ကမ္ဘာ့မိုးလေဝသနေ့
၂ဝ၂ဝ ပြည့်နှစ် မတ်လ ၂၃ ရက်နေ့ဟာ ကမ္ဘာ့မိုးလေဝသနေ့ဖြစ်ပါတယ်။ ကမ္ဘာ့မိုးလေဝသ အဖွဲ့ချုပ်ကြီးနဲ့ အဖွဲ့ဝင်နိုင်ငံ အမျိုးသားမိုးလေဝသနဲ့ ဇလဗေဒဌာနများက ကမ္ဘာ့မိုးလေဝသနေ့ကို ကမ္ဘာ့မိုးလေဝသအဖွဲ့ချုပ်ကြီး တည်ထောင်ခဲ့တဲ့ အထိမ်းအမှတ်အဖြစ် ခမ်းနားထည်ဝါစွာ ကျင်းပလေ့ ရှိကြပါတယ်။ ဒီနှစ်မှာတော့ မတ်လ ၂၂ ရက်နေ့မှာ ကျရောက်မယ့် ကမ္ဘာ့ရေနေ့ (World Water Day ) နဲ့ ကမ္ဘာ့မိုးလေဝသနေ့ (World Meteorological Day) အခမ်းအနားကို ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ ကမ္ဘာ့မိုးလေဝသ အဖွဲ့ချုပ်ရုံးမှာ ပူးတွဲကျင်းပကြမှာ ဖြစ်ပါတယ်။ ကမ္ဘာ့မိုးလေဝသနေ့ အခမ်းအနားများကို နှစ်စဉ်ကျင်းပရာမှာ လက်ရှိဖြစ်ပေါ်နေတဲ့ မိုးလေဝသ၊ ရာသီဥတုအခြေအနေများနှင့် ဆက်စပ်တဲ့ အခြေအနေများကို အလေးထားစေလိုတဲ့ ခေါင်းစဉ်တစ်ခု သတ်မှတ်ကျင်းပလေ့ရှိပါတယ်။ ဒီနှစ်အတွက် ကမ္ဘာ့မိုးလေဝသနေ့ ဆောင်ပုဒ်ကတော့ (Climate & Water)- ရာသီဥတုနှင့် ရေသယံဇာတများ ကောင်းမွန်ရေး၊ လူတိုင်း ပူးပေါင်းပါဝင် ဆောင်ရွက်ပေးဖြစ်ပြီး ရာသီဥတု ပြောင်းလဲမှုဖြစ်စဉ်များနဲ့ ရေသယံဇာတ စီမံခန့်ခွဲမှုများ အပြန်အလှန် ဆက်စပ်နေမှုနဲ့ အရေးပါမှုကို ပိုမို သိရှိ အလေးထားနိုင်စေရန် ဖော်ညွှန်းလိုခြင်းဖြစ်ပါတယ်။
ရာသီဥတု
ယနေ့ကမ္ဘာကြီးမှာ သန့်ရှင်းတဲ့ သောက်သုံးရေ လိုအပ်ချက်များလာတာ၊ ရေကြီးတာ၊ မိုးခေါင်တာတွေ ရဲ့စိန်ခေါ်မှုတွေ ပိုပြီးရင်ဆိုင်လာနေရချိန်မှာပဲ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလကမ္ဘာမြေရဲ့ ပျမ်းမျှအပူချိန်ဟာ ၁၉၈၁ - ၂၀၁၀ ပုံမှန် ဖေဖော်ဝါရီလ အပူချိန်ထက် ၀ ဒသမ ၈ ဒီဂရီ စင်တီဂရိတ် ပိုနေခဲ့ကြောင်း ကမ္ဘာ့မိုးလေဝသအဖွဲ့ချုပ်က မတ်လ ၅ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ ဒါဟာ အပူဆုံး ဖေဖော်ဝါရီလဖြစ်တဲ့ ၂၀၁၆ ခုနှစ်ကထက် ၀ ဒသမ ၀၈ ဒီဂရီ လျော့ခဲ့တာဖြစ်ပါတယ်။
ထို့အတူ ဥရောပတိုက်မှာလည်း ယခုနှစ် ဖေဖော်ဝါရီလ ပျမ်းမျှအပူချိန်ဟာ ၁၉၈၁-၂၀၁၀ ပုံမှန် ဖေဖော်ဝါရီလ အပူချိန်ထက် ၃ ဒသမ ၉ ဒီဂရီစင်တီဂရိတ် ပိုနေခဲ့ပြီး ဒုတိယအပူဆုံး ဖေဖော်ဝါရီလအဖြစ် စံချိန်တင်နေခဲ့တယ်လို့ သိရှိရပါတယ်။ အရှေ့တောင်အာရှ ဒေသနိုင်ငံတွေမှာလည်း ဒီနှစ် ဖေဖော်ဝါရီလမှာ ပုံမှန်ထက်ပိုတဲ့ ပျမ်းမျှအပူချိန်တွေ တိုင်းထွာရရှိခဲ့တာ တွေ့ရပါတယ်။ ကာလရှည် အပူချိန်ရာသီ မှတ်တမ်းတွေရဲ့ သတ်မှတ်ရည်ညွှန်းကာ လအပူချိန်တွေထက် ပိုပူလာတာကို တွေ့ရှိနေရပြီဖြစ် ပါတယ်။ ရာသီဥတု ပိုပြီးပူလာတာနဲ့အတူ မိုးရွာသွန်းမှု နည်းပါးတာကြောင့် မိုးခေါင်မှုလို အစွန်း ရောက်ရာသီဥတု ဖြစ်စဉ်တွေကလည်း ကမ္ဘာတစ်ဝန်းမှာ ဖြစ်ပေါ်လျက်ရှိနေ ပါတယ်။
စားနပ်ရိက္ခာဖူလုံမှုနဲ့ ကျန်းမာရေးအပေါ်သက်ရောက်မှုတွေ အဓိက ဖြစ်ပေါ်စေတတ်တဲ့ မိုးခေါင်ခြင်းနဲ့အတူ ဆင်းရဲမွဲတေမှု၊ စနစ်မကျတဲ့ မြေအသုံးချမှုတွေကြောင့်လည်း မိုးခေါင်မှုဒဏ် ခံစားရနိုင်ခြေများ မြင့်လာပါတယ်။ ရာသီဥတု ပြောင်းလဲလာမှုနဲ့အတူ ကမ္ဘာ့နေရာဒေသ အများအပြားမှာ မိုးခေါင်မှုကြိမ်နှုန်း၊ ပြင်းအားနဲ့ ကြာမြင့်ချိန်ကာလတွေ ပိုပြီးတိုးလာနိုင်ခြေ ရှိနေတယ်လို့ သုံးသပ်နေကြပါတယ်။ မိုးခေါင်ခြင်းကြောင့် နှစ်စဉ် အမေရိကန် ဒေါ်လာ ၆ဘီလီယံမှ ၈ ဘီလီယံခန့်အထိ ဆုံးရှုံးမှုရှိပြီး အခြားသဘာဝဘေးတွေထက် လူဦးရေထိခိုက်မှုများပါတယ်။ ဆုံးရှုံးမှုအများဆုံး သဘာဝဘေးတစ်ခု ဖြစ်တယ်လို့ ဆိုပါတယ်။
ကမ္ဘာ့မိုးလေဝသ အဖွဲ့ချုပ်ကတော့ Global Water Partnership အဖွဲ့နဲ့ ပူးပေါင်းပြီး ဒေသအလိုက် မိုးခေါင်မှုဆိုင်ရာ မူဝါဒနဲ့ စီမံခန့်ခွဲမှုတွေ လုပ်ဆောင်နိုင်ဖို့ မိုးခေါင်မှုဆိုင်ရာ စောင့်ကြည့်ခြင်း၊ ကြိုတင်သတိပေးချက်၊ လူမှုစီးပွားနဲ့ ပတ်ဝန်းကျင်ဆိုင်ရာ သက်ရောက်နိုင်ခြေ ဆန်းစစ်အကဲဖြတ်ဖို့တွေ၊ မူဝါဒများချမှတ်တာ၊ လေ့ကျင့်သင်တန်းပေးတာ မိုးခေါင်မှု လျော့ပါးရေးဆိုင်ရာ နိုးကြားတဲ့ အလေ့အထတွေ၊ ကြိုတင်ပြင်ဆင်ရေးတွေအတွက် ပူးပေါင်းဆောင်ရွက်နေကြတာ တွေ့ရပါတယ်။ မြန်မာ့ ရာသီဥတုအနေနဲ့လည်း မိုးခေါင်မှုကို နှစ်စဉ်ကြုံတွေ့ရပါတယ်။ ဥပမာအနေနဲ့ ၂၀၁၉ ခုနှစ် မိုးရာသီကာလဖြစ်တဲ့ မေလမှ စက်တင်ဘာလအတွင်း မိုးလေဝသဆိုင်ရာ မိုးခေါင်မှုဖြစ်ပွားခြင်း (Meteorological Drought) အခြေအနေကို မြစ်ကြီးနား၊ ဗန်းမော်၊ ပူတာအို၊ မင်းတပ်၊ ဟားခါး၊ ဖလမ်း၊ ခန္တီး၊ ဟုမ္မလင်း၊ ကသာ၊ မော်လိုက်၊ ကလေးဝ၊ ကလေး၊ တမူး၊ မင်းကင်း၊ ရွှေဘို၊ မုံရွာ၊ စစ်ကိုင်း၊ ကြေးမုံ၊ မန္တလေး၊ မိတ္ထီလာ၊ ညောင်ဦး၊ မြင်းခြံ၊ မိုးကုတ်၊ လွန်ကျော်၊ လှိုင်းတက်၊ ပျဉ်းမနား၊ လားရှိုး၊ သီပေါ၊ ကျောက်မဲ၊ ကျိုင်းတုံ၊ မိုင်းဆတ်၊ ပခုက္ကူ၊ ချောက်၊ မင်းဘူး၊ မကွေး၊ စစ်တွေ၊ ကျောက်ဖြူ၊ သံတွဲ၊ ဂွ၊ တောင်ငူ၊ ပဲခူး၊ သာယာဝတီ၊ မှော်ဘီ၊ မအူပင်၊ ပုသိမ်၊ မြောင်းမြ၊ သိမ်ဇရပ်၊ ထားဝယ်၊ မြိတ်နှင့် ကော့သောင်းမြို့တို့တွင် မိုးခေါင်မှုဖြစ်ပွားခဲ့တာကိုတွေ့ရပြီး ကာလရှည်မိုးခေါင်မှု အခြေအနေကို စစ်ကိုင်းတိုင်း ဒေသကြီး အောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီးနဲ့ မကွေးတိုင်းဒေသကြီးတို့မှာ တွေ့ခဲ့ရပါ တယ်။
ရာသီဥတုမူမမှန်မှုတွေ ဖြစ်ပေါ်စေတတ်တဲ့ ကမ္ဘာ့ ရာသီဥတုပြောင်းလဲလာမှုရဲ့ အကျိုးဆက်များနဲ့အတူ မြန်မာ့ရာသီဥတု အခြေအနေများ ပြောင်းလဲလာမှုအပေါ် လိုက်လျော ညီထွေ ကြိုတင်ပြင်ဆင် ဆောင်ရွက်ဖို့ မြန်မာနိုင်ငံရာသီဥတု ပြောင်းလဲမှုဆိုင်ရာမူဝါဒ၊ မဟာဗျူဟာနှင့် ပင်မလုပ်ငန်းအစီအစဉ် ၂၀၁၈-၂၀၃၀ နှင့်အညီ အားလုံးပူးပေါင်း ဆောင်ရွက် နေကြရဦးမှာ ဖြစ်ပါတယ်။
ရေသယံဇာတ
လာမည့် ခရစ်နှစ် ၂၀၅၀ ပြည့်နှစ်မှာ ကမ္ဘာ့လူဦးရေ ၉ ဒသမ ၇ ဘီလီယံရှိလာနိုင်မယ်လို့ မျှော်မှန်းထားကြပါတယ်။ လူဦးရေ တိုးတက်လာခြင်းနဲ့အတူ စားနပ်ရိက္ခာ ဖူလုံမှုနဲ့ လုံလောက်တဲ့ သန့်ရှင်းသော သောက်သုံးရေရရှိဖို့တော့ အဓိကကျတဲ့ လိုအပ်ချက်များနဲ့အတူ ကမ္ဘာလုံးဆိုင်ရာ ရေရှည် ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက် ပန်းတိုင်များ အောင်မြင်စွာ အကောင်အထည်ဖော်ဖို့ ကြိုးစားနေကြ ရပါတယ်။ ၂၀၅၀ ပြည့်နှစ်လောက်အထိ ကမ္ဘာ့ရေလိုအပ်ချက်က ဆက်လက်တိုး လာနိုင်ပြီး လက်ရှိရေသုံးစွဲမှု အခြေအနေထက် ၂၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းအထိ မြင့်တက်လာနိုင်ကြောင်း၊ လူဦးရေ ၂ ဘီလီယံကျော်က ရေရှားပါးမှု ပြဿနာကြုံတွေ့ရနိုင်ကြောင်း ကုလသမဂ္ဂရဲ့ World Water Development Report 2019 က သုံးသပ်ပါတယ်။
