Skip to main content

အမျိုးသားကျန်းမာရေးအဆင့်အတန်းမြှင့်တင်ခြင်းဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ဆီသို့ 

ထက်ဇေယံ

“ကျန်းမာခြင်းသည် လာဘ်တစ်ပါး”ဆိုသည့် ဆိုရိုးစကားသည် ခေတ်အဆက်ဆက် မှန်ကန်နေသည့် အမှန်တရားတစ်ခုဖြစ်ပါသည်။ နိုင်ငံတစ်နိုင်ငံ၏ အခြေခံ အကျဆုံးသော အင်အားစုမှာ ကျန်းမာကြံ့ခိုင်သည့် လူသားအရင်းအမြစ်ပင်ဖြစ်ပါသည်။ ကျန်းမာရေးနှင့်ပြည့်စုံသော လူ့အဖွဲ့အစည်းသည်သာ ကုန်ထုတ်လုပ်မှု စွမ်းအားကို မြှင့်တင်နိုင်ပြီး နိုင်ငံတော်၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကမောင်းနှင်အား ဖြစ်စေနိုင်ပါသည်။

ထို့ကြောင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ကို တည်ဆောက်ရာတွင် ပြည်သူ တစ်ရပ်လုံး ကျန်းမာကြံ့ခိုင်စေရေးနှင့် ရောဂါဘယ ကင်းဝေးစေရေးမှာ ကျွန်ုပ်တို့အားလုံး၏ အမျိုးသား ရေးတာဝန်တစ်ရပ်ပင် ဖြစ်ပါသည်။

နိုင်ငံတော်စီမံကိန်းများ အကောင်အထည်ဖော် ရာတွင် ကျန်းမာရေးကဏ္ဍသည် အဓိကကျောရိုး ဖြစ်ပြီး ပြည်သူများ၏ သက်တမ်းရှည်ကြာရေးနှင့် လူမှုအဆင့်အတန်းမြင့်မားရေးကို အခြေခံရည်မှန်း ချက်အဖြစ် ချမှတ်ထားပါသည်။ နိုင်ငံတစ်နိုင်ငံ၏ အင်အားသည် ထိုနိုင်ငံရှိ နိုင်ငံသားများ၏ ကျန်းမာ ကြံ့ခိုင်မှုအပေါ်တွင် တိုက်ရိုက်တည်မှီနေပါသည်။ ထို့ကြောင့် အမျိုးသားကျန်းမာရေးအဆင့်အတန်း မြင့်မားလာစေရန် ရည်မှန်းချက်ထားရှိခြင်းသည် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ဆီသို့ လှမ်းတက်ရာတွင် ကျန်းမာသန်စွမ်းသည့် နိုင်ငံသား ကောင်းများက အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင် ရန်အတွက် ဖြစ်ပါသည်။

မဟာဗျူဟာမြောက်လုပ်ငန်းစဉ်များ  အဆင့်ဆင့်အကောင်အထည်ဖော်ဆောင်ရွက်

ပြည်သူတစ်ရပ်လုံး ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမီစေရန်အတွက် ခိုင်မာသောမူဝါဒများ ဖြင့် မြို့ပြနှင့် ကျေးလက်မကျန် ဟန်ချက်ညီညီဖွံ့ဖြိုးလာအောင် ဖော်ဆောင်ပေးရန် လိုအပ်ပါသည်။ အခြေခံလူတန်းစား များမှစ၍ အလွှာပေါင်းစုံရှိ ပြည်သူများအားလုံး အရည်အသွေးရှိသော ကျန်းမာ ရေးဝန်ဆောင်မှုများကို ငွေကြေးအခက်အခဲမရှိဘဲ ရယူခံစားနိုင်ရေးမှာ အလွန်အရေးကြီးပါသည်။ ထို့ကြောင့် ခိုင်မာအားကောင်းသော ကျန်းမာရေး စနစ်တစ်ခုဖြစ်ပေါ်လာစေရန်အတွက် မဟာဗျူဟာ မြောက်လုပ်ငန်းစဉ်များကို အဆင့်ဆင့် အကောင် အထည်ဖော်ဆောင်ရွက်ခြင်းဖြင့် လူထုအကျိုးကို ရှေးရှုနိုင်မည်ဖြစ်ပါသည်။

“တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေး” အတွက် အခြေခံအကျဆုံးမှာ နေ့စဉ်ကိုယ်လက်လှုပ်ရှား အားကစားပြု လုပ်ခြင်းဖြစ်ပြီး လူငယ်လူရွယ်များ အကြား အားကစားစိတ်ဓာတ်ထက်သန်လာစေရေးမှာ အရေးကြီးပါသည်။ ခန္ဓာကိုယ်ကြံ့ခိုင်မှုရှိမှသာ စိတ်ပိုင်းဆိုင်ရာ တက်ကြွလန်းဆန်းမှု ရရှိမည်ဖြစ်ပြီး လုပ်ငန်းခွင်အတွင်း၌လည်း ထိရောက်သော စွမ်းဆောင်ရည်များကို ပြသနိုင်မည်ဖြစ်ပါသည်။ အားကစားလှုပ်ရှားမှုများကို လူထုလှုပ်ရှား မှုတစ်ရပ်အနေဖြင့် ကျယ်ကျယ်ပြန့်ပြန့် ပါဝင်ဆောင်ရွက်ခြင်းအားဖြင့် ရောဂါဘယများကို သဘာဝအတိုင်း ခုခံကာကွယ်နိုင်သော စွမ်းအားများ ရရှိလာမည် ဖြစ်ပါသည်။

​အာဟာရပြည့်ဝသော အစားအစာများကို ရွေးချယ်စားသုံးခြင်းသည် ရောဂါဘယများကို ကြိုတင်ကာကွယ် ခြင်းဖြစ်ပြီး အခြေခံစားသောက်ကုန်များတွင် ပါဝင်ရမည့် အာဟာရဓာတ်များကို ပြည်သူများ နားလည် သဘောပေါက်ရန် လိုအပ်ပါသည်။ နေ့စဉ်စားသုံးမှုတွင် အသား၊ ငါး၊ ဟင်းသီး ဟင်းရွက်နှင့် သစ်သီးဝလံများကို မျှတစွာ ပါဝင်စေခြင်းဖြင့် ခန္ဓာကိုယ်အတွက် လိုအပ်သော ဗီတာမင်နှင့် သတ္တုဓာတ်များကိုရရှိနိုင်ပါသည်။ အထူးသဖြင့် ဆား၊ သကြားနှင့် ဆီတို့ကို လျှော့ချစားသုံးသော အလေ့အထကို ပျိုးထောင်ခြင်းဖြင့် ရေရှည်တွင် ဖြစ်ပွားတတ်သော ကျန်းမာရေးပြဿနာများကို ထိရောက်စွာ တားဆီးနိုင်မည်ဖြစ်ပါသည်။

ရောဂါပိုးမွှားများ ကင်းစင်စေရန်အတွက် သန့်ရှင်းသော သောက်သုံးရေရရှိရေးနှင့် စနစ်တကျ ယဉ်ကျေးသော စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုမှာ ကျန်းမာရေးအတွက် မရှိမဖြစ် လိုအပ်ချက်များ ဖြစ်ပါသည်။ သန့်ရှင်းသော ပတ်ဝန်းကျင်သည် စိတ်ကြည်လင်မှုကို ပေးစွမ်းနိုင်ရုံသာမက ဝမ်းပျက်ဝမ်းလျှောနှင့် သွေးလွန်တုပ်ကွေးကဲ့ သို့သော ပတ်ဝန်းကျင်ကြောင့်ဖြစ်သည့် ရောဂါများကိုအမြစ်ပြတ်တိုက်ဖျက်နိုင်ပါသည်။ မိမိတို့၏ အိမ်များ မှစ၍ အများပြည်သူဆိုင်ရာ နေရာများအထိ သန့်ရှင်းသပ်ရပ်အောင် ထိန်းသိမ်းခြင်းမှာ နိုင်ငံသား တိုင်း လိုက်နာရမည့် ကျန်းမာရေးကျင့်ဝတ်တစ်ခု ပင်ဖြစ်ပါသည်။

