ကမ္ဘာမြေကို ကာကွယ်ဖို့ ပလတ်စတစ်သုံးစွဲမှု လျှော့ချပါစို
လူတစ်ခု ပူမှုဆယ်ကုဋေဟု ဆိုရမလိုပင်။ လူတို့၏ အတ္တ၊ လောဘ၊ မာန်မာနတို့ကြောင့် အပူမီးများ တောက်လောင်နေကြ သည်။ အလိုလိုနေရင်း ဒေါသစိတ်တွ ကြေီးထွားနေကြသည်။ အဆင်အခြင် မဲ့လာသည်။ သာမန်ကိစ္စလေးများကို အကြောင်းပြု၍ ကြောက်စရာကောင်းလှသော ပြစ်မှုများကို လွယ်လွယ်ကျူးလွန်လာနေ ကြသည်။ ကိုယ်ချင်းစာတရား၊ မေတ္တာတရားများ ပွားများရန် မေ့လာကြသည်။ ပြစ်မှုဆိုင်ရာ သုတေသနပညာရှင်များကလည်း ပြောကြသည်။ လူတို့ယခုကဲ့သို့ ဖြစ်ပွားရာတွင် ကမ္ဘာကြီးပူနွေးလာမှုကလည်း အခန်းကဏ္ဍတစ်ခု အနေဖြင့် ပါဝင်နေသတဲ့လေ။ ဘာမှတော့မဆိုင်သလိုပဲ။ ဒါပေမယ့် သုတေသနရလဒ်တွေအရ အအေးပိုင်းနိုင်ငံတွေထက် အပူပိုင်းနိုင်ငံတွေက ပြစ်မှုကြီးတွေ ကျူးလွန်မှု ပိုမိုများပြားတာက သက်သေပင်ဖြစ်နေလို့ လက်ခံရ ခက်ခဲပေမယ့် လက်ခံခဲ့ရသည်။
မြေကမ္ဘာကြီးရေရှည်တည်တံ့ခိုင်မြဲဖို့
မြန်မာနိုင်ငံတွင်လည်း ယခုနှစ်နွေရာသီသည် အပူချိန်များ စံချိန်သစ်တွေ တင်သွားသည်။ ပူတယ်လေ ဆယ်နေကဲလို့ ပြောရမလား။ လှတောသားတွေ ပြောသလို ငရဲအိုးထဲ ရောက်နေသလားမှတ်ရတယ်လို့ ဆိုရမလား။ ပူချက်ကတော့ ကမ်းကုန်ပဲလေ။ တချို့ကပူတဲ့အကြောင်းရင်းကို သစ်ပင်တွေ မဆင်မခြင်ခုတ်လို့တဲ့၊ သိပ္ပံပညာ ရှင်တွေကလည်း နေဂြိုဟ်က တဖြည်းဖြည်း ကြီးလာလို့တဲ့၊ စုံနေတာပဲ။ သူတို့တွေ ပြောတဲ့အချက်တွေကိုလည်း အထောက်အထား ခိုင်ခိုင်မာမာနဲ့ ပြောကြလို့စိတ်ဝင်စားစရာ၊ လက်ခံချင်စရာပင်။ ဒါကြောင့်ပဲ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပုဂ္ဂိုလ်တွေ၊ အသင်းအဖွဲ့တွေက သစ်ပင်တွေစိုက်ဖို့ နည်းလမ်းပေါင်းစုံကနေ ပညာပေး နေသည်။ ကိုယ်တိုင်လည်း စိုက်ကြသည်။ စိုက်ချင်တဲ့သူတွေကိုလည်း သစ်ပင်ပျိုးပင်တွေ ဝေငှကြသည်။ ပြီးတော့အဖိုးတန်ရေတွေကို ချွေတာသုံးစွဲဖို့၊ စနစ်တကျ သုံးစွဲဖို့နှင့် ပလတ်စတစ်တွေသုံးစွဲမှု လျှော့ချရေးတို့ကိုလည်း ပညာပေးလျက်ရှိသည်။ မြေကမ္ဘာကြီး ရေရှည်တည်တံ့ခိုင်မြဲဖို့ ဆောင်ရွက်နေကြတာ အားရစရာပါပဲ။ တစ်ယောက်မှ တစ်မိသားစု၊ တစ်မိသားစုမှ တစ်ရပ်ကွက်စသည်ဖြင့် တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဆောင်ရွက်ရင်စိမ်းလန်းစိုပြည်တဲ့ နိုင်ငံ၊ ရာသီဥတုကောင်းမွန်တဲ့ နိုင်ငံဖြစ်လာမှာ မလွဲပါဘူး။