လွန်ကဲတဲ့ မိုးလေဝသနဲ့ ရာသီဖြစ်စဉ်တွေက ရေရှားပါးမှု ပိုဖြစ်စေတာ၊ ကြိုတင်မှန်းဆဖို့ ခက်ခဲတာနဲ့ ရေထုညစ်ညမ်းမှု ပိုဖြစ်စေတတ်ပါတယ်။ ရာသီဥတု ပြောင်းလဲလာမှုကို တုံ့ပြန်ကြရာမှာ ရေသယံဇာတများ စနစ်တကျ အသုံးချမှု အလွန်အရေးကြီးသကဲ့သို့ ဇလဗေဒဆိုင်ရာ အချက်အလက် တွေနဲ့ သင်္ချာပုံစံ တွက်ချက်မှုတွေမှတစ်ဆင့် လွန်ကဲတဲ့ မိုးလေဝသ၊ ဇလဗေဒဖြစ်ရပ်တွေရဲ့ အကြိမ်ရေနဲ့ ပမာဏတို့ကို ဆန်းစစ်တွက်ချက်၍ ရေကြီးမှု၊ မိုးခေါင်မှုဆိုင်ရာ ထိရောက်တဲ့ မူဝါဒတွေကိုချမှတ် အကောင်အထည်ဖော် နိုင်ပါတယ်။
ဇလဗေဒဆိုင်ရာ သတင်းအချက်အလက်တွေက နိုင်ငံရဲ့ ရေအရင်းအမြစ်ပမာဏ၊ အရည်အသွေးနဲ့ ဖြန့်ဝေပေးနိုင်မှု၊ ရေအားလျှပ်စစ် စက်ရုံတွေ၊ ရေကြောင်းခရီးသွားလာမှု၊ ဆည်ရေပေးဝေမှုတို့အတွက် လိုအပ်တဲ့စီမံချက်၊ ဒီဇိုင်းပုံစံများ ဆောင်ရွက်နိုင်ရေး၊ လူမှုစီးပွားနဲ့ ပတ်ဝန်းကျင်ကဏ္ဍတွေအပေါ် သက်ရောက်နိုင်ခြေများ၊ ရေနဲ့ ဆက်နွယ်တဲ့ မိုးခေါင်ရေရှားခြင်း၊ ရေကြီးခြင်းဘေးများမှ ကာကွယ်နိုင်ရန်၊ ဥပဒေပြုခြင်း၊ လက်တွေ့ကျတဲ့ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ လိုက်လျောညီထွေ ပြုမူဆောင်ရွက်ခြင်းနဲ့ လျော့ပါး ရေး၊ ရေသယံဇာတများ ရေရှည်အသုံးပြုနိုင်မှုတို့ကို ပူးပေါင်း ဆောင်ရွက် ကြရာမှာ များစွာအကျိုးပြုစေပါတယ်။
ရာသီဥတုပြောင်းလဲလာခြင်းရဲ့ သက်ရောက်မှု အထွေထွေက နေရာဒေသအလိုက် ကွဲပြားနိုင်ပေမယ့် အပူ လွန်ကဲလာတာ၊ မိုးသည်းထန်မှုတွေ ပိုလာနိုင်တာတွေကြောင့် အပူလှိုင်း တွေ၊ မိုးခေါင်မှုတွေ၊ ရေကြီးမှုဘေးတွေကလည်း ပိုပြီးဖြစ်နိုင်ခြေ များတဲ့အတွက် ရေနဲ့ပတ်သက်တဲ့ ဘေးအန္တရာယ်များကြောင့် ထိခိုက်ဆုံးရှုံးမှုတွေ လျော့နည်းသက်သာအောင် စီမံ ဆောင်ရွက် နေကြရပါတယ်။ မေလ လယ်မှ အောက်တိုဘာလလယ် အထိ ရာသီမှန် တိုက်ခတ်လေ့ရှိတဲ့ အနောက်တောင် မုတ်သုံလေစီးကြောင်းတွေရဲ့ အကျိုးကျေးဇူး ကြောင့် တစ်နှစ်ပတ်လုံး ရွာသွန်းတဲ့ မိုးရေ ချိန်ရဲ့ ၇၀ ရာခိုင်နှုန်းမှ ၉၀ ရာခိုင်နှုန်းကျော်ကို မုတ်သုံကာလအတွင်းမှာရရှိပြီး မြန်မာ့ရေသယံဇာတ အရင်းအမြစ်အတွက် အဓိက အခန်းကဏ္ဍမှ ပါဝင် နေပါတယ်။
