Skip to main content

ပြည်ထောင်စုအသွင်သဏ္ဌာန် ပီပြင်ဖို့......

လူတို့သည် ကမ္ဘာတစ်လွှားတွင် မှီတင်းနေထိုင် ရှင်သန် ရပ်တည်နေကြသော သက်ရှိသတ္တဝါအမျိုးမျိုးအနက် အသိဉာဏ် အကြွယ်ဝဆုံး သတ္တဝါများဖြစ်ကြသည်။ ထိုသို့ အသိဉာဏ်အကြွယ်ဝဆုံး ဖြစ်ကြသည်နှင့်အမျှ ကမ္ဘာမြေပြင်ကို အစိုးမိုးနိုင်ဆုံး သတ္တဝါသည်လည်း လူသားများသာဖြစ်သည်။ ကမ္ဘာ့သမိုင်းတစ်လျှောက် ပေါ်ပေါက်ခဲ့သော ဖြစ်စဉ်ဖြစ်ရပ်များကို လေ့လာပါက အနည်းနှင့် အများဆိုသလို လူသားတို့၏ပယောဂမကင်းကြောင်း တွေ့ရမည်။ အကယ်စင်စစ် ကမ္ဘာဦးကာလကလူသားများ သည် အခြားသက်ရှိ သတ္တဝါများနည်းတူ အစားအစာများကို အလေ့ကျ လှည့်လည်ရှာဖွေစားသောက်ကာ အသက် ရှင်သန်ရပ်တည် ခဲ့ကြသည်။ နောက်ပိုင်း တွင် စိုက်ပျိုးမွေး မြူရေးလုပ်ငန်းများ ပေါ်ထွန်းလာပြီး အခြေတကျနေထိုင် ၍ ယဉ်ကျေးမှုတစ်စထက် တစ်စဖွံ့ဖြိုးကာ မျက်မှောက် ခေတ်လူ့အဖွဲ့အစည်းများအထိပြောင်းလဲလာခဲ့ခြင်းဖြစ်သည်။ ဆိုရလျှင် ယနေ့ကမ္ဘာ့အရေး အခင်းများ၊ နိုင်ငံ အသီးသီး၏ အရေးအရာများ ကိစ္စဝိစ္စဟူသမျှသည် လူသားများ၏ အရေးပင်ဖြစ်လေသည်။

လူသတ္တဝါတစ်ဦး စတင်မွေးဖွားသည်မှ သေဆုံးသည်အထိ လူသားဘဝကို ထိုလူသားရှင်သန်ရပ်တည်မှု ပုံစံအပေါ်အခြေခံပြီး ခွဲခြမ်းစိတ်ဖြာလျှင် မှီခိုနေရခြင်း၊ အမှီအခိုကင်းခြင်း သို့မဟုတ် လွတ်လပ်ခြင်းနှင့် အပြန် အလှန်မှီခိုနေရခြင်းဟူ၍ ပုံစံသုံးမျိုး တွေ့ရမည်ဖြစ်သည်။ အမိဝမ်းမှကျွတ်လာသည့် မွေးကင်းစ လူသားကလေးငယ်သည် ငိုကြွေးခြင်းမှအပ ဘာမျှမလုပ်နိုင်သေးသဖြင့် အမိ အဘ လူကြီး သူမတို့၏ အပြုအစု အယုအယကိုသာ ခံကြရစမြဲဖြစ်၏။ ယင်းသည် မှီခိုနေရခြင်းဟူသော ပထမ ပုံစံဖြစ်သည်။

