Skip to main content

အခြေခံရွေးကောက်ပွဲစနစ်များအား လေ့လာခြင်း

မဲဆန္ဒရှင်တစ်ဦး

ဒီမိုကရေစီ ရွေးကောက်ပွဲဆိုသည်မှာ

အခြေခံအားဖြင့် ဒီမိုကရေစီရွေးကောက်ပွဲဆိုသည်မှာ အထွေထွေရွေးကောက်ပွဲတစ်ခုတွင် ဝင်ရောက် ယှဉ်ပြိုင်ကြသောပါတီများနှင့် ကိုယ်စားလှယ်လောင်း အသီးသီးအတွက်    မဲဆန္ဒရှင်ပြည် သူလူထု၏ ထောက်ခံဆန္ဒမဲများကို  သက်ဆိုင်ရာလွှတ်တော် အသီးသီး၏ ကိုယ်စားလှယ် နေရာများအဖြစ်သို့ ပြောင်းလဲပေးလိုက် ခြင်းဖြစ်သည်။ တစ်နည်းအားဖြင့် ပြည်သူလူထု၏ ကိုယ်စားပြုမှုကို ဖော်ဆောင် ပေးလိုက်ခြင်းပင် ဖြစ်သည်။

 ပြည်သူများက ရွေးကောက်ပွဲတွင် ဆန္ဒမဲပေး၍ မိမိတို့ကိုယ်စား  နိုင်ငံပြုပုဂ္ဂိုလ်များ ဖြစ်ကြမည့် ကိုယ်စားလှယ်များကို ဆန္ဒမဲပေးရွေးချယ်ကြရသည်။ ရွေးချယ်ခံရသည့် ကိုယ်စား လှယ်များက နိုင်ငံတော်၏ ဥပဒေပြုရေး၊  အုပ်ချုပ်ရေးနှင့်  တရားစီရင်ရေး မဏ္ဍိုင်သုံးရပ်ကို တည်ဆောက် ရင်း အပြန်အလှန် ထိန်းကျောင်းရင်းဖြင့် ပြည်သူ့ထံမှဆင်းသက်လာသည့်  အချုပ်အခြာအာဏာ အရပ်ရပ်ကို  ပြည်သူ များကိုယ်စား ကျင့်သုံးဖော်ဆောင်ကြရပေသည်။

ထို့ကြောင့် ဒီမိုကရေစီအုပ်ချုပ်ရေးစနစ် ကျင့်သုံး သည့်နိုင်ငံများသည် မိမိနိုင်ငံဖြတ်သန်း လာသည့် သမိုင်းကြောင်း၊ နိုင်ငံဖွဲ့စည်းတည်ဆောက်ပုံ၊ မိမိတို့ ၏ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် နိုင်ငံရေးဖြစ်ထွန်းမှု စသည့်အချက်များပေါ်မူတည်၍ ရွေးကောက်ပွဲစနစ်၊ ရွေးကောက်တင် မြှောက်ပုံ နည်းစနစ်များကို ရေးဆွဲ ကျင့်သုံးကြရပေသည်။ ယင်းသို့ ဖော်ဆောင်ကျင့်သုံး လိုက်သည့်  ရွေးကောက်ပွဲ စနစ်များသည်  နိုင်ငံ့ အနာဂတ်အတွက်  ရေတို  သို့မဟုတ်  ရေရှည် အမျိုးသားအကျိုးစီးပွား ဖြစ်ထွန်းမှု သို့တည်းမဟုတ် ဆုတ်ယုတ်မှုတို့အပေါ်တွင် တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက် သက်ရောက် လျက် ရှိနေမည် ဖြစ်သည်။

ရွေးကောက်ပွဲလုပ်ငန်းစဉ်၏

အခြေခံသဘောတရားများ

ရွေးကောက်ပွဲလုပ်ငန်းစဉ်၏ အခြေခံသဘော တရားများအဖြစ်  လွတ်လပ်မျှတခြင်း၊  ပွင့်လင်း မြင်သာမှုရှိခြင်း၊  သမာသမတ်ကျခြင်း၊  အများ ယုံကြည်ကိုးစားခြင်း၊ တာဝန်ယူမှုရှိခြင်း၊  လူထု ကိုယ်စားပြုမှုကို ဖော်ဆောင်နိုင်ခြင်း၊ အားလုံးပါဝင် နိုင်ခြင်း၊ ရွေးကောက်ပွဲဆိုင်ရာ စီမံခန့်ခွဲမှုအားကောင်း ခြင်း၊ ပြဋ္ဌာန်းဥပဒေများနှင့် ညီညွတ်မှုရှိခြင်းတို့သည် အများကလက်ခံ ထားကြသည့် ဘုံအခြေခံသဘော တရားများပင် ဖြစ်ပါသည်။

မည်သည့်ဒီမိုကရေစီအုပ်ချုပ်ရေးအတွက်မဆို ရွေးကောက်ပွဲစနစ်ရွေးချယ်မှုသည် ဥပဒေရေးရာ မူဘောင်များအနက် အရေးကြီးသောကဏ္ဍတစ်ရပ် အဖြစ်  တည်ရှိနေပါသည်။  ရွေးချယ်လိုက်သည့် ရွေးကောက်ပွဲစနစ်တစ်ခုသည် နိုင်ငံတစ်နိုင်ငံ၏ အနာဂတ်နှင့် နိုင်ငံရေးပုံရိပ်တို့အပေါ်တွင် နက်နဲစွာ အကျိုးသက်ရောက်မှု ရှိနေပါသည်။ ထိုသို့ရွေးချယ်မှု သည် ကြိုတင်မျှော်မှန်းထားသည့် အကျိုးသက်ရောက် မှုများ ရရှိနိုင်သကဲ့သို့ မျှော်မှန်းမထားသည့် အကျိုး ဆက်များလည်း ပေါ်ပေါက်စေနိုင်သည်ဟု မှတ်ယူ ရပေမည်။

