင့်တက်လာမှုကြောင့် သီးနှံအထွက်နှုန်း ထိခိုက်မှုမရှိစေရန် အပူဒဏ်ခံနိုင်ရည်ရှိသော မျိုးများ (ဥပမာ- ဂျုံမျိုး၊ ကုလားပဲမျိုးများ) ကို သုတေသနပြု ဖော်ထုတ်လျက်ရှိပါသည်။
- ရောဂါပိုးမွှားဒဏ် ခံနိုင်ရည်ရှိသောမျိုးများ။ ရာသီဥတုပြောင်းလဲမှုကြောင့် ရောဂါပိုးမွှားများ၏ ပုံစံနှင့် ပျံ့နှံ့မှုများ ပြောင်းလဲနိုင်သောကြောင့် ၎င်းတို့ကို ခံနိုင်ရည်ရှိသော သီးနှံမျိုးများကိုလည်း သုတေသနပြုဖော်ထုတ်လျက်ရှိပါသည်။
က-၂။ ရာသီဥတုနှင့် သဟဇာတဖြစ်စေသော စိုက်ပျိုးနည်းစနစ်များ
- ရေချွေတာသုံးစွဲသည့် ရေစီမံခန့်ခွဲမှုနည်းစနစ်များ။ ရေရှားပါးလာမည့် အခြေအနေအတွက် စိုက်ပျိုးရေကို ပိုမိုထိရောက်စွာ အသုံးပြုနိုင်သည့် နည်းစနစ်များ (ဥပမာ - စပါးစိုက်ပျိုး ထုတ်လုပ်မှုတွင် စိုတစ်လှည့်ခြောက်တစ်ခါ ရေထိန်းစနစ်အသုံးပြုခြင်း (Alternate Wetting and Drying - AWD)၊ သီးနှံအထွက်နှုန်းတိုးတက်စေရန်နှင့် ရေစီမံခန့်ခွဲမှုစနစ်များကို အကောင်းဆုံးဖြစ်စေရန်အတွက် သီးနှံအလိုက် လိုအပ်သောရေပမာဏကို တိကျစွာတွက်ချက် သတ်မှတ်ခြင်းသုတေသနလုပ်ငန်းများ၊ အဓိကသီးနှံများ စိုက်ပျိုးထုတ်လုပ်ရာတွင် ရေအသုံးချ မှုစွမ်းရည်မြှင့်တင်ရန်အတွက် နည်းပညာသစ်များ ဖော်ဆောင်ခြင်း သုတေသနလုပ်ငန်းများ၊ မြေဆီလွှာအစိုဓာတ် ထိန်းသိမ်းခြင်းနှင့် ရေအသွင်းအထုတ် မျှခြေနည်းပညာများမှတစ်ဆင့် သီးနှံထွက်နှုန်း တိုးတက်စေခြင်း သုတေသနလုပ်ငန်းများ၊ သက်ဆိုင်ရာနည်းပညာများကို ပေါင်းစပ်အသုံးပြုခြင်းဖြင့် သီးနှံအထွက်နှုန်းနှင့် ရေ၏ထုတ်လုပ်မှုစွမ်းအားကို အမြင့်ဆုံး ဖြစ်စေရန် ခေတ်မီရေသွင်းနည်းပညာများကို အသုံးချဆောင်ရွက်ခြင်း သုတေသနလုပ်ငန်း များကို သုတေသနပြု ဆောင်ရွက်လျက်ရှိပါ သည်။
- မြေဆီလွှာကျန်းမာရေးနှင့် ကာဗွန်ထိန်းသိမ်းမှု။ မြေဆီလွှာ၏ ဇီဝမျိုးစုံမျိုးကွဲနှင့် မြေဆီလွှာအတွင်း ကာဗွန်ဓာတ်ထိန်းသိမ်းမှုကို အားပေးသည့် သီးနှံအကြွင်းအကျန်များကို မီးရှို့ခြင်းမှ ရှောင်ကြဉ်ပြီး မြေကြီးထဲသို့ ပြန်လည်ထည့်သွင်းပေးခြင်း သုတေသနလုပ်ငန်းများ၊ သီးလှည့်စိုက်ပျိုးခြင်း၊ သီးနှံသစ်တော ရောနှောစိုက်ပျိုးခြင်း သုတေသနလုပ်ငန်းများ၊ ရေရှည်တည်တံ့သောစိုက်ပျိုးရေးအတွက် မြေဆီလွှာကျန်းမာရေး ဖွံ့ဖြိုးတိုးတက်စေမည့် နည်းပညာ သုတေသနလုပ်ငန်းများ၊ ရာသီဥတုဒဏ် ကြံ့ကြံ့ခံနိုင်သော ဘက်စုံအာဟာရဓာတ်စီမံခန့်ခွဲမှုဆိုင်ရာ သုတေသနလုပ်ငန်းတို့ကို တိုးမြှင့်သုတေသနပြု ဆောင်ရွက်လျက်ရှိပါ သည်။
ခ။ စွမ်းဆောင်ရည် မြှင့်တင်ခြင်းနှင့် နည်းပညာ ပြန့်ပွားရေး