မြန်မာနိုင်ငံ အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၊ အမျိုးသားအဆင့် ရေအရင်းအမြစ် ကော်မတီတို့ရဲ့ ဦးဆောင်မှုနဲ့အတူ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များ၊ ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများ၊ ဖွံ့ဖြိုးမှုမိတ်ဖက် အဖွဲ့အစည်းများမှ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ လျော့ပါးရေး၊ ရေသယံဇာတ အရင်းအမြစ်များ စီမံခန့်ခွဲမှု လုပ်ငန်းစဉ်များကို မိမိတို့အခန်းကဏ္ဍအလိုက် ကြိုးပမ်းဆောင်ရွက်လျက် ရှိနေပါတယ်။
ရာသီဥတု စိန်ခေါ်မှုများအတွက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်
လူ့ပယောဂများကြောင့် ဖြစ်ပေါ်ရတဲ့ ရာသီဥတု ပြောင်းလဲမှုနဲ့ အယ်နီညို၊ လာနီညာကဲ့သို့ ရာသီဥတု မူမမှန်စေမှုများက ရေကဏ္ဍအပေါ် သိသိသာသာ သက်ရောက်မှုရှိပြီး အပူချိန်ပိုတာနဲ့ ရေငွေ့ပျံနှုန်း တိုးလာမှုကြောင့် ကမ္ဘာ့ရေသံသရာ စက်ဝန်းကိုလည်း ပိုပြီးမြန်ဆန်စွာ ပြောင်းလဲစေပါတယ်။ အပူချိန်ပိုရင် ရေငွေ့ ပျံနှုန်းတိုးပြီး အချိုးမညီ တဲ့ရွာသွန်းမှု တွေ ဖြစ်စေတတ်ပါတယ်။ ရာသီဥတုပြောင်းလဲခြင်း၊ အစွန်းရောက်မိုးလေဝသ၊ ဇလဗေဒဖြစ်ရပ်များနဲ့ သဘာဝဘေး အန္တရာယ် များက ဆက်နွယ်မှုရှိပါတယ်။
သဘာ၀ဘေးတွေရဲ့ စရိုက်လက္ခဏာတွေကို ခွဲခြားသိရှိပြီး အချိန်ယူကြိုတင်ပြင်ဆင်ထားနိုင်တယ်ဆိုရင် ဆုံးရှုံးမှုများစွာ လျော့ပါးစေနိုင်ပါတယ်။ သဘာဝဘေးတွေကို ခွဲခြားကြည့်ရင် မြေငလျင်လှုပ်ရှားခြင်း၊ မီးတောင် ပေါက်ကွဲခြင်းနဲ့ ဆူနာမီရေလှိုင်းများ ဖြစ်ပေါ်စေတဲ့ ဘူမိဗေဒဆိုင်ရာဘေး၊ လေထုဆိုင်ရာ မိုးလေဝသဘေးများကတော့ မုန်တိုင်းဖြစ်ပေါ်ခြင်း၊ မိုးခေါင်ခြင်း၊ မိုးကြီးခြင်း၊ အပူလှိုင်း၊ အအေးလှိုင်း ကျရောက်ခြင်းတို့ဖြစ်ပြီး နောက်ဆက်တွဲ ဘေးတွေကတော့ မြေပြိုခြင်း၊ ရေကြီးခြင်း၊ မုန်တိုင်း ဒီရေတက်ခြင်းတို့ဖြစ်ပါတယ်။ အချို့ ဘေးများက တစ်ခုတည်းသာဖြစ်ပြီး မြေငလျင်၊ မုန်တိုင်း၊ မိုးခေါင်ခြင်း၊ မိုးသည်းထန်ခြင်းတို့လို ဘေးတွေကျတော့ တစ်ခုပြီးတာနဲ့ အခြားဘေးတစ်ခု ဆက်တိုက်ဖြစ်ပေါ်ပြီး ဆုံးရှုံးမှု ကြီးမားပါတယ်။
