Skip to main content

ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့်ထာဝရငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ချက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့်ထာဝရငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ချက်

(၁၃၈၃ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၇ ရက်)

(၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၂၇ ရက်)

၁။ ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ပြည်ထောင်စုစိတ်ဓာတ်ကို အရင်းခံသည့် သွေးစည်းညီညွတ်မှု၏ အထိမ်းအမှတ်သက်သေအဖြစ် တောင်တန်းနှင့် မြေပြန့် တပေါင်း တစည်းတည်း လွတ်လပ်ရေးရယူကြရန် သန္နိဋ္ဌာန်ဖြင့် ပင်လုံစာချုပ်တွင် လက်မှတ်ရေးထိုး နိုင်ခဲ့ကြသည်။ ပင်လုံစာချုပ်၏ အသီးအပွင့်ရလဒ်အဖြစ် တောင်တန်းနှင့် မြေပြန့်ဒေသများ ညီညွတ်ပေါင်းစည်းပြီး တပ်မတော်နှင့်အတူ မြန့်မာလွတ်လပ်ရေးကို ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီ လ ၄ ရက်နေ့တွင် ပြန်လည်ရယူနိုင်ခဲ့ကြပါသည်။

 

၂။ ထိုသို့ နိုင်ငံတော်တစ်ဝန်းလုံး စုစုစည်းစည်းဖြင့် လွတ်လပ်ရေး ပြန်လည်ရယူပေးနိုင် ခဲ့မှု၏အစပျိုးမှုဖြစ်သည့် တိုင်းရင်းသားသွေးချင်းတို့၏ ပြည်ထောင်စုစိတ်ဓာတ်ကို သက်သေ ထူနိုင်ခဲ့သည့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ကို ပြည်ထောင်စုနေ့အဖြစ် သမိုင်းမော်ကွန်းတင် သတ်မှတ် ဂုဏ်ပြုခဲ့သည်မှာ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့သို့တိုင် ရောက်ရှိတော့မည် ဖြစ်ပါသည်။

 

 ၃။ ကျရောက်လာတော့မည့် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုသောအားဖြင့် ပြည်ထောင်စုတစ်ဝှမ်းလုံး ပြည်ထောင်စုစိတ်ဓာတ်ရှင်သန်ခိုင်မာရေး၊ တိုင်းပြည်သာယာ ဝပြောရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် လုပ်ငန်းစဉ်များကို တိုးမြှင့်လုပ်ဆောင်၍ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ပိုမိုခိုင်မာစေရေးဆောင်ရွက် သွားရမည် ဖြစ်ပါသည်။ တိုင်းရင်းသား လူမျိုးစုများစွာ မှီတင်းနေထိုင်လျက်ရှိသည့် မိမိတို့နိုင်ငံအတွက် အချင်းချင်း သွေးစည်းညီညွတ်မှုရှိမှသာလျှင် ပြည်ထောင်စုကြီးမပြိုကွဲဘဲ အချုပ်အခြာအာဏာ တည်တံ့ ခိုင်မြဲမည်ဖြစ်ပါသဖြင့် အနာဂတ်တွင် တိုင်းရင်းသားညီအစ်ကို မောင်နှမများ၏ ကျစ်လျစ် ခိုင်မာသည့် ညီညွတ်သောစုပေါင်းအားကို ဆက်လက်ကြိုးပမ်း တည်ဆောက်သွားရမည် ဖြစ်ပါသည်။

 

၄။ တပ်မတော်အနေဖြင့် နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် ပြည်သူလူထု၏ အသက် အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရန် တာဝန်ရှိသည့် အဖွဲ့အစည်း ပီသစွာဖြင့် ခေတ်အဆက်ဆက်ကပင် ကာကွယ်စောင့်ရှောက် ပေးခဲ့သည်။ လွတ်လပ်ရေးရရှိပြီး ၁၉၄၈ ခုနှစ်မှ ၁၉၅၈ ခုနှစ်အတွင်း ပါလီမန်ဒီမိုကရေစီ ခေတ်တွင် နိုင်ငံရေးအယူဝါဒကွဲပြားမှု၊ လူမျိုးရေးကွဲပြားမှု၊ တိုင်းရင်းသားအရေးကွဲပြားမှု၊ အယူဝါဒရေး ကွဲပြားမှုများကတစ်ဆင့် အုပ်ချုပ်သူအစိုးရအဆက်ဆက်ကို လက်နက်စွဲကိုင်ဆန့်ကျင်ခြင်းသည် ယနေ့တိုင်တည်ရှိနေသည့် လက်နက်ကိုင်ပဋိပက္ခများ၏ ဇာစ်မြစ်ပင်ဖြစ်ပြီး ယခင်ကိုလိုနီလက်ထက်ကတည်းက ကျင့်သုံးခဲ့သည့် သွေးခွဲအုပ်ချုပ်မှုစနစ်များ၏ အကျိုးဆက်များကြောင့်လည်း ဖြစ်သည်။

