၁။ ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်း အပိုဒ် (၃)တွင် “လူတိုင်းတွင် အသက်ရှင်သန်ခွင့်၊ လွတ်လပ်ခွင့်နှင့် လူပုဂ္ဂိုလ်လုံခြုံမှုရခွင့်ရှိသည်” ဟု ဖော်ပြထားရှိပါသည်။ အသက်ရှင်သန်ခွင့်သည် လူသားအားလုံး၏ မွေးရာပါ ရရှိခံစားခွင့်ရှိသော အရေးကြီးသည့် မူလအခြေခံအခွင့်အရေးဖြစ်ပြီး မည်သည့်အခြေအနေ၊ အချိန်အခါတွင်မဆို မည်သည့်အကြောင်းရင်းနှင့်မျှ ဖယ်ရှားနုတ်ပယ်၍မရသော အခွင့်အရေးဖြစ်သည်။
၂။ ယနေ့အချိန်တွင် ကမ္ဘာပေါ်၌ လူသားများ၏ အသက်ရှင်သန်ခွင့်၊ လွတ်လပ်ခွင့်နှင့် လူပုဂ္ဂိုလ်လုံခြုံမှုတို့ကို ထိခိုက်စေသော အကြောင်းအရာများစွာ ဖြစ်ပေါ်နေပြီး မြန်မာနိုင်ငံတွင်လည်း သဘာဝဘေးအန္တရာယ်များ ရင်ဆိုင်ကြုံတွေ့နေရသည့်အပြင် တရားဥပဒေစိုးမိုးရေးနှင့် ငြိမ်းချမ်းရေးကို မျက်ကွယ်ပြုကာ ပယောဂအမျိုးမျိုးကြောင့် ဖြစ်ပေါ်လာသော အကြမ်းဖက်တိုက်ခိုက်မှုများနှင့် လက်နက်ကိုင်ပဋိပက္ခများကြောင့် ဒေသခံပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ ဆုံးရှုံးနေကြရကြောင်းနှင့် နေရပ်ဒေသများကို စွန့်ခွာတိမ်းရှောင်နေကြရကြောင်း ကြားသိရပြီး ကျန်ရှိနေကြသည့် ပြည်သူများလည်းရှိကြောင်း သိရှိရပါသည်။
၃။ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပွားရာ ဒေသများတွင် ကျန်ရှိနေကြသည့် ပြည်သူများနှင့် နေရပ်စွန့်ခွာပြည်သူများသည် အသက်ရှင်သန်ခွင့်အပါအဝင် စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူပုဂ္ဂိုလ်လုံခြုံခွင့် စသည့်မူလအခြေခံအခွင့်အရေးများစွာ ထိပါးဆုံးရှုံးလျက်ရှိပါသည်။
၄။ ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိသော ဆေးရုံဆေးပေးခန်းများ၊ ပညာသင်ကြားပေးလျက်ရှိသော စာသင်ကျောင်းများ၊ ဘာသာရေးအဆောက်အဦများ၊ လူနေအိမ်များကို တိုက်ခိုက်ခြင်းမပြုကြရန် လိုအပ်ပါသည်။ အကြမ်းဖက်တိုက်ခိုက်မှုများနှင့် လက်နက်ကိုင်ပဋိပက္ခများသည် တရားဥပဒေစိုးမိုးရေး၊ ငြိမ်းချမ်းရေးတို့နှင့် ဆန့်ကျင်နေပါသည်။
၅။ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးတို့ဖော်ဆောင်နိုင်ရန် ကုလသမဂ္ဂမှ ထုတ်ပြန်ထားသည့် ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်း၊ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဥပဒေ၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးသဘောတူစာချုပ်များနှင့် ပြည်တွင်းဥပဒေများပါ ပြဋ္ဌာန်းချက်များကို လိုက်နာဆောင်ရွက်ရန်လိုအပ်သကဲ့သို့ ထိရှလွယ်အုပ်စုများအပါအဝင် အပြစ်မဲ့ပြည်သူများ၏ အသက်ရှင်သန်ခွင့်နှင့် လုံခြုံခွင့်တို့ကို အလေးအနက်ထား ဝိုင်းဝန်းစောင့်ရှောက်ကြပါရန် တိုက်တွန်းအပ်ပါသည်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်
ရက်စွဲ၊ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၆ ရက်