အာဆီယံ၏ ကိုဗစ်-၁၉ တုံ့ပြန်ခြင်းဆိုင်ရာ အစီအမံများ
၂၀၂၀ ပြည့်နှစ် တစ်နှစ်ပတ်လုံးကို ပြန်ကြည့်ပါက ကမ္ဘာကြီးဟာ ကိုဗစ်-၁၉ ကပ်ရောဂါတုံ့ပြန်ရေး အစီအစဉ်များနဲ့ ပုံမှန်ထက် ပိုအလုပ်ရှုပ်နေခဲ့တာ အားလုံးအသိပဲ ဖြစ်ပါတယ်။
မြန်မာနိုင်ငံအနေနဲ့ ၂၀၂၀ပြည့်နှစ်၊ ဇန်နဝါရီလ ၄ ရက်မှာ အာဆီယံ-တရုတ် ကျန်းမာရေး အဆင့်မြင့်အရာရှိကြီးများ ကွန်ရက် ကတစ်ဆင့် ကိုဗစ်-၁၉ တပ်လှန့်ချက်ကို လက်ခံရရှိခဲ့ပြီး ဇန်နဝါရီလ ၅ ရက်တွင် စောင့်ကြည့်ရေး လုပ်ငန်းစဉ်များကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက စတင်ခဲ့ပါတယ်။
ဒေသဆိုင်ရာအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ အာဆီယံအနေနဲ့လည်း ကျန်းမာရေးကဏ္ဍအပါအဝင် သက်ဆိုင်ရာကဏ္ဍအလိုက် ယန္တရားအသီးသီးဟာ ကိုဗစ်-၁၉ တုံ့ပြန်ဆောင်ရွက်ချက်များနှင့် ကိုဗစ်-၁၉ အလွန် ဆောင်ရွက်ရမဲ့ ကိစ္စရပ်တွေအတွက် ၂၀၂၀ ပြည့်နှစ်အတွင်း အင်တိုက်အားတိုက် ဆောင်ရွက် ခဲ့ကြပါတယ်။
ဒီဆောင်ရွက်ချက်တွေအနက် ကျွန်တော်မှတ်သားထားမိတဲ့ ဆောင်ရွက်ချက်အချို့ကို မှတ်တမ်းတင် ဖော်ပြလိုက်ပါတယ်။
ထိပ်သီးအစည်းအဝေး(Summit) ပြီးရင် အာဆီယံမှာ ဒုတိယအမြင့်ဆုံး ယန္တရားဖြစ်တဲ့ အာဆီယံ ပေါင်းစပ်ညှိနှိုင်းရေးကောင်စီ (ASEAN Coordinating Council-ACC) (ဝန်ကြီးအဆင့်အစည်းအဝေး)ရဲ့ ကိုဗစ်-၁၉ ဆိုင်ရာ အထူး အစည်းအဝေးကို ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီ ၂၀ ရက်က လာအိုနိုင်ငံ၊ ဗီယင်ကျန်းမြို့မှာ ကျင်းပခဲ့ပြီး ကိုဗစ်-၁၉ ရဲ့ ဖြစ်ပေါ်လာနိုင်တဲ့ ခြိမ်းခြောက်မှုများ၊ စိန်ခေါ်မှုများကို တုံ့ပြန်နိုင်ဖို့အတွက် အာဆီယံရဲ့စုပေါင်းစွမ်းအား ပိုမိုခိုင်မာ စေရန်နဲ့ ပေါင်းစပ်တုံ့ပြန်မှု ပိုမိုအားကောင်းစေရန် ရှေ့ဆက်ဆောင်ရွက်မဲ့ လုပ်ငန်းစဉ်များကို ကနဦးဆွေးနွေးခဲ့ကြပါတယ်။ အဲဒီအချိန်က ကိုဗစ်-၁၉ ကို ကမ္ဘာ့ကပ်ရောဂါအဖြစ် သတ်မှတ်ခြင်းမရှိသေးပါဘူး။
ဆက်လက်ပြီး ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၆ ရက်တွင် အဲဒီကာလက အာဆီယံ ဥက္ကဋ္ဌ တာဝန်ယူထားတဲ့ ဗီယက်နမ်နိုင်ငံက အာဆီယံပူးတွဲ ညှိနှိုင်းရေး အစည်းအဝေး(Joint Consultative Meeting-JCM) (အဆင့်မြင့်အရာရှိကြီးများ အဆင့်အစည်းအဝေး)ကို ဗီယက်နမ်နိုင်ငံ၊ ဒါနန်းမြို့၌ ခေါ်ယူကျင်းပခဲ့ပါတယ်။ JCM ဟာ မဏ္ဍိုင်တစ်ခုနဲ့တစ်ခုအကြား ပေါင်းစပ်ညှိနှိုင်းပေးနိုင်ရန်အတွက် မဏ္ဍိုင်(၃)ရပ် စလုံးက အဆင့်မြင့်အရာရှိကြီးများအပြင် ဂျကာတာမြို့ အခြေစိုက် အာဆီယံအမြဲတမ်း ကိုယ်စားလှယ်များပါ ပါဝင်ဖွဲ့စည်းထားတဲ့ အဆင့်မြင့်အရာရှိကြီးများအဆင့် အာဆီယံပေါင်းစပ်ညှိနှိုင်းရေး ယန္တရားတစ်ခု ဖြစ်ပါတယ်။ အဲဒီအစည်းအဝေးဟာ ကျွန်တော်တို့အတွက် နောက်ဆုံးတက်ခဲ့ရတဲ့ face to face အစည်းအဝေးတစ်ခုဆိုလည်း မမှားပါဘူး။ နောက်ပိုင်းအင်တာနက်ကွန်ရက် အသုံးပြုဗီဒီယိုစနစ်ကနေတစ်ဆင့်သာ အစည်းအဝေးတွေကို ပြုလုပ်နိုင်ပါတော့တယ်။
အဲဒီ ဒါနန်း JCM မှာ အာဆီယံရဲ့ သက်ဆိုင်ရာကဏ္ဍအလိုက်ပြန့်ကျဲနေတဲ့ ကိုဗစ်-၁၉ တုံ့ပြန်ရေး အစီအစဉ်များကို တစ်စုတစ်စည်းတည်းဖြစ်စေရန်နဲ့ မဏ္ဍိုင်(၃)ရပ်အကြား ပေါင်းစပ်ညှိနှိုင်းပေးဖို့အတွက် ပြည်သူ့ကျန်းမာရေး အရေးပေါ်ဆိုင်ရာ အာဆီယံပေါင်းစပ်ညှိနှိုင်းရေးကောင်စီလုပ်ငန်းအဖွဲ့ (ASEAN Coordinating Council Working Group on Public Health Emergencies – ACC WG PHE) ကိုဖွဲ့စည်းရန် အာဆီယံ ပေါင်းစပ်ညှိနှိုင်းရေး ကောင်စီ (ASEAN Coordinating Council)သို့ တင်ပြလမ်းညွှန်မှု ခံယူ သွားရန် အာဆီယံအဖွဲ့ဝင်နိုင်ငံများက သဘောတူခဲ့ကြပါတယ်။
အဲဒီနောက်မှာတော့ အာဆီယံပေါင်းစပ်ညှိနှိုင်းရေးကောင်စီရဲ့ တာဝန်ပေးမှုနဲ့အတူ ပြည်သူ့ကျန်းမာရေး အရေးပေါ်ဆိုင်ရာ အာဆီယံပေါင်းစပ်ညှိနှိုင်းရေး ကောင်စီလုပ်ငန်းအဖွဲ့ကို ၂၀၂၀ ပြည့်နှစ်၊ မတ်လအတွင်း ဖွဲ့စည်းနိုင်ခဲ့ပြီး ပထမဦးဆုံး အစည်းအဝေး(1st ACC WG PHE Meeting)ကို မတ်လ ၃၁ ရက်တွင် ကျင်းပနိုင်ခဲ့ပါတယ်။ ACC WG PHE ကို အာဆီယံ မဏ္ဍိုင်(၃)ရပ်စလုံးက အဆင့်မြင့်အရာရှိကြီးများ၊ ဂျကာတာအခြေစိုက် အာဆီယံအမြဲတမ်းကိုယ်စားလှယ်များ ကော်မတီ အဖွဲ့ဝင် အမြဲတမ်းကိုယ်စားလှယ်များနဲ့ ကျန်းမာရေးကဏ္ဍမှ ကိုယ်စားလှယ်များနဲ့ ဖွဲ့စည်းထားခြင်း ဖြစ်ပါတယ်။
၂၀၂၀ ပြည့်နှစ်အတွင်း ပြည်သူ့ကျန်းမာရေးအရေးပေါ်ဆိုင်ရာ အာဆီယံ ပေါင်းစပ်ညှိနှိုင်းရေးကောင်စီ လုပ်ငန်းဖွဲ့အစည်း အဝေး(၅)ကြိမ် ကျင်းပခဲ့ပြီး ကိုဗစ်-၁၉ ပူးတွဲတုံ့ပြန်မှု ခိုင်မာစေရေးနဲ့ ကိုဗစ်-၁၉ အလွန် ပြန်လည် တည်ဆောက်ရေးအတွက် အာဆီယံ၏အဓိကလုပ်ငန်းစဉ် (၆) ခုကို အုတ်မြစ်ချ နိုင်ခဲ့ပါတယ်။
အဲဒါတွေကတော့-
(၁) အာဆီယံ အလုံးစုံ ပြန်လည်တည်ဆောက်ရေး မူဘောင် (ASEAN Comprehensive Recovery framework – ACRF)
(၂) ကိုဗစ်-၁၉ ဆိုင်ရာ အာဆီယံတုံ့ပြန်ရေး ရန်ပုံငွေ (COVID-19 ASEAN Response Fund)
(၃) အာဆီယံဒေသတွင်း ပြည်သူ့အရေးပေါ် ကျန်းမားရေးအတွက် ဆေးဝါးအထောက်အကူများ အရန်ထားရှိခြင်း (ASEAN Regional Reserve of Medical Supplies for Public Health Emergencies)
(၄) ပြည်သူ့ကျန်းမာရေးအရေးပေါ်ကိစ္စများအတွက် အာဆီယံ၏စံနှင့် လုပ်ထုံးလုပ်နည်းများ (ASEAN Standard Operating Procedures for Public Health Emergencies)
(၅) ပြည်သူ့အရေးပေါ် ကျန်းမာရေးနှင့် ရောဂါသစ်များဆိုင်ရာ အာဆီယံဒေသဗဟိုဌာန (ASEAN Regional Center for Public Health Emergencies and Emerging Diseases)
(၆) အာဆီယံ ခရီးသွားစင်္ကြံသဘောတူညီချက် (ASEAN Travel Corridor Arrangement) တို့ဖြစ်ပါတယ်။
အာဆီယံ အလုံးစုံပြန်လည်တည်ဆောက်ရေးမူဘောင်(ASEAN Com-prehensive Recovery framework – ACRF)
ACRF ဟာ ကိုဗစ်-၁၉ ရိုက်ခတ်မှုကို အဆိုးရွားဆုံးခံစားနေရတဲ့ ကဏ္ဍများကို ပြန်လည်ရှင်သန်နိုင်ဖို့နဲ့ ရေရှည်ခံနိုင်ရည် ရှိရေးတို့အတွက် ဦးစားပေး ဆောင်ရွက်နိုင်ရန် ပြုစုထားသည့် မူဘောင်တစ်ခုဖြစ်ပါတယ်။ ယင်းမူဘောင်ကို ဦးစားပေး မဟာဗျူဟာကဏ္ဍ (၅)ခုနဲ့ ရေးဆွဲထားခြင်းဖြစ်ပြီး အာဆီယံ မျှော်မှန်းချက် ၂၀၂၅ (ASEAN Vision 2025) ကိုလည်း အထောက်အကူပြုရန် ရည်ရွယ်ပါတယ်။
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလတွင် ကျင်းပခဲ့တဲ့ (၃၇)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးမှာ ACRF နဲ့ ယင်းကို အကောင်အထည်ဖော်မဲ့ လုပ်ငန်း စီမံချက်တို့ကို အတည်ပြုခဲ့ပါတယ်။ မူဘောင်အသေးစိတ်ကို အင်တာနက်တွင် အလွယ်တကူ ရှာဖတ်ရှုလို့ ရပါတယ်။