 

 ၅။ မိမိတို့နိုင်ငံသည် နိုင်ငံ၏ မည်သည့်တိုင်းဒေသကြီး၊ ပြည်နယ်များတွင်မဆို သီးသန့် လူမျိုးစု တစ်ခုတည်းနေထိုင်ခြင်းမရှိဘဲ တိုင်းရင်းသားလူမျိုးပေါင်းစုံ စုစည်းနေထိုင်သည့် ပြည်ထောင်စုနိုင်ငံဖြစ်သည်။ ထို့ကြောင့် ခေတ်အဆက်ဆက်ဖြစ် ပေါ်ခဲ့သည့် လက်နက်ကိုင် ပဋိပက္ခများကို စေ့စပ်ညှိနှိုင်းအဖြေရှာရာတွင် မိမိလူမျိုး၊ မိမိပြည်နယ်၊ မိမိဒေသ၊ မိမိအဖွဲ့ အစည်းတစ်ခုတည်း အတွက်ကိုသာမကြည့်ဘဲ ပြည်ထောင်စုဆိုသည့် အမြင်၊ ပြည်ထောင်စု စိတ်ဓာတ်၊ We are Myanmar ဆိုသည့် တပေါင်းတစည်းတည်းစိတ်များဖြင့် ညှိနှိုင်းဆွေး နွေးမှသာ တိုင်းရင်းသားပြည်သူ လူထုတစ်ရပ်လုံးလိုလားတောင့်တနေကြသည့် ထာဝရ ငြိမ်းချမ်းရေးကို အကောင် အထည်ဖော်ဆောင်နိုင်မည်ဖြစ်သည်။

 

၆။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့် နိုင်ငံတော် တာဝန်များကို ရယူပြီးသည့်အချိန်မှစ၍ နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ် ၅ ရပ်နဲ့ ဦးတည်ချက် ၉ ရပ်ကို ချမှတ်ဆောင်ရွက်ခဲ့ရာ ၎င်းလုပ်ငန်းစဉ်နှင့် ဦးတည်ချက်တို့၌ “တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူ စာချုပ်(NCA)ပါ သဘောတူညီချက်များအတိုင်း ဖြစ်နိုင်သမျှ အလေးထားလုပ်ဆောင်သွား မည် ဟု အတိအလင်းကြေညာထားခဲ့ပြီး ၎င်းအတိုင်း လုပ်ဆောင် လျက်ရှိသည်။

 

 ၇။ တပ်မတော်အနေဖြင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေး ထုတ်ပြန် ချက်များကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့မှ ယနေ့အထိ ၂၀ ကြိမ် ထုတ်ပြန်ခဲ့ပြီး ယနေ့အထိ၂ နှစ်နှင့် ၉ လကျော် အချိန်ကာလပေး၍ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာဝရ ငြိမ်းချမ်းရေးကို တည်ဆောက်ခဲ့ပါသည်။

 

 

၈။ တပ်မတော်မှထုတ်ပြန်ခဲ့သည့် ၎င်းကြေညာချက်များတွင် တပ်မတော်အနေဖြင့် "ပြည်သူ လူထု၏ အသက်အိုးအိမ်စည်းစိမ်လုံခြုံစေရေး၊ လမ်းပမ်းဆက်သွယ်မှု လုံခြုံချောမွေ့စေရေး၊ မြန်မာနိုင်ငံတစ်ဝှမ်းလုံး၌ နိုင်ငံတော်ကာကွယ်ရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်များအပြင် နိုင်ငံတော်အစိုးရ၏ လုံခြုံရေးနှင့် အုပ်ချုပ်ရေး ယန္တရားများအား နှောင့်ယှက်ထိပါးတိုက်ခိုက်ချိန်မှ အပ တပ်မတော်၏ စစ်ရေးဆိုင်ရာလှုပ်ရှားမှုများကို ရပ်တန့်ပေးမည် ဟု အတိအလင်း ကြေညာ ခဲ့ပြီးဖြစ်သည်။

 