လက်ရှိကမ္ဘာပေါ်တွင် သဘာဝကပေးသော လက်ဆောင်မွန်များကို လွယ်လွယ်ကူကူ ရယူသုံးစွဲနေသည်။ စီးပွားရေး၊ ကြီးပွားရေး အတ္တများ အမှောင်ဖုံး၍ သဘာဝကပေးသော လက်ဆောင်မွန်များကို တန်ဖိုးမထား၊ ဖျက်ဆီးသကဲ့သို့ ဖြစ်လာနေသည်။ ရှားပါးလာသော ရေချို၊ ညစ်ညမ်းလာသောလေနှင့် ကျဉ်းမြောင်း လာသောမြေ တို့ကြောင့် ကမ္ဘာကြီး သည် ပျက်စီးချွတ်ယွင်းမှု အရှိန်အဟုန်မြန်မြန် ဖြစ်လာနေသည်။ ဘယ်သူမပြု၊ မိမိမှုပင် ဖြစ်သည်။ အသိဉာဏ် အဆင့်မြင့်သော၊ တွေးခေါ်မြော်မြင်နိုင်မှု မြင့်မားသော လူတို့ကြောင့် ပင်ဖြစ်သည်။ သဘာဝကပေးသော နေရာမြေ၊ သောက်စရာရေနှင့် ရှူစရာလေတို့ကို အလကားနီးနီးလောက်ရနေသဖြင့် တန်ဖိုးထားရကောင်းမှန်းမသိပေ။ ထိုမြေ၊ လေနှင့် ရေတို့ကို ထာဝစဉ်ရရှိမည်ဟု ထင်မြင်ယူဆ နေကြသည်။ ထို့ကြောင့်ပင် လူသားတို့၏ အပြစ်ခြောက်ပါးကို သဘာဝ ပတ်ဝန်းကျင် ပညာရှင်များက သတိမူမိစေရန်နှင့် ဆင်ခြင်မိနေစေရန် ဖော်ပြကြသည်။
လူသားတို့က အရေးမကြီးဟု ထင်မြင်ယူဆကာ အပြစ်ခြောက်ပါးကို ကျူးလွန်နေကြ၍ ကမ္ဘာကြီးသည် တဖြည်းဖြည်း ခံနိုင်ရည်စွမ်းရည်၊ တည်ငြိမ်မှုစွမ်းရည်၊ အကျိုးပြုပေးနိုင်မှု စွမ်းရည်များ ခြောက်ခန်း လာနေသည်။ လူသားတို့၏ အပြစ်ခြောက်ပါးဖြစ်သည့် သဘာဝအရင်း အမြစ်များသည် သုံးမကုန်၊ စားမကုန်ဖြစ်နေသည်ဟု လည်းကောင်း၊ သဘာဝ သည် လူသားတို့ထုတ်လုပ်၊ သုံးစွဲ၊ စွန့်ထုတ်လိုက်သော အညစ်အကြေးမှန်သမျှကို စုပ်ယူသိမ်းဆည်း လက်ခံနိုင်သည်ဟု လည်းကောင်း၊ သဘာဝမျိုးစိတ်များကို အလေးမထား၊ ဂရုမပြုဘဲနောင်မျိုးစိတ်တွေ ထပ်ရှိလာမည်ဟု သဘောထား၍ အစွမ်းကုန်ဖျက်ဆီးနေ၍ လည်းကောင်း၊ မိမိတို့၏ ခန္ဓာကိုယ်သည် မိမိတို့ထုတ်လုပ်သော ပစ္စည်းများ၏ ဘေးထွက် ဆိုးကျိုးများကို ကာကွယ်နိုင်သည်၊ ခုခံနိုင်သည်ဟု အထင်တကြီး ယုံကြည်လက်ခံနေ၍လည်းကောင်း၊ သဘာဝက ပေးအပ်သော အရင်းအမြစ်များ အားလုံးကိုသိပ္ပံနည်းပညာဖြင့် ပြုလုပ်နိုင်သည်ဟု စိတ်ကြီးဝင်နေ၍လည်းကောင်း၊ လူ့အဖွဲ့အစည်းကို နည်းပညာများဖြင့် လွယ်လွယ်ကူကူပင် အုပ်ချုပ်၊ စီမံ၊ ခန့်ခွဲနိုင်သည်ဟု ခပ်လွယ်လွယ် ယူဆနေကြ၍ လည်းကောင်း သဘာဝကိုအလေးမထား အဆိုပါအပြစ်ခြောက်ပါးကို ထမင်းစား ရေသောက်ပမာ လွယ်လွယ်ကျူးလွန် နေကြသည်။