- တောင်သူများအား အသိပညာပေးခြင်းနှင့် လေ့ကျင့်ပေးခြင်း။ ရာသီဥတုဒဏ်ခံနိုင်ရည်ရှိသော စိုက်ပျိုးနည်းစနစ်များ၊ မျိုးသစ်များနှင့်ပတ်သက်၍ တောင်သူများ သိရှိစေရန်နှင့် လက်တွေ့အသုံးချနိုင်စေရန် ကွင်းသရုပ်ပြပွဲများ စိုက်ပျိုးပြသခြင်း၊ တောင်သူများ၏ စိုက်ခင်းတွင် တောင်သူအခြေပြု သုတေသနစခန်းများ ပြုလုပ်၍ စိုက်ပျိုးပြသခြင်းများ ပြုလုပ်ဆောင်ရွက်လျက်ရှိပါသည်။
- သုတေသနပညာရှင်များ၏ စွမ်းဆောင်ရည် မြှင့်တင်ခြင်း။ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ခေတ်မီသုတေသနနည်းပညာများ၊ အချက်အလက် ခွဲခြမ်းစိတ်ဖြာခြင်း နည်းစနစ်များကို ပြည်တွင်း /ပြည်ပသင်တန်းများမှတစ်ဆင့် သုတေသနပညာရှင်များအား လေ့ကျင့်သင်ကြားပေးနိုင်ရေး စဉ်ဆက်မပြတ်ဆောင်ရွက်လျက် ရှိပါသည်။
- သတင်းအချက်အလက် ထုတ်ပြန်ဖြန့်ဝေခြင်း။ ရာသီဥတုနှင့် ကိုက်ညီသော စိုက်ပျိုးနည်းလမ်းများနှင့် သီးနှံမျိုးသစ်များဆိုင်ရာ အချက်အလက်များကို တောင်သူများ၊ ပညာပေးဝန်ထမ်းများနှင့် သက်ဆိုင်သူများအား အချိန်နှင့်တစ်ပြိုင်တည်း သိရှိနိုင်စေရန် ဆောင်ရွက်လျက်ရှိပါသည်။ ထို့ပြင် နှစ်စဉ်သုတေသနတွေ့ရှိချက်များကို ဖြန့်ဝေနိုင်ရန်အတွက် သုတေသနဂျာနယ်များ၊ သုတေသနညီလာခံများ၊ တောင်သူရုပ်သံချန်နယ်၊ အပတ်စဉ်တောင်သူနည်းပညာဖိုရမ်များ ကျင်းပ၍ ဆောင်ရွက်လျက်ရှိပါသည်။
ဂ။ ပူးပေါင်းဆောင်ရွက်မှုနှင့် မူဝါဒ ပံ့ပိုးမှု
စိုက်ပျိုးရေးသုတေသနဦးစီးဌာနသည် အခြားသောနိုင်ငံတကာသုတေသနနှင့် ဖွံ့ဖြိုးရေးမိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် ရာသီဥတုဒဏ်ခံနိုင်ရည်ရှိသော စိုက်ပျိုးရေးစီမံကိန်းများ၊ စွမ်းဆောင်ရည်မြှင့်တင်ရေးအစီအစဉ်များ အကောင်အထည်ဖော်နိုင်ခြင်းနှင့် နိုင်ငံတကာတက္ကသိုလ်များနှင့် ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် သုတေသနပညာရှင်များ၏ ဘွဲ့လွန်သင်တန်းများ၊ ကာလတိုသင်တန်းများကို စေလွှတ်နိုင်မည် ဖြစ်ပါသည်။
- ပြည်တွင်း/ ပြည်ပအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအောက်ရှိ အခြားဦးစီးဌာနများနှင့် တက္ကသိုလ်များ (ဥပမာ- စိုက်ပျိုးရေးဦးစီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်၊ မွေးမြူရေးသုတေသနဦးစီးဌာန၊ စက်မှုလယ်ယာဦးစီးဌာန)၊ ပြည်ပရှိ သုတေသနအဖွဲ့အစည်းများ၊ တက္ကသိုလ်များနှင့် ပူးပေါင်း၍ ဘက်ပေါင်းစုံမှ ရာသီဥတုပြောင်းလဲမှုကို တုံ့ပြန်နိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါ သည်။