၉။ ကမ္ဘာအနှံ့တွင် ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါနှင့် ရင်ဆိုင်နေရသောကြောင့် ကမ္ဘာတစ်ဝှမ်း လက်ရှိဖြစ်ပွား နေသည့် လက်နက်ကိုင်ပဋိပက္ခများ ရပ်တန့်ပေးကြရန် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် Antonio Guterres က ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၂၃ ရက်နေ့ တွင် တိုက်တွန်းပြောကြားခဲ့ပြီး ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်၏ Appeal for Global Ceasefire ကို ထုတ်ပြန်ခဲ့ပါသည်။ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်၏ Appeal for Global Ceasefire ကို ထောက်ခံသည့်အနေဖြင့် အနည်းဆုံးရက် ၉၀ ကြာ အပစ်အခတ်ရပ်စဲရန်နှင့် COVID-19 ရောဂါတုံ့ပြန်ရေး အကူအညီပေးရန်အပါအဝင် ဆုံးဖြတ်ချက်တစ်ရပ်ကို ကုလသမဂ္ဂလုံခြုံရေး ကောင်စီက ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၁ ရက်နေ့တွင် ဆုံးဖြတ်ခဲ့ပါသည်။ မြန်မာနိုင်ငံ အနေဖြင့် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်သည့်အတွက် နိုင်ငံတကာကျင့်ဝတ်နှင့်အညီ ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက်အပေါ်လိုက်နာရန် တာဝန်ရှိသည် ဟု ခံယူလျက် မြန်မာ့တပ်မတော်အနေဖြင့် ၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လ ၂၄ ရက်နေ့တွင် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ချက်ကို ထုတ်ပြန်ပြီး ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၁ ရက်မှ ၃၀ ရက်အထိ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲပေးခဲ့ ပါသည်။

 

၁၀။ လက်ရှိအခြေအနေတွင် တစ်ကမ္ဘာလုံး၌ ကိုဗစ်-၁၉ ကပ်ရောဂါကို ၂၀၂၀ ပြည့်နှစ် နှစ်ဆန်းပိုင်းမှစ၍ ယခုအထိ ခံစားနေရသောကာလဖြစ်ပါသည်။ ၎င်းကာလ၌ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် “ပြည်သူလူထု၏အသက်ထက် အရေးကြီးတာ ဘာမှမရှိ ဟူသောမူဝါဒဖြင့် တစ်နိုင်ငံလုံး၊ ပြည်သူလူထု တစ်ရပ်လုံးအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များကို ရှိသမျှခွန်အား၊ စွမ်းအားဖြင့် အားကုန် ကြိုးပမ်းလျက်ရှိသည်။ မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ ကပ်ရောဂါ တတိယလှိုင်းကာလ၊ ဇူလိုင်လ တတိယပတ်အတွင်း ရောဂါပိုးစစ်ဆေးခဲ့သူများအနက် ၄၁ ရာခိုင်နှုန်းခန့်မှာ ပိုးတွေ့ခဲ့သည်။ နိုင်ငံတော်အစိုးရအနေဖြင့် ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသမှုများကို အားသွန်ခွန်စိုက်  ဆောင်ရွက်ခဲ့ရာ ယခု စက်တင်ဘာလကုန်ပိုင်း၌ ရောဂါပိုးတွေ့ရှိသူ ၉ ရာခိုင်နှုန်းသာ ရှိတော့ သဖြင့် ၃၀ ရာခိုင်နှုန်းကျော်ခန့် လျှော့ချနိုင်ခဲ့ပါသည်။

 

၁၁။ ကိုဗစ်-၁၉ ရောဂါသည် ဗီဇပြောင်းလဲနိုင်စွမ်းမြင့်မားသည့် ဗိုင်းရပ်စ်ရောဂါ ပိုးကို အခြေခံပြီး ဖြစ်ပွားပျံ့နှံ့သောရောဂါဖြစ်၍ အလျဉ်းပျောက်ကင်းနိုင်သော ရောဂါမဟုတ် ကြောင်း တွေ့ရှိရပါသည်။ မိမိတို့နိုင်ငံအပါအဝင် ကမ္ဘာတစ်ဝှမ်းလုံး အချိန်အတိုင်းအတာ တစ်ခုအထိ ဂရုပြုစောင့်ကြည့် ကာကွယ်၊ ထိန်းချုပ်ရမည့် ရောဂါဖြစ်သည်။

 

 ၁၂။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၊ အိမ်စောင့်အစိုးရအဖွဲ့၊ နိုင်ငံခြားရေးဝန်ကြီးနှင့် မြန်မာနိုင်ငံဆိုင်ရာ ASEAN အထူးကိုယ်စားလှယ်တို့ ဆွေးနွေးမှုပြုလုပ်စဉ်တွင်လည်းကောင်း၊ EAO အဖွဲ့အချို့ကလည်း ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးကို ထပ်မံတိုက်တွန်း လာခြင်းကိုလည်း ကောင်း ကြိုဆိုပါသည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရအနေဖြင့်လည်း မူလ ကတည်းက ရပ်စဲထားပြီးဖြစ်ပါသည်။ EAO များ တည်ရှိရာ ဒေသအတွင်းရှိ ပြည်သူများ၊ စစ်ဘေးရှောင်စခန်းများရှိ ပြည်သူများ၊ ရခိုင်ပြည်နယ်အတွင်းရှိ ဘင်္ဂါလီများအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။

