Skip to main content

ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ ၂၀၂၃ ခုနှစ် တရားရုံးနှစ်စဉ်အစီရင်ခံစာ ထုတ်ပြန်ခြင်း

နေပြည်တော် ဧပြီ ၁၀

ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ ၂၀၂၃ ခုနှစ် တရားရုံးနှစ်စဉ်အစီရင်ခံစာကို(အင်္ဂလိပ်/မြန်မာ) နှစ်ဘာသာဖြင့် ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၀ ရက်နေ့တွင် ထုတ်ပြန်သည်။ ယင်းအစီရင်ခံစာကို ပြည်ထောင်စု တရားလွှတ်တော်ချုပ်၏ website ဖြစ်သည့် www.unionsupremecourt.gov.mm တွင်လည်း လွှင့်တင်ဖော်ပြထားပါသည်။

ပြည်ထောင်စုတရားလွှတ်တော်ချုပ်အပါအဝင် တရားရုံးအဆင့်ဆင့်၏ ဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍ အများပြည်သူသိရှိစေရန် တရားရုံးနှစ်စဉ်အစီရင်ခံစာများကို ၂၀၁၆ ခုနှစ်မှစတင်၍ နှစ်စဉ်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

တရားရုံးနှစ်စဉ်အစီရင်ခံစာ ထုတ်ပြန်ရခြင်း၏ ရည်ရွယ်ချက်များမှာ တရားစီရင်ရေးလုပ်ငန်းများ ပွင့်လင်းမြင်သာ၍ တာဝန်ခံနိုင်မှုရှိစေရန်၊ တရားရုံးများ၏ လုပ်ငန်းဆောင်တာများအပေါ် ယထာဘူတကျကျ အကဲဖြတ်နိုင်စေရန်၊ တရားရုံးများအနေဖြင့် စွမ်းဆောင်ရည်ပိုမိုမြင့်မားလာစေရန်နှင့် တရားစီရင်ရေးကဏ္ဍ၏ ပြုပြင်ပြောင်းလဲမှုလုပ်ငန်းများကို အများသိရှိစေရန်ဖြစ်သည်။

၂၀၂၃ ခုနှစ်၊ တရားရုံးနှစ်စဉ်အစီရင်ခံစာကို ဥပဒေဖြင့် အသက်မွေးဝမ်းကျောင်းပြုသူများ၊ တရားရုံး အသုံးပြုသူများသာမက အများပြည်သူအလွယ်တကူဖတ်ရှုလေ့လာနိုင်စေရန် တရားရုံးစနစ်နှင့် စီမံခန့်ခွဲမှု၊ ၂၀၂၃ ခုနှစ်အတွင်း ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ ကြိုးပမ်းဆောင်ရွက်မှုများ၊ တရားစီရင်ရေးဆိုင်ရာ ဆောင်ရွက်မှုများနှင့် မဟာဗျူဟာစီမံကိန်းပထမနှစ်လုပ်ငန်းအစီအစဉ် (၂၀၂၃)အကောင်အထည်ဖော် ဆောင်ရွက်မှုများနှင့် ဒုတိယနှစ်လုပ်ငန်းအစီအစဉ်(၂၀၂၄)တွင် ဆောင်ရွက်ရန် လျာထားချက်များဟူ၍ အပိုင်း(၄)ပိုင်းခွဲခြား၍လည်းကောင်း၊ နောက်ဆက်တွဲများ၊ ပုံပြကားချပ်များဖြင့်လည်းကောင်းပြုစုထားပါသည်။ တရားရုံးနှစ်စဉ်အစီရင်ခံစာနှင့်စပ်လျဉ်း၍ ဝေဖန်အကြံပြုလိုပါက တရားရုံးနှစ်စဉ်အစီရင်ခံစာ ပြုစုရေးလုပ်ငန်းအဖွဲ့၏ အီးမေးလ် annualreport@usc.gov.mm သို့ ပေးပို့နိုင်ပါသည်။