Skip to main content

ပြည်ထောင်စု၏ ဗိသုကာ

နေရာအားဖြင့် နေပြည်တော် ပျဉ်းမနား-တောင်ညိုလမ်းနှင့် ရာဇသင်္ဂဟလမ်းဆုံရာ သပြေကုန်းအဝိုင်းတွင်ဖြစ်၏။ သပြေကုန်း အဝိုင်းသည် နေပြည်တော်ရှိအဝိုင်းများတွင် အမြင်အားဖြင့် နေ့နေ့ညည အလှဆုံးအဝိုင်းဖြစ်၏။ အဝိုင်း၏ ပတ်လည်ကို ကုန်းမြင့်များက ကာရံထားသကဲ့သို့ရှိ၏။ ထိုကုန်းမြင့်များရှိ သဘာဝပေါက်ပင်များနှင့် လူတို့ဖန်တီးထားသည့် ပန်းအလှပင်တို့၏ ရောနှောနေသည့်အလှမှာ အဝိုင်း၏အလှကို အရည်တက်စေသကဲ့သို့ရှိ၏။ ဤနေ့တွင်ကား သပြေကုန်းအဝိုင်း၏အလှသည် အလှတွင် အယဉ်ဆင့် ဆိုသကဲ့သို့ တင့်တယ်ခြင်းအကြောင်းက ထပ်ပိုး၍လာပြန်ချေသည်။

မင်္ဂလာအချိန်တည်းဟူသော အချိန်တစ်ခုကို စောင့်ဆိုင်းရင်း ရသည့်အချိန်တွင် အဝိုင်း၏ ပျဉ်းမနားဘက်ခြမ်းတွင် ပြသထားသည့် ပြန်ကြားရေးဝန်ကြီးဌာန၏ ပြခန်းသို့ရောက်ရှိလေ့လာဖြစ်သေး၏။ ထိုပြခန်းကို "ပြည်ထောင်စု၏ဗိသုကာ အမျိုးသားခေါင်း ဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ (၁၀၅) နှစ်မြောက် မွေးနေ့ပြခန်း" ဟု အမည် တပ်ထား၏။

ထိုပြခန်းတွင် ဗိုလ်ချုပ်အောင်ဆန်း၏ မိသားစု၊ တက္ကသိုလ်ကျောင်းသားဘဝ၊ နိုင်ငံရေး လှုပ်ရှားဆောင်ရွက်မှုများ၊ တပ်မတော် သားဘဝ၊ ဂျပန်နှင့် လန်ဒန်ခရီးစဉ်၊ ဗိုလ်ချုပ်၏လက်ရေးမူအချို့၊ အသုံးအဆောင်များ၊ ဗိုလ်ချုပ်၏မိန့်ခွန်းကောက် နုတ်ချက် များနှင့် ဗိုလ်ချုပ်အကြောင်း စပ်ဆိုခဲ့သည့် ကဗျာများကို ဓာတ်ပုံမှတ်တမ်းများဖြင့် ပြသထား၏။ စာရေးဆရာအသီးသီး၏ ဗိုလ်ချုပ်အကြောင်းရေးသားခဲ့သည့် စာအုပ်စာစောင်များကိုလည်း ခင်းကျင်းပြသထား၏။ ပြခန်းကို လှည့်လည်ကြည့်ရှုပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနက ပြုစုထုတ်ဝေသည့် “ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းပေါင်းချုပ်" စာအုပ် ကိုဝယ်ယူအားပေးကာသပြေကုန်းအဝိုင်းသို့ သွားခဲ့၏။