ကမ္ဘာလုံးဆိုင်ရာ ကူးစက်ရောဂါများနှင့် ဒေသ တွင်း ဖြစ်ပွားတတ်သောရောဂါများကို ကြိုတင် ကာကွယ်နိုင်ရန် ထိရောက်သော စောင့်ကြည့် စစ်ဆေးရေးစနစ်များကို အမြဲမပြတ် အဆင့်မြှင့်တင်ရန် လိုအပ်ပါသည်။ ရောဂါတစ်ခုဖြစ်ပွားလာပါက အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်ရန်နှင့် လျင်မြန်စွာ တုံ့ပြန်ဆောင်ရွက်နိုင်ရန်အတွက် သတင်းအချက်အလက် စီးဆင်းမှုစနစ်များကို အားကောင်းအောင် တည်ဆောက်ထားရပါမည်။ ကာကွယ်ဆေးထိုး လုပ်ငန်းများတွင် ပူးပေါင်းပါဝင်ခြင်းဖြင့် လူ့အဖွဲ့ အစည်းအတွင်း ကိုယ်ခံအားစနစ် ကောင်းမွန်လာအောင် တည်ဆောက်ခြင်းမှာ ကူးစက်ရောဂါများ ပြန့်ပွားမှုကို ဟန့်တားရာတွင် အလွန်အရေးကြီး ပါသည်။

အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရန်လို

သွေးတိုး၊ ဆီးချိုနှင့် နှလုံးရောဂါကဲ့သို့သော လူနေမှုပုံစံကြောင့်ဖြစ်သည့် မကူးစက်နိုင်သော ရောဂါများကို လျှော့ချနိုင်ရန်အတွက် အသိပညာ ပေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ရန်လိုအပ်ပါသည်။ ဤရောဂါများသည် ရုတ်တရက် လက္ခဏာမပြသော်လည်း ရေရှည်တွင် အသက် အန္တရာယ်ကို စိုးရိမ်ရစေသဖြင့် ဆေးလိပ်နှင့် အရက်သေစာသောက်စားခြင်းကို ရှောင်ကြဉ်ရန် အထူးလိုအပ်ပါသည်။ ကျန်းမာသော လူနေမှုစနစ်ကို ကျင့်သုံးခြင်းဖြင့် မကူးစက်နိုင်သော ရောဂါများကြောင့် ဖြစ်ပေါ်လာမည့် ဆေးကုသ စရိတ်များနှင့် လူ့စွမ်းအားအရင်းအမြစ် ဆုံးရှုံးမှုများကို ထိရောက်စွာ လျှော့ချနိုင်မည် ဖြစ်ပါသည်။

မိခင်နှင့် ကလေးသေဆုံးမှုနှုန်း လျှော့ချရေးမှာ နိုင်ငံတော်၏အရေးကြီးသည့် လုပ်ငန်းစဉ်ဖြစ်ပြီး ကိုယ်ဝန်ဆောင် စောင့်ရှောက်မှုနှင့် ကာကွယ်ဆေးထိုးလုပ်ငန်းများကို အပြည့်အဝဆောင်ရွက်ရပါမည်။ ကလေးငယ်များ၏ အသက်ဦးဆုံးရက်ပေါင်း တစ်ထောင်အတွင်း အာဟာရပြည့်ဝမှုနှင့် ကျန်းမာရေးစောင့်ရှောက်မှုသည် ထိုကလေးငယ်၏ တစ်သက်တာဖွံ့ဖြိုးမှုအတွက် အဆုံးအဖြတ်ဖြစ်ပါသည်။ အနာဂတ်၏ကြယ်ပွင့်များဖြစ်သော ကလေး ငယ်များ ကျန်းမာသန်စွမ်းစွာ ကြီးပြင်းလာစေရေး အတွက် မိသားစုတိုင်းနှင့် ကျန်းမာရေးဌာနများ ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ပိုမိုကောင်းမွန်သောအနာဂတ်ကို တည်ဆောက်နိုင် မည်ဖြစ်ပါသည်။

