Skip to main content

လုပ်ငန်းတွေလည်ပတ်ရှင်သန်ပြီး အလုပ်သမားများလုပ်ခလစာရရှိရေးကို ဦးစားပေးကာ နိုင်ငံတော်၏ချေးငွေများကို စနစ်တကျ စိစစ်ပေးအပ်မည်

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနက ကြေညာချက် တစ်စောင်ကို မတ် ၁၈ ရက်တွင် ထုတ်ပြန်ထားခဲ့ပြီး ယင်းကြေညာချက်အရ ကိုဗစ်-၁၉ ကြောင့် စီးပွားရေး သက်ရောက်မှုများအပေါ် ကုစားရေးကော်မတီ၏ ဆုံးဖြတ်ချက်ဖြင့် မြန်မာနိုင်ငံသားပိုင် စီအမ်ပီလုပ်ငန်းများ၊ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းများနှင့် အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများကို အတိုးနှုန်း ၁ ရာခိုင်နှုန်း၊ ချေးငွေကာလ ၁ နှစ်သတ်မှတ်၍ ထုတ်ချေးသွားမည့် အစီအစဉ်အပေါ် စီးပွားရေးလုပ်ငန်းနယ်ပယ် အသီးသီးမှ တာဝန်ရှိသူများနှင့် တွေ့ဆုံမေးမြန်းထားပါသည်။

ဦးဇော်မင်းဝင်း

ဥက္ကဋ္ဌ

မြန်မာနိုင်ငံ ကုန်သည်/စက်မှုအသင်းချုပ်

ဒီရက်ပိုင်းမှာတော့ ကျွန်တော်တို့က ကျွန်တော်တို့ကဏ္ဍမှာရှိနေတဲ့ အခက်အခဲအများကြီး ကြုံနေရတဲ့ လုပ်ငန်းတွေကို ဘယ်လိုပုံစံတွေနဲ့ ကုစားပေးမလဲဆိုတာကို ညှိနှိုင်းနေပါတယ်။ ဒါကြောင့် ခရီးသွားလုပ်ငန်းတွေရော၊ ဟိုတယ်လုပ်ငန်းရှင်တွေရော အသင်းအဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်တာ၊ ညှိနှိုင်းဆောင်ရွက်တာတွေ လုပ်ဆောင်ပေးကြပါ။ ဒီအချိန်မှာ အားလုံး လုပ်ငန်းကဏ္ဍအလိုက် နီးနီးကပ်ကပ်နဲ့ ပူးပေါင်းဆောင်ရွက်ကြမှသာလျှင် အားလုံး ကို ဖြေရှင်းပေးနိုင်ပါမယ်လို့ ပြောကြား လိုပါတယ်။

အခုနိုင်ငံတော်ရဲ့ ကူညီပံ့ပိုးမယ့် ကျပ် ဘီလီယံ ၁၀ဝ နဲ့ပတ်သက်ပြီးတော့ အဓိက ထိခိုက်မှု လတ်တလောဖြစ်နေတဲ့ ကဏ္ဍကြီး သုံးခုကို ဦးစားပေးပြီး ချေးငွေတွေ ချထား ပေးဖို့ ဆောင်ရွက်နေပါပြီ။ ပထမတစ်ခု ကတော့ စီအမ်ပီလုပ်ငန်းတွေ၊ အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းတွေနဲ့ ဟိုတယ်နဲ့ ခရီးသွားလာရေးလုပ်ငန်းတွေကို ချေးငွေပေးအပ်ဖို့ ဆွေးနွေးခဲ့ပါတယ်။

အဲဒီနေရာမှာ ဘယ်လိုပုံစံနဲ့ ချေးမလဲ ဆိုတာကို ဒီနေ့ကျွန်တော်တို့ စပြီးဆွေးနွေး ကြပါတယ်။ ကျွန်တော် နားလည်တာ ကတော့ နိုင်ငံတော်ကလည်း လုပ်ငန်း ဆောင်ရွက်မှုတွေ စတင်ဆောင်ရွက် နေတယ်။ ညွှန်ကြားချက်တွေ၊ လမ်းညွှန် ချက်တွေကို နိုင်ငံတော်က ထုတ်ပြန်ပေးမှာ ဖြစ်တယ်ပေါ့။ မထုတ်ပြန်ခင်မှာ ကျွန်တော်တို့ လုပ်ငန်းရှင်တွေဘက်ကလည်း ဘယ်လို ပြင်ဆင်မလဲဆိုတာကို ညှိနှိုင်းတိုင်ပင်ပြီး ပြင်ဆင်ထားကြပါတယ်။

