Skip to main content

ဒီဂျစ်တယ်ခေတ်ရေစီးကြောင်းနှင့် စာဖတ်ခြင်းအလေ့အထ မြှင့်တင်ရေး

အောင်မိုးဘုန်း(ပြင်ဦးလွင်)

၂၁ ရာစု အသိပညာအခြေပြုလူ့အဖွဲ့အစည်း တည်ဆောက်ရေးတွင် စာဖတ်ခြင်းအလေ့အထသည် လူတစ်ဦးချင်းစီ၏ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်မှု၊ ဝေဖန် ဆန်းစစ်နိုင်စွမ်း၊ ဖန်တီးတီထွင်နိုင်စွမ်းနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုတို့အတွက် အခြေခံကျသော အခန်းကဏ္ဍတစ်ရပ်အဖြစ် တည်ရှိနေပါသည်။

အထူးသဖြင့် မျိုးဆက်သစ်လူငယ်များအနေဖြင့် ကျယ်ပြန့်သောဗဟုသုတ၊ ခေတ်မီကျွမ်းကျင်မှုနှင့် တီထွင်ဖန်တီးနိုင်သော အတွေးအခေါ်များ ပိုင်ဆိုင်နိုင်ရန် စာဖတ်ခြင်းယဉ်ကျေးမှုကို စနစ်တကျမြှင့်တင်ပေးရန်မှာ နိုင်ငံတော်၏ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသောရင်းနှီးမြှုပ်နှံမှု တစ်ရပ်ဖြစ်ပါသည်။

ဒီဂျစ်တယ်အသွင်ကူးပြောင်းမှု အရှိန်မြင့်လာသည့် ယနေ့ခေတ်တွင် စာဖတ်ခြင်းအတွေ့အကြုံသည် နည်းပညာနှင့်ပေါင်းစပ်၍ ပိုမိုကျယ်ပြန့်၊ လွယ်ကူပြီး ထိရောက်သောပုံစံသို့ ပြောင်းလဲလာပြီဖြစ်ရာ ဒီဂျစ်တယ်စာဖတ်ခြင်းစနစ်အတွင်း အီလက်ထရောနစ်စာအုပ်နှင့် စာဖတ်ကိရိယာများသည် အရေးပါသော နည်းပညာဆိုင်ရာ အခြေခံ အရင်းအမြစ်များဖြစ်လာကြပါသည်။

သို့ရာတွင် ဤစနစ်ကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရန်အတွက် နည်းပညာကိရိယာများရရှိနိုင်ခြင်း တစ်ခုတည်းမလုံလောက်ဘဲ အသုံးပြုသူများ၏ ဒီဂျစ်တယ်ကျွမ်းကျင်မှု၊ အရည်အသွေးရှိသော ဒီဂျစ်တယ်အကြောင်းအရာများ ရရှိနိုင်မှုနှင့် တာဝန်ယူအသုံးပြုနိုင်သော ဒီဂျစ်တယ်ယဉ်ကျေးမှုတို့ကို တစ်ပြိုင်နက်တည်းမြှင့်တင်ရန် လိုအပ်ပါသည်။ သမားရိုးကျပုံနှိပ်စာအုပ်များ၏ တန်ဖိုးကိုထိန်းသိမ်းထားရင်း ဒီဂျစ်တယ်စာဖတ် ခြင်းနည်းပညာများကို ပေါင်းစပ်အသုံးချနိုင်သော နည်းလမ်းတစ်ရပ်ကို တည်ဆောက်ခြင်းသည် အနာဂတ်ပညာရေးအတွက် ပိုမိုသင့်လျော်သောလမ်းကြောင်းတစ်ရပ် ဖြစ်လာမည်ဖြစ်ပါသည်။