အချို့ဘေးများကတော့ နေရာကျဉ်းကျဉ်းမှာပဲဖြစ်ပေါ်ပြီး မုန်တိုင်း၊ မိုးခေါင်ရေကြီး၊ အပူလှိုင်း၊ အအေးလှိုင်း မြေငလျင်၊ ဆူနာမီဘေးတွေကျတော့ ဖြစ်ပွားတဲ့နေရာ ကျယ်ပြန့်ပါတယ်။ အချို့ဘေးများ (မိုးကြိုးပစ်ခြင်း၊ မိုးသီးကြွေခြင်း၊ လေဆင်နှာမောင်းတိုက်ခတ်ခြင်း)က အချိန်တိုအတွင်း အမြန်ဖြစ်ပြီး အမြန်ပျက်သွားတတ်ပေမယ့် မိုးခေါင်ခြင်း၊ ရေကြီးခြင်း တို့လို ဘေးအန္တရာယ်တွေကျတော့ စတင်ဖြစ်ပွားချိန် အထနှေးပေမယ့် အချိန်ကြာမြင့်စွာ ဖြစ်ပွားလေ့ရှိပါတယ်။ ရာသီအခါမဲ့မိုးတွေ အနှံ့အပြားရွာတာ၊ ကာလရှည် မြစ်ရေကြီးမှုတွေ ဖြစ်ပေါ်စေတာ၊ အချိန်တိုအတွင်း မိုးကြီးသည်း ထန်မှုကြောင့် ရုတ်တရက် ရေကြီးတာ၊ မြေပြို၊ တောင်ပြိုဘေးတွေကို အခုနောက်ပိုင်း မကြာခဏ ကြုံတွေ့လာခြင်းဟာ ရာသီဥတုပြောင်းလဲလာမှုရဲ့ စိန်ခေါ်မှုများကို အလေးထား ပြင်ဆင်၊ ဆောင်ရွက်ကြရတော့မယ့်အချိန်ဖြစ်ကြောင်း သတိပေး နေသကဲ့သို့ဖြစ်ပါတယ်။
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကလည်း နိုင်ငံတော်အစိုးရနဲ့ ပို့ဆောင်ရေးနှင့် ဆက်သွယ် ရေးဝန်ကြီးဌာနတို့ရဲ့ ကြီးကြပ်ပံ့ပိုးလမ်းညွှန်မှုများ၊ တိုင်းထွာရေး ကိရိယာပစ္စည်းများ တိုးချဲ့အသုံးပြုခြင်း၊ နည်းပညာ၊ ကျွမ်းကျင်မှု တိုးတက်ဖို့အတွက် ကမ္ဘာ့မိုးလေဝသအဖွဲ့ချုပ်၊ နိုင်ငံတကာ အဖွဲ့အစည်းများရဲ့ ပူးပေါင်း ကူညီ ပံ့ပိုးဆောင်ရွက်မှုတွေ၊ မိုးလေဝသနဲ့ ရာသီဥတုဘေး ဘူမိဆိုင်ရာဘေးများနဲ့ ဇလဗေဒဆိုင်ရာဘေးများ ဖြစ်ပေါ်နိုင်မှုတွေကို စောင့်ကြည့်ပြီး သတင်း၊ ခန့်မှန်းချက်၊ ကြိုတင်သတိပေးချက်များ အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ပေးလျက်ရှိပါတယ်။ ထို့အတူ သဘာဝဘေး အန္တရာယ် လျော့ပါးရေးလုပ်ငန်းစဉ်များ၊ ရာသီဥတုပြောင်းလဲမှုနဲ့ ရေသယံဇာတများ စီမံခန့်ခွဲမှုဆိုင်ရာ ရေတို၊ ရေရှည် ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်တွေမှာလည်း တက်တက်ကြွကြွ ဆက်လက် ပါဝင်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
မြန်မာ့မုတ်သုံမိုးရေများနဲ့ မြန်မာ့ရေသယံဇာတ အရင်းအမြစ်များ ရေရှည်တည်တံ့စွာ အသုံးပြု၍ လူမှု စီးပွားအခြေအနေများ တိုးတက်ပြီး ရာသီသဘာဝ ဘေးဒဏ်များကို ကြံ့ကြံ့ခံ၊ ရင်ဆိုင်ကျော်လွှားနိုင်ကြပါစေကြောင်း ဆန္ဒပြုလျက် မတ်လ ၂၃ ရက်နေ့မှာ ကျရောက်တဲ့ အကြိမ်(၆၀)မြောက် ကမ္ဘာ့ မိုးလေဝသနေ့အားကြိုဆို ဂုဏ်ပြု တင်ပြ လိုက်ပါတယ်။ ။
ကျော်လွင်ဦး(မိုးဇလ)