အချက် လေး၊ ငါးခုလောက်ကိုတော့ ကြိုတင်ပြင်ဆင်ပြီး ချေးငွေပေးအပ်ဖို့ အတွက် ရည်စူးထားတာရှိပါတယ်။ ပထမ အချက်က စက်မှုလုပ်ငန်းဆိုရင် စက်မှု မှတ်ပုံတင်ရှိသလား၊ ကုမ္ပဏီဆိုရင် ကုမ္ပဏီ မှတ်ပုံတင်ရှိသလား၊ စည်ပင်သာယာနဲ့ ပတ်သက်လို့ မှတ်ပုံတင်ရှိသလားဆိုတာ ဆန်းစစ်ပါတယ်။ နောက်တစ်ချက်က လူမှု ဖူလုံကြေးတွေ ပေးသွင်းထားရဲ့လား။ အလုပ်သမားဦးရေ ဘယ်လောက်ရှိသလဲ။ လုပ်ငန်း လည်ပတ်မှုအလားအလာက ဘယ်လိုလဲ၊ ပိုက်ဆံချေးငွေရမယ်ဆိုရင် ပြန်ပြီးရှင်သန်နိုင်မယ့်၊ ချေးငွေပြန်လည် ပေးဆပ်နိုင်မယ့် အလားအလာရှိသလား ဆိုတာတွေကို ဆန်းစစ်ပါတယ်။

ကျွန်တော်တို့ရဲ့ ကုန်သည်/စက်မှု အသင်းချုပ်နဲ့ ညီနောင်လက်တွဲအသင်းတွေနဲ့ ကူညီထောက်ခံပြီး ချေးငွေရရှိဖို့အတွက် ဆောင်ရွက်သွားနိုင်ကြဖို့ ဆွေးနွေးထားပါတယ်။ မနက်ဖြန်မှာ လမ်းညွှန်ချက်တွေ ရရှိတာနဲ့ အမြန်ဆုံး လုပ်ငန်းရှင် တွေလက်ထဲကို ချေးငွေတွေပေးအပ်နိုင်ဖို့ ဆောင်ရွက်သွားမှာပါ။ အဓိကကတော့ လုပ်ငန်းရှင်တွေဟာ လုပ်ခလစာတွေကို မပေးနိုင်ကြတာမျိုး ဖြစ်လာမယ်ဆိုရင် ဆိုတာကိုလည်း ထည့်သွင်းစဉ်းစားပါတယ်။ လုပ်ငန်းလည်ပတ်နိုင်ဖို့နဲ့ တကယ်ကို ဆက်ပြီးရှင်သန်ဖို့ ၊ အလုပ်သမားတွေ လုပ်ခလစာတွေ ရရှိပြီး သူတို့ အသက်မွေးဝမ်းကျောင်းကို မထိခိုက်သွားစေဖို့ဆိုပြီး ရည်ရွယ်ဆောင်ရွက် နေခြင်းဖြစ်ပါတယ်။