ကိုဗစ်-၁၉ ဆိုင်ရာ အာဆီယံတုံ့ပြန်ရေး ရန်ပုံငွေ (COVID-19 ASEAN Response Fund)
၂၀၂၀ ပြည့်နှစ်၊ ဇွန်လတွင် ကျင်းပခဲ့တဲ့ (၃၆) ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးမှာ ကိုဗစ်-၁၉ ဆိုင်ရာ အာဆီယံတုံ့ပြန်ရေးရန်ပုံငွေကို စတင်မိတ်ဆက်ခဲ့ပါတယ်။ အာဆီယံအဖွဲ့ဝင်နိုင်ငံများရဲ့ ကိုဗစ်-၁၉ တုံ့ပြန်မှုကို အထောက်အကူ ပြုနိုင်ဖို့အတွက် ဘဏ္ဍာရေးအရင်းအမြစ်တစ်ခုဖြစ်ရန် ရည်ရွယ်ပါတယ်။
အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေနဲ့ စေတနာအလျောက် ငွေကြေးထည့်ဝင်နိုင်ပြီး မိတ်ဖက်နိုင်ငံများနဲ့ ပြင်ပအဖွဲ့အစည်းများ ထည့်ဝင်နိုင်ရန်အတွက် လိုအပ်သည့် ဘဏ္ဍာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ပြန်လည်ပြင်ဆင်ခဲ့ပါတယ်။ မကြာမီကာလ အတွင်း အဆိုပါရန်ပုံငွေကို အသုံးပြုနိုင်တော့မှာ ဖြစ်ပါတယ်။
အာဆီယံဒေသတွင်း ပြည်သူ့ကျန်မားရေးအရေးပေါ်အတွက် ဆေးဝါးအထောက်အကူများ အရန်ထားရှိခြင်း (ASEAN Regional Reserve of Medical Supplies for Public Health Emergencies-ARRMS)
ပြည်သူ့ကျန်းမာရေးအရေးပေါ်ကိစ္စရပ်များနဲ့ပတ်သက်ပြီး အာဆီယံ အဖွဲ့ဝင်နိုင်ငံများအနေနဲ့ အဆင်သင့်ဖြစ်နေစေဖို့နဲ့ တုံ့ပြန်မှုစွမ်းရည် ပိုမိုမြင့်မားလာစေရန် လိုအပ်တဲ့ ဆေးဝါးအထောက်အကူများကို အရန်သင့်ထားရှိ ဆောင်ရွက်ခြင်း ဖြစ်ပါတယ်။
ARRMS ကို ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလတွင် ကျင်းပခဲ့တဲ့ (၃၇)ကြိမ် မြောက် အာဆီယံထိပ်သီး အစည်းအဝေးမှာ မိတ်ဆက်ခဲ့ ပါတယ်။ အာဆီယံအဖွဲ့ဝင်နိုင်ငံများအပါအဝင် မိတ်ဖက်နိုင်ငံများနဲ့ ပြင်ပအဖွဲ့အစည်းများမှ စေတနာအလျောက် ထည့်ဝင် လှူဒါန်းနိုင်ပါတယ်။
ပြည်သူ့အရေးပေါ်ကျန်းမာရေးကိစ္စများအတွက် အာဆီယံ၏စံနှင့် လုပ်ထုံးလုပ်နည်းများ (ASEAN Standard Operating Procedures for Public Health Emergencies- ASEAN SOP PHE)
