၁။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ငွေကြေးဖောင်းပွမှုနှုန်းအား အထိုက်အလျောက်လျော့ကျစေရန်၊ ပြည်သူများအနေဖြင့် ဘဏ်အပ်နှံငွေပေါ်မှ အတိုးဝင်ငွေပိုမိုရရှိစေရန်၊ ဘဏ်များ၏ ချေးငွေထုတ်ချေးနိုင်မှု ပိုမိုလာပြီး စီးပွားရေးတိုးတက်မှုအား အထောက်အကူပြုစေရန် စသည့်ရည်ရွယ်ချက်များဖြင့် ဗဟိုဘဏ်အတိုးနှုန်း၊ ဘဏ်များကအပ်ငွေများအပေါ်ပေးသည့် အတိုးနှုန်းနှင့်ချေးငွေများအပေါ် ကောက်ခံနိုင်သည့် အတိုးနှုန်းများကို အောက်ပါအတိုင်း ပြင်ဆင်သတ်မှတ်လိုက်သည်-
(က) ဗဟိုဘဏ်အတိုးနှုန်းအား လက်ရှိ ၇ ရာခိုင်နှုန်းမှ ၉ ရာခိုင်နှုန်းသို့ တိုးမြှင့်သတ်မှတ်သည်၊
(ခ) ဘဏ်များက အပ်ငွေများအပေါ်ပေးရမည့် အနည်းဆုံးအတိုးနှုန်းကို ၇ ရာခိုင်နှုန်းနှင့် ချေးငွေများအားလုံးအတွက် ကောက်ခံနိုင်သည့် အများဆုံးအတိုးနှုန်းကို ၁၅ ရာခိုင်နှုန်း သတ်မှတ်သည်၊
(ဂ) ဘဏ်များအနေဖြင့် မိမိတို့၏အမြတ်ရနိုင်စွမ်းနှင့် ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲနိုင်မှုအရအပ်ငွေနှင့် ချေးငွေအတိုးနှုန်းများအား ၇ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအတွင်း သတ်မှတ်ရန်ဖြစ်သည်။
၂။ နိုင်ငံတော်၏ မူဝါဒအရ လက်ရှိထုတ်ချေးပေးလျက်ရှိသည့် အထူးချေးငွေများ၏ အတိုးနှုန်းများသည် ပြောင်းလဲမှုမရှိပါ။
၃။ ယခုအတိုးနှုန်းပြင်ဆင်ချက်သည် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့မှစ၍ အကျိုးသက်ရောက်မည်ဖြစ်သည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်
၁၄.၈.၂၀၂၄