ကျေးလက်ဒေသများရှိ ပြည်သူများ၏ ကျန်းမာရေးအတွက်ရှေ့တန်းမှ ကြိုးပမ်းပေးနေသော ကျန်းမာရေး ဝန်ထမ်းများ၏ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးခြင်းဖြင့် ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများကို ပေးနိုင်မည်ဖြစ်ပါသည်။ ၎င်းတို့သည် ဝေးလံခေါင်ဖျားသော ဒေသများအထိသွားရောက်ကာ ကျန်းမာရေးအသိပညာပေးခြင်းနှင့် ကုသခြင်းလုပ်ငန်းများကို ဆောင်ရွက်နေကြသူများ ဖြစ်ပါသည်။ အခြေခံကျန်းမာရေးဝန်ထမ်းများအတွက် လိုအပ်သော အထောက်အပံ့များနှင့် လေ့ကျင့်သင်တန်းများကို ပံ့ပိုးပေးခြင်းဖြင့် တစ်နိုင်ငံလုံး၏ ကျန်းမာရေးအဆင့်အတန်းကို အောက်ခြေမှစ၍ မြှင့်တင်နိုင်မည်ဖြစ်ပါသည်။

ခေတ်မီဆေးကုသမှုကိရိယာများနှင့် ကျွမ်းကျင်ပညာရှင်များပါဝင်သော ဆေးရုံများကိုတိုးချဲ့ တည်ဆောက်ခြင်းဖြင့် ပြည်သူများ၏ ယုံကြည်အားကိုးမှုကို ရရှိစေမည်ဖြစ်ပါသည်။ ကုသမှုအရည်အသွေး မြင့်မားစေရန်အတွက် ဆေးရုံယဉ်ကျေးမှုနှင့် စီမံခန့်ခွဲမှုစနစ်များကို ခေတ်နှင့်အညီ ပြောင်းလဲကာ လူနာများအပေါ် နွေးထွေးပျူငှာစွာ ဝန်ဆောင်မှု ပေးနိုင်ရန် ကြိုးပမ်းရပါမည်။ မြို့နယ်အဆင့်မှစ၍ ပြည်နယ်နှင့် တိုင်းဒေသကြီးအဆင့်အထိ ဆေးရုံများတွင် လိုအပ်သောဆေးဝါးနှင့် စက်ကိရိယာများ ပြည့်စုံစေရေးမှာ အစဉ်တစိုက် အလေးထားရမည့် ကိစ္စရပ်ဖြစ်ပါသည်။

မြန်မာ့ရိုးရာတိုင်းရင်းဆေးပညာကို သိပ္ပံနည်းကျ ဖော်ထုတ်ပြီး ဘေးဥပဒ်ကင်းစင်သော တိုင်းရင်းဆေးဝါးများ ထုတ်လုပ်ခြင်းဖြင့် မိမိတို့၏ယဉ်ကျေး မှုအမွေအနှစ်ကို ထိန်းသိမ်းရာရောက်ပါသည်။ ရိုးရာ ဆေးပညာ၏ အားသာချက်များကိုမျက်မှောက်ခေတ် ဆေးပညာနှင့် ပေါင်းစပ်ကာ ပြည်သူများအတွက် ဘေးကင်းပြီး ထိရောက်သော ကုထုံးများကိုဖော်ဆောင်ပေးရန် လိုအပ်ပါသည်။ တိုင်းရင်းဆေးပင်များကို စနစ်တကျစိုက်ပျိုးထုတ်လုပ်ခြင်းဖြင့် ပြည်တွင်း ဆေးဝါးလိုအပ်ချက်ကို တစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်း ပေးနိုင်မည် ဖြစ်ပါသည်။