လူသားတို့ရဲ့အပြစ်ခြောက်ပါး
ငယ်ငယ်ကအဘွားဖြစ်သူကလည်း ပြောပြဖူးသည်။ “ရာသီဥတုဖောက်ပြန်မှာပေါ့၊ လူတွေကသဘာဝ တရားကြီးကို သစ္စာမှ မရှိကြတာဘဲတဲ့။ သစ်ပင်တွေကို လွယ်လွယ်ခုတ်နေကြ တယ်။ မြေအောက်ရေတွေကို အဆမတန် ထုတ်ယူသုံးစွဲတယ်။ အညစ်အကြေးတွေကို လွယ်လွယ်စွန့်ထုတ်တယ်။ သဘာဝတရားကြီးကို အန်တုပြီး ထုတ်ထားတဲ့ ပလတ်စတစ်တွေကို ဗုံးပေါလအော သုံးစွဲနေကြတယ်တဲ့။ လူသားတို့ရဲ့ အပြစ်ခြောက်ပါးကို ကိုယ်တိုင်သိမြင်ဆင်ခြင်နိုင်မှ၊ ပြန်လည် အစားထိုးနိုင်မှ ကမ္ဘာကြီးလည်း သက်ရှည်ကျန်းမာမယ်။ လူသားတွေလည်း သက်ရှည်ကျန်းမာမယ်တဲ့လေ။”
တစ်လောက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန စားသုံးသူရေးရာ ဦးစီးဌာနရှိ တိုင်းဦးစီးမှူးရုံး တစ်ရုံးက ပလတ်စတစ်ရေဘူးတွေနေရာမှာ ဖန်ဘူး၊ ဖန်ခွက်နဲ့ အစားထိုးပြီး အစည်းအဝေးတစ်ခုလုပ်ခဲ့တယ်။ အတုယူစရာ လုပ်ဆောင်မှုလို့ ကျွန်တော်ထင်သည်။ အခမ်းအနားတစ်ခုလုပ်ပါက သုံးစွဲလိုက်ရတဲ့ ပလတ်စတစ်ရေသန့်ဘူး နည်းတာမဟုတ်ပေ။ အခမ်းအနားတစ်ခု ပြီးဆုံးပါကသုံးစွဲလိုက်ရသော ရေသန့်ဘူးခွံများကို သန့်ရှင်းရေး သမားများက သိမ်းဆည်းသည်။ မြေကြီးထဲရောက်တာတွေရှိသည်။ မီးရှို့ဖျက်ဆီးလိုက်တာတွေရှိသည်။ ရောင်းတာတွေရှိသည်။ ဝယ်သူကလည်း အရည်ကျိုကာ အခြားပလတ်စတစ် အသုံးအဆောင်များ ပြန်လည်ထုတ်လုပ်ကြသည်။ အဲဒီ ပလတ်စတစ်ဘူးခွံ မြေကြီးထဲရောက်သွားရင် နှစ်ထောင်ချီ မပျက်မစီးရှိနေတတ်သည်။ မီးရှို့လိုက်ရင်လည်း ပလတ်စတစ် ညှော်နံ့တွေကြောင့် ရောဂါရသည်။ ဘာများကောင်းတာရှိလို့လဲ။ ငွေကုန်၊ ရောဂါရကာ သဘာဝပတ်ဝန်းကျင် ထိခိုက်စေ သည်။ ရုံးတိုင်း၊ အိမ်တိုင်းမှာ ရေကို ဖန်ဘူး၊ ဖန်ခွက်လေးတွေနဲ့ ဧည့်ခံကြရင်၊ အသုံးပြုကြရင် ပလတ်စတစ်ကိုလည်း သုံးစွဲမှုချွေတာရာ ရောက်မည်။ သဘာဝပတ်ဝန်းကျင်ကိုလည်း မပျက်စီးစေတဲ့အပြင် ငွေကိုလည်း ချွေတာရာရောက်သည်။ ဒါလောက်ကောင်းတဲ့ ဆောင်ရွက်မှုမျိုးကို ကျွန်တော်တို့အတုယူ သင့်သည်။ တဖြည်းဖြည်းနဲ့ ပြောင်းလဲအသုံးပြုသင့်ပါ သည်။ ဤကဲ့သို့ လူသားတို့၏ နေထိုင်မှု၊ ဝတ်စား ဆင်ယင်မှု၊ စားသောက်မှုပုံစံများကြောင့် ကျွန်တော်တို နေထိုင်ရာ ကမ္ဘာကြီးကို ဖျက်ဆီးပစ်လိုက်သကဲ့သို့ဖြစ်မှာ စိုးရိမ်မိသည်။
