Skip to main content

အကြမ်းဖက်အုပ်စုများအဖြစ်သတ်မှတ်ကြေညာခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့

အကြမ်းဖက်အုပ်စုများအဖြစ်သတ်မှတ်ကြေညာခြင်း

( အမိန့်ကြော်ငြာစာအမှတ်၊ ၂ /၂၀၂၁ ၁၃၈၃ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၂ ရက်

(၂၀၂၁ ခုနှစ်၊ မေလ ၈ ရက်)

အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့သည် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ (င)နှင့် ပုဒ်မ ၇၂၊ ပုဒ်မခွဲ (ခ)ပါလုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သဘောတူညီချက်ဖြင့် ဤအမိန့် ကြော်ငြာ စာကို ထုတ်ပြန်လိုက်သည်။

၁။ မတရားအသင်းအဖြစ်ကြေညာထားသည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (Committee Representing Pyidaungsu Hluttaw-CRPH)I ယင်းက ဖွဲ့စည်းထားသော အမျိုးသားညီညွတ်ရေးအစိုးရ (National Unity Government-NUG) တို့သည် "Civil Disobedience Movement-CDM” တွင် ပါဝင်သူများကို အကြမ်းဖက် လုပ်ရပ်များလုပ်ဆောင်ရန် အစဉ်တစိုက်လှုံ့ဆော်အားပေးခဲ့သည့်အဖွဲ့များ ဖြစ်ပါသည်။ ယင်းတို့၏လှုံ့ဆော်မှုကြောင့် နိုင်ငံတော်အတွင်းရှိနေရာများစွာတွင် အကြမ်းဖက်မှုများစွာ ဖြစ်ပေါ်ခဲ့ရပါသည်။ “CRPH” နှင့် “NUG” အဖွဲ့များ၏ ဦးဆောင်သူများက လှုံ့ဆော်အားပေးမှုကြောင့် အစိုးရ၏အုပ်ချုပ်ရေးယန္တရားများ ပျက်ပြားစေရန် ဗုံးခွဲခြင်း၊ မီးရှို့ခြင်း၊ လူသတ်ခြင်း၊ ခြိမ်းခြောက်ခြင်းများ ဖြစ်ပေါ်လာခဲ့ပါသည်။ ထို့အပြင် “NUG”အဖွဲ့သည် ပြည်သူ့ကာကွယ်ရေး တပ်မတော် (People Defence Force-PDF)ကို ဖွဲ့စည်းဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ခဲ့ပါသည်။ “NUG” နှင့် “PDF”တို့၏ လှုံ့ဆော်အားပေးမှုကြောင့် ဒေသန္တရကာကွယ်ရေးတပ်ဖွဲ့ဟု အမည်တပ်ကာ လက်နက်ကိုင် အကြမ်း ဖက်သည့် လုပ်ဆောင်မှုများ ပေါ်ပေါက်လာခဲ့ပါသည်။ ယင်းအဖွဲ့များ၏ “CDM” ပြုလုပ်ရန်လှုံ့ဆော်ခြင်း၊ “CDM” မပြု လုပ်သူများကို ခြိမ်းခြောက်ခြင်း၊ ကျောင်းသား/ကျောင်းသူများနှင့် ဆရာ/ဆရာမများအား ကျောင်းမတက်ရန် လှုံ့ဆော် ခြင်း၊ ကျောင်းတက်သူများကို ခြိမ်းခြောက်ခြင်း၊ အကြမ်းဖက်လုပ်ရပ်များကို အားပေးထောက်ခံခြင်း၊ အကြမ်းဖက် လုပ်ရပ်များလုပ်ဆောင်ရန် အားထုတ်လျက်ရှိခြင်းတို့သည် ၂၀၁၄ ခုနှစ်၊ ဇွန်လ ၄ ရက်နေ့တွင်  ပြည်ထောင်စု လွှတ်တော် ဥပဒေအမှတ်၊ ၂၃ ဖြင့် ပြဋ္ဌာန်းခဲ့သည့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ (ပုဒ်မ ၃၊ ပုဒ်မခွဲ(ခ)၊ ပုဒ်မခွဲငယ် (၁၃)ပါ အများပြည်သူအတွင်း ထိတ်လန့်ကြောက်ရွံ့မှုကိုဖြစ်စေခြင်း၊  အစိုးရသို့မဟုတ် ပြည်တွင်း၊ ပြည်ပ အဖွဲ့ အစည်း တစ်ခုခုအား ဥပဒေနှင့်မညီသည့် လုပ်ရပ်တစ်ခုကို  အတင်းအကျပ် ပြုလုပ်စေခြင်း သို့မဟုတ် ဥပဒေနှင့်အညီ ပြုလုပ် ရမည်ကို မပြုလုပ်ဘဲ ရှောင်ရှားစေခြင်းတို့ကို ရည်ရွယ်၍ပြုလုပ်သည့် အကြမ်းဖက်မှုများတွင် အကျုံးဝင် ကြောင်း တွေ့ရှိရပါသည်။

၂။ သို့ပါ၍ မတရားအသင်းအဖြစ် ကြေညာထားသည့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (Committee Representing Pyidaungsu Hluttaw-CRPH) ယင်းက ဖွဲ့စည်းထားသော အမျိုးသားညီညွတ်ရေးအစိုးရ (National Unity Government-NUG) ယင်းက ဖွဲ့စည်းသည့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(People Defence Force-PDF)နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းအားလုံးကို အကြမ်းဖက်အုပ်စုများအဖြစ် သတ်မှတ် ကြေညာ လိုက်သည်။

ဥက္ကဋ္ဌ

အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့