ဦးသက်လွင်တိုး

တတ်သိပညာရှင်၊

မြန်မာနိုင်ငံခရီးသွားလုပ်ငန်းကော်မတီ

နိုင်ငံတော်အစိုးရက ကိုဗစ် -၁၉ ရန်ပုံငွေ အဖြစ် ကျပ် ၁၀ဝ ဘီလီယံကို အတိုးနှုန်း ၁ရာခိုင်နှုန်းနဲ့ ထုတ်ချေးပေးမယ်လို့ မနေ့က ကြေညာခဲ့ပါတယ်။ အဲဒီလို စီးပွားရေးထိခိုက်မှု အများဆုံးခံစားရတဲ့ လုပ်ငန်းတွေထဲမှာ ကျွန်တော်တို့ ခရီးသွားလုပ်ငန်းကဏ္ဍလည်း ပါဝင်ပါတယ်။ အခုလိုကြေညာချက် ထွက်ပေါ် လာတာဟာ ကျွန်တော်တို့ ခရီးသွားကဏ္ဍရော၊ အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်း တွေရောနဲ့ စီအမ်ပီလုပ်ငန်းလုပ်ကိုင်သူတွေ အားလုံးအတွက်ပါ အလွန်ကို မင်္ဂလာရှိတဲ့ သတင်းစကားပဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့လလောက်ကတည်းက အခြား နိုင်ငံတွေမှာ အခုလို ရောဂါဘယကြောင့် ထိခိုက်လာနိုင်တဲ့ အခြေအနေကို ကုစားတာ တွေကို မြင်ရတယ်။ ကျွန်တော်တို့ဆီမှာလည်း ဘယ်လိုမျိုး ကြိုတင်ပြင်ဆင်ကြမလဲ၊ ကုစား ကြမလဲဆိုတာကို မီဒီယာတွေကနေတစ်ဆင့် အကြံပေးခဲ့တာရှိပါတယ်။ နိုင်ငံတော်အစိုးရနဲ့ တာဝန်ရှိသူတွေကလည်း ခေါင်းကြီးကြီးနဲ့ စဉ်းစားပြီး ဖြစ်သင့်တဲ့အချိန် ရောက်ပြီ၊ ကုစားရမယ့်အချိန်ရောက်ပြီဆိုပြီး ဒါကို ဖြေလျှော့ရုံတင်မကဘဲ နိုင်ငံတော်က အတိုး နှုန်းကို ပုံမှန်က ခုနစ်ကျပ်၊ ရှစ်ကျပ်ရှိတဲ့ အနေအထားမှာ အနစ်နာခံပြီး တစ်ကျပ်နှုန်းနဲ့ စိုက်ထုတ် ချေးပေးလိုက်တာပေါ့။ အဲဒီလို နိုင်ငံတော်က စီစဉ်ပေးတဲ့ကိစ္စမှာ ကျွန်တော်တို့ ဘက်က စနစ်တကျနဲ့ စီမံခန့်ခွဲမှုကတော့ အတော်လေး အရေးကြီးပါတယ်။

ဒီလိုဖြစ်စဉ်မျိုးတွေကို အရင်ကလည်း ကျွန်တော်တို့ ကြုံခဲ့ရဖူးပါတယ်။ နာဂစ်မုန်တိုင်း ကာလတွေနဲ့ အခြားခရီးသွားကဏ္ဍ ပိတ်ဆို့ နှောင့်နှေးမှုတွေ အများကြီးကြုံခဲ့ရဖူးပါတယ်။ အခုလောက်အထိ နိုင်ငံတော်အစိုးရက ရပ်တည်ပေးတာမျိုးက မရှိခဲ့ဖူးပါဘူး။ အခု အစိုးရသစ်လက်ထက်မှာကျမှ ပထမဦးဆုံး နိုင်ငံတကာနဲ့ယှဉ်ပြီးတော့ ကိုယ့်ပြည်သူတွေ အပေါ်မှာ ကြည့်တာဖြစ်ပါတယ်။ အဲဒီလို လုပ်ပေးတာကလည်း ဒါကပထမဆုံးပဲ ဖြစ်ပါ တယ်။ အဲဒီအတွက်လည်း အလွန်ဝမ်းသာ မိပါတယ်။

အဓိကကတော့ အခုချေးပေးတာပေါ့။ ချေးငွေဖြစ်တဲ့အတွက် ပြန်ဆပ်ရမယ်။ တစ်နှစ်တော့ အချိန်ပေးထားပါတယ်။

တစ်နှစ်အတွင်းမှာ ကျွန်တော်တို့ရဲ့ လုပ်ငန်းတွေက ကောင်းမွန်လာနိုင်မလားဆိုတဲ့ စီးပွားရေးဆိုင်ရာတွက်ချက်မှုတွေ ဆောင်ရွက် ရမှာဖြစ်ပါတယ်။ လောလောဆယ်ကတော့ အခြားကဏ္ဍတွေကတော့ သူ့အကြောင်းနဲ့သူ ရှိကြမှာပါ။ ကျွန်တော်တို့ ခရီးသွားကဏ္ဍ ကတော့ လူသားအရင်းအမြစ်တွေ အများကြီး ပြုစုပျိုးထောင်ရပါတယ်။ လူတွေကို ကျွမ်းကျင်အလုပ်သမားဖြစ်ဖို့ဆိုတာ အချိန် တစ်ခုယူပြီး ပိုးမွေးသလို မွေးခဲ့ရတာ။ အဲဒီလို အခြေအနေမှာ အလုပ်သမားတွေကို အလုပ် ဖြုတ်လို့မရဘူး။ သူတို့ရဲ့ အလုပ်အကိုင်က ပြောင်းလဲသွားလို့မရပါဘူး။ သူတို့ကို အတိုင်းအတာတစ်ခုထိ ရပ်တည်နိုင်မယ့် လစာတစ်ခုနဲ့ ထိန်းထားပေးဖို့လိုပါတယ်။

