အားလုံးအနာဂတ်လှပဖို့ ခရီးသွားလုပ်ငန်းမြှင့်တင်စို့
နိုင်ငံတကာခရီးသွားများအနေဖြင့် ပုဂံမြို့ရှိ အထင်ကရ နေရာများကို လေ့လာလည်ပတ်ကြသလို သမိုင်းရာဇဝင် အသီးသီးဖြင့် တည်ထားခဲ့ကြသည့် ဟောင်းနွမ်းနေသော ရှေးဟောင်း ဘုရားပုထိုးစေတီများကိုလည်း စိတ်ဝင်တစား ကြည့်ရှုလေ့လာကြသည်။ မြန်မာ့ ရိုးရာယဉ်ကျေးမှု အမွေအနှစ် အနုပညာလက်ရာများက စူးစမ်းလေ့လာ ချင်စရာကောင်းလှပြီး ဒေသထွက်ကုန်အစားအစာများ ကလည်း ၎င်းတို့အတွက် မြည်းစမ်းချင်စရာပင်။
“မြန်မာနိုင်ငံက သမိုင်းရာဇဝင်တွေ ပြည့်နှက်နေတဲ့ အံ့ဩစရာကောင်းတဲ့ တိုင်းပြည်တစ်ခုပါ။ ဒီသမိုင်းကြောင်းနဲ့အတူ ယဉ်ကျေးမှု အမွေအနှစ်တွေ၊ ဗိသုကာ လက်ရာတွေ၊ ဘုရားပုထိုးစေတီတွေပေါများပြီး နိုင်ငံသူ နိုင်ငံသားတွေကလည်း နွေးထွေး ပျူငှာကြပါတယ်” ဟု မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် အလည်အပတ်ရောက်ရှိ နေသည့် အီတလီနိုင်ငံမှ မစ္စတူနီနတီ ပက်ထရီဇာက ပြောသည်။
▲ လေ့လာလည်ပတ် ▲
မစ္စတူနီနတီပက်ထရီဇာတို့အဖွဲ့တွင် ခရီးသွားဧည့်သည် ၁၀ ဦးကျော်ပါဝင်ကာ ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှ မတ်လ ၂ ရက်နေ့အထိ မြန်မာနိုင်ငံသို့ အလည်အပတ်ခရီးစဉ် ရောက်ရှိနေခြင်းဖြစ်သည်။ မြန်မာနိုင်ငံ၏ အထင်ကရနေရာများဖြစ်သည့် ရန်ကုန်၊ မန္တလေး၊ အမရပူရ၊ စစ်ကိုင်း၊ ပခန်းကြီး၊ ပခုက္ကူ၊ ပုဂံ၊ အင်းလေး စသည့်နေရာများကို လေ့လာလည်ပတ်သွားမည်ဟု ၎င်းက ဆိုသည်။
မစ္စတူနီနတီပက်ထရီဇာတို့ကဲ့သို့ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သည့် ပြည်ပခရီးသွားဧည့်သည် အရေအတွက်သည် နှစ်စဉ် တိုးတက်လျက်ရှိရာ ၂ဝ၁၆ ခုနှစ်တွင် ကမ္ဘာလှည့်ခရီးသွား ၂ ဒသမ ၉ သန်း လာရောက် လည်ပတ်ခဲ့ရာမှ ၂ဝ၁၇ ခုနှစ်အတွင်း ၃ ဒသမ ၄၄ သန်း အထိ လာရောက်လည်ပတ်ခဲ့သည်။ ၂၀၁၉ ခုနှစ် ဇန်နဝါရီလမှ ဩဂုတ်လအထိ ခရီးသွားဧည့်သည် ရောက်ရှိမှုသည် ၂ ဒသမ ၈၁ သန်းဖြစ်ပြီး ယခင်နှစ် အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၂၅ ရာခိုင်နှုန်း တိုးတက်မှုရှိခဲ့သည်။
မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးခင်အောင်ထွန်းက “မြန်မာနိုင်ငံအတွက် ခရီးသွားလုပ်ငန်းဟာ အင်မတန် သင့်လျော်ကောင်းမွန်တဲ့ စီးပွားရေးလုပ်ငန်းတစ်ခု ဖြစ်ပါတယ်။ ခရီးသွားလုပ်ငန်းဟာ လူမျိုးပေါင်းစုံ၊ အလွှာပေါင်းစုံပါဝင် လုပ်ကိုင်လို့ရပြီး လူငယ်တွေအတွက်လည်း အလုပ်အကိုင်အခွင့်အလမ်းတွေ ရရှိစေတဲ့အတွက် ကျွန်တော်တို့နိုင်ငံလို မဖွံ့ဖြိုးသေးတဲ့ နိုင်ငံတွေအတွက် အရေးပါတဲ့ လုပ်ငန်း ဖြစ်ပါ တယ်”ဟု ပြောသည်။
နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို တိုက်ရိုက်အထောက်အကူပြုခြင်း၊ နိုင်ငံခြားဝင်ငွေ ရှာဖွေပေးနိုင်ခြင်း၊ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ခြင်း၊ လူထုလူတန်းစား အသီးသီးထံသို့ ဝင်ငွေများ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ တစ်ဆင့်ခံ နည်းလမ်းများဖြင့် စီးဝင်ရောက်ရှိစေသော အကျိုးကျေးဇူးများစွာရရှိသည့်အတွက် ခရီးသွားလုပ်ငန်းကို မီးခိုးမထွက်သည့် စက်ရုံလုပ်ငန်းတစ်ခုဟုလည်း တင်စားကြသည်။
▲ ဦးစားပေးဆောင်ရွက် ▲
ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆွဲဆောင်မှုရှိသော ခရီးစဉ်ဒေသများ ပေါ်ထွက်စေရေး၊ သွားလာမှုလွယ်ကူစေရေးနှင့် တည်းခိုနေရာများ တည်ရှိ လာစေရေး၊ စီမံခန့်ခွဲမှုဆိုင်ရာ နိုင်နင်းရေးတို့အတွက် နိုင်ငံတော်မှ ဦးစားပေးဆောင်ရွက် လျက်ရှိသည်။
နှစ်စဉ် မြန်မာနိုင်ငံသို့ ပြည်ပခရီးသွား ဝင်ရောက်မှု တိုးတက်လာခြင်းနှင့်ပတ်သက်၍ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင် က “မြန်မာနိုင်ငံကို ပြည်ပခရီးသည်ဝင်ရောက်မှုဟာ ၂၀၁၇ ခုနှစ်မှာ ၁၈ ရာခိုင်နှုန်း၊ ၂၀၁၈ ခုနှစ်မှာ ၃ ဒသမ ၁၅ ရာခိုင်နှုန်း၊ ၂၀၁၉ ခုနှစ်မှာ ၂၃ ရာခိုင်နှုန်း အသီးသီး တိုးတက်ဝင်ရောက်ခဲ့ပါတယ်။ ဒါကြောင့် ခရီးသွားလုပ်ငန်းမှာ တစ်နှစ်ထက်တစ်နှစ် ခရီးသည်တွေ တိုးတက်ဝင်ရောက်လာတာကို တွေ့ရှိရပါတယ်” ဟု ပြောကြားသည်။
▲ နိုင်ငံ ၂၀ စာရင်းတွင် မြန်မာနိုင်ငံ ထိပ်ဆုံးကပါဝင် ▲
ထို့အတူ ခရီးသွားလုပ်ငန်း အမြန်ဆုံး ဖွံ့ဖြိုး တိုးတက်လာသည့် နိုင်ငံ ၂၀ စာရင်းတွင် မြန်မာနိုင်ငံသည် ထိပ်ဆုံးကပါဝင်ကြောင်း ဗြိတိန်နိုင်ငံ Independent သတင်းစာနှင့် အမေရိကန်နိုင်ငံ Forbes စီးပွားရေးမဂ္ဂဇင်းတို့က ဖော်ပြခဲ့သည်။
လတ်တလောအခြေအနေ၌ ကူးစက်မှုမြင့်မားနေသည့် ကိုရိုနာဗိုင်းရပ်စ်သည်ပင် ခရီးသွားလုပ်ငန်းအပေါ် ရပ်တန့်နိုင်စွမ်းမရှိသည်ကို တွေ့မြင်ရကြောင်း၊ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ခရီးသွားလုပ်ငန်းအပေါ် သက်ရောက်မှုရှိသည့်တိုင် နိုင်ငံတကာခရီးသွား လုပ်ငန်းသည် တိုးတက်လျက်ရှိကြောင်းနှင့် United Nations World Tourism Organization (UNWTO)က နိုင်ငံတကာ ခရီးသွားအရေအတွက်သည် ၂၀၁၉ ခုနှစ်အတွင်း ၁ ဒသမ ၅ ဘီလီယံရှိကာ လေးရာခိုင်နှုန်း တိုးတက်လာကြောင်း ကိုလည်း ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင် ခရီးသွားဧည့်သည်လွယ်ကူစွာ လာရောက်လည်ပတ်နိုင်စေရေးအတွက် ဗီဇာဖြေလျှော့မှုများ ဆောင်ရွက်ပေးလျက်ရှိကာ တရုတ်နိုင်ငံက ခရီးသွားဝင်ရောက်မှုမှာ ၂၀၁၆ ခုနှစ်တွင် တစ်သိန်းရှစ်သောင်းကျော်ရှိခဲ့ရာမှ ၂၀၁၉ ခုနှစ် တွင် ခုနစ်သိန်းငါးသောင်းနီးပါး တိုးတက်လာခဲ့သည်။ ထို့အတူ ဂျပန်နိုင်ငံမှ ခရီးသွားဝင်ရောက်မှုမှာ ၂၀၁၆ ခုနှစ်တွင် တစ်သိန်းခုနစ်ရာကျော်ရှိခဲ့ရာမှ ၂၀၁၉ ခုနှစ်တွင် တစ်သိန်းသုံးသောင်းနီးပါး တိုးတက်လာခဲ့ပြီး တောင်ကိုရီးယား၊ အိန္ဒိယ၊ ဟောင်ကောင်နှင့် မကာအိုတို့မှလည်း လာရောက်လည်ပတ်သည့် ခရီးသွားများ နှစ်စဉ်တိုးတက်လျက်ရှိသည်။
“ပြည်ပခရီးသွားဝင်ရောက်မှုကို စီးပွားရေးနဲ့ ချိတ်ဆက်ပြီး ဥပမာအနေနဲ့ ပြောရမယ်ဆိုရင် စီးပွားရေး လုပ်ငန်းရှင်တစ်ယောက်ဟာ သူ့ရဲ့ အားလပ်ရက်မှာ ကျွန်တော်တို့နိုင်ငံကို လာလည်မယ်ဆိုပါတော့၊ သူက စီးပွားရေးလုပ်ငန်းရှင် တစ်ယောက်ဖြစ်တဲ့အတွက် အခြားခရီးသွား တွေနဲ့ အမြင်မတူနိုင်ဘူး။ သူ့ရဲ့ စိတ်အပန်းဖြေတာမျိုးဖြစ်သလို မြန်မာနိုင်ငံမှာ ဘယ်လိုစီးပွားရေးလုပ်ငန်းတွေ လုပ်နေကြသလဲ၊ ဘယ်စီးပွားရေး လုပ်ငန်းတွေက အခွင့်အလမ်းရှိသလဲ၊ အခွင့်အလမ်းရှိရင် ရင်းနှီးမြှုပ်နှံချင်တဲ့ စိတ်ဖြစ်ပေါ်လာမယ်။ နိုင်ငံကို ခရီးသွား များများ ဝင်လာရင် ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းတွေတင်မကဘူး။ အခြားစီးပွားရေး လုပ်ငန်းတွေကိုပါ အထောက်အကူပြုနိုင်မှာ ဖြစ်ပါတယ်” ဟု ဟိုတယ် လုပ်ငန်းရှင်များအသင်း (နေပြည်တော်ဇုန်) ဥက္ကဋ္ဌ ဦးကျော်မင်းထွန်းက ပြောသည်။
▲ တိုးတက်မှုတွေ ရှိနေ ▲
ထို့အတူ ခရီးသွားလုပ်ငန်းလုပ်ကိုင်သူတစ်ဦးက “မြန်မာနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းတိုးတက်မှုဟာ အခုဆိုရင် တိုင်းဒေသကြီးနဲ့ ပြည်နယ်အတော်များများမှာ တိုးတက်မှုတွေ ရှိနေပါပြီ။ မဖွံ့ဖြိုးသေးတဲ့ ဒေသတွေဖြစ်တဲ့ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ် တို့မှာလည်း အကျိုးသက်ရောက်မှုတွေကို ခံစားနေရပြီ ဖြစ်ပါတယ်” ဟု ဆိုသည်။
မြန်မာနိုင်ငံ၏ ခရီးစဉ်ဒေသများအကြောင်းကို ပြည်တွင်း ပြည်ပခရီးသွားများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် Digital Marketing စနစ်ဖြင့် မြှင့်တင် ဆောင်ရွက်လျက်ရှိရာ www.tourism.gov.mm Website ကို မြန်မာ၊ အင်္ဂလိပ်၊ ကိုရီးယား၊ ဂျပန်၊ ဂျာမနီ၊ စပိန်၊ တရုတ်၊ ထိုင်း၊ ဗီယက်နမ်၊ ရုရှားနှင့် အီတလီ စုစုပေါင်း ဘာသာစကား ၁၁ မျိုးဖြင့် ၂၀၁၉ ခုနှစ် ဧပြီလကပင် လွှင့်တင် ခဲ့ပြီးဖြစ်သည်။