ပြည်သူများ ကျန်းမာရေးအသိရှိမှသာ ကျန်းမာရေးနှင့်ညီညွတ်သော လူနေမှုစနစ်ကို တည်ဆောက် နိုင်မည်ဖြစ်ရာ မီဒီယာကဏ္ဍမှတစ်ဆင့် အသိပညာပေးမှုများကို တိုးချဲ့လုပ်ဆောင်ရန် လိုအပ်ပါသည်။ ခေတ်မီနည်းပညာများကို အသုံးပြု၍ ကျန်းမာရေး ဆိုင်ရာ ဗဟုသုတများကို ပြည်သူများထံအလွယ် တကူရောက်ရှိစေခြင်းဖြင့် ရောဂါကာကွယ်ရေး စိတ်ဓာတ်ကို မြှင့်တင်နိုင်ပါသည်။ မှားယွင်းသော ကျန်းမာရေး သတင်းအချက်အလက်များကိုတားဆီးကာ မှန်ကန်သောလမ်းညွှန်ချက်များကိုထုတ်ပြန် ပေးခြင်းဖြင့် လူထု၏ကျန်းမာရေးအဆင့်အတန်းကို ပိုမိုမြင့်မားစေမည်ဖြစ်ပါသည်။

နိုင်ငံခြားမှ တင်သွင်းမှုအပေါ် လျှော့ချနိုင်ရန်နှင့် ဆေးဝါးဖူလုံစေရန်အတွက် ပြည်တွင်းဆေးဝါး ထုတ်လုပ်မှု ကဏ္ဍကို အားပေးမြှင့်တင်ရန် လိုအပ်ပါသည်။ မိမိတို့နိုင်ငံတွင် လိုအပ်သော အခြေခံ ဆေးဝါးများကို ကိုယ်တိုင် ထုတ်လုပ်နိုင်ခြင်းသည် အမျိုးသားလုံခြုံရေးနှင့် ကျန်းမာရေးလုံခြုံမှုအတွက် အလွန်အရေးပါသော ခြေလှမ်းဖြစ်ပါသည်။ အရည်အသွေးမီ ဆေးဝါးများကို ဈေးနှုန်းချိုသာစွာဖြင့် ပြည်သူများဝယ်ယူရရှိ နိုင်ရေးအတွက် စက်မှုကဏ္ဍနှင့် ကျန်းမာရေးကဏ္ဍတို့ ဟန်ချက်ညီညီ ပူးပေါင်း ဆောင်ရွက်သင့်ပါသည်။

အဆင့်မြင့်ဆေးပညာရှင်များ၊ သူနာပြုများနှင့် ကျွမ်းကျင်သူများကို အရေအတွက်နှင့် အရည် အသွေးပြည့်မီစွာ မွေးထုတ်ခြင်းသည် ရေရှည် ကျန်းမာရေးကဏ္ဍအတွက် ရင်းနှီးမြှုပ်နှံမှုဖြစ်ပါ သည်။ ကျန်းမာရေးဝန်ထမ်းများ၏ အတတ်ပညာ သာမက ကျင့်ဝတ်သိက္ခာပိုင်းဆိုင်ရာများကိုပါ စနစ်တကျလေ့ကျင့်ပေးခြင်းဖြင့် ပြည်သူများ ယုံကြည်အားကိုးရသော ဆေးပညာရှင်များ ဖြစ်လာ စေမည်ဖြစ်ပါသည်။ နိုင်ငံတကာအဆင့်မီ သင်ကြား ရေးစနစ်များကို ကျင့်သုံးခြင်းဖြင့် မိမိတို့၏ ဆေးပညာလောကကို ကမ္ဘာ့အဆင့်သို့ မြှင့်တင်နိုင် မည်ဖြစ်ပါသည်။