ခန့်ညားထည်ဝါ

သပြေကုန်းအဝိုင်းသို့မျက်နှာမူလိုက်သည်နှင့် အချိုးအစားပြေပြစ်ကာ ခန့်ညားထည်ဝါသည့် ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကြေး ရုပ်တုက ရောင်စုံပန်းတို့အလယ်တွင် ကြွားကြွားဝံ့ဝံ့ အသက်ဝင်နေသကဲ့သို့ တွေ့ရ၏။ ဗိုလ်ချုပ်အကြောင်းကို ယခင်က လေ့လာမှတ်သားခဲ့ဖူးသည့် အသိနှင့် ပြခန်းတွင် လတ်တလောလေ့လာခဲ့ရသည့် ဗိုလ်ချုပ်၏ဘဝဖြစ်စဉ်တို့သည် ထိုမြင်းစီး ကြေးရုပ်ကို အသက်သွင်းပေးနေသည်ထင့်။

ဗိုလ်ချုပ်သည် ဗမာ့ကာကွယ်ရေး တပ်မတော်(BDA) သေနာပတိဝတ်စုံနှင့် စစ်မြင်းထက်တွင် ခံ့ခံ့တည်တည်ကြီး ရှိနေ၏။ စစ်မြင်းသည်လည်း အကြောအခြင် သန်မာစွာနှင့် ကြွကြွရွရွ ဖျတ်လတ်နေသည့် ပုံပေါက်နေ၏။ ထိုဗိုလ်ချုပ်မြင်းစီးရုပ်တုကို ကြေးတန်ချိန် ခုနစ်တန်ဖြင့် ထုလုပ်ကာ ရုပ်တုအမြင့်၁၈ပေရှိပြီးလေးချောင်းထောက်အောက်ခံခုံအမြင့်မှာ ၁၆ ပေရှိရာ စုစုပေါင်း ၃၄ ပေအမြင့်ရှိကြောင်း သိရ၏။ အရပ် လေးမျက်နှာမှ သပြေကုန်းအဝိုင်းသို့ ချဉ်းကပ် လာကြကုန်သူအပေါင်းတို့သည် ထိုမျှအမြင့်ရှိသော ရုပ်တုကို ထင်ရှားဂုဏ်ယူစရာအဖြစ် မြင်ကြကုန်ရာ၏။ ဆိုခဲ့ပြီးဖြစ်သည့် သပြေကုန်း အဝိုင်းကို ထပ်ပိုး၍ တင့်တယ်စေသည့် အကြောင်းမှာ ထိုဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကြေးရုပ်တုပင် ဖြစ်တော့၏။

ထိုမှတစ်ဖန် ရုပ်တုအခြေသို့သွား၍ အနီး ကပ်လေ့လာကြည့်ပြန်ရာ လေးကိုင်းသဖွယ်အောက်ခံခုံ၏ အခြေလေးခုတွင် ကပ်ထား သည့် ရုပ်တုတည်ဆောက်မှုမော်ကွန်း မှတ်တမ်းလွှာ၊ ရုပ်တုတည်ဆောက်ရေးအတွက် အလှူငွေနှင့် လုပ်အားထည့်ဝင်မှု မှတ်တမ်း လွှာ၊ ဗိုလ်ချုပ်အောင်ဆန်း၏ ၁၉၄၅ ခုနှစ် ဩဂုတ်လ စတုတ္ထအကြိမ်မြောက် နိုင်ငံ့ခေါင်းဆောင်များ အစည်းအဝေးတွင် မြွက်ကြား သည့် မိန့်ခွန်းမှကောက်နုတ်ချက် နှင့် ပြည်ထောင်စု၏ဗိသုကာ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းဟူသည့် ကမ္ပည်းမော်ကွန်းကြေးပြားလေးခုကို တွေ့ရ၏။