အာဆီယံရဲ့ ကျန်းမာရေးဆိုင်ရာ သဘောတူညီချက်များနှင့် သက်ဆိုင်ရာ နိုင်ငံတကာ စည်းမျဉ်းစည်းကမ်းများကို အခြေခံ၍ ASEAN SOP PHE ကို ပြုစုခဲ့သော်လည်း ကျန်းမာရေးဆိုင်ရာ အာဆီယံအဆင့်မြင့်အရာရှိကြီးများအစည်းအဝေးတွင် ဆွေးနွေးပြီးတဲ့နောက်မှာတော့ ပိုမိုသင့်လျော်တဲ့ ASEAN Strategic Framework for Public Health Emergencies (ASF-PHE) အမည်ကို ပြောင်းလဲသတ်မှတ်ခဲ့ပါတယ်။
ပြည်သူ့ကျန်းမာရေး အရေးပေါ်ကိစ္စရပ်များကို အချိန်နဲ့တစ်ပြေးညီ တုံ့ပြန်နိုင်ရန်နဲ့ အာဆီယံပြည်သူ့ကျန်းမာရေးကွန်ရက်ရဲ့ စွမ်းဆောင်ရည်ကို ပိုမိုခိုင်မာစေရန် ရည်ရွယ်ပါတယ်။ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလမှာ ကျင်းပခဲ့တဲ့ (၃၇)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးတွင် ASF-PHE ကို တရားဝင်ကြေညာခဲ့ပါတယ်။
ပြည်သူ့အရေးပေါ် ကျန်းမာရေးနှင့် ရောဂါသစ်များဆိုင်ရာ အာဆီယံဒေသ ဗဟိုဌာန(ASEAN Regional Center for Public Health Emergencies and Emerging Diseases)
ပြည်သူ့ကျန်းမာရေးအရေးပေါ်ကိစ္စရပ်များနဲ့ အသစ်ဖြစ်ပေါ်လာမည့် ရောဂါများကို ရှာဖွေခြင်း၊ ပြင်ဆင်ခြင်း၊ တုံ့ပြန်ခြင်း စွမ်းရည်တို့ကို အာဆီယံ ဒေသအတွင်း ပိုမိုအားကောင်းလာစေရန်အတွက် အာဆီယံဒေသဆိုင်ရာ ရှာဖွေရေးအချက်အချာ ဗဟိုဌာနတစ်ခု ဖြစ်လာစေရန် ရည်ရွယ်ပါတယ်။
ဂျပန်နိုင်ငံ၏ ကနဦးငွေကြေးထောက်ပံ့မှုဖြင့် အဆိုပါ ဗဟိုဌာနကို ထူထောင်ခြင်းဖြစ်ပြီး ယင်းဗဟိုဌာန တည်ထောင်ခြင်းကို ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလတွင် ကျင်းပခဲ့တဲ့ (၂၃)ကြိမ်မြောက် အာဆီယံ-ဂျပန် ထိပ်သီး အစည်းအဝေးတွင် တရားဝင်ကြေညာ ခဲ့ပါတယ်။
အာဆီယံ ခရီးသွားစင်္ကြံသဘောတူညီချက် (ASEAN Travel Corridor Arrangement)
ကိုဗစ်-၁၉ ကာလအတွင်း မရှိမဖြစ်လိုအပ်သည့်ခရီးသွားများအတွက် လိုအပ်တဲ့ ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ အာဆီယံဒေသအတွင်း ခရီးသွားလာနိုင်ရန်အတွက် အာဆီယံ ခရီးသွားစင်္ကြံသဘောတူညီ ချက်မူဘောင် ကြေညာချက် (ASEAN Declaration on an ASEAN Travel Corridor Arrangement Framework) ကို ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလတွင် ကျင်းပခဲ့တဲ့ (၃၇)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးတွင် အတည် ပြုခဲ့ပါတယ်။