လူသားကမ္ဘာလည်း ပျက်စီးသွားမှာ စိုးထိတ်မိ
ကျွန်တော်တို့ လူသားတွေထင်သလို ကမ္ဘာကြီးက ပေးအပ်ထားသော သဘာဝအရင်းအမြစ်များသည်သုံးမကုန်၊ စားမကုန်ရှိနေသည်ဟု အထင်မမှားသင့်ပေ။ အချိန်အတိုင်းအတာ ရှိသည်။ လူသားတို့၏ ဂရုစိုက်မှု၊ ပြုပြင်ထိန်းသိမ်းမှု၊ အားပေးကူညီမှုတို့ဖြင့် စောင့်ရှောက်ထိန်းသိမ်းမှသာလျှင် ရေရှည်အသုံးပြုနိုင်မည် ဖြစ်သည်။ သုံးမကုန်၊ စားမကုန် ပေးထားသည်ဟု ထင်မြင်ပါကမူမကြာမီ သဘာဝအရင်းအမြစ် များသည် ကုန်ဆုံးပြီး လူသားကမ္ဘာလည်း ပျက်စီးသွားမှာ စိုးထိတ်မိပါသည်။
ထို့အပြင် သဘာဝသည် လူသားတို့ စွန့်ထုတ်သော အညစ်အကြေး မှန်သမျှကို စုပ်ယူသိမ်းဆည်းနိုင်သည်ဟု အမြင်မှား နေမှုကိုလည်း ပယ်ဖျောက်ထားသင့်သည်။ သဘာဝမိခင်မြေကြီးအတွက် အာဟာရဖြစ်စေမည့် အညစ်အကြေးများသာ စုပ်ယူနိုင်ပြီး ပလတ်စတစ်ပစ္စည်းများ၊ ဓာတုပစ္စည်းများကိုမူ မစုပ်ယူ၊ မဖျက်ဆီးနိုင်ပေ။ ကမ္ဘာ မြေကြီးအတွက် အ္တရာယ်ရှိသော စွန့်ပစ်မှုများ ဖြစ်နေသည်ကို သတိထားသင့်သည်။
သဘာဝမျိုးစိတ်များမှာ အသစ်တစ်ဖန်ရှင်သန်နေ မည်ဟု အထင်မှားနေမှုများကိုလည်း စဉ်းစားသင့်သည် သဘာဝက ပေးအပ်ထားသော မျိုးစိတ်များသည် လူသားတို့၏ မဆင်မခြင် ဆောင်ရွက်မှုများကြောင့် ကွယ်ပျောက်သွားပြီဖြစ်သည်။ ဆက်လက်၍လည်း အပင်များ၊ တိရစာ်ဆန်များ၊ မြေဆီလွှာများသည် အရှိန်အဟုန်ဖြင့် ကွယ်ပျောက်နေသည်။ သတိထားဆင်ခြင်ကာ သုံးစွဲမှသာလျှင် သဘာဝမျိုးစိတ်များကို ထိန်းသိမ်းထားနိုင်မည်ဖြစ် သည်။ လူသားတို့၏ အနာဂတ် မျိုးဆက်သစ်များအတွက် သဘာဝကပေးသော မျိုးစိတ်များကို ကာကွယ်သင့်သည်။ ထိန်းသိမ်းစောင့်ရှောက်သင့် ပါသည်။
ကွင်းဆက်ပမာ အမှီသဟဲပြုကာ နေထိုင်
လူသားတို့၏ခန္ဓာကိုယ်သည် လူသားတို့ထုတ်လုပ်သော ဘေးထွက်ဆိုးကျိုးများကို ကာကွယ်နိုင်သည်၊ ခုခံနိုင်သည်ဟု အထင်တကြီး ယုံကြည်မှုများသည်လည်း သဘာဝကို အကျိုးမပြုပေ။ သဘာဝနှင့် လူသားတို့သည် တစ်ခုနှင့်တစ်ခု ကွင်းဆက်ပမာ အမှီသဟဲပြုကာ နေထိုင်ကြ ခြင်းဖြစ်၍ တစ်ဖက်ဖက်တွင် ဆိုးကျိုးဖြစ်ပါက တစ်ဖက်တွင် ခံစားရမည်မှာ မုချပင်ဖြစ်သည်။