အချို့ရွေးကောက်ပွဲစနစ်များက   တစ်ပါတီ တည်းက ကြီးစိုးသည့်အခြေအနေကို ပေါ်ပေါက်စေ နိုင်ပြီး အချို့ရွေးကောက်ပွဲစနစ်များက  ညွန့်ပေါင်း အစိုးရ တစ်ရပ်ရပ်ကို ဖြစ်ပေါ်စေနိုင်ပါသည်။ အချို့ ရွေးကောက်ပွဲစနစ်များက မဲဆန္ဒရှင်များအားလုံး၏ ကိုယ်စားပြုမှုကို  အချိုးကျဖော်ဆောင်ပေးနိုင်ပြီး အချို့ရွေးကောက်ပွဲစနစ်များသည်  မဲသာသူက အနိုင်ရရှိပြီး ကျန်မဲဆန္ဒရှင်များ၏ ကိုယ်စားပြုမှုကို လျစ်လျူပြုရာရောက်ခြင်းများလည်း ရှိနိုင်ပါသည်။ အချို့ရွေးကောက်ပွဲစနစ်နှင့် ရွေးကောက်ပွဲကြောင့် ပင်  ပါတီအဖွဲ့အစည်းအတွင်း၊  လူထုအတွင်း၊ စိတ်ဝမ်းကွဲပြားမှုများဆီသို့ ဦးတည်သွားမှုများ လည်း ဖြစ်ပွားစေနိုင်ပါသည်။ မည်သည့်ရွေးကောက်ပွဲ စနစ်ပင်ဖြစ်စေ လူကောင်းလူတော်များကို ရွေးချယ် ပေးနိုင်ရန် အရေးကြီးပါသည်။

ထို့ကြောင့် မိမိနိုင်ငံ၊ မိမိပြည်သူနှင့် သင့်လျော် သော  ရွေးကောက်ပွဲစနစ်များကို  ရွေးချယ်၍ လည်းကောင်း၊ တီထွင်ဖန်တီး၍  လည်းကောင်း၊ ရွေးကောက်ပွဲစနစ် တစ်ခုမှတစ်ခုသို့  ပြောင်းလဲ၍ လည်းကောင်း ရေးဆွဲကျင့်သုံးကြရာတွင် အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်ဖြစ်နိုင်ခြေများကိုလည်း ကြိုတင် မျှော်တွေး၍ ဆင်ခြင်သုံးသပ်ဆောင်ရွက်ရန် လိုအပ်မည် ဖြစ်ပါသည်။

အခြေခံရွေးကောက်ပွဲစနစ် အမျိုးအစားများ

ရွေးကောက်ပွဲစနစ်ဆိုင်ရာ ကျွမ်းကျင်သူများ၏ အဆိုအရ  နိုင်ငံအများစုတွင်  ကျင့်သုံးနေသော အခြေခံရွေးကောက်ပွဲစနစ်အုပ်စု သုံးအုပ်စုရှိပြီး Majority/ Plurality System ဗဟုအများစုကိုယ်စား ပြုစနစ်များအုပ်စု၊ Proportional Representation System အချိုးကျ ကိုယ်စားပြုစနစ်များအုပ်စုနှင့် Mixed System ပေါင်းစပ်ထားသော စနစ်များအုပ်စု တို့ဖြစ်သည်ဟု ဆိုပါသည်။

ဗဟုအများစု ကိုယ်စားပြုစနစ်များအုပ်စုတွင် မဲအများဆုံးရသူ အနိုင်ရစနစ် (First Past The Post – FPTP) ၊ နှစ်ကျော့ပြန်စနစ် (Two Round System - TRS)၊ ကြိုက်နှစ်သက်မှု ဦးစားပေးစနစ် (Alternative Vote – AV)၊ ကိုယ်စားလှယ်ဗဟိုပြု စနစ် (Block Vote – BV)၊ ပါတီဗဟိုပြု စနစ် (Party Block Vote – PBV) တို့ ပါဝင်ကြောင်း သိရှိရပါသည်။

အချိုးကျကိုယ်စားပြုစနစ်တွင် စာရင်းအလိုက် အချိုးကျကိုယ်စားပြုစနစ်  (List Proportional Representation – List PR) နှင့် လွှဲပြောင်း၍ရသော တစ်မဲတည်းမဲပေးစနစ် (Single Transferable Vote - STV) တို့ ပါဝင်ပါသည်။

ပေါင်းစပ်ထားသည့်စနစ်များအုပ်စုတွင် အပြိုင် စနစ် (Parallel System) နှင့် ရောနှော ထားသော ကိုယ်စားလှယ်အချိုးကျစနစ် (Mixed Member Proportional – MMP)တို့ ပါဝင်ပါသည်။