အဆိုပါ လူသားငယ်ကလေးသည် မွေးကင်းစမှ လေးဖက်သွားအရွယ်၊ ထိုမှ လမ်းလျှောက်ခါစအရွယ်၊ ကျောင်းနေခါစအရွယ် စသဖြင့် တဖြည်းဖြည်း အရွယ် ရောက်လာသည့် ကာလတစ်လျှောက် မိမိ၏ တစ်ကိုယ်ရေကိစ္စများကို အမှီအခိုကင်းစွာ လုပ်ဆောင် တတ်အောင် သင်ယူခြင်း၊ လေ့ကျင့်ခြင်းများ လုပ်ကိုင် လာခဲ့သည်။ ဤသို့ဖြင့် အမှီအခိုကင်းခြင်း သို့မဟုတ် လွတ်လပ်ခြင်းပုံစံကို တည်ဆောက်ယူကြရမြဲဖြစ်သည်။ သို့သော် လုံးဝဥဿုံ အမှီအခိုကင်းစွာ နေထိုင်နိုင်ကြသည် မဟုတ်ပေ။ လူသားတစ်ဦး၏ ဘဝကို သေချာစွာ စေ့ငှ လေ့လာလျှင် အမှီအခိုကင်းသော အချိန်ရှိသလို သူတစ်ပါး ကို မှီခိုရသော အချိန်လည်း ရှိသည်။ အချို့ကိစ္စများတွင် အမှီအခိုကင်းစွာ ဆောင်ရွက်နိုင်သော်ငြားလည်း အချို့ ကိစ္စများတွင် အခြားသူတစ်ဦး သို့မဟုတ် အများကို မှီခို မှသာ အောင်မြင်စွာလုပ်ကိုင်နိုင်ကြလေသည်။ လက်တွေ့ ဘဝတွင် မှီခိုနေရခြင်းနှင့် အမှီအခိုကင်းခြင်းတို့မှာ အမြဲတစေ ယှဉ်တွဲ လျက်သာရှိသည်။

▲ အပြန်အလှန် အမှီသဟဲပြုကြရမြဲ ▲

အထက်ပါသဘောတရားသည်တတိယပုံစံဖြစ်သော အပြန်အလှန်မှီခိုနေရခြင်းပင် ဖြစ်တော့သည်။ လူမှန်သမျှ တစ်ဦးနှင့်တစ်ဦး အပြန်အလှန် မှီခိုနေထိုင်ခြင်းဖြင့်သာ အသက်ရှင်သန် ရပ်တည်နိုင်ကြမည်ဖြစ်သည်။ မိဘနှင့် သားသမီး၊ လင်နှင့်မယား၊ ဆရာနှင့် တပည့်၊ အလုပ်ရှင် နှင့် အလုပ်သမား၊ အစိုးရနှင့် ပြည်သူစသဖြင့် အပြန်အလှန် မှီခိုကြရသလို မိဘများအချင်းချင်း၊ သားသမီးများ သို့မဟုတ် ညီအစ်ကို မောင်နှမများအချင်းချင်း၊ ဆရာများ အချင်းချင်း၊တပည့်များအချင်းချင်း၊ အလုပ်ရှင်အချင်းချင်း၊ အစိုးရ အချင်းချင်း၊ ပြည်သူအချင်းချင်းလည်း အပြန် အလှန် အမှီသဟဲပြုကြရမြဲပင်တည်း။ လောက၌ သာမန် ပုထုဇဉ်လူသားကို မဆိုထားဘိ ဘုရား၊ ရဟန္တာစသော အရိယာပုဂ္ဂိုလ်တို့ပင်လျှင် အမှီအခိုမကင်းကြောင်း တွေ့ရမည်ဖြစ်သည်။ ထိုထက်ဆိုပါမူ လောကသုံးပါးရှိ လူအပါအဝင် သက်ရှိသတ္တဝါများနှင့် ဩကာသလောက၊ သင်္ခါရလောကဟူသော သဘာဝပတ်ဝန်းကျင်တို့သည် ပင်လျှင် အပြန် အလှန်မှီခိုပြီး အပြန်အလှန်အထောက်အကူ ပြုကြရန် အရေးကြီးကြောင်း အများလက်ခံထားကြပြီး ဖြစ်ပေသည်။