ခေတ်သစ်ဒီဂျစ်တယ်စာဖတ်ခြင်းစနစ်နှင့် E-book ၊ E-reader တို့၏ သဘောသဘာဝ

ယနေ့ခေတ်တွင် E-book များ၊ E-reader ကိရိယာများနှင့် Cloud-based Digital Library စနစ် များသည် သင်ယူသူများ၊ သုတေသီများနှင့် စာဖတ်ဝါသနာရှင်များအတွက် အရေးပါသော၊ အသိပညာရယူနိုင်​သော ပလက်ဖောင်းများဖြစ်လာကြပါသည်။ အထူးသဖြင့် အဝေးသင်ပညာရေး၊ ပေါင်းစပ်သင်ကြားရေးနှင့် အွန်လိုင်းသင်ယူရေးတို့ ပိုမိုကျယ်ပြန့်လာခြင်းကြောင့် ဒီဂျစ်တယ်စာဖတ်ခြင်းသည် ခေတ်သစ်ပညာရေးစနစ်၏ မရှိမဖြစ်လိုအပ်သော အစိတ်အပိုင်းတစ်ရပ်အဖြစ် ပိုမိုထင်ရှားလာခဲ့ပါသည်။

အီလက်ထရောနစ်စာအုပ်များသည် ယနေ့ခေတ်တွင် ပုံနှိပ်စာအုပ်များ၏ ဒီဂျစ်တယ်မိတ္တူ အဖြစ်သာမဟုတ်တော့ဘဲ စာဖတ်သူများ၏ သင်ယူမှုအတွေ့အကြုံကို တိုးတက်ကောင်းမွန်စေသည့် အပြန်အလှန်တုံ့ပြန်နိုင်သော သင်ယူမှုပုံစံအဖြစ် ဖွံ့ဖြိုးပြောင်းလဲလာခဲ့ပါသည်။ ယင်းစာအုပ်များတွင် စာသားအကြောင်းအရာများအပြင် ရုပ်ပုံများ၊ ဇယားများ၊ အသံဖိုင်များ၊ ဗီဒီယိုဖိုင်များနှင့် မီဒီယာမျိုးစုံပေါင်းစပ်ထားသော သင်ယူမှုအထောက်အကူပြု အကြောင်းအရာများကို တစုတစည်းတည်း ထည့်သွင်းပေးနိုင်သဖြင့် သင်ယူသူများ၏ နားလည်သဘောပေါက်မှု၊ စိတ်ဝင်စားမှုနှင့် ကိုယ်တိုင်လေ့လာသင်ယူနိုင်စွမ်းတို့ကို ပိုမိုထိရောက်စွာ မြှင့်တင်ပေးနိုင်သည့် သင်ယူမှုအရင်း အမြစ်တစ်ခုအဖြစ် ရပ်တည်လာခဲ့ပါသည်။

စာဖတ်ရန်ရည်ရွယ်၍ အထူးဒီဇိုင်းထုတ်ထားသော အီလက်ထရောနစ် စာဖတ်ကိရိယာများတွင် အသုံးပြုထားသည့် အီလက်ထရောနစ်မင်နည်းပညာသည် ပုံနှိပ်စာအုပ် သို့မဟုတ် ပုံနှိပ်စက္ကူများကိုဖတ်ရှုနေသကဲ့သို့ သဘာဝကျသောစာဖတ်အတွေ့အကြုံကို ပေးစွမ်းနိုင်ပါသည်။ ထို့ပြင် မျက်နှာပြင်မှ အလင်းရောင်ထုတ်လွှတ်မှုကို လျှော့ချပေးနိုင်သဖြင့် မျက်စိပင်ပန်းနွမ်းနယ်မှုကိုလျော့နည်းစေပြီး အချိန်ကြာမြင့်စွာ သက်သောင့်သက်သာဖြင့် စာဖတ်ရှုနိုင်ရန် အထောက်အကူပြုပါသည်။