ဗဟုအများစုကိုယ်စားပြုစနစ်များအုပ်စု

ဗဟုအများစု ကိုယ်စားပြုစနစ်များအုပ်စုတွင် ပါဝင်သော မဲအများဆုံးရသူ အနိုင်ရစနစ် (FPTP) စနစ်သည် ကိုယ်စားလှယ်တစ်ဦး ရွေးချယ်ရသည့် မဲဆန္ဒနယ်တွင် ဆန္ဒမဲအများဆုံးရသည့် ကိုယ်စား လှယ်ကို ရွေးကောက်တင်မြှောက်ခြင်း ဖြစ်ပါသည်။ နှစ်ကျော့ပြန်စနစ် (TRS) စနစ်သည် ကိုယ်စားလှယ် တစ်ဦးရွေးချယ်ရသည့် မဲဆန္ဒနယ်တွင် ဆန္ဒမဲ ၅၀ ရာခိုင်နှုန်း + ၁ မဲ သို့မဟုတ် သတ်မှတ်မဲရရှိသူကို ရွေးချယ်ခြင်းဖြစ်သည်။ မည်သည့် ကိုယ်စားလှယ် တစ်ဦးမျှ  သတ်မှတ်ထားသည့်  မဲအရေအတွက် မရလျှင် ဆန္ဒမဲအများဆုံးရခဲ့သူ နှစ်ဦး သို့မဟုတ် နှစ်ဦးထက်ပိုသော ကိုယ်စားလှယ်များကို ဒုတိယ အကြိမ်  မဲပြန်ပေးပြီး ဆန္ဒမဲအများဆုံး ရရှိသူကို ရွေးချယ်သည့်စနစ်ဖြစ်ပါသည်။ ကြိုက်နှစ်သက်မှု ဦးစားပေးစနစ် (AV) စနစ်သည်  ကိုယ်စားလှယ် တစ်ဦးရွေးချယ်ရသည့် မဲဆန္ဒနယ်တွင် မဲဆန္ဒရှင်က ကိုယ်စားလှယ်လောင်း များကို  မိမိနှစ်သက်ရာ ဦးစားပေးအစဉ်လိုက် သတ်မှတ်၍  မဲအများဆုံး ရရှိသူကို ရွေးချယ်သည့်စနစ်ဖြစ်ပါသည်။ ကိုယ်စား လှယ် ဗဟိုပြုစနစ် (BV) စနစ်သည် ကိုယ်စားလှယ် တစ်ဦးထက် ပိုမိုရွေးချယ်ရသည့်  မဲဆန္ဒနယ်တွင် ကျင့်သုံးခြင်းဖြစ်ပြီး မဲဆန္ဒရှင်များက ကိုယ်စားလှယ် တစ်ဦးထက် ပို၍ မဲပေးခွင့်ရှိသည်။ ဆန္ဒမဲအများဆုံး ရရှိသည့် ကိုယ်စားလှယ်လောင်းများက အနိုင်ရရှိ သည့် စနစ်ဖြစ်သည်။  ပါတီဗဟိုပြုစနစ်  (PBV) စနစ်သည်လည်း  ကိုယ်စားလှယ်တစ်ဦးထက် ပိုမို ရွေးချယ်ရသည့် မဲဆန္ဒနယ်တွင် ကျင့်သုံး ခြင်းဖြစ်ပြီး ယင်းစနစ်တွင် မဲဆန္ဒရှင်များက ပါတီတစ်ခုကိုသာ ဗဟိုပြုရွေးချယ်ရပြီး ကိုယ်စားလှယ်ကို ရွေးချယ် ခြင်း မပြုရပါ။ ဆန္ဒမဲအများဆုံးရသည့်ပါတီက မဲဆန္ဒနယ်၏ အမတ်နေရာအားလုံးကို ရရှိမည်ဖြစ်ပါ သည်။

အချိုးကျကိုယ်စားပြုစနစ်များအုပ်စု

အချိုးကျကိုယ်စားပြုစနစ်များအုပ်စုတွင် ပါဝင် သော စာရင်းအလိုက် အချိုးကျကိုယ်စားပြုစနစ် (List PR) စနစ်သည် ကိုယ်စားလှယ်တစ်ဦးထက် ပိုမိုရွေးချယ်ရသည့် မဲဆန္ဒနယ်တွင် ကျင့်သုံးသည့် PR စနစ် တစ်မျိုးဖြစ်ပါသည်။ PR စနစ်၏သဘောအရ မဲဆန္ဒနယ်ကို ကျယ်ပြန့်စွာသတ်မှတ်၍  ကိုယ်စား လှယ်များကို အချိုးကျသတ်မှတ်ရသည့်စနစ်ဖြစ်ပါ သည်။ မဲဆန္ဒရှင်က ပါတီအမည်ကိုသာ ရွေးချယ် ရသည့် Closed List စနစ်နှင့် ပါတီကို ကိုယ်စားပြု သည့် မိမိနှစ်သက်ရာကိုယ်စားလှယ်ကို ရွေးချယ်ရ သည့် Open List စနစ်ဟူ၍  နှစ်မျိုး  ရှိပါသည်။ Closed List တွင် နိုင်ငံရေးပါတီများက မဲဆန္ဒနယ် တွင် ရွေးကောက်တင် မြှောက်ရမည့် ကိုယ်စားလှယ် အရေအတွက်အရ အမည်စာရင်းကို ဦးစားပေးအစီ အစဉ်အတိုင်း ရွေးကောက်ပွဲကော်မရှင်သို့ အမည် စာရင်းတင်သွင်းရပါသည်။ တစ်သီးပုဂ္ဂလများလည်း ဝင်ရောက်အရွေးချယ်ခံနိုင်ပါသည်။ မဲဆန္ဒရှင်က မဲလက်မှတ်ပေါ်တွင်   နှစ်သက်ရာပါတီအမည် သို့မဟုတ် တစ်သီးပုဂ္ဂလတစ်ဦးကိုသာ  မဲပေး ရွေးချယ်ရခြင်း ဖြစ်ပါသည်။ ရရှိသည့်ဆန္ဒမဲများကို အချိုးကျတွက်ချက်၍ ကိုယ်စားလှယ်အရေအတွက် အား သတ်မှတ်ပေးခြင်း ဖြစ်ပါသည်။ List PR တွင် ဘယ်ဂျီယံနိုင်ငံသား သင်္ချာနှင့်ဥပဒေပညာရှင် Victor D’hondth စတင်ဖော်ထုတ်ခဲ့သည့် D’hondth စနစ်ကို နိုင်ငံတကာတွင် အများဆုံးအသုံးပြုသည်။ ယင်း စနစ်တွင် ကိုယ်စားလှယ်ရေတွက်ရာ၌ လက်ကျန်မဲ အများဆုံးစနစ် (The Largest Remainder)နှင့် အမြင့်ဆုံးပျမ်းမျှစနစ် (The Highest Average) တို့ ပါဝင်သည်။  ရိုးရှင်းလွယ်ကူသော  လက်ကျန်မဲ အများဆုံးစနစ်ကို  နိုင်ငံအများစု  ကျင့်သုံး သည်။ ပထမနည်း လက်ကျန်မဲအများဆုံးစနစ်တွင် ပထမ အဆင့် ကိုယ်စားလှယ် တစ်ဦးရရှိရမည့် အခြေခံမဲ (Threshold)ကို တွက်ချက်ရသည်။ ဥပမာ- ကိုယ်စား လှယ် ၁၀ ဦး ရွေးချယ်ရမည့် မဲဆန္ဒနယ်တွင် ခိုင်လုံမဲ ၁၀၀၀၀၀  ရှိပါက  ယင်းခိုင်လုံမဲ  စုစုပေါင်းကို ကိုယ်စားလှယ်အရေအတွက်ဖြင့်  စားခြင်းရလဒ် ၁၀၀၀၀ သည် ကိုယ်စားလှယ်  တစ်ဦးရရှိရမည့် အခြေခံမဲ (Threshold)အဖြစ် သတ်မှတ်ခြင်း ဖြစ်ပါ သည်။ နိုင်ငံတကာတွင် (Hare Quota) စနစ်ဟု လူသိများပါသည်။ ဒုတိယအဆင့် ပါတီအသီးသီးနှင့် တစ်သီးပုဂ္ဂလများ တစ်ဦးချင်းရရှိသည့် ခိုင်လုံမဲကို အခြေခံမဲ (Threshold) ဖြင့် စား၍ ကိုယ်စားလှယ် အရေအတွက်ကို  ဆက်လက်သတ်မှတ်ပါသည်။ သတ်မှတ်ကိုယ်စားလှယ်အရေအတွက် ပြည့်မီခြင်း မရှိသေးပါက ပါတီအသီးသီးနှင့် တစ်သီးပုဂ္ဂလများ ၏ လက်ကျန်မဲများကို  အများအနည်းအလိုက် ဦးစားပေးအစဉ်အတိုင်း  ကိုယ်စားလှယ်တစ်ဦးစီ ထပ်ဆောင်းရေတွက်ပေးရသည့်စနစ် ဖြစ်ပါသည်။ ဒုတိယနည်း အမြင့်ဆုံးပျမ်းမျှစနစ်တွင် ပါတီအသီးသီး နှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်များ  ရရှိသည့် ခိုင်လုံမဲများကို ပျမ်းမျှစနစ်ဖြင့်စား၍ သတ်မှတ် ကိုယ်စားလှယ်ပြည့်မီသည်အထိ  အဆင့်ဆင့် ရေတွက်သည့် နည်းစနစ် ဖြစ်ပါသည်။ Open List စနစ်တွင် မဲဆန္ဒရှင်က နှစ်သက်ရာပါတီကိုယ်စားပြု ကိုယ်စားလှယ်ကို မဲပေးရသည်။ ကိုယ်စားလှယ်များ ရရှိသည့် မဲစုစုပေါင်းသည် ပါတီကရရှိသည့် မဲများ အဖြစ် တိုက်ရိုက်သက်ဆိုင်ပြီး အချိုးကျကိုယ်စား လှယ်ခွဲဝေပေးသည့် စနစ်ဖြစ်ပါသည်။  အချိုးကျ ကိုယ်စားပြုစနစ်များအုပ်စုတွင် (List PR) စနစ်ကို အများဆုံးအသုံးပြုပြီး ပါတီများနှင့် တစ်သီးပုဂ္ဂလ များရရှိသည့်  ထောက်ခံဆန္ဒမဲအပေါ်  မူတည်၍ ကိုယ်စားလှယ်အရေအတွက် အချိုးကျသတ်မှတ်ပေး သဖြင့် မဲဆန္ဒရှင်များ၏ကိုယ်စားပြုမှု  ပေါ်လွင် ထင်ရှားစေသည့်စနစ်ဖြစ်ပါသည်။