ထို့အတူ ပုဂ္ဂလိကလုပ်ငန်းများနှင့် ခရီးသွားဧည့်သည်များ အလွယ်တကူ ထိတွေ့ဆက်ဆံနိုင်ရန်နှင့် အချင်းချင်းချိတ်ဆက်၍ ခရီးစဉ်များ ရောင်းချမှုအား ဆောင်ရွက်နိုင်ရန် ရည်ရွယ်ကာ Tourism Web Portal https://tourisminmyanmar.com.mm ကို လွှင့်တင်ထားပြီး ဖြစ်သည်။ ဆက်လက်၍ ကိုရီးယား၊ ဂျပန်၊ ဂျာမနီ၊ စပိန်၊ တရုတ်၊ ထိုင်း၊ ဗီယက်နမ်၊ ရုရှားနှင့် အီတလီဘာသာစကားများဖြင့် လွှင့်တင်နိုင်ရေး ဆောင်ရွက်လျက်ရှိသည်။
ဒေသခံပြည်သူလူထုကို တိုက်ရိုက်အကျိုးဖြစ်ထွန်းစေမည့် ရပ်ရွာလူထုအခြေပြု ခရီးသွားလုပ်ငန်း (Community Base Tourism) ကို ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ရှမ်း၊ ရန်ကုန်၊ မန္တလေး၊ မကွေး၊ တနင်္သာရီနှင့် စစ်ကိုင်းတို့မှ ကျေးရွာပေါင်း ၄၂ ရွာတွင် CBT site ၁၉ ခု ဖွင့်လှစ်ခဲ့ပြီး ထပ်မံ၍ ကျေးရွာပေါင်း ၁၀ ရွာ ပါဝင်သည့် CBT site ခုနစ်ခုကို ဖော်ထုတ်နိုင်ရေး စီစဉ်လျက်ရှိကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ သိရသည်။
▲ အနည်းနဲ့အများ ရိုက်ခတ်မှုရှိနိုင် ▲
“ကိုရိုနာဗိုင်းရပ်စ်(COVID-19) ကြောင့် တစ်ကမ္ဘာလုံးမှာ ခရီးသွားလုပ်ငန်း ကျဆင်းနေပါတယ်။ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း အပေါ်မှာလည်း အနည်းနဲ့အများ ရိုက်ခတ်မှု ရှိနိုင်ပါတယ်။ ခရီးသွားလုပ်ငန်းမှာ High Season နဲ့ Low Season မှာ နောက်တစ်ကျော့ လာမယ့် High Season အတွက် ကြိုတင်ဆောင်ရွက်မှုတွေ လုပ်ရတာ ကျွန်တော်တို့ ခရီးသွားလုပ်ငန်းရဲ့ သဘာဝ ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ COVID-19 ကို စိန်ခေါ်မှုတစ်ခုအဖြစ် ယူဆနိုင်သလို Quantity ကနေ Quality Tourism ပြောင်းဖို့ အခွင့်အလမ်းကောင်း အဖြစ်လည်း ယူဆလို့ရပါတယ်”ဟု ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က ဆိုသည်။
မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်ဒုတိယဥက္ကဋ္ဌ က “ခရီးသွားလုပ်ငန်းတွေ တိုးတက်လာရင် ကျွန်တော်တို့ နိုင်ငံကလူငယ်တွေ အလုပ်အကိုင်အခွင့်အလမ်း တိုးတက်မယ်၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးတွေပါ တိုးတက်လာမှာ ဖြစ်ပါတယ်။ ပိုမိုငြိမ်းချမ်းမှုကို ခံစားလာရမှာ ဖြစ်ပါတယ်။ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ် တွေမှာ လေ့လာလည်ပတ်ချင်စရာ ကောင်းတဲ့ နေရာတွေ အများကြီးရှိပါတယ်။ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်တွေမှာလည်း အရင်ကထက်စာရင် ခရီးသွားလုပ်ငန်းပိုမိုဖွံ့ဖြိုး တိုးတက်လာပြီ ဖြစ်ပါတယ်”ဟု ဆိုသည်။
ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းဥပဒေကို ၂၀၁၈ ခုနှစ် စက်တင်ဘာ လ ၁၇ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့ပြီး ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်သည့် လုပ်ငန်းလိုင်စင်ဆိုင်ရာအမိန့်များကို ၂၀၁၉ ခုနှစ် မတ်လ ၁၄ ရက်နေ့တွင် ထုတ်ပြန်နိုင်ခဲ့ သည်။
“ကျွန်တော်တို့နိုင်ငံက ခရီးသွားလုပ်ငန်းကို အားပေးနေတဲ့အချိန်မှာပဲ ကျွန်တော်တို့နိုင်ငံကို မသိသေးတဲ့နိုင်ငံတွေ ကမ္ဘာမှာ အများကြီး ရှိနေပါသေးတယ်။ ဒါကြောင့် ကျွန်တော်တို့နိုင်ငံကို ကမ္ဘာကသိအောင် ဆောင်ရွက်ဖို့လိုပါတယ်။ မြန်မာနိုင်ငံကို လေ့လာ ရေး အလည်အပတ် ခရီးတွေခေါ်တာ၊ နိုင်ငံတကာခရီးသွားပြပွဲတွေမှာ ပါဝင်ပြသတာ၊ မီဒီယာတွေဖိတ်ခေါ်တာ၊ နိုင်ငံခြား ရုပ်ရှင်ရိုက်ကူးခွင့်ပြုတာတွေကို စဉ်ဆက်မပြတ် ဆောင်ရွက်ဖို့လိုပါတယ်”ဟု မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌက အကြံပြုသည်။
ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကို အဟန့်အတားဖြစ်စေမည့် အားနည်းချက်များနှင့် ပတ်သက်၍လည်း “ပလတ်စတစ်တွေ၊ အမှိုက်သရိုက်တွေ စနစ်တကျ မစွန့်ပစ်တဲ့ကိစ္စကတော့ သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်၊ မြို့နယ်၊ ခရိုင်အလိုက် ဒါတွေကို အမြန်ဆုံးပြုပြင်ဖို့ လိုပါတယ်။ သဘာဝပတ်ဝန်းကျင်ကိုလည်း ထိခိုက်ပါတယ်။ ဒါက ကျွန်တော်တို့အတွက် အားနည်းချက် ဖြစ်နေပါ တယ်”ဟုလည်း ဆက်လက်မှတ်ချက်ပြုသည်။
မြန်မာနိုင်ငံတွင် သဘာဝအလှအပများစွာ တည်ရှိနေပြီး ထိုအရာများကို Destination Management Plan များ ချမှတ်ကာ စနစ်တကျ ဆောင်ရွက်ရန် လိုအပ်သလို လူထုအခြေပြုခရီးသွားလုပ်ငန်းများ၊ ခရီးစဉ်အသစ်များ ဖော်ဆောင်ခြင်းဖြင့် ဒေသခံ ပြည်သူလူထု၏ လူသား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်သင့်ကြောင်းကိုလည်း ပညာရှင်များက သုံးသပ်ကြသည်။
ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းသည် နိုင်ငံတော်အတွက် နိုင်ငံခြားဝင်ငွေရှာဖွေပေးသည့် အရေးကြီးသော စီးပွားရေးကဏ္ဍတစ်ခုဖြစ်ရာ ရေရှည်တည်တံ့ခိုင်မြဲရေး အတွက် ယဉ်ကျေးမှုအမွေအနှစ် ဓလေ့ထုံးစံများ၊ ရေမြေ တောတောင် သဘာဝပတ်ဝန်းကျင်များကို ထိန်းသိမ်း စောင့်ရှောက်ခြင်းဖြင့် အများပါဝင်မှုရှိသည့် တာဝန်သိ ခရီးသွားလုပ်ငန်းဖြစ်အောင် ဖော်ဆောင်ကြရမည်ပင် ဖြစ်သည်။ ။
တာရာ၊ ကေကေ