Skip to main content

ရှမ်းအရှေ့မှာ လျှပ်စစ်ဖြင့် အောင်စည်ရွမ်းပေရော့

ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်မြို့မှ ကားလမ်းအတိုင်း အရှေ့ဘက်သို့ ဆက်လက်ထွက်ခွာလျှင် ခိုလမ်၊ ကွန်ဟိန်း၊ ကာလိ စသည့်မြို့များကို ဖြတ်ကျော်ပြီးသည့်အခါ တာကော်သို့ရောက်ပါသည်။ တာကော်တံတားကြီး အောက်မှ တသွင်သွင်စီးဆင်း နေသော လှပသန့်စင် သည့် မြစ်သံလွင်ကိုလည်း မြင်နိုင်ပါပြီ။ မြစ်သံလွင်၏ ဟိုမှာဘက်ကမ်းသည်ကား ရှမ်းပြည်နယ် (အရှေ့ပိုင်း)၏ အဝင်တံခါးဝတည်း။

နမ့်စန်မှ တာကော်အထိ မြေမျက်နှာပြင်မှာ အများ အားဖြင့် မြေပြန့်လွင်ပြင်များသာဖြစ်သည်။ အနည်းငယ် သော တောင်ကုန်း တောင်တန်းလေးများသာရှိ၏။ တာကော်တံတား၏တစ်ဖက်ကမ်း ရှမ်းပြည်နယ် (အရှေ့ပိုင်း)သို့ စတင်ဝင်ရောက်သည်နှင့် မြင့်မား မတ်စောက်လှသော တောင်ကုန်းတောင်တန်းများကို စတင်ဖြတ်သန်းရတော့သည်။ တောင်ကုန်းတောင်တန်း များနှင့်အတူ နက်ရှိုင်းလှသော ချောက်ကမ်းပါးများ၊ စိမ်းညို့ညို့ သစ်တောကြီးများ၊ ဟိုမှသည်မှ စီးဆင်းနေ ကြသော စမ်းချောင်းကလေးများ၊ သင်းပျံ့သော တောပန်းရနံ့တို့ ထုံမွမ်းလျက် ရှုမဆုံးတော့သော ရှမ်းကုန်းမြေမြင့် သဘာဝကြီးနှင့်အတူ မိုင်းပျဉ်းမြို့ ကလေးက ကြိုဆိုနေပါလိမ့်မည်။

မြို့အနီးစီးဆင်းနေသော နမ့်ပင်းချောင်းသည် တောင်မှမြောက်သို့ ပြောင်းပြန်စီးဆင်းနေခြင်းကို အကြောင်းပြု၍ “မိုင်းပင်း” ဟုခေါ်ဆိုလာခဲ့ရာမှ ကာလ ရွေ့လျားလာသော် “မိုင်းပျဉ်း” ဖြစ်လာသည့် ဤမြို့ ကလေးသည် သာယာလှပပါပေ၏။ အရှေ့ဘက်တွင် ကျိုင်းတုံမြို့နယ်၊ တောင်ဘက်တွင် မိုင်းဆတ်မြို့နယ်နှင့် မိုင်းတုံမြို့နယ်၊ အနောက်ဘက်တွင် ကွန်ဟိန်းမြို့နယ်၊ မြောက်ဘက်တွင် မက်မန်းမြို့နယ်တို့နှင့် နယ်နိမိတ် ထိစပ်လျက်ရှိ၏။

မိုင်းပျဉ်းမြို့တွင် ရှမ်း၊ လားဟူ၊ ပလောင်၊ ဗမာ၊ “ဝ”လွယ်လ၊ အာခါ၊ လီရှော၊ လီဆူ၊ ကချင်၊ ကရင်၊ ရခိုင်၊ ဓနု၊ အင်းသား၊ ချင်း၊ မွန်၊ ပအိုဝ်း အစရှိသည့် တိုင်းရင်း သားလူမျိုးပေါင်းစုံ အေးအတူပူအမျှ မှီတင်းနေထိုင် လျက်ရှိ၏။ အမြင့်ပေပေါင်း ၇၃၂၉ ပေရှိသော လွယ်ဆီး တောင်ကြီးက အုပ်မိုးလျက်ရှိ၏။ ကျွန်း၊ အင်ကြင်း၊ ပိတောက်၊ သစ်ရာ၊ သစ်အယ်၊ ဖန်ခါး၊ ထင်းရှူး၊ လက်ပံ၊ မိုက်ကော်၊ စွယ်တော်နှင့် ဝါးမျိုးစုံ ပေါက်ရောက်ရှင်သန် ကြသည့် သဘာဝအမွေများကိုလည်း ပိုင်ဆိုင်ထား၏။

