ကျေးလက်လူမှုစီးပွားမြင့်မားဖို့ ကျေးလက်လမ်းတွေ အဆင့်မြှင့်စို့
ဂွေးကုန်း-ဝက်ချုပ်-နတ်မောက် ကတ္တရာလမ်းပေါ်တွင် စက်ဘီး၊ ဆိုင်ကယ်၊ ကား စသည်တို့ဖြင့် သွားလာသူများ စည်ကားနေသည်။ ဂွေးကုန်းရွာသည် နတ်မောက်မြို့၊ ရေနံချောင်းမြို့တို့နှင့် မဝေးသော်လည်း ယခင်က မြေသားလမ်းဖြစ်သည့်အတွက် ခရီးမတွင်ပေ။ မြေသားလမ်းသာ ဖြစ်သည့်အတွက် မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ဂွေးကုန်းကျေးရွာနှင့် ဝက်ချုပ်ကျေးရွာ အနီးနားတစ်ဝိုက်ရှိ ကျေးလက်နေပြည်သူများသည် ဒေသလူမှုစီးပွားအတွက် အခက်အခဲများ ရှိခဲ့ကြသည်။
ဒေသထွက်ကုန်များကို အဆင့်ဆင့် သယ်ပို့ရောင်းဝယ်ကြရသည်။
ကျန်းမာရေးဝန်ဆောင်မှု ကိုလည်း အချိန်နှင့်အမျှ မရရှိကြရပေ။ ထို့အတူ ဒေသခံကျောင်း သားကျောင်း သူများသည် စာသင်ချိန်မီရန်အတွက် နံနက်ဝေလီဝေလင်းကတည်းကပင် ကျောင်းသွား ကြရသည်။ ယခုအခါ ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်နိုင်ပြီဖြစ်သည့်အတွက် ထိုအခက်အခဲများကို ကျော်လွန်ကာ အလွယ်တကူ သွားလာနိုင်ပြီဖြစ်သည်။
“ကျောင်းသားတွေအတွက်လည်း မိုးမလင်း ခင်ကတည်းကထပြီး ကျောင်းချိန်မီသွားစရာ မလိုတော့ဘူး။ လမ်းကောင်းတော့ ခဏနဲ့ သွားနိုင်ပါပြီ။ အရင်ကဆို မွေးလူနာ၊ ပိုးထိ လူနာ၊ အရေးပေါ်လူနာတွေဟာ ရေနံချောင်း၊ နတ်မောက် စတဲ့ ဆေးရုံတွေကို ဆေးကုသဖို့ နွားလှည်းနဲ့ပဲ သွားနိုင်တော့ အချိန်မီ မရောက်လို့ အသက်ဆုံးရှုံးတာ ရှိတယ်။ အခုတော့ ကတ္တရာလမ်းဖြစ်တဲ့အတွက် ကျွန်တော်တို့ဒေသအတွက် ပညာရေး၊ ကျန်းမာရေးအပါအဝင် ကျွန်တော်တို့ စိုက်ပျိုးထားတဲ့ သီးနှံရောင်းဖို့ကအစ အားလုံးအဆင်ပြေသွားပြီ”ဟု ဂွေးကုန်း ကျေးရွာမှ ဦးဇော်လေးက ဆိုသည်။
ဂွေးကုန်း-ဝက်ချုပ်-နတ်မောက်လမ်း သည် နတ်မောက်မြို့နယ်နှင့် ရေနံချောင်း မြို့နယ်တို့ကို ဆက်သွယ်ပေးထားသော လမ်းမကြီးဖြစ်ပြီး စုစုပေါင်း ၂၉ မိုင် ၇ ဖာလုံ ရှည်လျားကာ ကျေးရွာပေါင်း ၅၉ ရွာရှိ လူဦးရေပေါင်း ၄၉၅၂၇ ဦးတို့ ဆက်သွယ်သွား လာ အသုံးပြုသည့် အရေးပါသော လမ်းမ ကြီးတစ်ခု ဖြစ်သည်။
ယခင်က မြို့နှင့် ၁၀ မိုင်နီးပါးသာ ဝေးသည့် ရွာများပင် မြို့ပေါ်ရောက်ရန် ရွှံ့ထဲ၊ ဗွက်ထဲတွင် ညအိပ်ကာ သွားကြရသည်။ မိုးတွင်းကာလ၌ ဒေသထွက်ကုန်များနှင့် ကုန်စည်များ ရောင်းဝယ်ဖောက်ကားကြ ရာတွင်လည်း ဗွက်နစ်နေသော ကုန်ကားများ အား ကျေးရွာလူအားဖြင့် ရုန်းခဲ့၊ ဆွဲခဲ့ကြရ သော အခြေအနေတည်ရှိခဲ့သည့် ကျေးရွာများ ဖြစ်သည်။