အချို့ကုမ္ပဏီငယ်လေးတွေဆိုရင် လစာ ပေးစရာတောင် မရှိတာမျိုးဖြစ်နိုင်တယ်။ အချို့ ဆိုရင် ပေးစရာအကြွေးတွေက ရှိနေပြီ၊ ခရီးစဉ် တွေဆီက ရဖို့၊ အခြားနိုင်ငံတွေကနေ ဝင်လာဖို့ မရှိတဲ့ အခြေအနေမျိုးတွေကြောင့် အခက်အခဲတွေ ကြုံရတယ်။ ကျွန်တော်တို့ ခရီးသွားကဏ္ဍ မှာ အခက်အခဲတွေကတော့ အများကြီးပါပဲ။ လူမှုဖူလုံရေးရန်ပုံငွေ ထည့်ဝင်ရတာကလည်း ရှိတယ်။

ကျွန်တော်တို့ကုမ္ပဏီဆိုရင် ဝန်ထမ်းတွေအတွက် ပေးရတာများတယ်။ လစဉ်ပေးခဲ့ရတာ ဆိုတော့ နှစ်ကြာလာတော့ခက်ပါတယ်။ အခုလိုအခက်အခဲကြုံလာတဲ့အခါ ဘယ်လို ဆောင်ရွက်ကြမလဲပေါ့ စဉ်းစားစေလိုပါတယ်။ လုပ်ငန်းကြီးရင်ကြီးသလို သေးရင်လည်း သေးသလို အခက်အခဲကရှိပါတယ်။ အသင်း အဖွဲ့တွေ ဝင်ထားသူတွေကိုပဲ ကြည့်မယ်ဆိုရင် လည်း အကြောင်းကြောင်းကြောင့် အသင်း အဖွဲ့တွေမဝင်ဘဲ နိုင်ငံတော်အတွက် အခွန် အခတွေကို တာဝန်ကျေခဲ့တဲ့ လုပ်ငန်းတွေ၊ နိုင်ငံတော်အတွက်ရော၊ သူ့ဝန်ထမ်းတွေ အတွက်ရော၊ ပတ်ဝန်းကျင်အတွက်ရော အကျိုးပြုခဲ့တယ်ဆိုရင် သူတို့ကိုလည်း ကြည့်ရှုသင့်တယ်လို့ ထင်ပါတယ်။

အင်းဝတို့ ပုဂံတို့လိုနေရာတွေမှာ လက်လုပ်လက်စားတွေဖြစ်တဲ့ သူတို့အတွက် ဝင်ငွေရပေါက်က တော်တော်လေးကျပ်တည်း သွားလောက်ပါပြီ။ ပြည်ပကိုလည်း သွားလာ ခွင့်တွေပိတ်ကြပြီ၊ ပြည်တွင်းခရီးသွားကလည်း လာဖို့ခက်လာပြီဆိုတော့ မြင်းလှည်းမောင်း သမားလေးတွေကအစ၊ လှေဆရာလေးတွေက အစ၊ ဈေးရောင်းသူကလေးတွေအထိ ခရီးသွား ကဏ္ဍကို မှီတည်နေရသူတွေအတွက်လည်း တစ်ကဏ္ဍအနေနဲ့ စဉ်းစားသင့်တယ်လို့ ထင်ပါတယ်။ နိုင်ငံတော်က ဆောင်ရွက်ချက် တွေက အတော်လေးကို တုံ့ပြန်မှုမြန်ဆန်တာ အားရကျေနပ်မှုရှိပါတယ်။ ဒါကို အချိန်နဲ့ တစ်ပြေးညီ ပွင့်လင်းမြင်သာစွာနဲ့ အသင်း အဖွဲ့တွေရော၊ လက်တွေ့လုပ်ငန်း နယ်ပယ်က လူတွေကိုရော အားလုံးပါဝင်ပြီး သိုက်သိုက် ဝန်းဝန်းနဲ့ စုစုစည်းစည်း ဆောင်ရွက်ကြမယ် ဆိုရင် အခက်အခဲတွေကို ကျော်လွှားနိုင်မယ် လို့ ယုံကြည်ပါတယ်။

ဦးနောင်းနောင်းဟန်

ဥက္ကဋ္ဌ၊

မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း

နိုင်ငံတော်အစိုးရကနေပြီး ကိုဗစ် -၁၉ ကြောင့်မို့ သက်ရောက်မှုတွေကို ကုစားနိုင်ဖို့ အတွက် အခုလိုစီစဉ်ပေးတာပါ။ အဲဒါ ကြောင့် ကျွန်တော်တို့ ခရီးသွားကဏ္ဍမှာ အမှန်တကယ်ကို ထိခိုက်နေတဲ့ ခရီးသွား လုပ်ငန်းထဲက လုပ်ငန်းတွေကို ချေးငွေပေးအပ်သွားမှာပါ။ နဂိုကတည်းက အလုပ်လည်းမရှိဘူး၊ ကုမ္ပဏီနာမည်ပဲရှိပြီး အလုပ်မရှိတာတွေကိုတော့ ဦးစားပေးမှာ တော့ မဟုတ်ပါဘူး။