ကိုယ်ရေးအတ္ထုပ္ပတ္တိ

ထိုကမ္ပည်းမော်ကွန်း ကြေးပြားလေးခုအနက် “ပြည်ထောင်စု၏ဗိသုကာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း" ဟူ သည့် ကမ္ပည်းမော်ကွန်းတွင် ဗိုလ်ချုပ်၏ မွေးဖွားသည်မှ ကျဆုံးချိန်အထိ ဘဝဖြစ်စဉ် အကျဉ်းကို ရေးထိုးထား၏။ ထိုကမ္ပည်းစာသား ကိုဖတ်ရင်း ဗိုလ်ချုပ်ကိုယ်တိုင်ရေးခဲ့သည့် ကိုယ်ရေးအတ္ထုပ္ပတ္တိကို သတိရမိလိုက်သေး၏။

"အချိန်ကား ၁၉၁၅ ခု၊ ဖေဖော်ဝါရီလဖြစ်၍ ပထမကမ္ဘာစစ်ကြီး၏ဒုတိယနှစ်ထဲပင်ဖြစ်ပေ သည်။ ထိုနှစ် ဖေဖော်ဝါရီလ ၁၃ ရက် (၁၂၇၆ ခု၊ တပေါင်းလဆန်းတစ်ရက်၊ စနေနေ့)လင်းအား ကြီးအချိန်တွင် ကျွန်တော်သည် လူ့ပြည်သို့ ပထမဆုံးရောက်ရှိလာ ပေသည်။ ဖေဖော်ဝါရီလ ၁၃ ရက်ကား နာမည်ကျော် နက္ခတ်ဗေဒင်ဆရာကြီး ကိုင်ရို၏ ဟောပြော ချက်အရဆိုလျှင် တိုင်းပြည် တစ်ပြည်၏ အစိုးရနန်းတို့ကို ဖြိုဖျက်နိုင်စွမ်းသောသူများ မွေးတတ်သောနေ့ဟု ပြောထားလေသည်။ ထိုနေ့တွင်မွေးသော ကျွန်တော်မှာ သူပုန်လောင်း ကလေးဖြစ်သည်ကို ထိုအခါက မည်သူမျှ ထူးထူးခြားခြားမထင်ခဲ့ကြပေ။ ကျွန်တော်၏ ဇာတာအမည် မှာ ထိန်လင်းဖြစ်လေသည်။ သို့သော် ကျွန်တော့်အထက်အစ်ကို ကိုအောင်သန်းနှင့် နာမည်လိုက်အောင် အောင်ဆန်းဟု နာမည် တွင်လေသည်။" ဟူ၍ ဖြစ်၏။

ယနေ့တွင် ကျရောက်သည့် ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့သည် ဗိုလ်ချုပ်အောင်ဆန်း၏ (၁၀၅) နှစ်မြောက် မွေးနေ့ ဖြစ် နေသည်။ ဗိုလ်ချုပ်သည် သူ၏ ရေးသားချက် အတိုင်း နယ်ချဲ့အစိုးရကိုဖြိုဖျက်၍ လွတ်လပ်သောနိုင်ငံအဖြစ် ရောက်ရှိအောင် ဦးဆောင် ဦးရွက်ပြုခဲ့သည်။ ကမ္ဘာ့အလယ်တွင် မြန်မာ ဟူသည့် ပြည်ထောင်စုကို ထုဆစ်ပုံဖော်ပေးနိုင် ခဲ့သည်။ ထိုမွေးနေ့တွင် နေပြည်တော် သပြေကုန်းအဝိုင်းရှိ ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကြေးရုပ်တုအနီးတွင် လူအများစုဝေး လျက်မင်္ဂလာအချိန်ကို စောင့်ဆိုင်းနေကြသည်။