စင်စစ် မိုင်းပျဉ်းမြို့နယ်သာမက ရှမ်းပြည်နယ် (အရှေ့ပိုင်း)တွင်ပါဝင်သည့် ကျိုင်းတုံ၊ မိုင်းတုံ၊ မိုင်းခတ်၊ မိုင်းဆတ်၊ မိုင်းယန်း၊ မိုင်းဖြတ်၊ တာချီလိတ်၊ မိုင်းလား၊ မိုင်းယောင်း အစရှိသည့် မြို့နယ်များ မြို့များအားလုံး လိုလိုပင် သဘာဝ၏အမွေအနှစ်များ၊ ချစ်ခင်မြတ်နိုးဖွယ် ယဉ်ကျေးမှုဓလေ့ထုံးစံများ၊ သယံဇာတအရင်းအမြစ်များ၊ လှပနှစ်လိုဖွယ် တောတောင်ရေမြေများဖြင့် ပြည့်စုံလှပါ ပေသည်။

သို့သော်လည်း လိုအပ်ချက်တစ်ခုကား အမှန်ရှိခဲ့ပါ သည်။ ရှမ်းပြည်နယ်(အရှေ့ပိုင်း)ဒေသရှိ တိုင်းရင်းသား ပြည်သူများအားလုံး နှစ်ရှည်လများ လိုလားတောင့်တခဲ့ကြ သည့်အရာ ရှိသည်ဟုဆိုလျှင် ယင်းသည် နိုင်ငံတော် ဓာတ်အားစနစ်မှ ပို့လွှတ်ဖြန့်ဖြူး ပေးမည့် လျှပ်စစ်ဓာတ်အား ဖြစ်မည်ဆိုသည်ကား မည်သူမျှငြင်းနိုင်မည်မဟုတ်ပေ။ အဆိုပါဒေသများတွင် ဒေသအလိုက် ဆောင်ရွက်ထား ကြသော အသေးစားရေအားလျှပ်စစ်ဓာတ်အားပေးစက်များ၊ ဒီဇယ်ဓာတ်အားပေးစက်များဖြင့်သာ လျှပ်စစ် ဓာတ်အားကို ရနိုင်သမျှ သုံးစွဲနေကြရသည်။ အချိန်ပိုင်း မျှသာ ဓာတ်အားသုံးစွဲနိုင်သည်။ အလင်းရောင်ရရှိရန် အတွက်သာ အဓိက သုံးစွဲရပြီး စက်မှု၊ လက်မှုလုပ်ငန်းများ အတွက် တွင်တွင် ကျယ်ကျယ်မရှိခဲ့ပါ။

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနသည် နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို အပြည့်အဝဖြည့်ဆည်း ပေးနိုင်ရန် အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်လျက်ရှိပါ သည်။ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်း၊ သယ်ယူပို့ဆောင် ခြင်း၊ ဖြန့်ဖြူးခြင်း အစရှိသည့် လုပ်ငန်းစဉ်ကြီးများကို ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်အောင် စနစ်တကျ အကောင် အထည်ဖော်ဆောင်ရွက် လျက်ရှိပါသည်။ မြန်မာနိုင်ငံ တစ်နံတစ်လျားရှိ တိုင်းရင်းသားသွေးချင်းများ မှီတင်းနေ ထိုင်ကြသော ဒေသများအထိ လွှမ်းခြုံသော လျှပ်စစ်ဓာတ် အားစနစ်ကို ရေတိုရေရှည်စီမံကိန်းများဖြင့် ချမှတ်ဆောင် ရွက်လျက်ရှိရာတွင် ရှမ်းပြည်နယ်အရှေ့ပိုင်းသည်လည်း တစ်ခုအပါအဝင်ဖြစ်ပါသည်။

မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက် နှစ်ပေါင်း ၇၂ နှစ်ခန့်ကြာသည့်တိုင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် နိုင်ငံတော် ဓာတ်အား စနစ်မှ လျှပ်စစ်ဓာတ်အားမရရှိနိုင်ခဲ့ပါ။ အမျိုးမျိုးသော အခက်အခဲများ၊ အတားအဆီးများကြောင့် လျှပ်စစ်ဓာတ်အား ရရှိရန်မှာ ရွှေပြည်တော် မျှော်တိုင်း ဝေးခဲ့ရသည်။ လျှပ်စစ်ရရှိရေးမှာ အိပ်မက်ရှည်ကြီးပမာ ဖြစ်ခဲ့ရသည်။ တိုင်းရင်းသား လူမျိုးအားလုံး အာသာငံ့လင့် ချင်ခြင်းဖြစ်ခဲ့ရသည်။ ယခုအချိန်တွင်ကား ရှမ်းပြည်နယ် (အရှေ့ပိုင်း)ရှိ မိုင်းပျဉ်းနှင့် ကျိုင်းတုံ မြို့နယ်များသို့ နိုင်ငံတော် ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အား ရောက်ရှိ၍လာ ခဲ့ပါပြီ။