လွှဲပြောင်း၍ရသော   တစ်မဲတည်းမဲပေးစနစ် (STV) စနစ်သည် ကိုယ်စားလှယ်တစ်ဦးထက် ပိုမို ရွေးချယ်ရသည့် မဲဆန္ဒနယ်တွင် ကျင့်သုံးသည့် PR စနစ် တစ်မျိုးဖြစ်သည်။ မဲဆန္ဒရှင်က မိမိ နှစ်သက်ရာ ပါတီကိုယ်စားပြု ကိုယ်စားလှယ်လောင်းကို မဲပေး ရွေးချယ်ရပါသည်။ သတ်မှတ်ထားသော အခြေခံမဲ ရရှိသည့် ကိုယ်စားလှယ်လောင်းများအား အနိုင်ရ ကိုယ်စားလှယ်အဖြစ် သတ်မှတ်ပြီး ရွေးကောက်ရ မည့် ကိုယ်စားလှယ်အရေအတွက် မပြည့်မီသေးပါက ၎င်း အနိုင်ရကိုယ်စားလှယ်လောင်း ရရှိထားသည့် အခြေခံမဲထက်   ပိုနေသော  လက်ကျန်မဲများကို နောက်ထပ်ကိုယ်စားလှယ်လောင်းများသို့ လွှဲပြောင်း ပေးခြင်းဖြင့်   ကိုယ်စားလှယ် အလုံအလောက် ရွေးကောက်ပြီးသည်အထိ  အဆင့်ဆင့် ရေတွက် ရသောစနစ် ဖြစ်ပါသည်။  အဆင့်ဆင့်မဲရေတွက်မှု ရှုပ်ထွေးသောစနစ်ဖြစ်ပြီး အသုံးနည်း ကြောင်း သိရှိ ရပါသည်။

ပေါင်းစပ်ထားသည့် စနစ်များအုပ်စု

ပေါင်းစပ်ထားသည့်   စနစ်များအုပ်စုသည် သာမန်အားဖြင့် FPTP နှင့် PR ကို ရောနှောကျင့်သုံး သည့် တစ်စိတ်တစ်ပိုင်း  

