ရန်ကုန်မြို့ အခြေစိုက် နိုင်ငံခြားသံရုံးအချို့၊ ပြည်ပနိုင်ငံအချို့နှင့် ကုလသမဂ္ဂအဖွဲ့အစည်းတို့မှ မြန်မာနိုင်ငံ၏မကြာသေးမီက ဖြစ်ပေါ်တိုးတက်မှုများနှင့်ပတ်သက်၍ ကြေညာချက်များ ထုတ်ပြန်ခဲ့သည်။
၎င်းတို့၏ စိုးရိမ်ပူပန်မှုများကို တုံ့ပြန်သည့်အနေဖြင့် နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် ၆-၂-၂၀၂၁ ရက်တွင် မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်ခဲ့ပြီး နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး တို့မှလည်း ၅-၂-၂၀၂၁ ရက်တွင် ဗီဒီယိုကွန်ဖရင့်ဖြင့် ရန်ကုန်မြို့အခြေစိုက် သံတမန်များအား မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှုများ နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
မလွှဲမရှောင်သာသည့် အခြေအနေများကြောင့် တပ်မတော်အနေဖြင့် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ နိုင်ငံတော်၏တာဝန် အရပ်ရပ်ကို လွှဲပြောင်းရယူခဲ့ရကြောင်းကို ရှင်းလင်းစွာ နားလည်ကြရန် လိုအပ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များကို ဆက်လက်လိုက်နာမည်ဖြစ်ပြီး နိုင်ငံ၏ ပကတိအခြေအနေနှင့်ကိုက်ညီသည့် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးသွားရန် ဆုံးဖြတ်ထားပါကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် ထပ်လောင်းအတည်ပြုသည်။ နိုင်ငံတော်၏အရေးပေါ် ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက အခြေအနေအရပ်ရပ်ကို တာဝန်ယူဆောင်ရွက်ပြီးနောက် လွတ်လပ်၍ တရားမျှတသော အထွေထွေရွေးကောက်ပွဲအား ကျင်းပပေးသွားမည်ဖြစ်ပြီး ရွေးကောက်ပွဲတွင် အနိုင်ရနိုင်ငံရေး ပါတီအား နိုင်ငံတော်တာဝန်ကို လွှဲပြောင်းပေးအပ်မည်ဖြစ်သည်။
နိုင်ငံတော်၏အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်နှင့် ပြည်သူများအတွက် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ စည်းလုံးညီညွတ်ရေးနှင့် လူမှု-စီးပွားဖွံ့ဖြိုးတိုးတက်မှုရရှိရန်အတွက် အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်မည် ဖြစ်သည်။
အကြမ်းဖက်မှုနှင့် မတည်ငြိမ်မှုများကို ဖြစ်စေသည့်တရားဥပဒေနှင့် မညီညွတ်သော ဆန္ဒပြမှုများကို ရင်ဆိုင်နေရသော်လည်း သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များအနေဖြင့် ပြည်တွင်းဥပဒေများနှင့် နိုင်ငံတကာလုပ်ထုံးလုပ်နည်းများနှင့်အညီ ပြည်သူတို့အား လုံခြုံမှုရှိစေရန်နှင့် တရားဥပဒေစိုးမိုးရေးကို ထိန်းသိမ်းရန်အလို့ငှာ နှောင့်ယှက်မှုများအား အနည်းဆုံးအင်အားသုံး၍ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်လျက်ရှိသည်။
ရန်ကုန်မြို့အခြေစိုက် နိုင်ငံခြားသံရုံးအချို့နှင့် ပြည်ပနိုင်ငံများက ထုတ်ပြန်ခဲ့သည့် ကြေညာချက်နှင့် ဖော်ပြချက်အချို့တို့သည် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကိစ္စရပ်များကို ပြောင်ပြောင်တင်းတင်း ဝင်ရောက်စွက်ဖက်ခြင်းဟု နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် ရှုမြင်သည်။
သံတမန်ဆက်ဆံရေးဆိုင်ရာ ၁၉၆၁ ခုနှစ် ဗီယင်နာကွန်ဗင်းရှင်း၊ အပိုဒ် ၄၁ တွင် သံတမန်များသည် နိုင်ငံ၏ပြည်တွင်းရေးကိုဝင်ရောက် စွက်ဖက်ခြင်းမပြုသင့်ဘဲ လက်ခံသည့်နိုင်ငံ၏ ဥပဒေနှင့် စည်းမျဉ်း စည်းကမ်းများကို လေးစားရန် ဖော်ပြထားသည်။
သို့ဖြစ်ရာ မြန်မာနိုင်ငံရှိ နိုင်ငံခြားသံရုံးများအနေဖြင့် ဗီယင်နာ ကွန်ဗင်းရှင်းနှင့် ကုလသမဂ္ဂပဋိညာဉ်စာတမ်းတို့တွင် ပြဋ္ဌာန်းထားသည့် နိုင်ငံအများက လက်ခံကျင့်သုံးလျက်ရှိသော မူဝါဒများနှင့် စံနှုန်းများကို တိကျစွာလိုက်နာသင့်သည်။
နိုင်ငံခြားရေးဝန်ကြီးဌာန
နေပြည်တော်
ရက်စွဲ၊ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်