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသည် ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းပျဉ်းနှင့် ကျိုင်းတုံမြို့တို့သို့ နိုင်ငံတော်ဓာတ် အားစနစ်မှ ဓာတ်အားပို့လွှတ်ဖြန့်ဖြူးနိုင်ရန်အတွက် ၂၃၀ ကေဗွီ နမ့်စန်-မိုင်းပျဉ်း- ကျိုင်းတုံဓာတ်အားလိုင်း ၁၅၁ မိုင်တည်ဆောက်ခြင်း၊ ၁၃၂ ကေဗွီ နမ့်စန်ပင်မဓာတ်အား ခွဲရုံအား ၂၃၀ ကေဗွီအဆင့်မြှင့်တင်ခြင်း၊ မိုင်းပျဉ်းနှင့် ကျိုင်းတုံတို့တွင် ၂၃၀ ကေဗွီ ပင်မဓာတ်အားခွဲရုံကြီးများ တည်ဆောက်ခြင်း စီမံကိန်းများကို ၂၀၁၅-၂၀၁၆ ဘဏ္ဍာ နှစ်တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါ သည်။

၂၃၀ ကေဗွီ ဓာတ်အားလိုင်း၊ နမ့်စန်-တာကော်အပိုင်း ၇၇ မိုင်ခန့်ကို TBEA ကုမ္ပဏီအားလည်းကောင်း၊ ၂၃၀ ကေဗွီ ဓာတ်အားလိုင်း တာကော်-မိုင်းပျဉ်း-ကျိုင်းတုံ အပိုင်း ၇၄ မိုင်ကို အောင်မြင့်မိုရ် ကုမ္ပဏီအားလည်းကောင်း၊ ဓာတ်အားခွဲရုံများ အဆင့်မြှင့် တင်ခြင်းနှင့် အသစ်တည် ဆောက်ခြင်းများကို Young In ကုမ္ပဏီအားလည်းကောင်း အသီးသီးလုပ်ငန်းအပ်နှံဆောင် ရွက်စေခဲ့ပါသည်။ စီမံကိန်း လုပ်ငန်းများအားလုံးကို တာဝန်ယူကြီးကြပ်ရန်အတွက် ဓာတ်အားပို့လွှတ်ရေး စီမံကိန်း (မြောက်ပိုင်း)အုပ်ချုပ်မှု အောက်ရှိ စီမံကိန်းမန်နေဂျာရုံးများက ဆောင်ရွက်ခဲ့ကြ ပါသည်။

Survey တိုင်းတာခြင်း၊ အကြိုအင်ဂျင်နီယာလုပ်ငန်း များဆောင်ရွက်ခြင်း၊ ဒီဇိုင်းများရေးဆွဲခြင်း၊ ပစ္စည်းများ ၀ယ်ယူခြင်း အစရှိသည့် လုပ်ငန်းများကို အစဉ်အတိုင်း ဆောင်ရွက်ကြပြီးနောက် ဓာတ်အားခွဲရုံများ၏ မြေပြင် တည်ဆောက်ရေး လုပ်ငန်းများကို ၂၀၁၆ ခုနှစ် အောက်တို ဘာလမှ စတင်ဆောင်ရွက်နိုင်ခဲ့ပါသည်။ ဓာတ်အားလိုင်း မြေပြင်တည်ဆောက်ရေး လုပ်ငန်းများကိုမူ ၂၀၁၈ ခုနှစ် သြဂုတ်လတွင်မှသာ စတင်နိုင်ခဲ့ပါသည်။ ဤစီမံကိန်းကြီး သည် ပမာဏကြီးမားသည့်အပြင် ခက်ခဲကြမ်းတမ်းသော မြေပြင်အနေအထားကို ဖြတ်သန်းခဲ့ရသည်။ ပစ္စည်းများ သယ်ယူပို့ဆောင်မည့် လမ်းကြောင်းတစ် လျှောက်ရှိ တံတားများ၊ လမ်းကျဉ်းများ၊ မြင့်မားမတ်စောက်သည့် တောင်ကုန်း၊ တောင်တန်းများ၊ အခြားအကန့်အသတ်များ ကြောင့် မျှော်မှန်းထားသလောက်ခရီးမပေါက်ခဲ့။

မည်သို့ပင်ဖြစ်စေ အခက်အခဲ အတားအဆီးများကို ရင်ဆိုင်ကျော်လွှားတည်ဆောက်ခဲ့ရသော ရှမ်းအရှေ့ သမိုင်းသစ်ခရီးများကား အမှတ်တရနှင့် လွမ်းမောဖွယ် အတိဖြစ်တော့၏။

