Skip to main content

ကမ္ဘာ့ဝါဈေးကွက်ကို ဦးဆောင်လာသည့် ဘရာဇီး

ကိုပြည်

ကမ္ဘာ့ဝါဈေးကွက်၏ ခေါင်းဆောင်သစ်

ဘရာဇီးနိုင်ငံသည် ယခုအခါ ကမ္ဘာ့ဝါဈေးကွက်တွင် ထင်ရှားသောအခန်းကဏ္ဍမှပါဝင်လာပြီး ဈေးကွက်ကိုဦးဆောင်လျက်ရှိသည်။ ဘရာဇီးသည် အားကစားကဏ္ဍတွင်သာမက စိုက်ပျိုးရေးနှင့် စီးပွားရေးကဏ္ဍများတွင်ပါ နိုင်ငံတကာ၏အာရုံစိုက်မှုကို ရရှိနေပြီဖြစ်သည်။

ဘရာဇီးနိုင်ငံ၏ဝါကဏ္ဍသည် လျင်မြန်စွာတိုးတက်လာခဲ့ပြီး ယခုအခါ ကမ္ဘာ့အကြီးဆုံးဝါတင်ပို့သူအဖြစ် တရားဝင်ရပ်တည်လာနိုင်ခဲ့သည်။ အရည်အသွေးမြင့်မားသောဝါများကို အမြောက်အမြားထုတ်လုပ်နိုင်စွမ်းရှိခြင်းက ဤသို့ဦးဆောင်နိုင်ရန် အဓိကမောင်းနှင်အားဖြစ်ခဲ့သည်။ ထို့ကြောင့် ကမ္ဘာတစ်ဝန်းရှိ အထည်အလိပ်လုပ်ငန်းများသည် ဘရာဇီးဝါဂွမ်းကို ပိုမိုအားထားရွေးချယ်လာကြသည်။ ဤပြောင်းလဲမှုသည် ကမ္ဘာ့ကုန်သွယ်ရေးမြေပုံတွင် ဘရာဇီး၏လွှမ်းမိုးနိုင်စွမ်းကို ထင်ရှားစွာပြသနေပါသည်။

ကမ္ဘာ့ဝါဂွမ်းတင်ပို့မှုသမိုင်းတွင် အမေရိကန်နှင့်သြစတြေးလျတို့က အစဉ်အလာအားဖြင့် ထိပ်တန်းနေရာများကို ရယူထားခဲ့ကြသည်။ သို့သော် ဘရာဇီးသည် လွန်ခဲ့သောနှစ်အနည်းငယ်အတွင်း ၎င်း၏ထုတ်လုပ်မှုစွမ်းအားကို အရှိန်အဟုန်ဖြင့် မြှင့်တင်နိုင်ခဲ့သည်။ ဘရာဇီးသည် ၂၀၂၄ ခုနှစ်မှစတင်ကာ အမေရိကန်နိုင်ငံကို ကျော်ဖြတ်ပြီး တင်ပို့မှုအဆင့်တစ်နေရာကို အောင်မြင်စွာရယူနိုင်ခဲ့သည်။

အမေရိကန်တွင် ရာသီဥတုဖောက်ပြန်မှုများနှင့် သီးနှံစွန့်ပစ်မှုနှုန်းများပြားခြင်းကလည်း ဘရာဇီးအတွက် ဈေးကွက်နေရာပိုရစေခဲ့သည်။ သြစတြေးလျဝါသည် အရည်အသွေးကောင်းမွန်သော်လည်း စိုက်ပျိုးမြေအကန့်အသတ်ရှိသဖြင့် ဘရာဇီး၏ ထုတ်လုပ်မှုပမာဏကို မယှဉ်ပြိုင်နိုင်ပါ။ ထို့ကြောင့် ဘရာဇီးသည် ကမ္ဘာ့ဝါဂွမ်းတင်ပို့မှုကဏ္ဍတွင် ပြိုင်ဘက်ကင်းခေါင်းဆောင်အဖြစ် အခိုင်အမာနေရာယူနိုင်ခဲ့ခြင်းဖြစ်သည်။