ထိုအချိန်တွင် ဗိုလ်ချုပ်ရုပ်တုကိုကြည့်ရင်း ရုပ်တုပြုလုပ်ခြင်းနှင့်ပတ်သက်၍ စဉ်းစားခန်း ဝင်နေမိသေး၏။ လူတို့သည်ကိုးကွယ် ယုံကြည်ရာ၊ မြတ်နိုးလေးစားရာ၊ စံနမူနာယူစရာ၊ကျေးဇူးရှိရာ ပုဂ္ဂိုလ်တို့ကို ၎င်းတို့လောက အတွင်း၌ မရှိတော့သည့်တိုင် ပုံတူပြုလုပ်၍ သက်ရှိထင်ရှားရှိသကဲ့သို့ ဖန်တီးတတ်ကြကုန် ၏။ တစ်နည်းအားဖြင့် မူရင်းပုဂ္ဂိုလ်၏ သူမတူ သည့် အရည်အချင်း များသည် ပုံတူရုပ်တုများ တွင် ကိန်းဝပ်လာသည့်သဘောဆောင်ကာ ရုပ်တုကိုမြင်တိုင်း ထိုသူ၏မိန့်မှာဆောင်ရွက် ချက်များကို မမေ့မလျော့ လိုက်နာဆောင်ရွက် ကြစေရန် လုပ်ဆောင်နည်းတစ်မျိုးဖြစ်လေ၏။

ဘဝသမိုင်းကိုကောင်းအောင်ရေးနိုင်ခဲ့

ဗိုလ်ချုပ်အောင်ဆန်းသည် ကလေးဘဝ၊ တက္ကသိုလ်ကျောင်းသားဘဝ၊ တပ်မတော်သား ဘဝ၊ နိုင်ငံရေးသမားဘဝ၊ တော်လှန်ရေး သမား ဘဝ၊ နိုင်ငံခေါင်းဆောင်ဘဝတို့တွင် ကျင်လည်ခဲ့ရာ သူ၏ ဘဝခရီးတစ်လျှောက် တွင် ရိုးသားမှု၊ ကြိုးစားမှု၊ တိုင်းပြည်နှင့် လူမျိုး အပေါ် စေတနာထားမှု၊ အမှန်တရားကို မြတ်နိုးမှု၊ စွန့်လွှတ်အနစ်နာခံမှု၊ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများအပေါ် ချစ်ကြည် လေးစားမှုတို့ဖြင့် ဘဝသမိုင်းကို ကောင်းအောင်ရေးနိုင်ခဲ့၏။

ဗိုလ်ချုပ်သည် အမိနိုင်ငံတော်ကို သူ့ကျွန် ဘဝက လွတ်မြောက်အောင် ကိုယ်ကျိုးစွန့် အနစ်နာခံကာ ဦးဆောင်ဦးရွက်ဆောင်ရွက် ပြုခဲ့သူဖြစ်သည်နှင့်အညီ သူ့သမိုင်းသည် နိုင်ငံ့သမိုင်းဖြစ်နေပြန်၏။ သို့အတွက် ဗိုလ်ချုပ်အောင်ဆန်းဆိုသည်နှင့်ကျောင်းသား ခေါင်းဆောင်၊ လွတ်လပ်ရေး၏ မီးရှူး တန်ဆောင်၊ အမျိုးသားခေါင်းဆောင်၊ နယ်ချဲ့တော်လှန်ရေးခေါင်းဆောင်၊ မျိုးချစ် ပုဂ္ဂိုလ်ကြီး၊ တပ်မတော်၏ဖခင်၊ စစ်သေနာ ပတိ၊ နိုင်ငံရေးသမား၊ ပြည်ထောင်စု၏ ဗိသုကာ စသည့် ဂုဏ်ထူးဝိသေသတို့က တွဲလျက်ပါလာကြပြန်၏။

ထိုသို့ ရုပ်တု၏သဘောနှင့် ဗိုလ်ချုပ်၏ ဂုဏ်ထူးဝိသေသတို့ကို ပေါင်းစပ်လိုက်သော အခါ ဗိုလ်ချုပ်ရုပ်တုသည် သက်ရှိထင်ရှား ဗိုလ်ချုပ်ကို ကိုယ်စားပြုနိုင်လာလေသည်။ ဤသို့ ရုပ်တု၏ သဘောကိုစဉ်းစားဝေဖန် နေချိန်တွင် ဗိုလ်ချုပ်အောင်ဆန်းမြင်းစီး ကြေးရုပ်တုအနီးတွင် စုဝေးနေကြသူ အားလုံးအတွက် မင်္ဂလာအချိန်သို့ရောက်ရှိ လာလေပြီ။