စိမ်းညို့ညို့ မင်းလွင်မှိုင်း

ရှစ်ခွင်ဝိုင်း မောရှမ်းတောင်။

လျှပ်စစ်တွေ ပို့လွှတ်ကြဖို့

ကြိုးစားရအောင်။
နမ့်စန်အစ တာဝါထောင်

ရောင်နီတစ်ထောက် မိုင်းပျဉ်း။

တူးသာတီး လိုင်းပုံသွင်းမယ်

ကျိုင်းတုံကိုဆင်း။
၂၃၀ ကေဗွီ နမ့်စန်-မိုင်းပျဉ်း-ကျိုင်းတုံ ဓာတ်အား လိုင်းကြီးသည် နမ့်စန်ပင်မဓာတ်အားခွဲရုံမှ ခရီးစ၏။ နမ့်စန်မြို့နယ်တွင် တိန်းချောင်းကိုကျော်၏။ ထိုမှ တစ်ဆင့် ခိုလမ်ကိုဖြတ်သန်း၏။ ကွန်ဟိန်းမြို့နယ်တွင် နမ့်ပန်ချောင်းကို ကျော်၏။ ထိုမှတစ်ဆင့် ကာလိမြို့၊ ထိုမှတစ်ဆင့် တာကော်တွင် သံလွင်မြစ်ကို ကျော် ရပြန်၏။

ဓာတ်အားလိုင်းတစ်လျှောက် (၂)မိုင်ရွာ၊ ဆင်မောင်းရွာ၊ (၂၄)မိုင်ရွာ တို့ကို ခက်ခက်ခဲခဲဖြတ်သန်းပြီး နောက် မိုင်းပျဉ်းတောင် ထိပ်သို့ရောက်၏။ မိုင်းပျဉ်း တောင်ထိပ်မှ လှမ်းမျှော်ကြည့်လျှင်ကား လွင်ပြင်ကျယ် ပြန့်ပြန့်တွင် မိုင်းပျဉ်းပင်မဓာတ်အားခွဲရုံကို မြင်နိုင်ပါပြီ။ တာကော်တံတားကို လွန်ကတည်းက မြေပြင်အနေ အထားမှာ ရုတ်ခြည်းပြောင်းလဲသွားတော့သည်။ ကျောက်စိုင်ကျောက်သားများအတိပြီးသော မတ်စောက် သည့်တောင်ကုန်းများပေါ်တွင် တာဝါတိုင်ချရန်နေရာ ကို ခက်ခက်ခဲခဲ ပြုပြင်ရသည်။ ကျောက်သားများကို ခက်ခက်ခဲခဲတူးဖော်ရသည်။ မိုင်းများအသုံးပြု၍ ခွဲထုတ် ပြီး ဖောင်ဒေးရှင်းပြုလုပ်ခဲ့ရသည်။ ကားလမ်းရှိရာ ဘက်ကမ်းမှ ချောင်းကိုဖြတ်သန်း၍ ဖောင်ဒေးရှင်းနှင့် တိုင်ဆင်ပစ္စည်းများကို ခက်ခက်ခဲခဲ ပို့ဆောင်ခဲ့ရသည်။ သာမန်အားဖြင့် တစ်လခန့်သာ ကြာလေ့ရှိသည့် တာဝါတိုင်တစ်တိုင် ဖောင်ဒေးရှင်းအတွက် အဆိုပါနေရာ တွင် လေးလခန့် ကြာသွား၏။

ကားလမ်းကကျဉ်းသည်။ မိုးရာသီတွင် သွားရေး လာရေး ပိုမိုခက်ခဲသည်။ ကြီးမားလေးလံသည့် တာဝါ တိုင်များ၊ ဓာတ်အားလိုင်းပစ္စည်းများသယ်ဆောင်သည့် ယာဉ်ကြီးများ ဖြတ်သန်းရန် မလွယ်လှပေ။ သက်တမ်း ကြာမြင့်ပြီဖြစ်သော တာကော်တံတား၏ ကြံ့ခိုင်မှုအခြေ အနေအရ ဝန်တင်ယာဉ်ကြီးများ၏ အလေးချိန်ကို ကန့်သတ်လိုက်သည့်အခါ ပို၍ခက်ခဲတော့၏။ တံတား တစ်ဖက်ကမ်းတွင် ဦးစွာချ၊ ယာဉ်အငယ်များဖြင့် ကဲ့၍ တစ်ဖက်ကမ်းသို့ ပြန်သယ်ကြရ၏။ လမ်းတစ်လျှောက် လိုင်းအဖွဲ့များ စခန်းချနိုင်ရန် ရွာစဉ်ပြတ်၏။ မြေပြန့် နည်းသဖြင့် စခန်းချရန် ခက်ခဲလှ၏။