သဘာဝကပေးသော အရင်းအမြစ်အားလုံးကိုသိပ္ပံပညာဖြင့် ပြုလုပ်နိုင်သည်ဟု စိတ်ကြီးဝင်နေမှုများလည်း မဖြစ်သင့်ပေ။ သိပ္ပံပညာမည်မျှပင်တိုးတက်ပါစေ၊ ဖွံ့ဖြိုးပါစေ၊ သဘာဝပစ္စည်းများ ကို မည်သို့ပင်တုပထားပါစေ သဘာဝပစ္စည်းများကို မီနိုင်မည် မထင်ပေ။ ပလတ်စတစ်ပန်းနှင့် သဘာဝပန်းများ ရောစပ်ထားသော ပန်းဥယျဉ်ထဲတွင် ပျားများသည် ပန်းအစစ်ထံမှသာ ဝတ်ရည်စုပ် မည်မှာ အသေအချာပင် ဖြစ်သည်။ သိပ္ပံပညာဖြင့် သဘာဝ တရားကြီးကို တုပခဲ့ရာမှ ပလတ်စတစ်ကဲ့သို့ ပစ္စည်းများကြောင့် သဘာဝတရားကြီးသည် ပျက်စီးလာနေသည်။ လူတွေသေကျေ ရောဂါရကြသည်။ ကမ္ဘာကြီးမရှိပါက၊ လူသားများ ပျောက်ကွယ်ပါက သိပ္ပံပညာသည်လည်း နတ္ထိဖြစ်သွားမည်ကို ဂရုပြုသင့်ပါသည်
လူသားများကို လွယ်လွယ်ကူကူ အုပ်ချုပ်စီမံကွပ်ကဲနိုင်သည်ကို ယေဘုယျ ယူဆချက်များမှာလည်း မှားယွင်းနေဆဲ ဖြစ်သည်။ လူမျိုး၊ ဘာသာ၊ အယူဝါဒ၊ အတ္တ၊ လောဘများဖြင့် ပြည့်နှက်နေသော ကမ္ဘာကြီးကို လွယ်လွယ်ကူကူ ထိန်းချုပ်ရန်မလွယ်ကူပေ။ သဘာဝ တရားကြီးကို ထိန်းသိမ်းစောင့်ရှောက်ရန် လက်ခံသူရှိမည်၊ လက်မခံ သူရှိမည်၊ လိုက်ပါ ဆောင်ရွက်သူရှိမည်၊ ဘေးရှောင်နေသူရှိမည်။ သဘာဝတရားကြီးကတော့သူ့ကိုကူညီမည့်သူကို မျှော်လင့်နေဆဲပင် ဖြစ်သည်
စက္ကန့် ၃၀ တိုင်း လူတစ်ဦး သေဆုံး
ပလတ်စတစ်ပစ္စည်းများကို မဆင်မခြင်သုံးစွဲနေ မှုများကြောင့် စက္ကန့် ၃၀ တိုင်း လူတစ်ဦး သေဆုံးနေသတဲ့လေ။ အံ့ဩထိတ်လန့်စရာပင် ဖြစ်ပါသည်။ ပြီးတော့ ပလတ်စတစ်ပစ္စည်းများကြောင့် ကင်ဆာရောဂါအပါအဝင် အခြားဆက်နွှယ် သော ရောဂါများကြောင့် နှစ်စဉ်လူသားများ အသက်သေဆုံးလျက်ရှိနေကြသည်။ မကြာမီကလည်း ကမ္ဘာ့သမဒ္ဒရာတွေရဲ့ အနက်ကို တိုင်းတာသည့် အဖွဲ့သည် ပေတစ်သောင်းကျော်အနက်သို့ အရောက်မှာ ပလတ်စတစ်စွန့်ပစ်ပစ္စည်းများကို ထူးခြား စွာတွေ့ရလို့ အံ့ဩမှုဖြစ်ရကြောင်း ဆိုသည်။ ပလတ်စတစ်တွေကို အစာနှင့်အမှတ်စားမိသည့် ကုန်းနေ၊ ရေနေ သတ္တဝါတွေ သေကျေ ပျက်စီးကြရတာတွေကိုလည်း တွေ့မြင်နေရလို့ စိတ်မကောင်းဖြစ်မိသည်။