PR (Semi PR) စနစ်ဖြစ်ပါသည်။ ယင်းအုပ်စုတွင် ပါဝင်သော  အပြိုင်စနစ် (Parallel) သည် FPTP ဖြင့် မဲဆန္ဒနယ်ကိုယ်စားပြု ကိုယ်စားလှယ်များနှင့် PR ဖြင့်  ပါတီအလိုက်  အချိုးကျကိုယ်စားပြု ကိုယ်စားလှယ်များကို ပူးတွဲရွေးချယ်ရသည့်စနစ် ဖြစ်ပါသည်။ မတူညီသောစနစ် နှစ်မျိုးကို  ပေါင်းစပ် အသုံးပြုသည့်စနစ်   ဖြစ်ပါသည်။    မဲဆန္ဒရှင်က မဲလက်မှတ်တစ်စောင်တည်းပေါ်တွင်    မိမိ နှစ်သက်ရာ ကိုယ်စားလှယ်လောင်းကို တစ်ကြိမ်၊ မိမိနှစ်သက်ရာ ပါတီကိုတစ်ကြိမ် ဆန္ဒပြုရွေးချယ် ရပါသည်။ FPTP အရ မဲအများဆုံးရသည့် ကိုယ်စား လှယ်လောင်းက ယင်းမဲဆန္ဒနယ်အတွက် အနိုင်ရ ကိုယ်စားလှယ်ဖြစ်ပြီး PR အရ ပါတီက အချိုးကျ ရရှိသည့် ထောက်ခံမဲများဖြင့်  ပါတီကိုယ်စားပြု ကိုယ်စားလှယ်များကိုလည်း ခွဲဝေသတ်မှတ်ပေး သည့်စနစ်ဖြစ်ပါသည်။ ယင်းစနစ်တွင် PR ဖြင့် ပါတီ က အချိုးကျရရှိသော ကိုယ်စားလှယ်အရေအတွက် တွင် FPTP အရ အနိုင်ရထားသည့် ကိုယ်စားလှယ် ဦးရေကို  ထည့်သွင်းခုနှိမ်၍  ရေတွက်ခြင်းမပြုဘဲ ကိုယ်စားလှယ် သီးခြားစီသတ်မှတ်ပေးသော Parallel စနစ် ဖြစ်ပါသည်။ ဥပမာ - လွှတ်တော်ကိုယ်စားလှယ် ၅၀၀ တွင်  မဲဆန္ဒနယ်  ၂၅၀ အတွက် ကိုယ်စားပြု ကိုယ်စားလှယ်လောင်း  ၂၅၀  အား FPTP  ဖြင့် တိုက်ရိုက်ရွေးချယ်ပြီး ကျန် ၂၅၀ အား ပါတီအလိုက် အချိုးကျကိုယ်စားပြုစနစ် PR ဖြင့် ရွေးချယ်ခြင်း သဘောဖြစ်ပါသည်။ ရောနှောထားသောကိုယ်စား လှယ်အချိုးကျစနစ် (MMP) စနစ်သည် Parallel စနစ်ကဲ့သို့ပင် မဲဆန္ဒနယ်ကိုယ်စားပြု FPTP စနစ်နှင့် ပါတီအလိုက် အချိုးကျကိုယ်စားပြု PR စနစ်ကို ပေါင်းစပ်ကျင့်သုံးသည့် စနစ်ဖြစ်ပါသည်။ သို့ရာတွင် မဲရေတွက်ရာ၌ ပါတီအလိုက်ကိုယ်စားလှယ် အချိုးကျ ရရှိသည့် အရေအတွက်တွင် ယင်းပါတီက မဲဆန္ဒနယ် ကိုယ်စားပြု အနိုင်ရ ကိုယ်စားလှယ်ဦးရေကို ခုနှိမ် ပြီး အချိုးညီအောင် ရေတွက်သတ်မှတ်ပေးခြင်းဖြစ်ပါ သည်။ ဥပမာ - A ပါတီက တစ်နိုင်ငံလုံးအတွက် ပါတီ အချိုးကျကိုယ်စားလှယ် ရာခိုင်နှုန်းအရ ၈၀ နေရာအတွက် ရရှိထားသည်ဆိုပါစို့။ မဲဆန္ဒနယ် ကိုယ်စားပြု အနိုင်ရကိုယ်စားလှယ် အရေအတွက် ၁၅ နေရာ ရရှိထားလျှင် ပါတီအချိုးကျကိုယ်စားလှယ် ၆၅ နေရာနှင့် မဲဆန္ဒနယ်ကိုယ်စားပြု ၁၅  နေရာ စုစုပေါင်း ၈၀ နေရာအဖြစ် အချိုးညီအောင် ရောနှော ရေတွက် သတ်မှတ်ပေးသည့်စနစ်  ဖြစ်ပါသည်။ ပေါင်းစပ်ထားသည့်စနစ်များအုပ်စု (Mixed System) စနစ်များသည် မဲဆန္ဒရှင်က  နှစ်သက်ရာပါတီကို လည်းကောင်း၊ နှစ်သက်ရာကိုယ်စား လှယ်လောင်း ကိုလည်းကောင်း ခွဲခြားပြီး စိတ်ကြိုက်ရွေးချယ်ခွင့် ရှိသည့် မဲဆန္ဒရှင်ကိုယ် စားပြုမှုနှင့် ပါတီအလိုက် အချိုးကျကိုယ်စားပြုမှုကို ဖော်ဆောင်ပေးနိုင်သည့် စနစ်များ ဖြစ်ပါသည်။

အထက်ဖော်ပြပါ   ရွေးကောက်ပွဲစနစ်များကို အခြေခံ၍  အမျိုးအစားတူ၊  စနစ်တူသော်လည်း မဲဆန္ဒနယ်၊ ကိုယ်စားလှယ်နှင့် မဲရေတွက်ပုံအမျိုးမျိုး ကို ရွေးချယ်ကျင့်သုံးကြပါသည်။ အခြားသောစနစ် များ ဖြစ်သည့် လွှဲပြောင်း၍မရသော တစ်မဲတည်း မဲပေးစနစ် (SNTV) စနစ်၊ ကန့်သတ်မဲပေးစနစ် (LV) စနစ်၊ Modified BC စနစ်တို့ကိုလည်း နိုင်ငံအနည်းငယ် တွင် ကျင့်သုံးကြောင်း သိရှိရပါသည်။ ထို့ကြောင့် ရွေးကောက်ပွဲစနစ်ဆိုင်ရာ လေ့လာဆန်းစစ်သူများ ၏ အဆိုအရ နိုင်ငံအများစုတွင် ကျင့်သုံးနေသော အဓိက ရွေးကောက်ပွဲစနစ် အုပ်စု သုံးအုပ်စုရှိပြီး ဗဟုအများစုကိုယ်စားပြုစနစ်ကို  နိုင်ငံပေါင်း ၇၀ ကျော်တွင် လည်းကောင်း၊ အချိုးကျကိုယ်စားပြု PR စနစ်ကို နိုင်ငံပေါင်း ၈၀ ကျော်တွင် လည်းကောင်း၊ FPTP နှင့် PR ရောနှောထားသောစနစ်များကို နိုင်ငံ ပေါင်း ၃၀ ကျော်တို့တွင်  ကျင့်သုံးလျက်ရှိကြောင်း လေ့လာသိရှိရပါသည်။