ထို့အပြင် ဒေသခံများ၏ စိုက်ခင်းများကို ဖြတ်သန်းရာတွင်လည်း အချိန်ယူ၍ ခက်ခက်ခဲခဲ ညှိနှိုင်း ဆောင်ရွက်ခဲ့ရသည်။ သစ်ပင်များ ခုတ်ထွင်ရှင်းလင်းခွင့်၊ ဒေသမှ ရိုးရာဓလေ့အရ တန်ဖိုးထားသော နေရာများကို ဖြတ်သန်းခွင့်၊ တပ်မတော်အပါအဝင် အခြားဝန်ကြီး ဌာနများပိုင်ဆိုင်သော ဧရိယာများကို ဖြတ်သန်းတည် ဆောက်ခွင့် အစရှိသည့် ညှိနှိုင်းဖြေရှင်းရမှုများသည် လည်း တည်ဆောက်ရေးလုပ်ငန်းကဲ့သို့ပင် ခက်ခက်ခဲခဲ ရှိခဲ့ပါသည်။

ကျိုင်းတုံကို မီးလင်းစေ့မယ်လို့

ခရီးပြင်း ငါတို့နှင်

တောထဲကိုဝင်။
တစ်တောင်ကိုမြင်
တိုင်ဆင်ဖို့ တစ်လမ်းဖောက်။

မိုးအစဲမှာလ
ကြိုးဆွဲမယ် ညီနောင်သဘင်ရဲ့

ဒီတောင်တစ်ခွင်မှာ မိုးမကျခင်ဖြင့်

ထိုးကြွကြွ မင်ပန်းချီပမာပေါ့

စဉ်ညီညာ တာဝါတွေ ဆက်ဆက်ပြီးအောင်လို့

ကိုင်း…သွက်သွက်ကြီးဆောက်။

မိုင်းပျဉ်းကို လွန်သော် ကျိုင်းတုံသို့ ဆက်ရပါသည်။ ပန်တာလေရွာ၊ ခမ်းပေါ့ရွာ၊ နောင်ချိုရွာ၊ တုံတာမြို့၊ တောင်ခြေရွာတို့ကို ကျော်ဖြတ်ပြီးနောက် (ဒေသအခေါ်)စပါယ်ရှယ်တောင်ကြီးကို ဖြတ်သန်းရပါတော့သည်။ အမြင့်ပေ ၆၀၀၀ ကျော်ရှိသော စပါယ်ရှယ်တောင်၊ ရင်ကွဲတောင်များကို ခက်ခက်ခဲခဲ ကျော်လွှားပြီးနောက် ပန်ကြူရွာ၊ တံတားဖြူရွာအလွန်တွင် ကျိုင်းတုံမြို့ အဝင် ချောင်းကိုဖြတ်သန်းပြီး ကျိုင်းတုံဓာတ်အားခွဲရုံသို့ ရောက်ရှိပါတော့သည်။

ကဿပမြတ်စွာဘုရားလက်ထက်မှစ၍ သမိုင်း ကြောင်းအတီတေရှိခဲ့သော ကျိုင်းတုံမြို့သည် အလွန် စည်ကားသာယာ ရှိလှပါသည်။ အရှေ့ဘက်တွင် မိုင်းယောင်းမြို့နယ်၊ တောင်ဘက်တွင် မိုင်းဖြတ်မြို့နယ်၊ အနောက်ဘက်တွင် တုံတာမြို့နယ်နှင့် မိုင်းပျဉ်းမြို့နယ်၊ မြောက်ဘက်တွင် မိုင်းခတ်မြို့နယ်နှင့် မိုင်းလားမြို့နယ် တို့တည်ရှိပါသည်။ ပေ ၅၀၀၀ မှ ၇၀၀၀ ခန့်အထိ မြင့်မားသော တောင်ထွတ်တောင်တန်းများ သွယ်ဝိုက် ဆန့်တန်းလျက်ရှိပြီး ကျိုင်းတုံမြို့မှာ ပင်လယ်ရေမျက်နှာ ပြင်အထက် ပေ ၂၇၁၀ အထက်တွင် တည်ရှိပါ သည်။

ရှမ်း၊ လားဟူ၊ အာခါ လူမျိုးများအပါအဝင် တိုင်းရင်း သားပေါင်းစုံမှီတင်းနေထိုင်ကြသော ကျိုင်းတုံမြို့တွင် ယခင်က ဌာနပိုင် နမ့်ဝုတ်(၁)၊ (၂)၊ နမ့်စို၊ နမ့်လပ် ရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံငယ်များဖြင့် မိုးရာသီတွင် လျှပ်စစ်ဓာတ်အားအပြည့်ပေး နိုင်သော်လည်း နွေရာသီတွင် တစ်နေ့လျှင် ရှစ်နာရီခန့်သာ အချိန်ပိုင်းမျှ ဓာတ်အားပေးနိုင်ခဲ့သည်။ လိုအပ်သည့် အခါများတွင် ဒီဇယ်အင်ဂျင်သုံး ဓာတ်အားပေးစက်များ ဖြင့်ပါ ဖြည့်ဆည်းထုတ်လုပ် ဖြန့်ဖြူးပေးခဲ့ရသည်။ အလားတူပင် မိုင်းပျဉ်းမြို့ သည်လည်း ဌာနပိုင် ၅၀၀ ကေဗွီ ဒီဇယ်ဓာတ်အားပေးစက်ဖြင့် တစ်နေ့လျှင် လေးနာရီခန့်သာ ဓာတ်အားပေးနိုင်ခဲ့သည်။