တစ်ဖက်တွင်လည်း စမတ်ဖုန်း၊ Tablet ၊ Lap- top များနှင့်ချိတ်ဆက်ကာ ကမ္ဘာလုံးဆိုင်ရာ မျက်နှာစာတွင် လိုအပ်သော ဝေဖန်ဆန်းစစ်တွေးခေါ်မှုနှင့် အချက်အလက်ရယူနိုင်မှုကို များစွာ မြှင့်တင်ပေးနိုင်သောကြောင့် ၎င်းသည် တစ်သက်တာသင်ယူမှု ယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးသောအခြေခံအုတ်မြစ်တစ်ရပ် ဖြစ်လာပါသည်။

နေရာဒေသသက်သာစေခြင်းနှင့် သယ်ဆောင်ရလွယ်ကူမှု အားသာချက်များ

ဒီဂျစ်တယ်စာဖတ်ခြင်းစနစ်၏ အထင်ရှားဆုံးအားသာချက်များအနက် တစ်ရပ်မှာ စာအုပ်များ၏ ရုပ်ပိုင်းဆိုင်ရာနေရာယူမှုကို သိသိသာသာလျှော့ချပေးခြင်းနှင့် စာဖတ်သူများအတွက် သယ်ဆောင် အသုံးပြုရလွယ်ကူစေခြင်း ဖြစ်ပါသည်။ သမားရိုးကျ ပုံနှိပ်စာအုပ်စနစ်တွင် အတွဲများစွာပါဝင်သော ကိုးကားကျမ်းများနှင့် သုတေသနစာအုပ်များသည် ရုပ်ပိုင်းဆိုင်ရာအရ အလေးချိန်များပြီး နေရာအများအပြား လိုအပ်ပါသည်။၊

ဥပမာအားဖြင့် မြန်မာစာဖတ်ပရိသတ်များအကြား ထင်ရှားကျော်ကြားသော မြသန်းတင့်၏ ဓားတောင်ကိုကျော်၍ မီးပင်လယ်ကိုဖြတ်မည်၊ ဂျာနယ်ကျော်မမလေး၏ မုန်း၍မဟူ၊ ဒဂုန်တာရာ၏ စာပေလက်ရာများ၊ မြန်မာ့သမိုင်းနှင့် ယဉ်ကျေးမှုဆိုင်ရာ ကိုးကားကျမ်းများကို ပုံနှိပ်စာအုပ်အဖြစ် အများအပြားသယ်ဆောင်ရပါက နေရာနှင့် အလေးချိန်နှစ်မျိုးစလုံးအတွက် အခက်အခဲများ ဖြစ်ပေါ်နိုင်သည်။ သို့​သော်လည်း ခေတ်မီစာဖတ်ကိရိယာ (E-reader) တစ်လုံးတည်းဖြင့် စာအုပ်ပေါင်းထောင်နှင့်ချီ၍ အလွယ်တကူ သိုလှောင်သယ်ဆောင်နိုင်ပြီး ​ရွှေ့ပြောင်းသင်ယူမှုကို အားကောင်းစွာ ပံ့ပိုးပေးပါသည်။

ထို့ပြင် ဒေတာသိမ်းဆည်းမှုနည်းပညာများ ဖွံ့ဖြိုးတိုးတက်လာခြင်းကြောင့် စာဖတ်သူများသည် မိမိတို့၏ အီလက်ထရောနစ်စာအုပ်များ၊ မှတ်စုများ၊ အရေးကြီးအချက်များကို အမှတ်အသားပြုထားသည့် မှတ်သားချက်များနှင့် စာမှတ်များကို အွန်လိုင်းပေါ်တွင် လုံခြုံစိတ်ချစွာ သိမ်းဆည်းထားနိုင်ပါသည်။ ထို့ပြင် စမတ်ဖုန်း၊ တက်ဘလက်၊ အီလက်ထရောနစ်စာဖတ်ကိရိယာနှင့် ကွန်ပျူတာကဲ့သို့သော ကိရိယာအမျိုးမျိုးအကြား ဒေတာများကို အလိုအလျောက် တစ်ပြေးညီညှိနှိုင်းထားနိုင်သဖြင့် မည်သည့်ကိရိယာမှမဆို မိမိဖတ်ရှုခဲ့သည့်နေရာမှ ဆက်လက်ဖတ်ရှုနိုင်သော ကိရိယာအမျိုးမျိုးတွင် အဆက်မပြတ် စာဖတ်ရှုနိုင်သည့် အခွင့်အလမ်းကိုလည်း ရရှိစေပါသည်။