အခြေခံရွေးကောက်ပွဲစနစ်အတွက် လိုအပ်ချက်များ

မည်သို့ပင်ဆိုစေကာမူ      ပြီးပြည့်စုံသော ရွေးကောက်ပွဲစနစ်ဟူ၍ မရှိနိုင်။ ရွေးကောက်ပွဲစနစ် တိုင်းတွင် အားကောင်းချက်၊ လိုအပ်ချက် အနည်း နှင့်အများ ရှိနေမည်သာဖြစ်ပါသည်။ ရွေးကောက်ပွဲ စနစ်တစ်ရပ်ဖော်ဆောင်ရာတွင် လည်းကောင်း၊ စနစ်တစ်ခုမှတစ်ခုသို့ ပြောင်းလဲကျင့်သုံးရာတွင်လည်းကောင်း အခြေခံဥပဒေနှင့်ညီညွတ်ခြင်း၊ မျှတ သောကိုယ်စား ပြုမှုကို ဖော်ဆောင်နိုင်ခြင်း၊ ရိုးရှင်း လွယ်ကူစွာ မဲပေးနိုင်ခြင်း၊ တန်းတူပါဝင်ယှဉ်ပြိုင် နိုင်ခွင့်ရှိခြင်း၊ နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ် များက မဲဆန္ဒရှင်ကို တာဝန်ခံရခြင်း၊ မတူကွဲပြားမှု များကို  စုစည်းနိုင်ပြီး  တူညီသောညီညွတ်မှုကို ဖော်ဆောင် နိုင်ခြင်း၊ တည်ငြိမ်သောအစိုးရတစ်ရပ် ကို ဖြစ်ပေါ်စေခြင်း၊ အုပ်ချုပ်သူအစိုးရက တာဝန်ခံမှု ရှိခြင်း၊ နိုင်ငံရေးပါတီငယ်များနှင့် လူနည်းစုများကို အားပေးခြင်း၊ နိုင်ငံတကာစံသတ် မှတ်ချက်များကိုလည်း  ထည့်သွင်းစဉ်းစားခြင်း၊  ရွေးကောက်ပွဲ လုပ်ငန်းစဉ်တည်ငြိမ်ပြီး ရေရှည်တည်တံ့စေခြင်း၊ တည်ငြိမ်သော နိုင်ငံရေးပုံရိပ်ကောင်းကို ဖြစ်ထွန်း စေပြီး အမျိုးသားအကျိုးစီးပွားကို ရေရှည်ဖော်ဆောင် နိုင်ခြင်းနှင့် ဒီမိုကရေစီ၏  အနှစ်သာရဖြစ်သော ဗဟုနိုင်ငံရေးစနစ်ကို ပိုမိုမြှင့်တင်ပေးနိုင်ခြင်း စသည် တို့အပေါ်တွင်အခြေခံ၍  စဉ်းစားသုံးသပ်ကာ ဆောင်ရွက်ကြ ရမည်ဖြစ် ပါသည်။

မိမိတို့ကျင့်သုံးလိုက်သည့် ရွေးကောက်ပွဲစနစ် ကြောင့် အုပ်ချုပ်ရေးမဏ္ဍိုင် ယိုင်နဲ့စေခြင်း၊ ဥပဒေပြု ရေးနှင့် အုပ်ချုပ်ရေးအဖွဲ့အစည်းကြား သဟဇာတ မဖြစ်ခြင်း၊ လူထုနှင့်  လူထုကရွေးကောက်သည့်် ကိုယ်စားလှယ်တို့အကြား ထိတွေ့ဆက်ဆံမှုကွာဟ ခြင်း၊ ပါတီတွင်းအရေးအရာများ၊  ရွေးကောက်ပွဲ စီမံခန့်ခွဲရေးအဖွဲ့အစည်းများအတွက်  ရေရှည်လုပ်ငန်းစဉ်များ၊ အနာဂတ်နိုင်ငံရေး ဖြစ်ထွန်းမှုနှင့် နိုင်ငံရေးပုံရိပ်တို့အပေါ်တွင်  ထင်သာမြင်သာ သက်ရောက်မှုရှိနေမည်ကို သတိချပ်ရန်  လိုအပ်ပါမည်။

ရွေးကောက်ပွဲအမျိုးအစားများကို  လေ့လာ ကြည့်လျှင် သမ္မတရွေးကောက်ပွဲများ၊ ပြည်ထောင်စု အဆင့် ဥပဒေပြုလွှတ်တော်တစ်ရပ်  သို့မဟုတ် လွှတ်တော်နှစ်ရပ်အတွက်  ရွေးကောက်ပွဲများ၊ ပြည်နယ်  သို့မဟုတ်  ဒေသဆိုင်ရာ  ဥပဒေပြု လွှတ်တော်ရွေးကောက်ပွဲများ၊ မြူနီစီပယ် သို့မဟုတ် ဒေသန္တရအုပ်ချုပ်ရေးဆိုင်ရာ  ရွေးကောက်ပွဲများ နှင့်  လူထုဆန္ဒခံယူပွဲများဟူ၍  သာမန်အားဖြင့် ရွေးကောက်ပွဲ အမျိုးအစားများရှိကြောင်း သိရှိရပါ သည်။