မိုင်းပျဉ်း-ကျိုင်းတုံဓာတ်အားလိုင်းအပိုင်းတည်ဆောက်ရာတွင်လည်း အခက်အခဲများစွာ ရင်ဆိုင်ကြုံ တွေ့ခဲ့ရ၏။ လမ်းနယ် နိမိတ် နှင့် မလွတ်ကင်းသော တာဝါတိုင်အချို့ ပြောင်းရွှေ့ပေးရခြင်း၊ သစ်ပင်များ ခုတ် ထွင်ရှင်းလင်းခွင့်ရရှိရေး ညှိနှိုင်းရခြင်း၊ ဒေသခံအချို့နှင့် ညှိနှိုင်းမှုများအရ ဓာတ်အားလိုင်းအူကြောင်း ပြန်လည် ပြောင်းရွှေ့ပေးရခြင်း၊ တာဝါတိုင်တစ်တိုင်တည်ဆောက် ရန် ချဉ်းကပ်လမ်းတစ်လမ်းနှုန်းခန့် ဖောက်လုပ်နေရခြင်း၊ မြင့်မားမတ်စောက်သော တောင်တက်တောင်ဆင်းလမ်း များတွင် ပစ္စည်းများခက်ခက်ခဲခဲပို့ဆောင်ရခြင်းစသည် တို့ကို ခက်ခဲစွာကျော်လွှားခဲ့ရ၏။

ကျိုင်းတုံအဆင်း
မိုင်းပျဉ်းကခွဲရုံ။
တက်နေခြည် နွေးလျလျမှာ

ဖွေးရွရွမှုန်။
ချွေးစစ ငါတို့မဖြုံ

ဒါဒို့ဂုဏ် ဒါဒို့သွေး။

ရှမ်းအရှေ့သမိုင်းသစ်ကို
ဝိုင်းခြစ်လို့ရေး။

မိုင်းပျဉ်းမြို့တွင်း ဖြတ်သန်းစီးဆင်းလျက်ရှိသော ချောင်းနံဘေးရှိ ၂၃၀ ကေဗွီ မိုင်းပျဉ်းပင်မ ဓာတ်အားခွဲရုံကြီး ကား လှပရှုမောဖွယ်ရှိလှ၏။ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ ပထမဆုံးသော နှစ်ထပ်ခွဲ Control Building Design ဖြင့် ကြွားကြွား ဝင့်ထည်ရှိလှ၏။ တည်ဆောက်ရေးလုပ်ငန်း များမှာ ၂၀၁၉ ခုနှစ် သြဂုတ်လတွင် ပြီးစီးခဲ့သည်။ သို့သော် လည်း တာကော်တံတား ကိုဖြတ်သန်း၍ ထရန်စဖော်မာကြီး များအားသယ်ယူရန် မဖြစ်နိုင်တော့သဖြင့် အစီအစဉ်ကို ပြောင်းလဲ၍ တစ်ဖက်နိုင်ငံမှ ခက်ခက်ခဲခဲဖြတ်ကျော် သယ်ဆောင်ခဲ့ရသည်။

မောဌာနီ ရွှေအရပ်

ခေမရဌ် ကျိုင်းတုံ။

ဖိုခုံလောက်ပုံ တောင်မြုံကြားမှာ

တိမ်ပါးတို့ခြုံ။
ရှုစမ်းကြ ပသာဒစုံ

သဘာဝအဖုံ အလှဂုဏ်မြောက်။

နောင်မကြာ တွဲစုံခရီးရောက်အောင်ပ

ခွဲရုံကြီးဆောက်။

ကျိုင်းတုံ-လွယ်မွေကားလမ်းဘေးရှိ ၂၃၀ ကေဗွီ ကျိုင်းတုံပင်မဓာတ်အားခွဲရုံကြီးကား ရင်သပ်ရှုမောမဆုံး လှပတင့်တယ်စွာ တည်ရှိနေပေပြီ။ ၂၀၁၈ ခုနှစ် နို၀င်ဘာလ တွင် တည်ဆောက်ပြီးစီးခဲ့သည့် ကျိုင်းတုံဓာတ်အားခွဲရုံ ကြီးသည် သဘာဝ၏ အလှအပ များနှင့် လူတို့ဖန်တီး အပ်သော အလှအပတို့ပေါင်းဆုံ၍ လှချင်တိုင်းလှနေပေ သည်။

