Skip to main content

အကြောင်းအမျိုးမျိုးကြောင့် နေရာဒေသအသီးသီးသို့ ရောက်ရှိနေကြသည့်မြန်မာနိုင်ငံသားများအား ပြန်လည်ဖိတ်ခေါ်

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ

သတင်းထုတ်ပြန်ချက်

အကြောင်းအမျိုးမျိုးကြောင့် နေရာဒေသအသီးသီးသို့ ရောက်ရှိနေကြသည့် မြန်မာနိုင်ငံသားများအား ပြန်လည်ဖိတ်ခေါ်ခြင်း

 

၁။ တပ်မတော်က နိုင်ငံတော်တာဝန်ကို လွှဲပြောင်းရယူခဲ့ရသည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့နောက်ပိုင်းမှစ၍ NLD ပါတီဝင်များ၊ ၎င်းပါတီကိုထောက်ခံသူ အစွန်းရောက်များ၊ မတရား အသင်းနှင့် အကြမ်းဖက်အုပ်စုများဖြစ်သည့် CRPH နှင့် NUG၊ CDM လှုံ့ဆော်မှုနှင့် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို မလိုလားသည့် ပြည်တွင်း၊ ပြည်ပမှလူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများ၏ သွေးထိုး လှုံ့ဆော်မှု၊ ခြောက်လှန့် မှုတို့ကြောင့် အချို့သော ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များ၊ နိုင်ငံ့ဝန်ထမ်းများနှင့် မိမိတို့နိုင်ငံ သားများသည် EAO များ တည်ရှိရာနေရာများနှင့် ပြည်ပနိုင်ငံ များသို့ စိုးရိမ်စိတ်များဖြင့် တိမ်းရှောင်နေကြောင်း သိရှိရပါသည်။ ။

၂။ ၎င်းတို့အနေဖြင့် မတရားအသင်းနှင့် အကြမ်းဖက်အုပ်စုများဖြစ်သည့် CRPH နှင့် NUG၊ ၎င်းတို့နှင့် ဆက်စပ်နေသည့် ပုဂ္ဂိုလ်အချို့၏ ထုတ်ပြန်ခဲ့သည့် အာဏာရှင်ဆန်သည့်ထုတ်ပြန်ချက်၊ ပြောကြား ချက် တို့အပေါ်တွင်လည်း ထပ်မံစိုးရိမ်လျက်ရှိပြီး ရောက်ရှိရာနေရာများ၌လည်း လုံခြုံရေး အာမခံချက်မရှိမှု၊ လူမှုစီးပွားဘဝ အဆင်မပြေခက်ခဲမှုတို့နှင့် ရင်ဆိုင်နေရသဖြင့် မိမိတို့ နေရပ်ဒေသ အသီးသီးသို့ ပြန်လာ လိုသည့် ဆန္ဒများဖြစ်ပေါ်နေသည်ကို သတင်းရရှိပါသည်။

၃။ ယခုဖြစ်စဉ် ကာလအတွင်း လူသတ်မှု၊ လုယက်မှု၊ မီးရှို့မှု၊ မိုင်းဖောက်ခွဲမှု၊ လုံခြုံရေး တပ်ဖွဲ့ဝင်များအား ရည်ရွယ် ချက်ရှိရှိ တိုက်ခိုက်မှု၊ ပြည်သူ့ဝန်ထမ်းများနှင့် ပြည်သူအချို့အား အုပ်စုဖွဲ့ ကိုယ်ထိ လက်ရောက် တိုက်ခိုက်မှု၊ အစိုးရပိုင်အဆောက်အဦများနှင့် ပုဂ္ဂလိကပိုင်အဆောက် အဦများအား ဖျက်ဆီးမှု၊ (CDM) လှုပ်ရှားမှုတွင် ငွေကြေးအရဖြစ်စေ၊ အခြားနည်းလမ်းဖြင့်ဖြစ်စေ၊ နက်ရှိုင်းစွာ ကာယကံ မြောက်ပါဝင် သူများမှအပ စိုးရိမ်စိတ်ကြောင့် ထွက်ပြေးတိမ်းရှောင် နေကြသည့် ဝန်ထမ်းများ၊ အသိပညာရှင်၊ အတတ် ပညာရှင်များ၊ အခြား နယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များ၊ နိုင်ငံသားများအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့် အထူးသက်ညှာစွာ ဖြေလျှော့ဆောင်ရွက်ပေးမည် ဖြစ်ပါသည်။

၄။ မိမိနေရပ်ဒေသအသီးသီးမှ စွန့်ခွာတိမ်းရှောင်နေရသူများသည်လည်း မိမိတို့နိုင်ငံသားများ ဖြစ်သောကြောင့် ၎င်းတို့အနေဖြင့် တိမ်းရှောင်ရောက်ရှိနေရာများမှ မြန်မာနိုင်ငံရှိ ၎င်းတို့ဒေသ အသီးသီးသို့ ပြန်လည်ဝင်ရောက်ရေး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက စီမံဆောင်ရွက်သွားမည် ဖြစ်ပါသည်။

၅။ သို့ဖြစ်ပါ၍ နေရပ်ဒေသအသီးသီးသို့ အကြောင်းအရာ တစ်မျိုးမျိုးဖြင့် ပြစ်မှုကျူးလွန်ထားသူ များမှအပ စိုးရိမ်စိတ်ကြောင့် တိမ်းရှောင်နေရသူများအနေဖြင့် မိမိတို့၏ ကိုယ်ပိုင်စိတ်ဆန္ဒအရ မြန်မာနိုင်ငံရှိ မိမိတို့၏နေရပ်များသို့ ပြန်လည်ဝင်ရောက်လိုပါက ဥပဒေအရ ဖြေလျှော့ပေးမှုများနှင့် အညီ ပြန်လည်ဝင်ရောက်နိုင်ရေး နီးစပ်ရာ ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်၊ ခရိုင် စီမံအုပ်ချုပ် ရေးကောင်စီများ နှင့် ပြည်ပရောက်နိုင်ငံသားများအနေဖြင့် သက်ဆိုင်ရာ သံရုံး၊ စစ်သံရုံး၊ ကောင်စစ်ဝန်ရုံးများသို့ ဆက်သွယ် ဆောင်ရွက်နိုင်ပါရန် သတင်းထုတ်ပြန်အပ်ပါသည်။

သတင်းထုတ်ပြန်ရေးအဖွဲ့

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