မှီခိုနေရခြင်းသည်လည်းကောင်း၊ အမှီအခိုကင်း ခြင်းသည်လည်းကောင်း ရေရှည်ရှင်သန်ရပ်တည်ရန် မဖြစ်နိုင်။ သာဓကဆိုပါမူ သားသမီးတို့သည် တစ်သက်လုံး မိဘများအပေါ် မှီခိုနေထိုင်သွားရန် သာမန်အားဖြင့် မဖြစ်နိုင်သည့် သဘောပင်တည်း။ မွေးကင်းစအရွယ်က မိဘလူကြီးများကို မှီခိုခဲ့ရပြီး ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်နိုင်လာသည်နှင့်အမျှ စားခြင်း၊ သောက်ခြင်း၊ တစ်ကိုယ်ရေ သန့်ရှင်းခြင်းကို ကိုယ်တိုင်လုပ်နိုင်သည်။ မှီခိုရန်မလိုတော့။ သို့သော် ပညာသင်ယူရေး၊ စားဝတ်နေရေးတို့အတွက်မူ မိဘများအပေါ် မှီခိုရဆဲမဟုတ်ပါလော။ တစ်ဖက်တွင်လည်း မိသားစုဝင်တစ်ဦးအနေဖြင့် အိမ်မှုကိစ္စများကို တတ်နိုင် သလောက် ဝင်ရောက်လုပ်ကိုင်ခြင်းဖြင့် မိဘများကို အထောက်အကူ ပြန်ပေးရသည်။ တစ်နည်းအားဖြင့် မိဘများက သို့မဟုတ် မိသားစုက ကိုယ့်ကို ပြန်မှီခိုရသည်။ ဤအချက်ကို ကြည့်လျှင် အပြန်အလှန်မှီခိုနေရခြင်းသည်သာ လူသားအားလုံးအတွက် အမှန်ကန်ဆုံး၊ အသင့်လျော်ဆုံးနှင့် အကျိုးအရှိဆုံးနေထိုင်မှု ပုံစံဖြစ်ကြောင်း အရှင်းလင်းဆုံးဥပမာကို တွေ့ရပေသည်။

▲ တည်ထောင်ပေါ်ထွန်း ▲

ဤသို့ဆိုလျှင် လူတစ်ဦးတစ်ယောက်ပင်ဖြစ်စေ၊ ၊ အဖွဲ့အစည်းတစ်ရပ်ပင်ဖြစ်စေ၊ တစ်ဦးတည်းတစ်ယောက်တည်း၊ တစ်ဖွဲ့တည်း အမှီအခိုကင်းစွာ ရှင်သန်ရပ်တည်နိုင်ပါ သလော။ ရှင်သန်ရပ်တည်သင့်ပါသလော။ ရှင်သန်ရပ်တည် ဖို့ ကြိုးစားသင့်ပါသလော။ လူတိုင်းလူတိုင်း၊ အဖွဲ့အစည်းတိုင်း အလေးထားစဉ်းစားကြရမည် ဖြစ်ပါသည်။ လူတို့ သည် တစ်ဦးတည်း တစ်ယောက်တည်း ရှင်သန်ရပ်တည်ရန် မဖြစ်နိုင်ခြင်းကြောင့်ပင်လျှင် မိသားစုများ၊ ရပ်ကွက်ကျေးရွာများ၊ မြို့ပြနိုင်ငံများ တည်ထောင်ပေါ်ထွန်း လာကြ ရသည် မဟုတ်ပါလော။ တစ်ဦးချင်း ရှင်သန်ရပ်တည်နိုင်မှသာ လူ့အဖွဲ့အစည်းလည်း ရှင်သန်ရပ်တည်နိုင်မည်။ တစ်ဦးချင်း ရှင်သန်ရပ်တည်နိုင်ရန် အချင်းချင်းအပြန်အလှန် မှီခို၍ အပြန်အလှန် ကူညီရိုင်းပင်းကြရန် လိုသည်။ လူတစ်ဦးချင်းသည် လည်း သူနှင့် ဆက်စပ်ပတ်သက်ရာ လူ့အဖွဲ့အစည်းအသီးသီးတွင် ပါဝင်နေကြပြန်ရာ ထိုလူ့ အဖွဲ့အစည်းများသည်လည်း အချင်းချင်း အပြန်အလှန် အမှီသဟဲပြုနေကြရမည် ဖြစ်ပေသည်။