မြေသားလမ်းမှတစ်ဆင့် ကျောက်ခင်း လမ်း၊ ကျောက်ခင်းလမ်းမှတစ်ဆင့် ကတ္တရာ လမ်းအထိ အဆင့်ဆင့် တိုးတက်ပြောင်းလဲ လာပြီး လမ်းပန်းဆက်သွယ်ရေး ကောင်းမွန် လာသည့်အတွက် မြို့နယ်အတွင်း ပညာရေး၊ ကျန်းမာရေး အပါအဝင် ဒေသခံကျေးလက် ပြည်သူများ၏ လူမှုစီးပွား ဘဝများသည် တိုးတက်လာခဲ့သည်။
နိုင်ငံအတွင်းရှိ ကျေးရွာများ အလျင် အမြန် ဖွံ့ဖြိုးတိုးတက်စေရန် အခြေခံလိုအပ် ချက်တစ်ခုဖြစ်သည့် ကျေးလက်လမ်း၊ တံတား များ ကောင်းမွန်ရေးကို ဆောက်လုပ်ရေး ဝန်ကြီးဌာန ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ရည်မှန်းဆောင်ရွက်လျက်ရှိသည်။
ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနကို ၂၀၁၇ ခုနှစ် ဇူလိုင် ၂၁ ရက်တွင် ပြုလုပ်သော ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ်(၁၄/၂၀၁၇)တွင် အသစ်တိုးချဲ့ ဖွဲ့စည်းရန် သဘောတူခွင့်ပြုခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် အရာထမ်း ၃၉၈ ဦး၊ အမှုထမ်း ၁၀၂၃ ဦးဖြင့် ကျေးလက်လမ်း၊ တံတား ကောင်းမွန်စေရန် ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ရာတွင် အမျိုးသား အဆင့်ကျေးလက်လမ်းများဖွံ့ဖြိုးရေး မဟာ ဗျူဟာကို ရေးဆွဲထားရှိပြီး ၂၀၃၀ ပြည့်နှစ်၌ မြန်မာနိုင်ငံရှိ ကျေးရွာအားလုံး၏ ၈၀ ရာခိုင် နှုန်းနှင့် နိုင်ငံအတွင်းရှိ ကျေးလက်လူဦးရေ၏ ၉၀ ရာခိုင်နှုန်းသည် ရာသီမရွေး သွားလာနိုင် သည့် ကျေးလက်လမ်းများ အသုံးပြုနိုင်ရန် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနအနေဖြင့် ရည်မှန်းချက်ထားရှိသည်။
ကျေးလက်လမ်း၊ တံတားများ စဉ်ဆက် မပြတ် ဖွံ့ဖြိုးရေး၊ ကျေးလက်ထုတ်ကုန်များ ကုန်ကျစရိတ် သက်သာစွာဖြင့် ဈေးကွက်သို့ အမြန်ဆုံးရောက်ရှိရေး၊ ကျေးလက်နေပြည်သူ များ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးကိစ္စ ရပ်များအတွက် ကျေးလက်လမ်းကွန်ရက်များ အသုံးပြု၍ အမြန်ဆုံး ဆက်သွယ်သွားလာ နိုင်ရေး၊ အမျိုးသားပို့ဆောင်ရေး ပင်မစီမံကိန်း အား အထောက်အကူ ဖြစ်စေရေးနှင့် ၂၀၃၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံရှိ ကျေးရွာများအားလုံး ၈၀ ရာခိုင်နှုန်းနှင့် နိုင်ငံတွင်းရှိ ကျေးလက် လူဦးရေ၏ ၉၀ ရာခိုင်နှုန်းအပေါ် ရာသီမရွေး သွားလာနိုင်သော ကျေးလက် လမ်းများအဖြစ် အသုံးပြုနိုင်ရန် နှစ်စဉ်အဆင့်မြှင့်တင်ဆောင် ရွက်ရေးတို့သည်လည်း ကျေးလက် လမ်းဖွံ့ဖြိုး ရေးဦးစီးဌာန၏ ရည်မှန်းချက်များဖြစ်သည်။
ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန သည် စတင်ဖွဲ့စည်းခဲ့သည့် ၂၀၁၇-၂၀၁၈ ခုနှစ် မှ ၂၀၁၉-၂၀၂၀ ပြည့်နှစ်အထိ ကွန်ကရစ်လမ်း ၁၂၂၇ မိုင်၊ ကတ္တရာလမ်း ၁၀၃၈ မိုင်၊ ကျောက် ချောလမ်း ၁၆၀၈ မိုင်၊ ဂဝံလမ်း ၃၄၃၈ မိုင်၊ မြေသားလမ်း ၄၀၇၆ မိုင် စုစုပေါင်း ၁၁၃၈၇ မိုင် ဆောင်ရွက်ခဲ့သည်။
ကွန်ကရစ်/ကတ္တရာလမ်း ဆောင်ရွက်နိုင် မှု အချိုးအနေဖြင့် ၃ ဒသမ ၂ ရာခိုင်နှုန်း တိုးတက်ဆောင်ရွက်နိုင်ခဲ့သည်။
“ကျေးလက်လမ်း၊ တံတားတွေ ဆောင် ရွက်တဲ့အခါ အခုအစိုးရလက်ထက်မှာ ပြုပြင် ပြောင်းလဲဆောင်ရွက်တာတွေ ရှိပါတယ်။ အခုအစိုးရလက်ထက်မှာ ကျေးလက်ဒေသတွေ ဖွံ့ဖြိုးရေးကို ဦးစားပေးတယ်။ ဒီအတွက် ရန်ပုံငွေလည်း တိုးတက် ရရှိခဲ့ပါတယ်။ ရန်ပုံငွေ တိုးတက်ရရှိခဲ့တဲ့အတွက် ကျေးလက်လမ်း၊ တံတားတွေကို ပိုမိုဆောင်ရွက်နိုင်ပါတယ်။ ထူးခြားချက်က လမ်းလွှာဒီဇိုင်းတွေကို အသေး စိတ်တိုင်းတာပုံထုတ်တာ၊ မြေခံနိုင်ဝန်အား စမ်းသပ်တဲ့ ကိရိယာတွေနဲ့ စမ်းသပ်ပြီး တံတား ဒီဇိုင်းတွေ ပုံထုတ်တာ၊ အရည်အသွေး ပိုကောင်းဖို့ Third Party QC အဖွဲ့တွေနဲ့ အရည်အသွေး စစ်တာတွေ ရှိလာတယ်။ ပြီးတော့ သတ်မှတ်စံချိန်စံညွှန်းနဲ့အညီ လုပ်ငန်း တွေပြီးစီးနိုင်ဖို့ လွှတ်တော်ကိုယ်စားလှယ် တွေနဲ့ ပေါင်းစပ်ပြီး ထိန်းကျောင်းတည့်မတ် ဆောင်ရွက်ရပါတယ်” ဟု ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခင်သက်က ဆိုသည်။
လမ်းတံတား ဒီဇိုင်းများနှင့်ပတ်သက်၍ ဒေသနှင့် ကိုက်ညီသည့် ဒီဇိုင်း၊ အရည်အသွေး များ ခွဲခြားသတ်မှတ်ရေးဆွဲရေးနှင့် စပ်လျဉ်း၍ UK အထောက်အပံ့ဖြင့် Research For Community Access Partnership-ReCAP အဖွဲ့အစည်းနှင့် အာရှဒေသခံလူထု အဖွဲ့ အစည်းအခွင့်အလမ်း အကျိုးတူ ပူးပေါင်း ဆောင်ရွက်ခြင်း စီမံကိန်းအဖြစ် Low Volume Rural Road Design Standard and Specification ကို ရေးဆွဲခဲ့ပြီးဖြစ် သည်။
“ကျေးလက်လမ်းတွေ အရည်အသွေး မြှင့်တင်နိုင်ဖို့အတွက် လမ်း၊ တံတားတည် ဆောက်ရေးအသုံးပြုပစ္စည်းတွေရဲ့ အရည် အသွေးပြည့်မီမှု ရှိ/မရှိ စမ်းသပ်နိုင်ဖို့ ဓာတ်ခွဲ ခန်းတွေ ထူထောင်ပြီး ReCAP အဖွဲ့အစည်းနဲ့ ပူးပေါင်းဆောင်ရွက်လျက်ရှိတဲ့ CSIR (South Africa) ပညာရှင်တွေကနေ ဝန်ထမ်းတွေ ပညာရပ်ပိုင်းဆိုင်ရာကျွမ်းကျင်မှု အဆင့်မြှင့် တင်ပေးဖို့အတွက် သင်တန်းပေးခြင်း၊ လမ်း ခံနိုင်ရည်အား စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းစဉ်တွေကို စာတွေ့လက်တွေ့ သင်ကြားပေးပါတယ်။
