Skip to main content

PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုး အမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများမှ ဥပဒေဘောင်အတွင်း ဝင်လိုသူများနှင့်ပတ်သက်၍ အသိပေးထုတ်ပြန်ခြင်း

တိုင်းရင်းသား လူမျိုးများစွာ မှီတင်း နေထိုင်လျက်ရှိသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီးအတွက် အချင်းချင်း သွေးစည်းညီညွတ်မှု ရှိမှသာ ပြည်ထောင်စုကြီး မပြိုကွဲဘဲ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲမည် ဆိုသည်ကို အတိတ်သမိုင်းမှ သင်ခန်းစာများ ရရှိခဲ့ပြီး ဖြစ်ပါသည်။ အနာဂတ်တွင်လည်း အလားတူ တိုင်းရင်းသား ညီအစ်ကို မောင်နှမများ၏ ကျစ်လျစ်ခိုင်မာသည့် ညီညွတ်သော စုပေါင်းအားကို ဆက်လက် ကြိုးပမ်း တည်ဆောက်သွားရမည် ဖြစ်ပါသည်။ နိုင်ငံရေးအရ သဘောထားကွဲလွဲမှု၊ တိုင်းရင်းသား အရေးအရ သဘောထား ကွဲလွဲမှုများကြောင့် ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပွားခဲ့ရပြီး နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးကို ထိခိုက်ခဲ့ရပါသည်။

အကြမ်းဖက်အုပ်စုများဖြစ်သည့် CRPH နှင့် NUG တို့က နိုင်ငံတော်ကြီး အလုံးစုံ ပျက်သုဉ်းရေးကို ဦးတည်ကာ အကြမ်းဖက် သတ်ဖြတ်မှုများကို လုပ်ဆောင်ရန် စည်းရုံးသိမ်းသွင်း ခံထားရသူများသည် PDF အပါအဝင် အဖွဲ့အစည်း အမျိုးမျိုး အမည်ခံ၍ လက်နက်ကိုင် ဆန့်ကျင်မှုများကို ပြုလုပ်လာခဲ့ကြပါသည်။ ထိုသို့ ဆောင်ရွက်နေမည်ဆိုပါက နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနှင့် ဒီမိုကရေစီ ထွန်းကားရေးကို ထိခိုက် နှောင့်နှေးစေမည် ဖြစ်ပါသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီက ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ် (၅) ရပ်အနက်မှ “အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့်အညီ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအား ပြန်လည်ကျင်းပ၍ အနိုင်ရသည့်ပါတီအား ဒီမိုကရေစီ စံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်အား လွှဲအပ်ပေးနိုင်ရေး ဆောင်ရွက်သွားမည်”ဟူသည့် ရှေ့လုပ်ငန်းစဉ်အရ လည်းကောင်း၊ “စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံ ဒီမိုကရေစီစနစ်ကို တရားမျှတမှု အပြည့်ကျင့်သုံးပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်ရေး” ဟူသည့် နိုင်ငံရေးဦးတည်ချက်အရ လည်းကောင်း စစ်မှန်၍ စည်းကမ်းပြည့်ဝသည့် ပါတီစုံ ဒီမိုကရေစီစနစ်ကို ဆက်လက်ဖော်ဆောင်နိုင်ရေးအတွက် ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိသည် ဆိုသည့်အချက်နှင့်အညီ ပြည်သူလူထုတစ်ရပ်လုံး ပူးပေါင်းဆောင်ရွက်မှသာ အဆင်ပြေ ချောမွေ့စွာ ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။

သို့ပါ၍ PDF အပါအဝင် အဖွဲ့အစည်း အမျိုးမျိုးတို့အနေဖြင့် နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ်များတွင် ပါဝင်ပူးပေါင်း ဆောင်ရွက်နိုင်ရေး သတ်မှတ် စည်းကမ်းချက်များနှင့်အညီ ဥပဒေဘောင်အတွင်းသို့ လက်နက်အပ်နှံပြီး ပြည်သူ့ဘဝသို့ ပြန်လည်ဝင်ရောက်ခြင်း ပြုမည်ဆိုပါက ကြိုဆို လက်ခံသွားမည် ဖြစ်ပါကြောင်း အသိပေး ထုတ်ပြန်အပ်ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ

သတင်းထုတ်ပြန်ရေးအဖွဲ့‌