မျက်မှောက်ခေတ်ကာလ အခြေအနေကို ကြည့်လျှင် လူအများသည် အချင်းချင်း အပြန်အလှန်မှီခို၍ လူ့အဖွဲ့ အစည်း ရှင်သန် ရပ်တည်နေနိုင်အောင် ကြိုးစားကြရမည် ဟူသော အယူအဆကို မေ့လျော့နေကြဟန်တူသည်။ သို့မဟုတ် မိမိတို့တစ်ဦး၊ တစ်ဖွဲ့ ကောင်းစားရေးကို ရှေ့တန်းတင်သောအတ္တဖုံးလွှမ်းမှုကြောင့် အများကောင်းစား ရေးအတွက် အရေးပါသည့်အချက်ကို မမြင်နိုင်ကြဟန် တူသည်။ ကမ္ဘာပေါ်ရှိ နိုင်ငံအသီးသီးတွင် ပဋိပက္ခများ၊ မကျေလည်မှုများ၊ အနိဋ္ဌာရုံများ ဖုံးလွှမ်းလျက်ရှိနေခြင်း၏ အဓိကအကြောင်းရင်းမှာ ဖော်ပြပါသဘောတရားကို အလေးမထားကြခြင်းကြောင့်ပင် ဖြစ်သည်။ အပြန်အလှန်အားဖြင့် လူတစ်ဦးချင်းမှစ၍ အဖွဲ့အစည်းများ၊ နိုင်ငံများ အကြား ချစ်ကြည်ရင်းနှီးမှု၊ ကူညီရိုင်းပင်းမှုများ၊ ယုံကြည် မှုများ တည်ဆောက် နိုင်မှသာ လက်ငင်းကြုံတွေ့နေရသော ပဋိပက္ခများချုပ်ငြိမ်းကာ ကမ္ဘာ့ငြိမ်းချမ်းရေးကို တည်ဆောက် နိုင်ကြမည်ဖြစ်သည်။ တစ်နည်းဆိုလျှင် လူသားတိုင်းသည် လူသားဆန်စွာ၊ လူပီသစွာ ပြုမူနေထိုင် ပြောဆိုလုပ်ကိုင် ကြရမည် ဖြစ်ပေသည်။

လူပီသခြင်းနှင့်ပတ်သက်၍ ပြီးခဲ့သော လွတ်လပ်ရေးနေ့က ကြုံခဲ့ရသော မြေးအဘိုးနှစ်ဦးအကြောင်း ရေးလိုပါ သေးသည်။ လွတ်လပ်ရေးနေ့ ရုံးပိတ်ရက်မို့ မတွေ့တာကြာပြီဖြစ်သောအငြိမ်းစားဆရာသမားတစ်ဦးထံသွားလည်ခဲ့ပါသည်။ အငြိမ်းစား အရာရှိကြီး အဖြစ် ဘဝကိုအေးချမ်းစွာ ဖြတ်သန်းနေသော ဆရာအား မူကြိုကျောင်းသူမြေးမလေးနှင့်အတူ တွေ့ရသည်။ သားအဖလိုနေလာ ခဲ့သော သံယောဇဉ်ကြောင့် တွေ့သည် နှင့် ရှေးဟောင်းနှောင်းဖြစ် စကားလက်ဆုံ ပြောမကုန်တော့ပေ။ ထိုစဉ် မြေးမလေးက ပုံပြောရန် ပူဆာလာသဖြင့် မြေးမလေးကို အဘိုးက ဤသို့ ဆိုလိုက်သည်။