 

 ၁၃။ ၎င်းကဲ့သို့အခြေအနေမျိုးတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းစဉ်များကို NLD ပါတီအစွန်းရောက်များ၊ NUG ၊ CRPH နှင့် PDF အမည်ခံ အကြမ်းဖက်များက ကိုယ်ထိလက်ရောက်ဗုံးခွဲ၊ တိုက်ခိုက်၊ ပစ်ခတ်မှုဖြစ်စဉ်များ ရှိနေသည် ကို စိတ်မကောင်းဖွယ်တွေ့ရှိရပါသည်။ ထို့အပြင် NUG နှင့် CRPH အကြမ်းဖက်အဖွဲ့ များအနေဖြင့် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်နေ့၌ ပြည်သူလူထုအား စိုးရိမ်ထိတ်လန့် စေပြီး နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေမည့် အကြမ်းဖက် လုပ်ရပ်များကို လှုံ့ဆော်သည့် ကြေညာချက်တစ်ရပ်အား ထုတ်ပြန်ခဲ့ပြီး လက်တွေ့ မြေပြင်၌လည်း အပြစ်မဲ့ ပြည်သူများအား သတ်ဖြတ်ခြင်း၊ အများပြည်သူနှင့် သက်ဆိုင်သောနေရာများအား မိုင်းထောင်မိုင်းခွဲခြင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအား တိုက်ခိုက် ခြင်းတို့ကို တိုးမြှင့်ဆောင်ရွက်လျက်ရှိသည်။ ၎င်းဖြစ်စဉ်များနှင့် အပြစ်မဲ့ပြည်သူများကို ၎င်းအကြမ်းဖက် အဖွဲ့များက သတ်ဖြတ်နှိပ်စက်နေမှုများကိုလည်း နိုင်ငံတကာအဖွဲ့အစည်းအားလုံးက သိရှိထား ရန် လိုအပ်ပါ သည်။

 

၁၄။ နိုင်ငံတော်အစိုးရအနေဖြင့် မကြာမီကျရောက်လာမည့် ၇၅ နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို ကြိုဆိုသောအားဖြင့်လည်းကောင်း၊ မြန်မာနိုင်ငံတစ်ဝှမ်းလုံး ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရေး ရည်ရွယ်၍လည်းကောင်း၊ တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိစေရေး၊ ငြိမ်းချမ်းရေးလုပ်ငန်း စဉ်များကို တိုးမြှင့်ဆောင်ရွက်နိုင်ရေး ရည်ရွယ်၍ လည်းကောင်း၊ မြန်မာနိုင်ငံတစ်ဝှမ်းလုံး၌ နိုင်ငံတော်ကာကွယ်ရေးနှင့် အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များအပြင် နိုင်ငံတော်အစိုးရ၏ လုံခြုံရေးနှင့် အုပ်ချုပ်ရေးယန္တရားများအား နှောင့်ယှက်ထိပါးတိုက် ခိုက်ချိန်မှအပ တပ်မတော်၏ စစ်ရေးဆိုင်ရာလှုပ်ရှားမှုများကို အောက်တိုဘာလ ၁ ရက်နေ့မှ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့အထိ ၅ လကြာ ထပ်မံတိုးမြှင့် ရပ်စဲလိုက်ကြောင်း ကြေညာချက်ထုတ်ပြန်အပ် ပါသည်။

 

၁၅။ ပြည်သူလူထုတစ်ရပ်လုံးအနေဖြင့် ဤကြေညာချက်အား လက်တွေ့အကောင်အထည် ဖော်ခိုင်မာနိုင်ရေး၊ စိန်ရတုပြည်ထောင်စုနေ့ မတိုင်မီကာလအတွင်း ငြိမ်းချမ်းရေးလုပ်ငန်း စဉ်များကို လက်တွေ့ကျကျ တိုးမြှင့်ဆောင်ရွက်နိုင်ရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းစဉ်များ အောင်မြင် စေရေးအတွက် လုပ်ငန်းစဉ်များကို ကိုယ်စွမ်း၊ ဉာဏ်စွမ်း ရှိသမျှ ပါဝင်ဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံ အပ်ပါသည်။

 

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး