Skip to main content

နိုင်ငံရေးပါတီ (၂၅) ပါတီ၏ ပူးတွဲသဘောထားထုတ်ပြန်ကြေညာချက်

၁၃၈၆ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ( ၁၅ ) ရက်

၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ( ၄ ) ရက်

၁။ အကြမ်းဖက်သောင်းကျန်းသူများဖြစ်သည့် MNDAA ၊ AA ၊ TNLA နှင့် ၎င်းတို့နှင့် ဆက်နွှယ်သော လက်နက်ကိုင်အဖွဲ့အစည်းများသည် (၂-၈-၂၀၂၄) ရက်နေ့တွင် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ရှိ အမှတ် (၉) ဆေးရုံခုတင် (၁၀၀) အား လက်နက်ကြီး/ ရှော့တိုက်ဒုံး/ Drome/ လက်နက်ငယ်မျိုးစုံတို့ဖြင့် ဆင်ခြင်မဲ့ ရက်စက်ကြမ်းကြုတ်စွာ ပစ်ခတ်တိုက်ခိုက်ဖျက်ဆီးခဲ့ကြောင်း သိရှိရပါသည်။

၂။ အထက်ဖော်ပြပါ အကြမ်းဖက်သောင်းကျန်းသူများသည် စစ်ရေးပစ်မှတ်မဟုတ်သော ဆရာဝန်/ သူနာပြုအပါအဝင် ဝန်ထမ်းများ၊ အရပ်သူ/ အရပ်သားလူနာများ၊ ကလေးသူငယ်များ၊ ရင်ခွင်ပိုက်ကလေးများအပါအဝင် အပြစ်မဲ့ပြည်သူများစွာအား ရက်စက်စွာ အနီးကပ်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ကိုယ်ဝန်ဆောင်မိခင်အပါအဝင် လူနာအချို့အား ဖမ်းဆီးခေါ်ဆောင်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

၃။ ဤဖြစ်ရပ်သည် လူသားမဆန်သည့် ဆိုးရွားသောအကြမ်းဖက်မှုဖြစ်ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေကိုလည်းကောင်း၊ ပြည်တွင်းရှိ တည်ဆဲဥပဒေများကို လည်းကောင်း၊ နိုင်ငံတကာလူ့အခွင့်အရေးကြေညာစာတမ်းပါ အခြေခံလူ့အခွင့်အရေးများကိုလည်းကောင်း ရည်ရွယ်ချက်ရှိရှိ ချိုးဖောက်ခဲ့ကြခြင်းဖြစ်ပါသည်။

၄။ ထိုအကြမ်းဖက်သောင်းကျန်းသူများနှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများအား အကြမ်းဖက်သောင်းကျန်းသူများအဖြစ် သတ်မှတ်၍ ပြည်တွင်းဥပဒေများအရ အရေးယူဆောင်ရွက်ပေးပါရန်နှင့် ပြည်တွင်း၌သာမက နိုင်ငံတကာမှလည်း အကြမ်းဖက်အဖွဲ့အစည်းများအဖြစ် သတ်မှတ်၍ အရေးယူပိတ်ဆို့ဆောင်ရွက်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားသင့်ပါကြောင်း သုံးသပ်ရရှိပါသည်။

၅။ သို့ဖြစ်ပါ၍ အကြမ်းဖက်သောင်းကျန်းသူများဖြစ်သည့် MNDAA၊ AA ၊ TNLA နှင့် ၎င်းတို့နှင့်ဆက်နွှယ်သော လက်နက်ကိုင်အဖွဲ့အစည်းများ၏ လူမဆန်စွာ အကြမ်းဖက်ရက်စက်ယုတ်မာသည့်လုပ်ရပ်များကို မိမိတို့နိုင်ငံရေးပါတီများအနေဖြင့် သန်းပေါင်းများစွာသော ရဟန်း၊ ရှင်၊ လူ၊ ပြည်သူများကို ကိုယ်စားပြု၍ လုံးဝ (လုံးဝ) လက်မခံ ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချပါကြောင်း အောက်တွင် လက်မှတ်ရေးထိုးသဘောထားထုတ်ပြန်ကြေညာအပ်ပါသည်။