သမ္မတစနစ်ကျင့်သုံးသည့် နိုင်ငံများတွင် လူထု က သမ္မတကို  တိုက်ရိုက်မဲပေးရသည့်  သမ္မတ ရွေးကောက်ပွဲကို  မဲအများဆုံးရသူ  အနိုင်ရစနစ် (First Past The Post – FPTP) သို့မဟုတ် မည်သည့် သမ္မတလောင်းကမျှ ဆန္ဒမဲထက်ဝက်ကျော် သို့မဟုတ် သတ်မှတ်မဲမရသဖြင့် မဲနှစ်ကြိမ် ပြန်ပေးရသည့် နှစ်ကျော့ပြန်စနစ် (Two Round System - TRS) တို့ကို ကျင့်သုံးကြောင်း သိရှိရပါသည်။ ဥပဒေပြု လွှတ်တော်ရွေးကောက်ပွဲများနှင့်  မြူနီစီပယ် သို့မဟုတ် ဒေသန္တရအုပ်ချုပ်ရေးဆိုင်ရာ ရွေးကောက်ပွဲ များကိုလည်း အထက်ဖော်ပြပါ အခြေခံရွေးကောက်ပွဲ စနစ်များအနက်မှ မိမိနိုင်ငံနှင့် သင့်လျော်ကိုက်ညီ သည့် ရွေးကောက်ပွဲစနစ်တစ်မျိုး သို့မဟုတ် တစ်မျိုး ထက်ပို၍ ပူးတွဲကျင့်သုံးကြကြောင်း သိရှိရပါသည်။ နိုင်ငံအလိုက် ရွေးကောက်ပွဲစနစ် တစ်မျိုးတည်းကို ကျင့်သုံးခြင်း၊ လွှတ်တော်တစ်ရပ်လျှင် ရွေးကောက်ပွဲ စနစ်တစ်မျိုးစီ  ခွဲခြားကျင့်သုံးခြင်း၊  လွှတ်တော် တစ်ရပ်တည်းတွင် ကိုယ်စားလှယ်အရေအတွက် ခွဲခြားသတ်မှတ်၍ ရွေးကောက်ပွဲစနစ် နှစ်မျိုး ပူးတွဲ ကျင့်သုံးခြင်းတို့ကို မိမိနိုင်ငံအခြေအနေနှင့်အညီ ရွေးချယ်ကျင့်သုံးကြကြောင်း လေ့လာသိရှိရပါသည်။

အချို့နိုင်ငံများက မည်သည့်ရွေးကောက်ပွဲစနစ် ဖြင့် ရွေးကောက်တင်မြှောက်ရမည်ကို   ဖွဲ့စည်းပုံ အခြေခံဥပဒေတွင်  အတိအလင်း  ပြဋ္ဌာန်းထားပြီး အချို့နိုင်ငံများက  ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ထည့်သွင်းပြဋ္ဌာန်းထားခြင်းမရှိဘဲ  လွှတ်တော် ရွေးကောက်ပွဲဥပဒေကဲ့ သို့သော သက်ဆိုင်ရာဥပဒေ များတွင်သာ  ပြဋ္ဌာန်းထားပါသည်။  မည်သည့် ရွေးကောက်ပွဲ စနစ်အတွက်မဆို မဲဆန္ဒနယ်သတ်မှတ် ပေးရန် လိုအပ်ပါသည်။  ကိုယ်စားလှယ်တစ်ဦး ရွေးကောက်ရမည့် မဲဆန္ဒနယ်နှင့် ကိုယ်စားလှယ် တစ်ဦးထက် ပို၍ ရွေးကောက်ရမည့် မဲဆန္ဒနယ်ဟူ၍ နှစ်မျိုးရှိပါသည်။ ကိုယ်စားလှယ်အရေအတွက်နှင့် နိုင်ငံ့လူဦးရေ  အချိုးအစားပေါ်အခြေခံ၍ လည်း ကောင်း၊ နယ်မြေဒေသကို အခြေခံ၍လည်းကောင်း၊ နယ်မြေတစ်ခုနှင့် တစ်ခု  လူဦးရေ အချိုးညီမျှမှုကို အခြေခံ၍ လည်းကောင်း၊ တစ်နိုင်ငံနှင့်တစ်နိုင်ငံ မဲဆန္ဒနယ်သတ်မှတ်ပုံ မတူညီကြပါ။ PR စနစ်တွင် မဲဆန္ဒနယ်ကို ကျယ်ပြန့်စွာသတ်မှတ်၍ ကိုယ်စား လှယ်အများအပြားကို  ရွေးကောက်တင်မြှောက် ရသည်ဖြစ်ရာ  ကိုယ်စားလှယ်တစ်ဦးချင်းအတွက် ကိုယ်စားပြုနယ်မြေ တစ်နယ်မြေစီ  မရှိတော့ ဘဲ မဲဆန္ဒနယ်တစ်နယ်လုံးအတွက် စုပေါင်းကိုယ်စားပြု သည့် သဘောရှိနေပါသည်။ အချို့နိုင်ငံ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် နယ်မြေကိုအခြေခံ၍ ကိုယ်စား လှယ်ရွေးကောက်ရမည့် ပြဋ္ဌာန်းချက်များပါရှိနိုင်မည် ဖြစ်ရာ မည်သည့် PR စနစ်ကို ရွေးချယ်ကျင့်သုံးသည် ဖြစ်စေ ယင်းပြဋ္ဌာန်းချက် မူဘောင်အတွင်းမှ နယ်မြေ ကိုယ်စားပြုမှုရရှိမည့်  နည်းလမ်းမျိုးကိုလည်း စဉ်းစားဖော်ထုတ်ဆောင်ရွက်ရန် လိုအပ်မည် ဖြစ်ပါ သည်။

ရွေးကောက်ပွဲစနစ် ပြောင်းလဲကျင့်သုံးရေး

အချို့နိုင်ငံများတွင်  လက်ရှိကျင့်သုံးနေသည့် ရွေးကောက်ပွဲစနစ်၏ အားနည်းချက်၊  အားသာ ချက်၊ နိုင်ငံသားတို့၏ အကျိုးစီးပွားလိုအပ်ချက်၊ ရွေးကောက်ပွဲမှ  ပေါ်ပေါက်လာသည့်   နိုင်ငံရေး အကျိုးဆက်၊   အနာဂတ်   နိုင်ငံ့အကျိုးစီးပွား သက်ရောက်မှုတို့အပေါ် မူတည်၍ လက်ရှိကျင့်သုံး နေသည့် ရွေးကောက်ပွဲစနစ်မှ ရွေးကောက်ပွဲစနစ် အသစ်တစ်ရပ်သို့  ပြောင်းလဲကျင့်သုံးခဲ့ကြသည့် သာဓကများလည်း ရှိပေသည်။