လူမှုရေးပံ့ပိုးမှု ကွန်ရက်များကို တည်ဆောက်

ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရုံသာမက စိတ်ပိုင်း ဆိုင်ရာကျန်းမာရေးသည်လည်း အရေးကြီးသဖြင့် စိတ်ဖိစီးမှု လျှော့ချရေးနှင့် စိတ်ပိုင်းဆိုင်ရာ အားပေးကူညီမှုလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ရန် လိုအပ်ပါသည်။ ခေတ်သစ်လူနေမှု စနစ်တွင် ကြုံတွေ့ရသော စိတ်ပိုင်းဆိုင်ရာ စိန်ခေါ် မှုများကို ကျော်လွှား နိုင်ရန်အတွက် လူမှုရေးပံ့ပိုးမှု ကွန်ရက်များကို ခိုင်မာအောင် တည်ဆောက်ရပါမည်။ စိတ်ကျန်းမာရေး အသိပညာကို လူတိုင်းနားလည်စေရန် ဆောင်ရွက်ခြင်းဖြင့် စိတ်ကျန်းမာ ရေးပြဿနာများကို ထိရောက်စွာ လျှော့ချနိုင်မည် ဖြစ်ပါသည်။

ပြည်သူများစားသုံးသော အစားအသောက်နှင့် ဆေးဝါးများ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် တင်းကျပ်သော စစ်ဆေးကြပ်မတ်မှုများကို အမြဲ မပြတ် ဆောင်ရွက်ရန် လိုအပ်ပါသည်။ ဈေးကွက် အတွင်းရှိ ကုန်ပစ္စည်းများတွင် တားမြစ်ဓာတု ပစ္စည်းများ ပါဝင်မှုရှိ၊ မရှိကို စနစ်တကျ စစ်ဆေးခြင်းဖြင့် ပြည်သူများ၏ ကျန်းမာရေးကို ကာကွယ် ပေးသင့်ပါသည်။ ထုတ်လုပ်သူများဘက်မှလည်း စနစ်တကျ လိုက်နာဆောင်ရွက်စေရန် ဥပဒေ ကြောင်းအရ ထိန်းကျောင်းခြင်းနှင့် အသိပညာပေး ခြင်းများကို ဟန်ချက်ညီညီ လုပ်ဆောင်ရန် လိုအပ်ပါသည်။

ကုန်ထုတ်လုပ်မှုကဏ္ဍတွင်ရှိသော အလုပ်သမားများ၏ ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံမှုကို အကာအကွယ် ပေးခြင်းဖြင့် လုပ်ငန်းခွင် စွမ်းဆောင်ရည်ကို မြှင့်တင်နိုင်မည်ဖြစ်ပါသည်။ အလုပ်ခွင် အတွင်း ဖြစ်ပွားတတ်သော မတော်တဆမှုများနှင့် လုပ်ငန်းခွင်ရောဂါများကို ကြိုတင်ကာကွယ်နိုင်ရန် စံလုပ်ထုံးလုပ်နည်းများ ချမှတ်ထားရှိရပါမည်။ ကျန်းမာသော အလုပ်သမားထုသည်သာ နိုင်ငံတော်၏ စီးပွားရေးကို အားကောင်း စေနိုင်သဖြင့် အလုပ်ရှင်နှင့် အလုပ်သမားများအကြား ကျန်းမာရေးဆိုင်ရာနားလည်မှုများ တည်ဆောက်ရန် လိုအပ်ပါသည်။

ဆေးပညာသုတေသနလုပ်ငန်းများကို အားပေး ခြင်းနှင့် ခေတ်မီဒီဂျစ်တယ်ကျန်းမာရေးစနစ်ကို ကျင့်သုံးခြင်းဖြင့် ကုသမှုလုပ်ငန်းများ ပိုမိုမြန်ဆန် တိကျလာမည်ဖြစ်ပါသည်။ တယ်လီမက်ဒီဆင် (Telemedicine) နည်းပညာကို အသုံးပြု၍ ဝေးလံသောဒေသများရှိ လူနာများကို အထူးကုဆရာဝန် ကြီးများနှင့် ချိတ်ဆက်ပြသပေးခြင်းမှာ နည်းပညာ၏ အကျိုးကျေးဇူးပင်ဖြစ်ပါသည်။ သုတေသန အသစ်များကို အစဉ်တစိုက်ပြုလုပ်ခြင်းဖြင့်ဆေး ပညာလောက၏ စိန်ခေါ်မှုများကို အဖြေရှာကာ ပိုမိုကောင်းမွန်သောကုထုံးများကို ဖော်ထုတ်နိုင် မည်ဖြစ်ပါသည်။