ကမ္ဘာ့ဝါဂွမ်းဝယ်လိုအား၏ အဓိကမောင်းနှင်အားမှာ အာရှတိုက်ရှိ အထည်အလိပ်ထုတ်လုပ်ရေး စက်ရုံကြီးများဖြစ်သည်။ အထူးသဖြင့် ဗီယက်နမ်၊ ဘင်္ဂလားဒေ့ရှ်နှင့် တရုတ်နိုင်ငံတို့က ဝါဂွမ်း အများဆုံးတင်သွင်းသည့် နိုင်ငံများအဖြစ် ထိပ်တန်းစာရင်းတွင် အသီးသီးရပ်တည်နေကြသည်။ တရုတ်နိုင်ငံသည် ပြည်တွင်း၌ ဝါဂွမ်းအများအပြားထုတ်လုပ်သော်လည်း လိုအပ်ချက်မြင့်မားလွန်းသဖြင့် ပြည်ပမှအများအပြားတင်သွင်းနေရဆဲဖြစ်သည်။ ယခင်က အမေရိကန်ဝါဂွမ်းကို အဓိကထားဝယ်ယူခဲ့ကြသော်လည်း ယခုအခါ ဘရာဇီးဝါဂွမ်းအပေါ် ပိုမိုမှီခိုလာကြသည်။ ဘရာဇီးဝါဂွမ်း၏တည်ငြိမ်သော ဈေးနှုန်းနှင့် အရည်အသွေးကြောင့် အာရှဈေးကွက်၏ယုံကြည်မှုကို အပြည့်အဝရရှိထားသည်။ ဤအာရှနိုင်ငံများ၏ ကြီးမားသောဝယ်လိုအားကပင် ဘရာဇီး၏ဝါဂွမ်းတင်ပို့မှုကဏ္ဍကို အဓိကပံ့ပိုးပေးလျက်ရှိပါသည်။

ဘရာဇီး၏ဝါဂွမ်းတင်ပို့မှု ကိန်းဂဏန်းအချက်အလက်များသည် နှစ်စဉ်ဆက်တိုက် စံချိန်တင် မြင့်တက်လျက်ရှိသည်။ Cotton Brazil ၏ တရားဝင်ထုတ်ပြန်ချက်အရ ၂၀၂၅ ခုနှစ် ဩဂုတ်လမှ ၂၀၂၆ ခုနှစ် ဇွန်လအတွင်း တင်ပို့မှုပမာဏ အလွန်မြင့်မားခဲ့သည်။ အဆိုပါကာလအတွင်း ဘရာဇီး သည် စုစုပေါင်း ဝါဂွမ်းတန်ချိန် ၃ ဒသမ ၂၁၉ သန်းအထိ စံချိန်တင်တင်ပို့နိုင်ခဲ့သည်။ ဤပမာဏသည် ယခင်နှစ်အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၁၉ ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့ခြင်းဖြစ်သည်။ ယင်းအချိန်တွင် ဒုတိယလိုက်နေသော အမေရိကန်၏ခန့်မှန်းတင်ပို့မှုမှာ တန်ချိန် ၂ ဒသမ ၆၅၆ သန်း ခန့်သာရှိခဲ့သည်။ ထို့ကြောင့် ဤခိုင်လုံသော ကိန်းဂဏန်းများက ဘရာဇီး၏ဈေးကွက်လွှမ်းမိုးနိုင်စွမ်းကို သက်သေပြနေပါသည်။

အဓိကအားသာချက်များနှင့် မဟာဗျူဟာမြောက် ထုတ်လုပ်မှု

ဘရာဇီးဝါဂွမ်းသည် ကမ္ဘာ့ဈေးကွက်တွင် အခြားနိုင်ငံများထက်သာလွန်သော အဓိကအားသာချက်များစွာကို ပိုင်ဆိုင်ထားသည်။ ပထမဆုံးအနေဖြင့် ကျယ်ဝန်းသောစိုက်ပျိုးမြေများကြောင့် နှစ်စဉ်ကြီးမားသော ထုတ်လုပ်နိုင်စွမ်းကို ရရှိထားသည်။ ထို့အပြင် ဆည်ရေသွင်းစိုက်ပျိုးရန်မလိုဘဲ သဘာဝမိုးရေကို အဓိကထားသဖြင့် ထုတ်လုပ်မှုကုန်ကျစရိတ် သက်သာစေသည်။ ကုန်ကျစရိတ်သက်သာမှုက နိုင်ငံတကာဈေးကွက်တွင် အခြားပြိုင်ဘက်များထက် ဈေးနှုန်းပိုမို ယှဉ်ပြိုင်နိုင်စွမ်းရှိစေသည်။ အရည်အသွေးပိုင်းတွင်လည်း နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီ ထုတ်လုပ်နိုင်သဖြင့် ဝယ်လက်များ၏သဘောကျမှုကိုရရှိထားသည်။ ဤအချက်များကြောင့် နိုင်ငံတကာဝယ်လက်များနှင့် ခိုင်မာသော ရေရှည်ဆက်ဆံရေးကို အောင်မြင်စွာ တည်ဆောက်ထားနိုင်ခြင်းဖြစ်သည်။