ဤကဲ့သို့သော နည်းပညာဆိုင်ရာ အားသာချက်များသည် စာဖတ်သူများ၏ အချိန်စီမံခန့်ခွဲမှုကို တိုးတက်စေသည့်အပြင် ဒီဂျစ်တယ်စာကြည့်တိုက် စနစ်များမှတစ်ဆင့် ကျေးလက်ဒေသများနှင့် ပညာရေးအခွင့်အလမ်းကန့်သတ်ထားသော လူမှုအသိုင်းအဝိုင်းများအတွက် ပထဝီဝင်အကွာအဝေးကြောင့် ဖြစ်ပေါ်နိုင်သည့် ပညာရေးအရင်းအမြစ်ကွာဟချက်ကို လျှော့ချနိုင်ရန်များစွာ အထောက်အကူပြုပါသည်။

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရေရှည်တည်တံ့သော ဖတ်ရှုသင်ယူမှုစနစ်

ယနေ့ကမ္ဘာတွင် ရာသီဥတုပြောင်းလဲမှုနှင့် ကာဗွန်ထုတ်လွှတ်မှု လျှော့ချရေးတို့ကို အလေးထားဆောင်ရွက်နေသည့်အလျောက် ဒီဂျစ်တယ်စာဖတ်ခြင်းစနစ်သည် သဘာဝအရင်းအမြစ်များကို ထိရောက်စွာအသုံးချနိုင်ရေးအတွက် အရေးပါလာပါသည်။ သမားရိုးကျ ပုံနှိပ်စာအုပ်တစ်အုပ် ထုတ်လုပ်ရန်အတွက် သစ်သားမှစက္ကူထုတ်လုပ်ခြင်း၊ ရေ၊ လျှပ်စစ်စွမ်းအင်၊ ပုံနှိပ်မင်နှင့် ဓာတုပစ္စည်းများ အဆင့်ဆင့်အသုံးပြုရပြီး သိုလှောင်ဖြန့်ဖြူးမှုဆိုင်ရာ လိုအပ်ချက်များ မြင့်မားသော်လည်း E-book နှင့် E-reader စနစ်များသည် စာအုပ်များကို ဒီဂျစ်တယ်ပုံစံဖြင့် ဖြန့်ဝေနိုင်ခြင်းကြောင့် စက္ကူအသုံးပြုမှုနှင့် ရုပ်ပိုင်းဆိုင်ရာ သယ်ယူပို့ဆောင်မှု လိုအပ်ချက်များကို လျှော့ချပေးနိုင်ပါသည်။