သက်ကြီးရွယ်အိုများ ကျန်းမာအသက်ရှည်စွာဖြင့် ဂုဏ်သိက္ခာရှိရှိ နေထိုင်နိုင်ရေးအတွက်အထူး ကျန်းမာရေး စောင့်ရှောက်မှု အစီအစဉ်များကို ထည့်သွင်းဆောင်ရွက်ရန် လိုအပ်ပါသည်။ ၎င်းတို့သည် နိုင်ငံတော်အတွက် တစ်ခါက အစွမ်းကုန် ကြိုးပမ်းပေးခဲ့ကြသူများဖြစ်သဖြင့် လုံလောက် သော ကျန်းမာရေးစောင့်ရှောက်မှုနှင့် လူမှုဖူလုံရေး အထောက်အပံ့များ ရရှိသင့်ပါသည်။ သက်ကြီး ရွယ်အိုစောင့်ရှောက်ရေးအစီအစဉ်များကို တိုးမြှင့် ဖော်ဆောင်ခြင်းဖြင့် မေတ္တာနှင့်ကရုဏာတရား ပြည့်ဝသော လူ့အဖွဲ့အစည်းကို တည်ဆောက်နိုင် မည်ဖြစ်ပါသည်။

ကျန်းမာရေးလုပ်ငန်းများ အောင်မြင်ရန်အတွက်အစိုးရနှင့် ကျန်းမာရေးဌာနများသာမက ပြည်သူ တစ်ဦးချင်းစီ၏ ကိုယ်တိုင် ကျန်းမာရေးစောင့်ရှောက်လိုစိတ်နှင့် ပူးပေါင်းပါဝင်မှုသည် အဆုံးအဖြတ် ဖြစ်ပါသည်။ တစ်ကိုယ်ရေ သန့်ရှင်းရေးမှစ၍ ပတ်ဝန်းကျင်သန့်ရှင်းရေးအထိ တာဝန်သိစိတ်ဖြင့် လိုက်နာခြင်းသည် ရောဂါဘယကင်း ဝေးရေး၏ သော့ချက်ပင် ဖြစ်ပါသည်။ ပြည်သူများ၏ တက်ကြွသော ပူးပေါင်းပါဝင်မှုဖြင့်သာ နိုင်ငံတော်အဆင့် ကျန်းမာရေးရည်မှန်းချက်များကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်မည်ဖြစ်ပါသည်။

နိုင်ငံတော်အဆင့် ပြည်သူ့ကျန်းမာရေးစနစ် ခိုင်မာအားကောင်းစေရေးသည် နိုင်ငံတော်တည်ငြိမ် အေးချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအုတ်မြစ်ဖြစ်ပါသည်။ ပြည်သူများကျန်းမာကြံ့ခိုင်ပြီး အသိပညာဗဟုသုတနှင့် ပြည့်စုံမှသာ မိမိတို့၏ဘဝကို မြှင့်တင်နိုင်မည်ဖြစ်ပြီး နိုင်ငံတော်အတွက် အကျိုးပြုနိုင်သော လူသားရင်းမြစ်များဖြစ်လာပါလိမ့်မည်။ ထို့ကြောင့် “ကျန်းမာသန်စွမ်း လူ့စွမ်းအား၊ မြှင့်တင် ပေးစို့ နိုင်ငံသား” ဟူသောရည်မှန်းချက်ကို လက်ကိုင်ထားကာ အားလုံးက ကိုယ်စီတာဝန်သိစိတ်ဖြင့် ကျန်းမာရေးအသိသတိများအတိုင်း လိုက်နာနေထိုင်ကြပါရန် တိုက်တွန်းနှိုးဆော် ရေးသားအပ်ပါသည်။   ။