ဆိုခဲ့သည့်အတိုင်း ၂၃၀ ကေဗွီ နမ့်စန်-မိုင်းပျဉ်း- ကျိုင်းတုံဓာတ်အားလိုင်းကြီးတည်ဆောက်ရသည့် အခက် အခဲများ၊ စိန်ခေါ်မှုများ စွာကို ကြုံတွေ့ခဲ့ရပါသည်။ အထူး သဖြင့် တောင်ကုန်းတောင်တန်း များပြားလှသော တာကော်- မိုင်းပျဉ်း-ကျိုင်းတုံ အပိုင်းမှာ အခက်ခဲဆုံးဖြစ်သည်။ စီမံကိန်းလျာထားချက်အရ ၂၀၁၉ ခုနှစ် ဇူလိုင်လတွင် ပြီးစီးရမည်ဆိုသော်လည်း အခက်အခဲများကြောင့် နှောင့်နှေးခဲ့ရသည်။ မည်သို့ပင်ဖြစ်စေ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ ပြည်သူလူထုထံသို့ နိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ် ဓာတ်အားဖြန့်ဖြူးပေးနိုင်ရေးအတွက် ရည်မှန်းချက်ကို မျက်ခြည်ပြတ်မခံခဲ့ပါ။ အားနည်းချက်၊ အားသာချက်များကို ခြုံငုံသုံးသပ်၍ စီမံကိန်းကြီးအမြန်ဆုံး ပြီးမြောက်ရေးကို နည်းလမ်းမျိုးစုံကြံဆ ဆောင်ရွက်ခဲ့ပါသည်။

နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ မိုင်းပျဉ်းနှင့် ကျိုင်းတုံဒေသများသို့ လျှပ်စစ်ဓာတ်အား အမြန်ဆုံးရရှိရေးအတွက် သက်ဆိုင်ရာကုမ္ပဏီအား တွန်းအားပေးဆောင်ရွက်စေသည့်အပြင် ဌာနမှ ကျွမ်းကျင်ပညာရှင်များကို အဖွဲ့များခွဲ၍ ကွင်းဆင်း ကြီးကြပ်စေပြီး အင်အားအလုံးအရင်းဖြင့် အချိန်တိုအတွင်း ကွက်ပြည့်နင်းဆောင်ရွက်စေခဲ့ပါသည်။ ကိုဗစ်-၁၉ ကာလ တွင်ပင် ကျန်းမာရေးဆိုင်ရာ ကန့်သတ်ချက်များကို တိကျစွာလိုက်နာရင်း ရည်မှန်းချက်ပေါက်မြောက်အောင် ကြိုးပမ်းဆောင်ရွက် နိုင်ခဲ့သည့် အကျိုးကျေးဇူးကား အထင်အရှားပင်ဖြစ်ပါ၏။

ရှမ်းအရှေ့မှာ လျှပ်စစ်ဖြင့် အောင်စည်ရွမ်းပေရော့

ရောင်နီသန်းပြီ။
သွေးချင်းတွေ ရွှေအိပ်မက်က

နိုးထရွှင်ကြည်။
နမ့်စန်မှ သည်

မိုင်းပျဉ်းဆီ အရောက်ပို့။

မှတ်သားရစ်စေတော့
ဓာတ်အားစနစ်ဆီက
စံချိန်မီ လျှပ်စစ်စွမ်းအင်တို့

ရှမ်းတစ်ခွင်မှာ လွှမ်းဆင်သိုင်းရစ်မယ်

သမိုင်းသစ်မို့။

၂၀၂၀ ပြည့်နှစ် ဇွန်လ ၇ ရက်နေ့တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းပျဉ်းမြို့သို့ နိုင်ငံတော် ဓာတ်အားစနစ်စတင် ရောက်ရှိခဲ့ပါပြီ။ ဒေသခံပြည်သူများ ပျော်ရွှင်ကျေနပ်ကြလိမ့် မည်ဟု ယုံကြည်ပါသည်။ ဌာနအနေဖြင့်လည်း ခက်ခက်ခဲခဲ ကြိုးပမ်းဆောင်ရွက် ခဲ့ရသည့် စီမံကိန်းကြီး၏ အသီးအပွင့် တို့ကို တိုင်းရင်းသား သွေးချင်းညီနောင်များသို့ ခံစားခွင့်ရ စေသည့်အတွက် အထူးပင် ကြည်နူးဝမ်းမြောက်မိပါသည်။ ခံ့ညားဝင့်ကြွားစွာပေါ်ထွန်းလာပြီဖြစ်သော ၂၃၀ ကေဗွီ ဓာတ်အားလိုင်းနှင့် မိုင်းပျဉ်းဓာတ်အားခွဲ ရုံကြီးသည်ကား အမိနိုင်ငံတော်နှင့် ဒေသခံတိုင်းရင်းသားသွေးချင်းတို့ အတွက် ခိုင်မြဲသောသစ္စာကြိုးများ ဖြစ်ပါစေကြောင်း ဆုတောင်းရပါ၏။