အီလက်ထရောနစ်စာဖတ်ခြင်းစနစ်၏ အရေးအကြီးဆုံးအသိပညာပေးမှုမှာ သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်ကို ရေရှည်ထိန်းသိမ်းစောင့်ရှောက်နိုင်ခြင်းပင်ဖြစ်သည်။ သာမန်အားဖြင့် စာမျက်နှာ ၃၀၀ ရှိသော စာအုပ်တစ်အုပ်ကို အုပ်ရေ ၁၀၀၀ ခန့် ပုံနှိပ်ထုတ်ဝေမည်ဆိုပါက စက္ကူရွက်ရေ ၃၀၀၀၀၀ ခန့် ကုန်ကျမည်ဖြစ်ပြီး သစ်ပင်တစ်ပင်လျှင် စက္ကူရွက်ရေ ၈၀၀၀၀ ခန့်ထွက်ရှိသည်ဟု တွက်ချက်ပါက သစ်ပင်အနည်းဆုံး လေးပင်ခန့် အမြဲတမ်းအခုတ်ခံရမည်ဖြစ်သည်။ ကမ္ဘာကျော် ဟယ်ရီပေါ်တာ စာအုပ်တွဲများကဲ့သို့ အုပ်ရေသန်း ၄၅၀ ကျော် ရောင်းချရသည့် အခြေအနေတွင် သစ်ပင်ပေါင်း နှစ်သန်းနီးပါး ပျက်စီးဆုံးရှုံးရသည့် သင်ခန်းစာများရှိခဲ့ပါသည်။ E-reader များသည် သစ်ပင်များကို ခုတ်ထွင်ရှင်းလင်းရန်မလိုဘဲ ဒီဂျစ်တယ်စနစ်ဖြင့်သာ လည်ပတ်ခြင်းကြောင့် တိုင်းပြည်၏ အဖိုးတန်သစ်တောအရင်းအမြစ် များနှင့် ရေမြေပတ်ဝန်းကျင်ပြုန်းတီးမှုကို အထိရောက်ဆုံး ကာကွယ်ပေးနိုင်သည့် နည်းပညာလမ်းကြောင်းတစ်ခု ဖြစ်ပါသည်။

သို့ရာတွင် ဒီဂျစ်တယ်ကိရိယာများနှင့် ၎င်းတို့၏ ဝန်ဆောင်မှုများကို ထောက်ပံ့ပေးသည့် ဆာဗာ အခြေခံအချက်အလက် စီမံခန့်ခွဲမှုစနစ်များကို တည်ဆောက်ထုတ်လုပ်ရာတွင်လည်း သတ္တုနှင့် သဘာဝအရင်းအမြစ်များ၊ လျှပ်စစ်စွမ်းအင်နှင့် အခြားလိုအပ်သော စွမ်းအားအရင်းအမြစ်များကို အသုံးပြုရပါသည်။ ထို့ပြင် အီလက်ထရောနစ်ကိရိယာများ၏ အသုံးပြုသက်တမ်းကုန်ဆုံးသည့်အခါ အီလက်ထရောနစ်စွန့်ပစ်ပစ္စည်းများ ဖြစ်ပေါ်လာနိုင်သဖြင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုကို လျှော့ချနိုင်ရေးအတွက် စနစ်တကျ ပြန်လည်အသုံးချခြင်း၊ ပြန်လည်ပြုပြင်အသုံးပြုခြင်းနှင့် ပြန်လည်သန့်စင်အသုံးချခြင်းတို့ကို အလေးထား ဆောင်ရွက်ရန် လိုအပ်ကြောင်းကိုလည်း သတိပြုရမည်ဖြစ်ပါသည်။

ထို့ကြောင့် ရေရှည်တည်တံ့သော ဒီဂျစ်တယ်စာဖတ်ခြင်းစနစ် တည်ဆောက်ရန်အတွက် သက်တမ်းရှည်အသုံးပြုနိုင်သော ကိရိယာများကိုရွေးချယ်ခြင်း၊ စနစ်ကျသော E-waste စီမံခန့်ခွဲမှု စနစ်များထားရှိခြင်းနှင့် ပတ်ဝန်းကျင်ဆိုင်ရာ အသိပညာတို့ကို ပေါင်းစပ်ပေးရန်လိုအပ်ပါသည်။

