၁။ ကလေးများသည် နိုင်ငံ့ရတနာများဖြစ်ကြရာ ကလေးသူငယ်များ၏ မွေးရာပါအခွင့်အရေးများကို နိုင်ငံများမှ မြှင့်တင်၊ ကာကွယ် စောင့်ရှောက်နိုင်ရန်အတွက် ၁၉၈၉ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်နေ့တွင် ကုလသမဂ္ဂက ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ သဘောတူစာချုပ် (Convention on the Rights of the Child-CRC) ကို အတည်ပြုချမှတ်ခဲ့ပြီး ယင်းနေ့ကို ကမ္ဘာ့ကလေးများနေ့အဖြစ် သတ်မှတ်ခဲ့ရာ ယခုနှစ်ဆိုလျှင် ၃၅ နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါသည်။ ၂၀၂၄ ခုနှစ် ကမ္ဘာ့ကလေးများနေ့အတွက် ဆောင်ပုဒ်မှာ “အနာဂတ်သာယာ ကောင်းမွန်ရေး ကလေးများအသံနားထောင်ပေး” “Listen to the future” ဖြစ်ပါသည်။
၂။ မြန်မာနိုင်ငံသည် ကလေးသူငယ်များ၏ အခွင့်အရေးများကို မြှင့်တင်၊ ကာကွယ်စောင့်ရှောက်နိုင်ရန်အလို့ငှာ ၁၉၉၁ ခုနှစ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ သဘောတူစာချုပ် အဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်အတည်ပြုချုပ်ဆိုခဲ့ပြီး ကလေးသူငယ်အခွင့်အရေးများကို အကောင်အထည်ဖော်ဆောင်ရွက်ရန် ကလေးသူငယ်ဥပဒေကို ၁၉၉၃ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့ပါသည်။ ကလေးသူငယ်များအတွက် အကောင်းဆုံးအကျိုးစီးပွားကို ဆောင်ရွက်ပေးရန်နှင့် ကလေးသူငယ်အခွင့်အရေးများကို ပိုမိုကာကွယ်စောင့်ရှောက်နိုင်ရန်ရည်ရွယ်၍ ၁၉၉၃ ခုနှစ် ကလေးသူငယ်ဥပဒေကိုရုပ်သိမ်းပြီး ၂၀၁၉ ခုနှစ် တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေကို ပြဋ္ဌာန်းခဲ့ပါသည်။
၃။ ကလေးသူငယ်များသည် နိုင်ငံအနာဂတ်၏ လူ့စွမ်းအားအရင်း အမြစ်များဖြစ်သည့်အတွက် ကလေးများငယ်ရွယ်စဉ်ကပင် ကျန်းမာပျော်ရွှင်စွာဖြင့် လွတ်လွတ်လပ်လပ်ကြီးပြင်းလာရန် အရေးကြီးပါသည်။ ကလေးသူငယ်များ၏ ဘက်စုံဖွံ့ဖြိုးတိုးတက်မှုသည် နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် ဆက်စပ်နေသည်ဖြစ်ရာ ကလေးသူငယ်များဘဝ ကြီးပွားရှင်သန် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသည့်ကလေး သူငယ်အခွင့်အရေးများကို အလေးထားကာ အစဉ်တစိုက်မြှင့်တင်ကာကွယ်စောင့်ရှောက်ပေးရမည်ဖြစ်ပါသည်။
၄။ ကမ္ဘာတစ်ဝန်းရှိ ကလေးသူငယ်များသည် ဆင်းရဲမွဲတေခြင်း၊ ပဋိပက္ခများကြုံတွေ့ရခြင်း၊ ပညာသင်ကြားခွင့်မရရှိခြင်းနှင့် ခွဲခြားဆက်ဆံခြင်းကဲ့သို့သော အခက်အခဲများနှင့် ရင်ဆိုင်နေရဆဲ ဖြစ်ပါသည်။ ကလေးသူငယ်များအပေါ် အကြမ်းဖက်မှုများ၊ လိင်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်မှုများ လျော့နည်းပပျောက်စေရေး ကြိုးပမ်းအားထုတ်ရာတွင် အစိုးရအဖွဲ့အစည်း တစ်ခုတည်း ဆောင်ရွက်၍ ရနိုင်မည်မဟုတ်ဘဲ အရပ်ဘက်အဖွဲ့အစည်းများ၊ မိဘများနှင့် ပြည်သူလူထုကိုယ်တိုင် ပါဝင်ဆောင်ရွက်ရန် လိုအပ်ပါသည်။
၅။ ကလေးသူငယ်များ၏ အခြေခံအခွင့်အရေးများဖြစ်သော အသက်ရှင်သန်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ကာကွယ်စောင့်ရှောက်မှုရရှိရေး၊ လူမှုအဖွဲ့အစည်းတွင် ပါဝင်ဆောင်ရွက်ခွင့်ပေးရေး စသည့်အခွင့်အရေးများကို ကလေးများအားလုံး တန်းတူညီမျှ ရရှိခံစားနိုင်ရန်နှင့် အနာဂတ်ဘဝသာယာလှပစေရန် ကလေးများ၏ အသံကိုနားထောင်ပြီး လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေး တာဝန်ရှိသူအားလုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်နေ့တွင် ကျရောက်သည့် ၃၅ နှစ်မြောက် ကမ္ဘာ့ကလေးများနေ့တွင် တိုက်တွန်းဖော်ပြအပ်ပါသည်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်