ဘာမထီ မင်းယောက်ျားတို့

စွန့်စားလို့ တည်ဆောက်သည်။

ကျိုင်းတုံကို ဓာတ်စနစ်က

လျှပ်စစ်ရောက်ပြီ။
မောမြေမြင့် ပုဗ္ဗာမဟီ

အဟုတ်သာကြည် ပျော်မည်ထင့်။

ဖော်ညွှန်းကာ တွေးဆလို့

မော်ကွန်းသာ ရေးကြရော့

အဝေးက မုဒိတာလွှင့်မယ်

(ကွယ်) ထုတိကဗျာဆင့်။

၂၀၂၀ ပြည့်နှစ် ဇွန်လ ၂၇ ရက်နေ့တွင်ကား ကျိုင်းတုံ မြို့သို့ နိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အား စတင် ရရှိခဲ့ပြီဖြစ်ပါသည်။ စိမ်းညို့ညို့ရှမ်းတောင်တန်းကြီး များပေါ်မှ ဖြတ်သန်း၍ တာဝါတိုင်ပေါင်း ၆၃၇ တိုင်တို့ နှင့်အတူ ငွေမျှင်ချည် ပမာကဲ့သို့ လျှပ်စစ်ဓာတ်ကြိုးများ ယှက်သန်းကာ နမ့်စန်မှသည် ကျိုင်းတုံဆီရောက်ရှိခဲ့ပြီ ဖြစ်ပါသည်။ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ၏ လျှပ်စစ်သမိုင်း သစ်ဟုပင် ဆိုရပါတော့မည်။ ပြည်သူလူထုအနေဖြင့် အနှစ်နှစ်အလလက မျှော်မှန်းခဲ့ရသော အိပ်မက်တို့ အမှန်တကယ် ဖြစ်လာပါပြီ။ အံ့သြဝမ်းမြောက်ခြင်း နှင့်အတူ ဂုဏ်ယူကြိုဆိုကြလိမ့်မည်ဟု ယုံကြည်မိ ပါသည်။

လွပ်လပ်ရေးရပြီးနောက် နှစ်ပေါင်း (၇၂) နှစ်ခန့် အကြာတွင် နိုင်ငံတော်အစိုးရအနေဖြင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း)သို့ နိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ် အားကို အောင်မြင်စွာ စတင်ဖြန့်ဖြူးပေးနိုင်ခဲ့သည့် မော်ကွန်းကို ဂုဏ်ယူဝင့်ကြွားစွာ ရေးထိုးနိုင်ခဲ့ပြီဖြစ်ပါ သည်။ လျှပ်စစ်နှင့် စွမ်းအင်၀န်ကြီးဌာနအနေဖြင့် ရည်မှန်း ချက်နှင့်အညီ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလတွင် တစ်နိုင်ငံလုံး၏ ဓာတ်အားသုံးစွဲမှု ၅၀ ရာခိုင်နှုန်းပြည့်မြောက်အောင် စွမ်းဆောင်နိုင်ခဲ့ပါပြီ။ ၂၀၂၅ ခုနှစ်တွင် ၇၅ ရာခိုင်နှုန်းအထိ လည်းကောင်း၊ ၂၀၃၀ ပြည့်နှစ်တွင် ရာနှုန်းပြည့် လျှပ်စစ်ဓာတ်အားသုံးစွဲနိုင်ရေးအတွက်လည်းကောင်း ချမှတ်ထားသည့် ရည်မှန်းချက်အတိုင်း မမှိတ်မသုန် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ မိုင်းပျဉ်း၊ ကျိုင်းတုံတို့နည်းတူ ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ မြို့ရွာများသည်လည်း မဝေးလှသော အနာဂတ်တွင် နိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အား များကို ရရှိခံစားရတော့မည်မှာ အမှန်ပင်ဖြစ်ပါ၏။

တိုင်းရင်းသားပြည်သူတစ်ရပ်လုံးအနေဖြင့်လည်း နိုင်ငံတော်၏ စေတနာမှန်ကို နားလည်သဘောပေါက် ကြပြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက တည်ဆောက် ပြီးစီးခဲ့သည့် ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများကို ဝိုင်းဝန်းထိန်းသိမ်းကြပါရန် လည်းကောင်း၊ ဆက်လက် တည်ဆောက်မည့် ဓာတ်အားလိုင်းနှင့်ဓာတ်အားခွဲရုံများအတွက် ဌာနနှင့်အတူ ဝိုင်းဝန်းကူညီ ဆောင်ရွက်ကြပါရန် လည်းကောင်း ဝမ်းသာကြည်နူးစိတ်ဖြင့် ဖော်ညွှန်း ဂုဏ်ပြုရေးသားအပ်ပါသည်။ ။

မောင်လွမ်းနီ(ရေစကြို)