စာသင်ခန်းနှင့် အဆင့်မြင့်ပညာရေးတွင် သင်ယူမှုကို မြှင့်တင်ပေးသော နည်းပညာများ

ခေတ်သစ်ပညာရေးစနစ်တွင် E-book နှင့် E-reader နည်းပညာများသည် သင်ယူသူဗဟိုပြု၊ တက်ကြွစွာပါဝင်သင်ယူမှုနှင့် ကိုယ်ပိုင်သင်ယူမှုကို အားပေးသောကိရိယာများ ဖြစ်လာပါသည်။ ကျောင်းသားများသည် မိမိတို့၏စိတ်ဝင်စားမှု၊ သင်ယူလိုအပ်ချက်နှင့် သင်ယူနိုင်သည့် အရှိန်အဟုန်တို့အပေါ်မူတည်၍ လေ့လာမှုကို ကိုယ်တိုင်စီမံခန့်ခွဲနိုင်ပါသည်။ ထို့ပြင် စာသားရှာဖွေခြင်း လုပ်ဆောင်ချက်၊ ဒီဂျစ်တယ်မှတ်စုရေးသားခြင်း၊ အရေးကြီးအချက်များကို အမှတ်အသားပြုခြင်းနှင့် စာမှတ်များကဲ့သို့သော လုပ်ဆောင်ချက်များကို အသုံးပြုနိုင်သဖြင့် လိုအပ်သော အချက်အလက်များကို လျင်မြန်တိကျစွာ ပြန်လည်ရှာဖွေနိုင်ပြီး သင်ယူမှုအကြောင်းအရာများကို စနစ်တကျစုစည်းသုံးသပ်နိုင်ပါသည်။ ထိုကဲ့သို့သော အထောက်အကူပြုလုပ်ဆောင်ချက်များကြောင့် သာမန်စာဖတ်ခြင်းထက် ပိုမိုနက်ရှိုင်းသော သင်ယူမှု၊ အကြောင်းအရာများကို နားလည်သဘောပေါက်နိုင်မှုနှင့် သိရှိထားသော အသိပညာကို ရေရှည်မှတ်မိ ထိန်းသိမ်းထားနိုင်စွမ်းတို့ကို ပိုမိုမြင့်မားစေပါသည်။

စာလုံးအရွယ်အစား၊ စာကြောင်းအကွာအဝေးနှင့် မျက်နှာပြင်တောက်ပမှုတို့ကို စိတ်ကြိုက် ပြင်ဆင်နိုင်ခြင်းသည် Universal Design for Lear- ning (UDL) အယူအဆနှင့်ကိုက်ညီပြီး အထူးလိုအပ်ချက်ရှိသူများအပါအဝင် လူတိုင်းအတွက် တန်းတူညီမျှသော၊ အားလုံးပါဝင်နိုင်သော ပညာရေးကို ပံ့ပိုးပေးပါသည်။ ဘာသာစကား သင်ယူရေးကဏ္ဍတွင် အလိုအလျောက်ပါဝင်သော အဘိဓာန်စနစ်နှင့် စာသားကို အသံဖြင့် ဖတ်ပြပေးသောနည်းပညာတို့သည် သင်ယူသူများအတွက် လိုအပ်သောစကားလုံးအဓိပ္ပာယ်များ၊ အသံထွက်များနှင့် ဖတ်ရှုနားလည်မှုဆိုင်ရာ အထောက်အကူများကို ချက်ချင်းရရှိစေသဖြင့် သင်ယူမှုထိရောက်မှုကို မြှင့်တင်ပေးနိုင်ပါသည်။

ထို့ပြင် အဆင့်မြင့်ပညာရေးနှင့် သုတေသနလုပ်ငန်းများတွင် စာသားအပြည့်အစုံရှာဖွေနိုင် သည့်စနစ်နှင့် ကိုးကားချက်များကို စနစ်တကျစီမံခန့်ခွဲနိုင်သည့်စနစ် (Citation Management) တို့ကို အသုံးပြုနိုင်ခြင်းကြောင့် လိုအပ်သောအချက်အလက်များကို လျင်မြန်တိကျစွာ ရှာဖွေစုဆောင်းနိုင်ပြီး သုတေသနဆောင်ရွက်မှု၏ ထိရောက်မှုနှင့်အရည်အသွေးကို ပိုမိုတိုးတက်ကောင်းမွန်စေပါသည်။