- အမျိုးသားမူဝါဒများနှင့် မဟာဗျူဟာများ ပံ့ပိုးခြင်း။ မြန်မာနိုင်ငံ ရာသီဥတုပြောင်းလဲမှုဆိုင်ရာမူဝါဒ (MCCP)၊ မြန်မာနိုင်ငံ ရာသီဥတုပြောင်းလဲမှုဆိုင်ရာမဟာဗျူဟာ (MCCS)၊ အမျိုးသားလိုက်လျောညီထွေဖြစ်စေရန် စီမံချက် (NAPA)နှင့် နိုင်ငံတော်မှ ဆောင်ရွက်ရန် ရည်မှန်းချက်များ (NDC)၊ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း(Myanmar Sustainable Develop-ment Plan - MSDP) (၂၀၁၈-၂၀၃၀)- MSDP တို့တွင် စိုက်ပျိုးရေးကဏ္ဍမှ ပံ့ပိုးပေးနိုင်မည့် အခန်းကဏ္ဍများကို ဖော်ထုတ်ခြင်း၊ သုတေသနရလဒ်များကို မူဝါဒချမှတ်ရာတွင် အသုံးပြုနိုင်ရန် ပံ့ပိုးပေးခြင်းများ ဆောင်ရွက်လျက်ရှိ ပါသည်။
ရာသီဥတုပြောင်းလဲမှုသည် မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍအတွက် ကြီးမားသော စိန်ခေါ်မှုတစ်ရပ် ဖြစ်ပါသည်။ သို့သော် စိုက်ပျိုးရေးသုတေသနဦးစီးဌာနက ဤစိန်ခေါ်မှုကို အခွင့်အလမ်းအဖြစ် ရှုမြင်ပြီး ရာသီဥတုနှင့်ကိုက်ညီသော စိုက်ပျိုးရေးစနစ်တစ်ခုကို တည်ဆောက်ရန် ကြိုးပမ်းလျက် ရှိပါသည်။
သီးနှံမျိုးသစ်များ ဖော်ထုတ်ခြင်း၊ စိုက်ပျိုးနည်းစနစ်များ တိုးတက်စေခြင်း၊ စွမ်းဆောင်ရည်မြှင့်တင်ခြင်း၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းနှင့် အစိုးရ၏ မူဝါဒများအား လိုက်နာပံ့ပိုးမှုများမှတစ်ဆင့် ရာသီဥတုပြောင်းလဲမှု၏ ဆိုးကျိုးများကို လိုက်လျောညီထွေဖြစ်အောင် ဆောင်ရွက်နိုင်ပြီး မှန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုများကို လျော့ပါးသက်သာစေရန် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်လျက်ရှိပါသည်။
အနာဂတ်တွင် ခေတ်မီနည်းပညာများ ပိုမိုအသုံးပြုခြင်း၊ သုတေသနလုပ်ငန်းများကို တိုးချဲ့ခြင်း၊ တောင်သူဗဟိုပြု နည်းပညာပြန့်ပွားရေးကို အားပေးခြင်း၊ ခိုင်မာသော ရန်ပုံငွေနှင့် မူဝါဒပံ့ပိုးမှုများ ရရှိစေခြင်းဖြင့် စိုက်ပျိုးရေးသုတေသနဦးစီးဌာနသည် နိုင်ငံ၏ ရာသီဥတုဒဏ်ခံနိုင်ရည်ရှိသော စိုက်ပျိုးရေးကဏ္ဍကို အောင်မြင်စွာ တည်ဆောက်နိုင်မည်ဖြစ်ပါသည်။
ဤသို့ဖြင့် စားရေရိက္ခာဖူလုံမှု၊ တောင်သူများ၏ လူမှုစီးပွားဘဝ တိုးတက်မှုနှင့် ရေရှည်တည်တံ့သော ပတ်ဝန်းကျင်တစ်ခုကို ရရှိစေပြီး နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုနိုင်မည်ဖြစ်ပါသည်။ ရာသီဥတုနှင့် လိုက်လျောညီထွေရှိသော စိုက်ပျိုးရေးသုတေသနလုပ်ငန်းများသည် တောင်သူများ၏ သီးနှံအထွက်နှုန်းကို ကာကွယ်ပေးရုံတင်မကဘဲ ကမ္ဘာ့အနာဂတ် အစားအစာလုံခြုံရေး၏ သော့ချက်လည်း ဖြစ်ပါသည်။ ထို့ကြောင့် သုတေသနမှ ရရှိသော အသိပညာ၊ နည်းပညာများနှင့် ဒဏ်ခံမျိုးသစ်များကို လက်တွေ့အသုံးချ၍ ရာသီဥတုကို ကြံ့ကြံ့ခံနိုင်သော စိုက်ပျိုးရေးအသိုက်အဝန်းတစ်ခု ပေါ်ထွန်းလာစေရန် အားလုံးဝိုင်းဝန်းအကောင်အထည်ဖော်ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါသည်။ ။
