Skip to main content

ကိုဗစ်-၁၉ ရန်ပုံငွေ မှ ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာနယ်ဇင်းနှင့် မီဒီယာကဏ္ဍသို့ ထုတ်ပေးထားသည့် ချေးငွေများပြန်လည်ပေးဆပ်ရမည့်ကာလအား သက်တမ်း ၁ နှစ် ထပ်မံတိုးမြှင့်ပေးကြောင်း အသိပေးကြေညာခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ်

ကုစားရေးလုပ်ငန်းကော်မတီ သတင်းထုတ်ပြန်ချက် (၁/၂၀၂၄)

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်

ကိုဗစ်-၁၉ ရန်ပုံငွေ မှ ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာနယ်ဇင်းနှင့် မီဒီယာကဏ္ဍသို့ ထုတ်ပေးထားသည့် ချေးငွေများပြန်လည်ပေးဆပ်ရမည့်ကာလအား သက်တမ်း ၁ နှစ် ထပ်မံတိုးမြှင့်ပေးကြောင်း အသိပေးကြေညာခြင်း

၁။ ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေး လုပ်ငန်းကော်မတီ၏တာဝန်များအနက် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် စီးပွားရေးထိခိုက်မှုများကို ပြန်လည်ကုစားနိုင်ရေးအတွက် ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာနယ်ဇင်းနှင့် မီဒီယာကဏ္ဍမှ ထိခိုက်မှု အများဆုံးဖြစ်သည့် လုပ်ငန်းများအား ကိုဗစ်-၁၉ ရန်ပုံငွေမှ ချေးငွေ သက်တမ်းတစ်နှစ် (အတိုးနှုန်း ၁ %) သတ်မှတ်ပြီး ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက်နေ့မှစတင်၍ ကုမ္ပဏီ/ လုပ်ငန်း စုစုပေါင်း ၈၇၉ ခု၊ ချေးငွေ ပမာဏ ကျပ် ၁၃.၁၃၂၅ ဘီလီယံအား ကိုဗစ်-၁၉ ရန်ပုံငွေမှ ချေးငွေများထုတ်ပေးခြင်းကို ဆောင်ရွက်ပေးခဲ့ပါသည်။

၂။ နိုင်ငံတော်အနေဖြင့် အဆိုပါချေးငွေထုတ်ပေးခဲ့သည့် ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာနယ်ဇင်း နှင့် မီဒီယာကဏ္ဍမှ လုပ်ငန်း ၈၇၉ ခုကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်ဖြင့် ၂၀၂၃ ခုနှစ်၊ မတ်လ ၈ ရက်နေ့တွင် ချေးငွေပြန်လည်ပေးဆပ်ရမည့်ကာလအား သက်တမ်း ၁ နှစ် စေ့ရောက်သည့်နေ့စ၍ သက်တမ်း ၁ နှစ် တိုးမြှင့်ပေးကြောင်း အသိပေးကြေညာခဲ့ပါသည်။

၃။ ယခုအခါ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် စီးပွားရေးလုပ်ငန်းများ ထိခိုက်မှုများ ထပ်မံရှိနေပြီး ပြည်တွင်းရှိစီးပွားရေးလုပ်ငန်းများ ငွေကြေးလည်ပတ်မှု အဆင်ပြေချောမွေ့ စေရေးအတွက်ချေးငွေ ပြန်လည်ပေးဆပ်ရမည့်ကာလကို ချေးငွေပြန်လည်ပေးဆပ်ရန် ကာလစေ့ရောက်သည့်နေ့မှစ၍ နောက်ထပ် ၁ နှစ် သက်တမ်း တိုးမြှင့်ပေးရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက လမ်းညွှန်ခဲ့ပါသည်။

၄။ သို့ပါ၍ ကိုဗစ်-၁၉ ရန်ပုံငွေမှ ချေးငွေရယူထားသည့် ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာနယ်ဇင်းနှင့် မီဒီယာကဏ္ဍမှ ကုမ္ပဏီ/ လုပ်ငန်း ၈၇၉ ခု အနေဖြင့် တစ်ဖက်ပါအခြေအနေများဖြင့် ကိုက်ညီသူများအား ချေးငွေပြန်ဆပ်ရန်ကာလကို ချေးငွေကာလ သက်တမ်း ၂ နှစ် စေ့ရောက်သည့်နေ့မှစ၍ နောက်ထပ် ၁ နှစ် ထပ်မံတိုးမြှင့်ပေးပါကြောင်း အသိပေး ကြေညာအပ်ပါသည်-

(က) ပထမနှစ်အတွက် ပထမအကြိမ် အတိုးများအား ပေးဆပ်ပြီး ဖြစ်ရပါမည်၊

( ခ ) ဒုတိယနှစ်အတွက် ဒုတိယအကြိမ် အတိုးများအား ကာလပြည့်မီက ပေးဆပ်ပြီး ဖြစ်ရပါမည်၊

( ဂ ) ချေးငွေအား ရည်ရွယ်ချက်အတိုင်း ထိရောက်အောင် ဆောင်ရွက်လျက်ရှိသည့်ကုမ္ပဏီ/ လုပ်ငန်း ဖြစ်ရပါမည်။

၅။ လုပ်ငန်းကော်မတီက ခွင့်ပြုခဲ့သည့်ချေးငွေ ထုတ်ယူခွင့်ပြုကြောင်း အကြောင်းကြားစာတွင် “ပြန်လည်ပေးဆပ်ရန် ပျက်ကွက်ပါက ဥပဒေနှင့်အညီ ဆက်လက်အရေးယူ ဆောင်ရွက် ခံရမည်ဖြစ်ပါကြောင်း” အသိပေးဖော်ပြပါရှိသဖြင့် မြန်မာ့စီးပွားရေးဘဏ်မှ ချေးငွေထုတ်ယူထားသည့် ကုမ္ပဏီ/ လုပ်ငန်းများအနေဖြင့် ချေးငွေ အရင်း၊ အတိုး ပြန်လည်ပေးဆပ်ရန် ပျက်ကွက်ပါက ချေးငွေသဘောတူစာချုပ်ပါအတိုင်း ဘဏ်လုပ်ထုံးလုပ်နည်းနှင့်အညီ တရားမကြောင်းအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် သက်တမ်းတိုးမြှင့်ရန် ခွင့်ပြုထားသည့်ကာလအတွင်း အပြီးသတ် အပြေအကျေပေးဆပ်ရန် အသိပေးကြေညာအပ်ပါသည်။

ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး

သက်ရောက်မှုများအပေါ် ကုစားရေး လုပ်ငန်းကော်မတီ