မြန်မာ့လူ့အဖွဲ့အစည်းအတွင်း ဒီဂျစ်တယ်စာဖတ်ခြင်း ယဉ်ကျေးမှုတည်ဆောက်ရေး

မြန်မာနိုင်ငံအနေဖြင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒီဂျစ်တယ်အသွင်ကူးပြောင်းရေးတို့ကို အကောင်အထည်ဖော်ရာတွင် ဒီဂျစ်တယ်စာဖတ်ခြင်း ယဉ်ကျေးမှုကို အရေးပါသောမူဝါဒ ဦးတည်ချက်တစ်ရပ်အဖြစ် ထည့်သွင်းစဉ်းစားရန် လိုအပ်ပါသည်။ လူငယ်မျိုးဆက်များအကြား စမတ်ဖုန်းနှင့် အင်တာနက်အသုံးပြုမှု တိုးတက်လာသည့် အခြေအနေတွင် ၎င်းနည်းပညာများကို ဖျော်ဖြေရေးအတွက်သာမက အသိပညာရှာဖွေရေးအတွက်ပါ အသုံးချနိုင်သော ဒီဂျစ်တယ်နည်းပညာအခြေပြု စာဖတ်ခြင်းအလေ့အထတစ်ရပ် ဖန်တီးပေးရန် အရေးကြီးပါသည်။

ဤရည်မှန်းချက် အောင်မြင်နိုင်ရန်အတွက် အောက်ပါဗျူဟာမြောက် လုပ်ငန်းစဉ်များကို အလေးထားဆောင်ရွက်သင့်ပါသည် —

၁။ အမျိုးသားအဆင့် Digital Reading Policy ဖော်ဆောင်ခြင်း - ဒီဂျစ်တယ်စာဖတ်ခြင်းကို အမျိုးသားပညာရေးဖွံ့ဖြိုးတိုးတက်မှု မူဝါဒများတွင် ထည့်သွင်း၍ စနစ်ကျစွာလမ်းညွှန်ခြင်း။

၂။ မြန်မာဘာသာ Digital Content များ တိုးမြှင့်ဖန်တီးခြင်း - အရည်အသွေးမြင့် မြန်မာဘာသာ အီလက်ထရောနစ်စာအုပ်များ၊ ဒီဂျစ်တယ်သင်ရိုး စာအုပ်များနှင့် လွတ်လပ်စွာအသုံးပြုနိုင်သော ပညာရေးအရင်းအမြစ်များကို ပိုမိုပြုစုထုတ်လုပ်၍ ကျောင်းသားများနှင့် သင်ယူသူများအတွက် အရည်အသွေးမြင့် ဒီဂျစ်တယ်သင်ယူရေး အရင်းအမြစ်များကို ကျယ်ကျယ်ပြန့်ပြန့် လက်လှမ်းမီအသုံးပြုနိုင်စေရန် ဆောင်ရွက်ခြင်း။

၃။ ဆရာ ဆရာမများ၏ ဒီဂျစ်တယ်စွမ်းရည် မြှင့်တင်ခြင်း - ဆရာ၊ ဆရာမများအား ဒီဂျစ်တယ်သင်ကြားရေးနည်းဗေဒနှင့် ဉာဏ်ရည်တု အထောက်အကူပြု သင်ကြားရေးကိရိယာများ အသုံးပြုနိုင်ရေးဆိုင်ရာ လေ့ကျင့်သင်ကြားမှုများကို စဉ်ဆက်မပြတ် ပံ့ပိုးဆောင်ရွက်ပေးခြင်း။