အဓိကကတော့ ခရီးသွားကဏ္ဍမှာ အလုပ်လုပ်နေကြပြီးတော့ ကျွမ်းကျင် အလုပ်သမား ဝန်ထမ်းတွေ၊ ပညာရှင် တွေကို လက်လွှတ်ဆုံးရှုံးရမယ့် အခြေ အနေတွေ ပေါ်ပေါက်နေတဲ့ လုပ်ငန်းတွေကိုသာ ဦးစားပေးပြီး လုပ်ဆောင်ပေးမှာပါ။ ကျွန်တော်တို့တွေက ကဏ္ဍအလိုက် ငွေကြေးဘယ်လောက် ချေးငွေချပေးမလဲ ဆိုတာ ခွဲခြားသတ်မှတ်ထားတာမရှိသေးပါ ဘူး။ လုပ်ငန်းသဘောအရ အလုပ်သမားတွေ ဘယ်လောက်ရှိနေတယ်။ ဝန်ထမ်းတွေ ဘယ်လောက်ရှိတယ်။ ဝန်ထမ်းတွေကို ဘယ်နှလအထိ လစာတွေ ဆက်လက် ပံ့ပိုးနိုင်မလဲဆိုတာမျိုးကို မေးမြန်းမယ်။

ဥပမာပြောရရင် ဝန်ထမ်း ၂၀ လောက် ရှိတဲ့ ကုမ္ပဏီနဲ့ ဝန်ထမ်း ၂၀ဝ လောက်ရှိတဲ့ ကုမ္ပဏီကရမယ့် ချေးငွေပမာဏကတော့ တူညီမှာ မဟုတ်ပါဘူး။ သူတို့ထမ်းထားတဲ့ ဝန်ထုပ်ဝန်ပိုးတွေအပေါ်မှာ ကြည့်ပြီး ကျွန်တော်တို့အားလုံး စုပေါင်းပြီး တိုင်ပင် မျှဝေသွားမယ့်သဘောပါ။ အခုလောလော ဆယ်မှာတော့ အားလုံးတိုင်ပင်ညှိနှိုင်း နေကြပါတယ်။ ကျွန်တော်တို့ ခရီးသွား လုပ်ငန်းကဏ္ဍက အားလုံးသော လူတွေက အားရှိသွားတာပေါ့။ မနေ့က နေ့ခင်းမှာ အစည်းအဝေးလုပ်တယ်။ မနေ့ကချက်ချင်းပဲ ကြေညာချက်ထွက်လာတယ်ဆိုတော့ အတိုင်းမသိ ဝမ်းသာကြတာပေါ့။ သက်ဆိုင် သူတွေ အားလုံးကလည်း ဝမ်းသာကျေးဇူး တင်ကြတယ်။

နိုင်ငံတော်အစိုးရရဲ့ ဆောင်ရွက် ပေးချက်ဟာ အင်မတန်မှကို အားရစရာ ကောင်းပါတယ်။ လုပ်ငန်းရှင်တွေ၊ ဟိုတယ် တွေအားလုံးက ပျော်ကြတယ်။ သူတို့ အတွက် ဝန်ထုပ်ဝန်ပိုး တစ်ခုကို နိုင်ငံတော်က အတတ်နိုင်ဆုံး ကူညီပေးခဲ့ တာကြောင့် ဖြစ်ပါတယ်။ အခုဟာကတော့ ပဏာမ တုံ့ပြန်ချက်ပါ။ နောက်ပိုင်းမှာလည်း ကျွန်တော်တို့ဘက်ကနေ နိုင်ငံတော်အတွက် တာဝန်ရှိရှိနဲ့ ဆက်လုပ်သွားရမယ့်အရာတွေ အများကြီးရှိပါတယ်။ နိုင်ငံတော်ကတောင် ကျွန်တော်တို့အတွက် ဒီလိုပံ့ပိုးထားတာ ဖြစ်လို့ ကျွန်တော်တို့ ခရီးသွားကဏ္ဍက လည်း တာဝန်ရှိရှိနဲ့ ဆက်ပြီး တာဝန်ကျေဖို့ လိုပါတယ်။

ခင်ရတနာ