“ဒီမှာကြည့်သမီးဟောဒါဘိုးဘိုးတို့နေတဲ့ကမ္ဘာကြီးရဲ့ မြေပုံနော်။ အဲဒီမြေပုံကို ဘိုးဘိုးက အပိုင်းကလေးတွေ ဖြတ်လိုက်မယ်။ သမီးက နဂိုအတိုင်းဖြစ်အောင်ပြန်ဆက်။ ပြီးတာနဲ့ ဘိုးဘိုးက ပုံပြောပြမယ်ဗျာ။ ဟုတ်ပြီလား” ဆိုကာ အေဖိုးဆိုဒ်အရွယ် ကမ္ဘာ့ မြေပုံစာရွက်ကို ကတ်ကြေးဖြင့် အပိုင်းကလေးများဖြစ်အောင် ညှပ်ပေးလိုက်သည်။ ပြီးတော့ ကျွန်တော့်ဘက်လှည့်ပြီး “မြေးကလေးကို ဒီလို အလုပ်ပေး ထားမှ ငါတို့ စကားအေးအေးဆေးဆေးပြောရမှာကွ၊ အနည်းဆုံး နာရီဝက်လောက်ဆက်ရမယ် ထင်တယ်”ဟု ပြော၏။ ဉာဏ်ရည်ထက်မြက်ပြီး စိတ်သဘောထား နူးညံ့သိမ်မွေ့သော ဆရာသမားအကြောင်း ကို ငယ်စဉ် ကတည်းက သိပြီးဖြစ်၍ ပြုံးလျက် ခေါင်းညိတ် မိသည်။ သို့သော် ဆရာသမားထင်သလို ဖြစ်မလာပါ။ ငါးမိနစ်ပင် မကြာလိုက်မီ တိကျသေချာစွာ တွဲဆက်ထားသော ကမ္ဘာ့မြေပုံစာရွက်ကိုကိုင်ပြီး မြေးဖြစ်သူက ပြန်ရောက်လာသည်။ သူ့အဘိုးရော ကျွန်တော်ပါ အံ့အားသင့်ရသည်။ “ဟာ၊ တယ်တော် ပါလားဟေ့။ ဘယ်လိုဖြစ်ပြီး ဒီလောက် မြန်မြန်တွဲနိုင်ရတာလဲ သမီး ရဲ့။ ပြောစမ်းပါဦး” ဆိုတော့ မြေးမလေး၏ အရည်အချင်း ကို မချီးကျူးဘဲ မနေနိုင်အောင်ဖြစ်ရသည်။ အဖြေကား ဤသို့တည်း။

ဒီလိုလေ ဘိုးဘိုးရဲ့၊ ဘိုးဘိုးပေးတဲ့ မြေပုံစာရွက် နောက်ကျောမှာ လူတစ်ယောက်ပုံ ပါတယ်လေ။ သမီးက မြေပုံကိုမကြည့်ဘူး။ နောက်ကျောက လူပုံပေါ်အောင် ပြန်ဆက်လိုက်တာ။ လူပုံပေါ်သွားတော့ မြေပုံလည်း ဆက်စပ်ပြီးသားဖြစ်သွားတာပေါ့။”