၄။ ဒီဂျစ်တယ်ကွာဟချက်လျှော့ချရေး - ကျေးလက်နှင့် ဝေးလံသောဒေသများတွင် အင်တာနက်၊ လျှပ်စစ်နှင့်နည်းပညာအခြေခံအဆောက်အအုံများကို တိုးချဲ့ဖွံ့ဖြိုးစေခြင်း။

၅။ Digital Citizenship နှင့် သတင်းအချက်အလက်ကျွမ်းကျင်မှုမြှင့်တင်ခြင်း- မူပိုင်ခွင့်ကို လေးစားခြင်းနှင့်အွန်လိုင်းပတ်ဝန်းကျင်တွင် တာဝန်ယူရွေးချယ်အသုံးပြုနိုင်စွမ်းကို လေ့ကျင့်ပေးခြင်း။

ဒီဂျစ်တယ်စာဖတ်ခြင်းမှ အသိပညာအခြေပြု လူ့အဖွဲ့အစည်းဆီသို့

အနှစ်ချုပ်အားဖြင့် E-book ၊ E-reader နှင့် ဒီဂျစ်တယ်စာဖတ်ခြင်းစနစ်များက စာအုပ်ဖတ်ရှုသည့် နည်းလမ်းတစ်ခုကိုသာ ပြောင်းလဲပေးသော နည်းပညာတီထွင်မှုတစ်ရပ် မဟုတ်တော့ဘဲ၂၁ ရာစု အသိပညာအခြေပြု လူ့အဖွဲ့အစည်းတည်ဆောက်ရေးအတွက် အရေးပါသော အခြေခံအဆောက်အအုံ တစ်ရပ်ဖြစ်ပါသည်။ ယင်းသည် ရိုးရာပုံနှိပ်စာအုပ်များ၏ နက်ရှိုင်းသော ဖတ်ရှုမှုအတွေ့အကြုံကိုလျှော့ချရန် ရည်ရွယ်ခြင်းမဟုတ်ဘဲ ဒီဂျစ်တယ်နည်းပညာများ၏ လွယ်ကူမြန်ဆန်သော ရယူအသုံးပြုနိုင်မှုနှင့် ပေါင်းစပ်အသုံးချသည့် Hybrid Reading Culture တစ်ရပ်ကို တည်ဆောက်ပေးခြင်း ဖြစ်ပါသည်။

ဒီဂျစ်တယ်စာဖတ်ခြင်းယဉ်ကျေးမှုကို မြှင့်တင်ဖော်ဆောင်ခြင်းသည် နည်းပညာတိုးတက်ရေး သက်သက်ကိုသာ ရည်ရွယ်ခြင်းမဟုတ်ဘဲ အသိပညာ၊ တီထွင်ဖန်တီးနိုင်မှု၊ တာဝန်ယူမှုနှင့် တစ်သက်တာသင်ယူလိုစိတ်တို့ ပိုမိုထွန်းကားသော လူ့အဖွဲ့အစည်းတစ်ရပ် တည်ဆောက်ရေးအတွက် မရှိမဖြစ်လိုအပ်သော လမ်းကြောင်းတစ်ရပ် ဖြစ်ပါသည်။ မိဘများ၊ ကျောင်းများ၊ တက္ကသိုလ်များနှင့် လူမှုအသိုင်းအဝိုင်းများအကြား ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်ပြီး E-book နှင့် E-reader တို့၏ အကျိုးကျေးဇူးများကို ထိရောက်စွာ အသုံးချနိုင်ပါက မြန်မာနိုင်ငံသည် ဒီဂျစ်တယ်ခေတ်နှင့်ကိုက်ညီသော အသိပညာကြွယ်ဝသည့် လူ့အဖွဲ့အစည်းတစ်ရပ်ဆီသို့ တဖြည်းဖြည်း ခိုင်မာစွာလျှောက်လှမ်းနိုင်မည်ဖြစ်ပါကြောင်း လေးနက်စွာ တင်ပြအပ်ပါသည်။     ။