ဘရာဇီးဝါဂွမ်းအား နိုင်ငံတကာတွင် ထိရောက်စွာမြှင့်တင်နိုင်ရန် Cotton Brazil အမည်ရသော အစီအစဉ်ကို တည်ထောင်ထားသည်။ ဤအစီအစဉ်၏ အဓိကရည်ရွယ်ချက်မှာ ဘရာဇီးဝါဂွမ်း၏ အရည်အသွေးနှင့်ပုံရိပ်ကို ကမ္ဘာတစ်ဝန်းက သိရှိလာစေရန်ဖြစ်သည်။ ထို့အပြင် ဝါဂွမ်း၏ ရေရှည်တည်တံ့မှု၊ ခြေရာခံနိုင်မှုနှင့် ယုံကြည်စိတ်ချရမှုတို့ကို နိုင်ငံတကာဈေးကွက်သို့ ချပြလျက်ရှိသည်။ ဤအဖွဲ့အစည်းသည် အာရှနိုင်ငံများအပါအဝင် အဓိကတင်သွင်းသည့် နိုင်ငံများရှိ အထည်အလိပ်လုပ်ငန်းရှင်များနှင့် တိုက်ရိုက်ချိတ်ဆက်ပေးသည်။ ဝယ်လက်များ၏ လိုအပ်ချက်များကိုနားထောင်ပြီး အရည်အသွေးပိုမိုကောင်းမွန်စေရန်လည်း စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိသည်။ Cotton Brazil ၏ မဟာဗျူဟာမြောက် လုပ်ဆောင်ချက်များကြောင့် ဘရာဇီးဝါဂွမ်း၏ဂုဏ်သတင်းမှာ ပိုမိုကျော်ကြားလာခဲ့သည်။

ဘရာဇီးနိုင်ငံ၏ ဝါအများဆုံးထုတ်လုပ်သည့် အဓိကဒေသကြီးနှစ်ခုမှာ မာတိုဂရိုဆိုနှင့် မာတိုပီဘာတို့ဖြစ်သည်။ မာတိုဂရိုဆိုပြည်နယ်သည် တစ်နိုင်ငံလုံး ဝါထုတ်လုပ်မှု၏ ၆၇ ရာခိုင်နှုန်းခန့်ကို တာဝန်ယူထုတ်လုပ်ပေးနေသည်။ အရှေ့မြောက်ပိုင်းရှိ မာတိုပီဘာဒေသသည်လည်း စုစုပေါင်းထုတ်လုပ်မှု၏ ၂၅ ရာခိုင်နှုန်းကို ပံ့ပိုးပေးလျက်ရှိသည်။ ဤဒေသများက ဝါစိုက်ပျိုးရန်အတွက် အလွန်သင့်လျော်သော ရာသီဥတုနှင့်မြေဆီလွှာကို ပိုင်ဆိုင်ထားကြသည်။ စိုက်ပျိုးရေးစနစ်အနေဖြင့် ပဲပုပ်ကဲ့သို့သော သီးနှံများနှင့် သီးညှပ်စိုက်ပျိုးခြင်းစနစ်ကို အများဆုံးအသုံးပြုကြသည်။ ဤသီးညှပ် စိုက်ပျိုးခြင်းက မြေဆီလွှာဖွံ့ဖြိုးမှုကို အထောက်အကူပြုပြီး အထွက်နှုန်းကို ပိုမိုတိုးတက်ကောင်းမွန်စေပါသည်။