မြင်းစီးကြေးရုပ်တု

သက္ကရာဇ်၁၃၈၁ ခု၊ တပို့တွဲလပြည့်ကျော် ၅ ရက်၊ ခရစ်သက္ကရာဇ် ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်၊ နံနက် ၀၈:၁၈ နာရီ ခန့်တွင် ပြည်ထောင်စု၏ဗိသုကာအမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကြေးရုပ်တုကို ဗိုလ်ချုပ်၏ (၁၀၅) နှစ်မြောက် မွေးနေ့ အထိမ်းအမှတ်အဖြစ် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးလိုက် ပါသည်။ ထိုဖွင့်ပွဲအခမ်း အနားသို့ ဧည့်ပရိသတ်နှစ်သောင်းကျော် တက်ရောက်ချီးမြှင့်ခဲ့ကြပါသည်။

အခမ်းအနားကို အစီအစဉ်အတိုင်း ဆက်လက်ကျင်းပရာ နိုင်ငံတော်သမ္မတနှင့် ဗဟိုအဆင့်အကြီးအကဲများက ဗိုလ်ချုပ် အောင်ဆန်း မြင်းစီးကြေးရုပ်တုရှေ့တွင် တိုင်းရင်းသား တိုင်းရင်းသူ လူငယ်များနှင့် စုပေါင်းဓာတ်ပုံရိုက်နေကြသည်ကို တွေ့မြင် နေရသည်။ ထိုမြင်ကွင်းကို မြင်ဆဲခဏတွင် စစ်မြင်းပေါ်တွင် ဇက်ကြိုးကိုကိုင်လျက် စီးနင်းနေသည့် ဗိုလ်ချုပ်ရုပ်တုသည်သာ စကားပြောခဲ့မည်ဆိုပါလျှင် ဆိုသည့်အတွေး သည် ရုတ်ခြည်းပေါ်လာလေ၏။

ငါကိုယ်တိုင် သွေးအသက်နှင့်ရင်းပြီး ထုဆစ်ပုံဖော်ထားခဲ့တဲ့ ပြည်ထောင်စုကြီးကို ဥမကွဲ သိုက်မပျက်စေဘဲ မျိုးဆက်သစ်များ ကို လက်ဆင့်ကမ်းပေးပါဟု တက်ရောက် လာသူများအားလုံးကိုမှာကြားလေမည်လား။ ပြည်ထောင်စုစိတ်ဓာတ်ကို အရင်းတည်ပြီး တစ်ယောက်တစ်လက်လက်ချင်းဆက်ကာ ပြည်ထောင်စုကြီး အဓွန့်ရှည်တည်တံ့ခိုင်မြဲရေးအတွက် တိုင်းရင်းသားအချင်းချင်း သွေးစည်းညီညွတ်ကြပါဟု တိုင်းရင်းသား တိုင်းရင်းသူလူငယ်များကို မှာကြားချင်သည်လား။

သို့တည်းမဟုတ်(၂၀)ရာစုပင်လုံစိတ်ဓာတ် ဖြင့် လွတ်လပ်ရေးကို အရယူခဲ့ကြပြီ။ (၂၁) ရာစုပင်လုံဖြင့် လက်နက်ကိုင်ပဋိပက္ခများ အမြန် ချုပ်ငြိမ်းပြီး ငြိမ်းချမ်းသော ပြည်ထောင်စုကြီး ဖြစ်ပါစေသားဟု ဆုတောင်းပေးနေမည်လား။

ထိုသို့သော အတွေး များစွာဖြင့်။ ။

အန်ကယ်ပညာ