မြေးမလေး၏ အဆုံးသော်လည်း ကျွန်တော်၏ အတွေးများကား မဆုံးတော့ပေ။ မြေပုံကို မကြည့်ဘူး၊ လူကိုကြည့်သည် ဆိုပါ လား။ လူပုံပေါ်ရင် မြေပုံလည်း ဆက်စပ်ပြီးသား ဖြစ်သွားသည် ဟူ၏။ မှန်လိုက်တာဟု ရင်ထဲက မြည်တမ်းတမိသည်။ ကျွန်တော် တို့လူကြီးတွေ လုံးဝမတွေးမိသောအတွေးကို မူကြိုအရွယ်သမီးငယ် ကလေးက လက်တွေ့လုပ်ပြသွားချေပြီတည်း။ လူပုံ သဏ္ဌာန် ပီပြင်မှသာ ကမ္ဘာ့နိုင်ငံအသီးသီးကို စုစည်း ထားသော ကမ္ဘာ့မြေပုံကိုရမည်။ တစ်နည်းအားဖြင့် လူတွေအားလုံး လူပီသမှသာ ကမ္ဘာမြေတစ်ခွင် တည်ငြိမ် အေးချမ်းမည်ဟု ယူဆရပေမည်။

▲ လက်ခံကျင့်သုံးရမည့်ပုံစံ ▲

ယခုနှစ် ပြည်ထောင်စုနေ့ကာလတွင် ကျွန်တော် စိတ်ဝယ် ထူးခြားသောအတွေးတစ်စ ဝင်ရောက်ခဲ့ချေပြီ တည်း။ ဤစာစု၏ ရှေ့ပိုင်းတွင် ရေးသားခဲ့သလို မှီခိုနေရ ခြင်း၊ အမှီအခိုကင်းခြင်း သို့မဟုတ် လွတ်လပ်ခြင်းနှင့် အပြန်အလှန်မှီခိုနေရခြင်းဟူသော ပုံစံသုံးမျိုးတွင် မည်သည့်ပုံစံကို အလေးထားကျင့်သုံးသင့်ပါသနည်း။ အကယ်စင်စစ် အမြဲတစေ မှီခိုနေရခြင်းနှင့် အမြဲတစေ အမှီအခိုကင်းခြင်း ဟူ၍ မရှိချေ။ အပြန်အလှန်မှီခိုနေရခြင်း သည်သာ လူသားအားလုံး အမြဲတစေ လက်ခံကျင့်သုံးရ မည့်ပုံစံဖြစ် တော့သည်။ သို့ဆိုပါလျှင် ကျွန်တော်တို့နိုင်ငံ၏ လွတ်လပ်ရေး အဓွန့်ရှည်တည်တံ့ရေးအတွက် နိုင်ငံသား အားလုံးလိုက်နာကျင့်ကြံ နေထိုင်ရမည့်ပုံစံကိုထောက်ချင့် နိုင်ကြမည် ထင်ပါသည်။ ယင်းကား အပြန်အလှန် မှီခို နေရခြင်းပင်ဖြစ်သည်။

မြန်မာနိုင်ငံ၏ရေမြေတောတောင် သဘာဝအတွင်း မှီတင်းနေထိုင်ကြသော လူသားများ သို့မဟုတ် နိုင်ငံသား များအားလုံး တစ်ဦး နှင့် တစ်ဦး ချစ်ကြည်ရင်းနှီးစွာ အပြန် အလှန်မှီခိုပြီး အချင်းချင်း ရိုင်းပင်းကူညီခြင်းသာလျှင် လွတ်လပ်ရေးအဓွန့်ရှည်အောင် ဦးတည်ဆောင်ရွက်နိုင် မည်ဖြစ်သည်။ ယင်းသို့နေထိုင်ဆောင်ရွက်ရန် ပြည်ထောင်စု စိတ်ဓာတ်ကို အရင်းတည်ရမည် မဟုတ် ပါလော။ ပြည်ထောင်စုအသွင်သဏ္ဌာန် ပီပြင်ဖို့ဆိုလျှင် ကျွန်တော် တို့အားလုံး လူပီသဖို့ အဓိကကျသည် မဟုတ်ပါလော။ ကျွန်တော်သည် မကြာမီ ကျရောက်တော့မည့် ပြည်ထောင်စုနေ့သို့ မှန်းမျှော်ကြည့်နေမိပါတော့သည်။

မောင်ကြာလှ

၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်