ခေတ်မီနည်းပညာ၊ အရည်အသွေးနှင့် ရေရှည်တည်တံ့ခိုင်မြဲရေး

ဘရာဇီး၏ ဝါကဏ္ဍတွင် ခေတ်မီစိုက်ပျိုးရေးနှင့် ရိတ်သိမ်းမှုနည်းပညာများကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာကြသည်။ အထူးခြားဆုံးအချက်မှာ ဝါများကို လူအင်အားဖြင့် ခူးဆွတ်ခြင်းမပြုဘဲ ၁၀၀ ရာခိုင်နှုန်း စက်ယန္တရားများဖြင့်သာ ခူးဆွတ်ခြင်းဖြစ်သည်။ ဤသို့စက်များဖြင့် ခူးဆွတ်ခြင်းကြောင့် အချိန်ကုန်သက်သာပြီး လုပ်ငန်းခွင်ထိရောက်မှုကို အမြင့်ဆုံးရရှိစေသည်။ ထို့အပြင် ဝါများရိတ်သိမ်းရာတွင် အမှိုက်သရိုက်ပါဝင်မှုကို လျှော့ချရန်အတွက် စနစ်ကျသော ဖြစ်စဉ်များကို အသုံးပြုကြသည်။ ရိတ်သိမ်းပြီးသော ဝါများကိုလည်း စနစ်တကျသိမ်းဆည်းကာ အရည်အသွေးမကျဆင်းစေရန် ဂရုတစိုက်ကိုင်တွယ်ကြသည်။ ဤခေတ်မီနည်းစနစ်များက ဘရာဇီးဝါဂွမ်း၏ ထုတ်လုပ်မှုစွမ်းအားနှင့် အရည်အသွေးကို တစ်ဟုန်ထိုးတက်လာစေခဲ့သည်။

ဘရာဇီးသည် ဝယ်လက်များ၏ယုံကြည်မှုကို ရယူနိုင်ရန်အတွက် အရည်အသွေးစစ်ဆေးမှုစနစ်ကို တင်းကျပ်စွာကျင့်သုံးလျက်ရှိသည်။ ထွက်ရှိလာသော ဝါဂွမ်းဘေထုပ်တိုင်းကို HVI (High Volume Instrument) ခေါ် အဆင့်မြင့်စက်ကိရိယာများဖြင့် ၁၀၀ ရာခိုင်နှုန်းစစ်ဆေးကြသည်။ ဤစက်များက ဝါဂွမ်း၏အမျှင်အရှည်၊ ခိုင်ခံ့မှု၊ အရောင်နှင့် သန့်စင်မှုအစရှိသော အချက်အလက်များကို တိကျစွာဖတ်ရှုပေးသည်။ စစ်ဆေးရရှိလာသော အရည်အသွေးသတ်မှတ်ချက်များကို ဝယ်ယူမည့်သူများထံသို့ ပွင့်လင်းမြင်သာစွာချပြထားသည်။ ဝယ်လက်များသည် အဆိုပါအချက်အလက်များကို ဝက်ဘ်ဆိုက်များမှတစ်ဆင့် အလွယ်တကူ ဝင်ရောက်ကြည့်ရှုနိုင်ကြသည်။ ဤသို့ ခေတ်မီစစ်ဆေးမှုစနစ်များကြောင့် ဘရာဇီးဝါဂွမ်းသည် ကမ္ဘာ့အဆင့်မီအရည်အသွေးအဖြစ် အသိအမှတ်ပြုခံထားရသည်။

ဘရာဇီးဝါလုပ်ငန်း၏ နောက်ထပ်ဂုဏ်ယူစရာကောင်းသော နည်းပညာတစ်ခုမှာ အတိအကျ ခြေရာခံနိုင်သောစနစ်ဖြစ်သည်။ ဝါဂွမ်းဘေထုပ်တိုင်းတွင် သီးသန့်နံပါတ်များပါဝင်သည့် Bale ID Tag များတပ်ဆင်၍ သတင်းအချက်အလက်များကို မှတ်တမ်းတင်ထားသည်။ ဝယ်လက်များသည် ဤစနစ်ကြောင့် မိမိတို့ဝယ်ယူထားသော ဝါကို မည်သည့်စိုက်ခင်းမှထွက်ရှိကြောင်း အလွယ်တကူသိရှိနိုင်သည်။ ထို့အပြင် ဝါဂွမ်းကြိတ်ခွဲသည့် စက်ရုံမှသည် ဆိပ်ကမ်းသို့ရောက်ရှိသည်အထိအဆင့်တိုင်းကို တိကျစွာခြေရာခံနိုင်သည်။ သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းများကလည်း ဤခြေရာခံစနစ် မှန်ကန်မှု ရှိ မရှိကို အမြဲတမ်းကြီးကြပ်စစ်ဆေးပေးလျက်ရှိသည်။ ဤခြေရာခံနိုင်မှု နည်းပညာသည် နိုင်ငံတကာ ကုန်အမှတ်တံဆိပ်ကြီးများ၏ တောင်းဆိုချက်နှင့် အလွန်ကိုက်ညီမှုရှိသည်။