အထူးလုပ်ငန်းအဖွဲ့တစ်ခုဖွဲ့စည်းပြီး အာဆီယံခရီးသွားစင်္ကြံသဘောတူညီချက်ကို မကြာမီကာလအတွင်း ရေးဆွဲသွားရန် ဆောင်ရွက်လျက်ရှိပါတယ်။
နိဂုံး
အဆိုပါ လုပ်ငန်းစဉ်(၆)ခုဟာ အာဆီယံမဏ္ဍိုင်ကြီး(၃)ရပ်စလုံးကို လွှမ်းခြုံထားတဲ့ လုပ်ငန်းစဉ်များဖြစ်ပြီး အာဆီယံထိပ်သီး အစည်းအဝေး တစ်နည်းအားဖြင့် အာဆီယံနိုင်ငံ့ ခေါင်းဆောင်များက အတည်ပြုထားတဲ့ အစီအစဉ်များဖြစ်ပါတယ်။ သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်နေတဲ့ အစီအစဉ် တွေလည်း များစွာရှိပါသေးတယ်။ ဥပမာအားဖြင့် ကျန်းမာရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ ခရီးသွားကဏ္ဍ၊ ပို့ဆောင်ရေးကဏ္ဍ စတဲ့ကဏ္ဍအသီးသီးတွေမှာ ကိုဗစ်-၁၉ တုံ့ပြန်ရေးနဲ့ ကိုဗစ်-၁၉ အလွန် ပြန်လည်ကုစားရေးအစီအစဉ်တွေလည်း အသီးသီးရှိကြပါတယ်။ ဒါပေမဲ့ အဲဒီလုပ်ဆောင်ချက်တွေဟာ လုပ်ငန်းစဉ်(၆) နဲ့ ချိတ်ဆက်နေမှာဖြစ်ပါတယ်။
အာဆီယံဟာ အဲဒီလုပ်ငန်းစဉ်(၆)ခုကို အုတ်မြစ်ချနိုင်ဖို့အတွက် အချိန်ကာလ (၁) နှစ် နီးပါးကြာမြင့်ခဲ့ပါတယ်။ အဖွဲ့ဝင်(၁၀)နိုင်ငံ စလုံးရဲ့ သဘောထားတွေ၊ လိုလားချက်တွေကို ထည့်သွင်းစဉ်းစားပြီး ဆောင်ရွက်နေရတဲ့အတွက် အချိန်ကာလတစ်ခုထိ ကြာမြင့်နေခြင်း ဖြစ်ပါတယ်။
အခု ၂၀၂၀ ပြည့်နှစ် ကုန်လွန်လို့ ၂၀၂၁ ကို ရောက်ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ အာဆီယံအနေနဲ့ ၂၀၂၀မှာ အုတ်မြစ်ချခဲ့တဲ့ ကိုဗစ်-၁၉ဆိုင်ရာ အစီအစဉ်တွေကို အကောင်အထည်ဖော်ရမည့် ကာလကို ရောက်ရှိလာပြီ ဖြစ်ပါတယ်။ အဲဒီအစီအမံတွေ ဘယ်အတိုင်းအတာထိအကောင်အထည်ဖော်နိုင်မလဲ၊အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအတွက်ဘယ်လောက်ထိ အကျိုးဖြစ်ထွန်းမလဲ၊ ဆက်လက်စောင့်ကြည့် တိုင်းတာသွားရမှာ ဖြစ်ပါတယ်။
သေချာတာတစ်ခုကတော့ မြန်မာနိုင်ငံဟာ ကိုဗစ်-၁၉နဲ့ပတ်သက်ပြီး ပြည်သူများရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့ ရနိုင်သမျှ အရင်းအမြစ်အားလုံးကို အသုံးပြုဆောင်ရွက်လျက်ရှိပါတယ်။ အဲဒီအရင်းအမြစ်တွေထဲက အာဆီယံရဲ့အားကလည်း မလွဲမသွေ မြန်မာနိုင်ငံအတွက်အား တစ်ခုဖြစ်နေမှာ အသေအချာပါပဲ။ ။
သီဟဟိန်း