မြန်မာနိုင်ငံတွင်  လွတ်လပ်ရေးရပြီးနောက် ပါလီမန်ဒီမိုကရေစီခေတ် ရွေးကောက်ပွဲ သုံးကြိမ် အပါအဝင်၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျင်းပခဲ့သည့် ၂၀၁၀  ပြည့်နှစ်  အထွေထွေ ရွေးကောက်ပွဲ၊ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ၊ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ၊ ၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ၊ ၂၀၁၈ ခုနှစ်  ကြားဖြတ် ရွေးကောက်ပွဲနှင့် မကြာသောကာလက  ကျင်းပ ခဲ့သည့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ များကို မဲအများဆုံးရသူ အနိုင်ရစနစ်  FPTP  ကို ကျင့်သုံးခဲ့ပါသည်။ ယင်းသို့ FPTP စနစ်အရ တစ်မဲအသာဖြင့်  အနိုင်ရသူ ကိုယ်စားလှယ်လောင်းက ရွေးကောက်တင်မြှောက်ခံရပြီး ကျန်ကိုယ် စားလှယ် လောင်းများအား  မဲပေးခဲ့သည့်  မဲဆန္ဒရှင်များ၏ ဒီမိုကရေစီအရကိုယ်စားပြုမှုမှာ ပျောက်ဆုံးနေသည့် သဘောကို တွေ့ရှိခဲ့ရပေသည်။

ရွေးကောက်ပွဲ၏   အခြေခံသဘောတရား ဖြစ်သော ဒီမိုကရေစီ၏ အခြေခံကျသည့် အနှစ်သာရ လည်းဖြစ်သော ကိုယ်စားပြုမှုကို ဖော်ဆောင်နိုင်ခြင်း သည် ရွေးကောက်ပွဲစနစ်အပေါ်တွင်သာ မူတည် နေမည်ဖြစ်သည်။ အများစု၏ဆန္ဒအတိုင်း ဆုံးဖြတ် လိုက်နာရသကဲ့သို့ အနည်းစု၏  အခွင့်အရေးကို လည်း တရားမျှတစွာ ဖော်ဆောင်ခွင့်ရှိခြင်း စသည့် အချက်များသည် FPTP စနစ်တွင် မဲနိုင်သည့်ပါတီ အတွက် အားသားချက်ဖြစ်ပြီး ကျန်ပါတီများအတွက် မဲဆန္ဒရှင်များ၏ ကိုယ်စားပြုမှု နစ်နာဆုံးရှုံးနေသည့် သဘောကို တွေ့ရှိနေရပေသည်။ ထို့ကြောင့် FPTP စနစ်၏  အားနည်း ချက်ကို  ကျော်လွှားနိုင်ရန်နှင့် အချိုးကျကိုယ်စားပြုမှုကို  ဖော်ဆောင်နိုင်ရန် အတွက် PR စနစ်များနှင့် တစ်စိတ်တစ်ပိုင်း PR ဖြစ်သော Mixed System စနစ်များကို တီထွင် ကျင့်သုံးခဲ့ကြ ခြင်းဖြစ်မည်ဟု  လေ့လာသုံးသပ်မိပါ သည်။

ကျွန်ုပ်တို့ မြန်မာနိုင်ငံအနေဖြင့်လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်) အရ လက်ရှိကာလ ဖြစ်သော အရေးပေါ်ကာလ ပြဋ္ဌာန်းချက်များအား ဆောင်ရွက်ပြီးစီးပါက နိုင်ငံတော်တည်ငြိမ် အေးချမ်း စွာဖြင့်  လွတ်လပ်မျှတသော  ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ကျင်းပပေးပြီးလျှင် အနိုင်ရ သည့် ပါတီအား ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်အား လွှဲအပ်နိုင်ရေး ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ အနိုင်ရသည့်ပါတီက ဦးဆောင်၍  နိုင်ငံတော်တည်ဆောက်ရေး၊ အုပ်ချုပ်ရေးနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတာဝန် များကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက် ရန် တာဝန်ရှိနေပေသည်။

သို့ဖြစ်ရာ ယခင်ကျင်းပခဲ့သည့်ရွေးကောက်ပွဲများ အတွေ့အကြုံ၊ ကျင့်သုံးခဲ့သည့် ရွေးကောက်ပွဲ စနစ်၏ အားသာချက်နှင့်  အားနည်းချက်များ၊ ပြည်သူတို့ ဖြတ်သန်းပေးဆပ်ခဲ့ရသည့် အချိန်ကာလ၊ နိုင်ငံရေး ဖြစ်ထွန်းခဲ့မှု၊ ပြည်သူ့အကျိုးစီးပွားရလဒ် ဖြစ်ပေါ်ခဲ့မှု၊ အနာဂတ် နိုင်ငံတော်၏ နိုင်ငံရေးပုံရိပ်နှင့် အမျိုးသားအကျိုးစီးပွားအတွက်  ရေရှည်အကျိုး သက်ရောက်မှု တို့အပေါ်တွင်  ပြန်လည်ဆန်းစစ် ၍  လည်းကောင်း၊   မဲဆန္ဒရှင်ပြည်သူ အားလုံးနှင့် တိုင်းရင်းသားလူမျိုးစုများအားလုံးအတွက် မျှတ သော ကိုယ်စားပြုမှုနှင့် အာမခံချက်၊  တည်ငြိမ် အေးချမ်းပြီး  စစ်မှန်၍   စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို အခြေခံသော အနာဂတ် မျှော်မှန်းချက်များအတွက် မျှော်တွေး သုံးသပ်နိုင်ကြ စေရန်အလို့ငှာ  အခြေခံရွေး ကောက်ပွဲစနစ်များ အကြောင်းကို  မဲဆန္ဒရှင်တစ်ဦးအနေဖြင့် လေ့လာ တင်ပြလိုက်ရပါသည်။  

ကိုးကား -

(၁)     https://aceproject.org

(၂)      https://en. wikipedia.org/ list of   electoral systems by country