ယနေ့ခေတ် ကမ္ဘာ့ဈေးကွက်တွင် ရေရှည်တည်တံ့ခိုင်မြဲရေးဆိုသည့်အချက်မှာ ကုန်သွယ်မှုအတွက် အလွန်အရေးပါလာခဲ့သည်။ ဘရာဇီးတောင်သူများက ပတ်ဝန်းကျင်ထိခိုက်မှု နည်းပါးစေရန်နှင့် လုပ်ငန်းခွင်ဘေးကင်းစေရန် အထူးဂရုပြုစိုက်ပျိုးကြသည်။ ထို့ကြောင့် ဘရာဇီးဝါဂွမ်းများစွာသည် ပြည်တွင်းအသိအမှတ်ပြု ABR (Algodao Brasileiro Responsavel) လက်မှတ်များကို အောင်မြင်စွာရရှိထားကြသည်။ ထို့အပြင် နိုင်ငံတကာက အသိအမှတ်ပြုထားသော BCI ကဲ့သို့သော ရေရှည်တည်တံ့မှုဆိုင်ရာ လက်မှတ်များကိုလည်းရရှိထားသည်။ ဤသို့ လက်မှတ်များရရှိထားခြင်းက ဥရောပကဲ့သို့ စည်းမျဉ်းတင်းကျပ်သောဈေးကွက်များသို့ တင်ပို့ရာတွင် ကြီးမားသောအားသာချက်ဖြစ်သည်။ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းသည့် လုပ်ထုံးလုပ်နည်းများက ဘရာဇီးဝါဂွမ်း၏တန်ဖိုးကို ပိုမိုမြင့်မားစေပါသည်။

ထောက်ပံ့ပို့ဆောင်ရေးနှင့် စိန်ခေါ်မှုများကို ဖြေရှင်းခြင်း

ထုတ်လုပ်မှုပမာဏ များပြားလာသည်နှင့်အမျှ ဘရာဇီးအတွက် ထောက်ပံ့ပို့ဆောင်ရေးနှင့် logistics ကဏ္ဍသည် အရေးပါလာသည်။ အစဉ်အလာအားဖြင့် ဝါဂွမ်းတင်ပို့မှုအားလုံးနီးပါးကို ဆန်းတို့စ် ဆိပ်ကမ်းတစ်ခုတည်းမှသာ အဓိကထားတင်ပို့ခဲ့ကြသည်။ သို့သော် ယခုအခါ ကုန်စည်စီးဆင်းမှု ပိုမိုမြန်ဆန်စေရန်အတွက် ဆိပ်ကမ်းသစ်များကိုပါ တိုးချဲ့အသုံးပြုလာကြပြီဖြစ်သည်။ အထူးသဖြင့် ဆာဗေးဒေါနှင့် ပါရာနာဂွါကဲ့သို့သော ဆိပ်ကမ်းများသည် ဝါဂွမ်းတင်ပို့မှုအတွက် အရေးပါသော လမ်းကြောင်းများဖြစ်လာသည်။ ထိုဆိပ်ကမ်းသစ်များတွင် ကွန်တိန်နာရရှိမှု ပိုမိုလွယ်ကူလာသဖြင့် သင်္ဘောတင်ပို့မှုလုပ်ငန်းစဉ်များလည်း ပိုမိုသွက်လက်လာသည်။ ဤသို့ logistics ပိုင်းကို ချဲ့ထွင် နိုင်ခြင်းက ဘရာဇီး၏ပို့ကုန်ကဏ္ဍကို ပိုမိုအားကောင်းခိုင်မာစေပါသည်။

ဘရာဇီးသည် ဝါဂွမ်းရောင်းချရုံသာမက သုံးစွဲသူ စက်ရုံများအတွက် နည်းပညာပံ့ပိုးမှုများကိုပါ ဝန်ဆောင်မှုပေးလျက်ရှိသည်။ ဤရည်ရွယ်ချက်အတွက် Cotton Brazil Knowledge Hub အမည်ရသော အွန်လိုင်းပလက်ဖောင်းတစ်ခုကို ဖန်တီးထားသည်။ ဤပလက်ဖောင်းမှတစ်ဆင့် နိုင်ငံတကာချည်မျှင်နှင့် အထည်အလိပ်စက်ရုံများအတွက် နည်းပညာပိုင်းဆိုင်ရာ လမ်းညွှန်မှုများကိုပေးနေပါသည်။ စက်ရုံများအနေဖြင့် ဘရာဇီးဝါဂွမ်းကို အသုံးပြုရာတွင် အခက်အခဲရှိပါက ကျွမ်းကျင်သူများနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်သည်။ အကောင်းဆုံးစက်ဆက်တင်များ၊ အပူချိန်နှင့်စိုထိုင်း ဆထားရှိပုံများကိုပါ အသေးစိတ်လမ်းညွှန်ပြသပေးလျက်ရှိသည်။ ဤဝန်ဆောင်မှုများကြောင့်ဝယ်လက် စက်ရုံများသည် ဘရာဇီးဝါဂွမ်းကိုအသုံးပြုရာတွင် အမြင့်ဆုံးစွမ်းဆောင်ရည်များကို ရရှိလာကြသည်။