ကမ္ဘာ့မြေထု၊ ရေထု၊ လေထုအတွင်းမှာ ပလတ်စတစ်နဲ့ပတ်သက်တဲ့ အန္တရာယ်ရှိပစ္စည်းတွေ ဘယ်လောက်အထိ ပျံ့နှံ့နေပြီလဲ မသိနိုင်ပေ။ သို့သော်သိသာသည့်အ ချက်များမှာ ပလတ်စတစ် ပစ္စည်းများ ကြောင့်ဖြစ်သောရောဂါများ ပိုမိုဖြစ်ပွားလာနေသည်။ ဆေးရုံ၊ ဆေးခန်းများ ပိုမိုဖွင့်လှစ်လာကြသည်။ ကျန်းမာရေးအတွက် အသုံးစရိတ်များ ပိုမိုသုံးရသဖြင့် တစ်ဦးချင်းဝင်ငွေများ နည်းပါးသွားကြသည်။ လူ့စွမ်းအားအရင်းအမြစ်များ ဆုံးရှုံးရသည်။ နိုင်ငံဖွံ့ဖြိုး တိုးတက်မှုအတွက် အန္တရာယ်ရှိလာသည်။ ထို့ကြောင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းသူများက အသိပညာပေးမှုများ ဆောင်ရွက်နေခြင်း ဖြစ်သည်။
ထို့ကြောင့်ပင် မြန်မာနိုင်ငံရှိ တချို့သောဆိုင်များတွင် ကိုယ်ပိုင်အိတ်ဖြင့် ဈေးဝယ်လာပါက ချိုချဉ်၊ သကြားလုံးများ လက်ဆောင်ပေးခြင်း၊ စားသောက်ဆိုင်များတွင် ချိုင့်ဖြင့်လာရောက်ဝယ်ယူပါက ဟင်းများအပိုထည့်ပေးခြင်း၊ သဘာဝ ပစ္စည်းများဖြင့် ထုတ်လုပ်ထားသည့် ထည့်စရာအိတ်များကို ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခြင်းများ ဆောင်ရွက်နေ သော်လည်း ပလတ်စတစ်ရေသန့်ဘူး ယဉ်ကျေးမှုသည် ပို၍ပို၍ များပြားလာနေပါသည်။ ပညာပေးမှုများရှိသော်လည်း လိုက်နာဆောင်ရွက်မှုမရှိခြင်းမှာ အတ္တ၊ လောဘသားများကြောင့်လား၊ အပြစ်ခြောက်ပါးကို မသိ၍ဘဲလား မသိနိုင်ပေ။
အစားထိုးသုံးစွဲစေချင်
သို့ဖြစ်ပါ၍ အတ္တ၊ လောဘ၊ ဒေါသကင်း၍ ကိုယ်ချင်းစာတရား၊ မေတ္တာတရားပြည့်ဝသော စိမ်းလန်း စိုပြည်သည့်နိုင်ငံ ဖြစ်လာစေရေး အတွက် ပြည်သူများ အားလုံးမှ လိုက်ပါဆောင်ရွက်ကြစေချင် ပါသည်။ အပြုံးပန်းတွေဝေဆာပြီး သန့်စင်သောလေကိုရှူ၍ အေးမြကြည်လင်သောရေကို ယုံကြည်စိတ်ချစွာ သောက်သုံးနိုင်ရေး အတွက် သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်းကာကွယ်သည့် စိတ်ဓာတ်များ ကိန်းအောင်း စေချင်ပါသည်။ တစ်ခါသုံး ပလတ်စတစ်ပစ္စည်းများ နေရာတွင် ရေရှည်အသုံးပြုနိုင်သည့် အန္တရာယ်ကင်း ပစ္စည်းများဖြင့် အစားထိုးသုံးစွဲစေချင်ပါသည်။ အနာဂတ် မျိုးဆက်များ အတွက် သန့်စင်သော ကမ္ဘာမြေကို လက်ဆောင်အဖြစ်ပေးအပ်ရန် စံနမူနာကောင်းများ ပြပေးစေချင်ပါကြောင်း စေတနာထား တိုက်တွန်းအပ်ပါသည်။
နိုင်ဦး (DOCA)