ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ပညာရေးဝန်ကြီးဌာန
မြန်မာနိုင်ငံစာစစ်ဦးစီးဌာန
သတင်းကြေညာချက်
ရက်စွဲ၊ ၂၀၂၄-ခုနှစ်၊ သြဂုတ်လ( ၂၃ )ရက်
၁။ ၂၀၂၅-ခုနှစ်တွင်ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲနှင့်ပတ်သက်၍ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများ သိရှိနိုင်ရန် အောက်ပါအတိုင်း ကြေညာအပ်ပါသည်။
၂။ ၂၀၂၅-ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်လျှောက်လွှာတစ်စောင်လျှင် (၂ဝဝိ/-) နှင့် စာမေးပွဲဝင်ကြေးအတွက် (၇ဝဝိ/-) တန်ဖိုးရှိ ပညာရေးဝန်ကြီးဌာန၊ ငွေသွင်းတံဆိပ်ခေါင်းတို့ကို မြန်မာနိုင်ငံစာစစ်ဦးစီးဌာနတွင် ၂၀၂၄-ခုနှစ်၊ စက်တင်ဘာလ (၁) ရက်နေ့မှစတင်၍ ရောင်းချပေးမည်ဖြစ်ပါသည်။
၃။ စာမေးပွဲဖြေဆိုခွင့်လျှောက်လွှာတင်သွင်းရာ၌ STEAMS (1), (2) ဖြေဆိုမည့်သူများအတွက် အစိမ်းရောင်ဖြေဆိုခွင့်လျှောက်လွှာနှင့် ကတ်ပြားပုံစံဖြင့်လည်းကောင်း၊ STAMS ဖြေဆိုမည့်သူများအတွက် ပန်းရောင်ဖြေဆိုခွင့်လျှောက်လွှာနှင့် ကတ်ပြားပုံစံဖြင့်လည်းကောင်း တင်သွင်းရန် အရောင်နှစ်မျိုး ခွဲခြားသတ်မှတ်ထားပါသည်။
၄။ စနစ်ဟောင်း နဝမတန်း (Grade-10) အောင်မြင်ပြီး အကြောင်းအမျိုးမျိုးကြောင့် စနစ်ဟောင်းတက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုခြင်းမရှိခဲ့သူများ၊ စနစ်ဟောင်းဒသမတန်း (Grade 11) တက္ကသိုလ်ဝင်စာမေးပွဲကျရှုံးသူများနှင့် စနစ်သစ် ဒွါဒသမတန်း (Grade-12) တက္ကသိုလ်ဝင်စာမေးပွဲကျရှုံးသူများကို ပြင်ပဖြေအဖြစ် ဖြေဆိုခွင့်ပြုမည်ဖြစ်ပြီး ဘာသာတွဲ (၃) ခုဖြစ်သော STEAMS–1, STEAMS–2, STAMS တို့အနက်မှ ဘာသာတွဲ (၁) ခုကို ရွေးချယ်ဖြေဆိုရမည် ဖြစ်ပါသည်။
၅။ ပြင်ပဖြေဆိုရန် လျှောက်လွှာတင်သွင်းသူများ၏ စာမေးပွဲဝင်ကြေးငွေကို သက်ဆိုင်ရာမြို့နယ်ပညာရေးမှူးရုံးများတွင် စာမေးပွဲဝင်ကြေးအတွက် ၇၀ဝိ/-ကျပ်တန် ငွေသွင်းတံဆိပ်ခေါင်းများဝယ်ယူပြီး ဝင်ခွင့်လျှောက်လွှာ၏ လက်ဝဲဘက်ထိပ်ပိုင်းတွင်ကပ်၍၊ မိမိတို့ အမှန်တကယ်နေထိုင်သည့် မြို့နယ်ပညာရေးမှူးရုံးတွင် ၂၀၂၄-ခုနှစ်၊ စက်တင်ဘာလ (၁) ရက်နေ့ မှ စက်တင်ဘာလ (၃၀) ရက်နေ့အတွင်း တင်သွင်းကြရမည် ဖြစ်ပါသည်။
၆။ အခြေခံပညာအထက်တန်းကျောင်းများ၊ ကျောင်းခွဲများ၊ တွဲဖက်ကျောင်းများနှင့် ကိုယ်ပိုင်အထက်တန်းကျောင်းများမှဖြေဆိုရန် လျှောက်လွှာတင်သွင်းမည့် ကျောင်းသား၊ ကျောင်းသူများ၏ စာမေးပွဲဝင်ကြေးအတွက် ကျောင်းအုပ်ကြီးများသည် စာမေးပွဲဝင်ကြေး ၇၀ဝိ/-ကျပ်တန်ငွေသွင်းတံဆိပ်ခေါင်းများဝယ်ယူပြီး၊ လျှောက်လွှာတစ်စောင်ချင်းတွင်ကပ်၍ စုပေါင်းပြီး မြန်မာနိုင်ငံစာစစ်ဦးစီးဌာနသို့ ၂၀၂၄-ခုနှစ်၊ စက်တင်ဘာလ (၁) ရက်နေ့မှ စက်တင်ဘာလ (၃၀) ရက်နေ့အတွင်း သတ်မှတ်ရက်အမီ တင်သွင်းကြရမည်ဖြစ်ပါသည်။
၇။ သတ်မှတ်ထားသောရက်များအတွင်း အချိန်မီပေးပို့ခြင်းမရှိသူများသည် စာမေးပွဲဖြေဆိုခွင့်ရရှိကြမည်မဟုတ်ကြောင်းနှင့် စာဖြေသူတင်သွင်းသည့် စာမေးပွဲဖြေဆိုခွင့်လျှောက်လွှာနှင့် ကတ်ပြားတွင်ဖော်ပြပါရှိသည့် ဘာသာတွဲမှအပ အခြားဘာသာတွဲသို့ ပြောင်းလဲဖြေဆိုခွင့်ပြုမည်မဟုတ်သဖြင့် မိမိဖြေဆိုမည့် ဘာသာတွဲအလိုက် ပုံစံများ မှန်ကန်မှု ရှိ-မရှိ သေချာစွာစစ်ဆေးပြီး မှန်ကန်စွာဖြည့်စွက် ပေးပို့ကြရန်ဖြစ်ကြောင်း သတိပြုစေလိုပါသည်။
၈။ လျှောက်လွှာပုံစံများနှင့် ငွေသွင်းတံဆိပ်ခေါင်းများကို မြန်မာနိုင်ငံစာစစ်ဦးစီးဌာန (ရုံးချုပ်)၊ ရုံးအမှတ် (၅၂)၊ နေပြည်တော်နှင့် မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၊ ရန်ကုန်(ရုံးခွဲ)၊ ပါရမီလမ်း၊ ၁၂-ရပ်ကွက်၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့တွင် လာရောက်ဝယ်ယူနိုင်ပါသည်။
မြန်မာနိုင်ငံစာစစ်ဦးစီးဌာန