ဝါစိုက်ပျိုးထုတ်လုပ်ရာတွင် ကြုံတွေ့ရတတ်သော စိန်ခေါ်မှုများကိုလည်း ဘရာဇီးက စနစ်တကျ ဖြေရှင်းဆောင်ရွက်လျက်ရှိသည်။ အထူးသဖြင့် အပူပိုင်းဒေသများတွင် ဖြစ်ပေါ်လေ့ရှိသော ဝါဂွမ်းစေးကပ်မှုပြဿနာသည် အဓိကဖြေရှင်းရမည့်အချက်ဖြစ်သည်။ ဤအခက်အခဲကို ကျော်လွှားနိုင်ရန် တောင်သူများနှင့် သုတေသီများပူးပေါင်းကာ မျိုးစေ့နည်းပညာများကို ပြောင်းလဲခဲ့ကြသည်။ ထို့အပြင် ပိုးမွှားနှိမ်နင်းရေးစနစ်များကိုလည်း ပိုမိုထိရောက်စွာ အသုံးပြုလာကြပြီး စေးကပ်မှုကိုလျှော့ချနိုင်ခဲ့သည်။ ကုန်သည်များကလည်း ပြည်ပသို့မတင်ပို့မီ ဝါဂွမ်းများကို လူကိုယ်တိုင် သေချာစွာစစ်ဆေးသည့်စနစ်ကို ကျင့်သုံးကြသည်။ ဤသို့ ပူးပေါင်းဖြေရှင်းမှုများကြောင့် နည်းပညာပိုင်းဆိုင်ရာ အခက်အခဲများကို အောင်မြင်စွာ ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်သည်။

အနာဂတ်အလားအလာ

ဘရာဇီး၏ ဝါဂွမ်းကဏ္ဍသည် လက်ရှိတွင် အောင်မြင်မှုများစွာ ရရှိထားသော်လည်း အနာဂတ်အတွက် စိန်ခေါ်မှုများရှိနေသေးသည်။ အထူးသဖြင့် အယ်လ်နီညိုကဲ့သို့သော ရာသီဥတုပြောင်းလဲမှုများက စိုက်ပျိုးရေးကဏ္ဍအတွက် အဓိကခြိမ်းခြောက်မှုတစ်ခုဖြစ်သည်။ သို့ရာတွင် ဘရာဇီးတောင်သူများသည် ခေတ်မီနည်းပညာများနှင့် အတွေ့အကြုံများကိုအသုံးချကာ ယင်းစိန်ခေါ်မှုများကို ရင်ဆိုင်ရန်အသင့်ရှိနေကြသည်။ အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍများ၏ ပူးပေါင်းဆောင်ရွက်မှုကလည်း နိုင်ငံ၏ ဝါဂွမ်းစက်မှုလုပ်ငန်းကို ပိုမိုကြံ့ခိုင်စေပါသည်။ အရည်အသွေး၊ ရေရှည်တည်တံ့မှုနှင့် ဝယ်လက်များ၏ ယုံကြည်မှုကို ဆက်လက်ထိန်းသိမ်းထားနိုင်သရွေ့ အောင်မြင်မှုများ ဆက်လက်ရရှိနေမည်ဖြစ်သည်။ နိဂုံးချုပ်အားဖြင့် ဘရာဇီးနိုင်ငံသည် ကမ္ဘာ့ဝါဂွမ်းဈေးကွက်ကို ရေရှည်ဆက်လက်ဦးဆောင်နိုင်မည့် အလားအလာကောင်းများကို အခိုင်အမာပိုင်ဆိုင်ထားပါကြောင်း တင်ပြလိုက်ရပါသည်။  ။