“ဒီလို ReCAP က နည်းပညာပိုင်းဆိုင်ရာ ပံ့ပိုးပေးခြင်းဟာ ကျေးလက်လမ်း၊ တံတား တည်ဆောက်ရေးလုပ်ငန်းသုံးပစ္စည်းတွေရဲ့ အရည်အသွေးနဲ့ လမ်းတည်ဆောက်ခြင်း လုပ်ငန်းဆိုင်ရာ အရည်အသွေးတွေကို ဌာန ဆိုင်ရာ ဝန်ထမ်းတွေနဲ့သာမက Third Party QC အဖွဲ့တွေနဲ့ ပူးပေါင်းထိန်းသိမ်းခြင်းအား ဖြင့် ပိုမိုကောင်းမွန်စေပါတယ်”ဟု ကျေး လက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန အင်ဂျင်နီယာ ချုပ် ဦးစိုးထွန်းနိုင်က ပြောကြားသည်။
ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန သည် ADBနှင့် ဌာနမှ ပူးပေါင်းရေးဆွဲ ထားသော အမျိုးသားအဆင့် ကျေးလက် လမ်းဖွံ့ဖြိုးရေး မဟာဗျူဟာအရ လက်ရှိ ဆောင်ရွက်ပေးရမည့် စုစုပေါင်း ကျေးလက် လမ်းမိုင်ပေါင်း ၅၅၃၆၉ မိုင်ပေါ်တွင် ရာသီ မရွေးသွားလာနိုင်သောလမ်း ၄ ဒသမ ၅ ရာခိုင်နှုန်း တိုးတက်ဆောင်ရွက်ပေးနိုင်ခဲ့ သည်။ တံတားများအနေဖြင့် ကွန်ကရစ် တံတား ၁၈၅၆ စင်း၊ သစ်သား တံတား ၆၁ စင်း၊ ဘေလီ/ကြိုးတံတား ၁၈၃ စင်း၊ ရေကျော်/ရေပြွန် ၅၄၁၉ စင်း စုစုပေါင်း ၇၅၁၉ စင်း တိုးတက်ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ဖြစ်သည်။
“ကျေးလက်လမ်း၊ တံတား ဒီဇိုင်းတွေ ကို ဦးစီးဌာနက သတ်မှတ်ထားတဲ့ လမ်းအဆင့် အတန်း၊ လမ်းလွှာပုံစံ၊ တံတားအဆင့်အတန်း၊ တံတားပုံစံတွေ၊ ဒေသန္တရနဲ့ကိုက်ညီတဲ့ လမ်း၊ တံတားတွေရဲ့ ဒီဇိုင်းပုံစံတွေကို ထုတ်ပေးခြင်းအားဖြင့် ဦးစီးဌာနရဲ့ မူဝါဒ၊ ရည်မှန်းချက်တွေကို အထောက်အပံ့ ပေးလျက်ရှိပါတယ်” ဟု ကျေးလက်လမ်း ဖွံ့ဖြိုးရေး ဦးစီးဌာန ဒီဇိုင်းနှင့် ပုံထုတ်ဌာနခွဲမှ ညွှန်ကြားရေးမှူး(မြို့ပြ) ဒေါက်တာထွန်းမြင့် အောင်က ပြောကြားသည်။
တိုင်းဒေသကြီး၊ ပြည်နယ် ကျေးလက် လမ်းဖွံ့ဖြိုးရေးဦးစီးဌာနရုံးများသည် ရေးဆွဲ ထားသော မဟာဗျူဟာ၊ သတ်မှတ်ထား သော နည်းပညာပိုင်းဆိုင်ရာ အမိန့်ညွှန်ကြား ချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိသည်။ တိုင်းဒေသကြီးနှင့် ပြည်နယ်ရုံးများသည် ဦးစီးဌာန စတင်ဖွဲ့စည်းခဲ့သည့် ၂၀၁၇ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ သုံးနှစ်တာကာလ အတွင်း ကွန်ကရစ်/ကတ္တရာလမ်း ၂၂၆၅ မိုင်၊ ရာသီမရွေးသွားလာနိုင်သောလမ်း ၃၈၇၃ မိုင်တို့ကို ဆောင်ရွက်နိုင်ခဲ့သည်။
“အခုအစိုးရလက်ထက် ၂၀၁၆ -၂၀၁၇ ဘဏ္ဍာနှစ်ကနေ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အထိ ရန်ပုံငွေကျပ် ၁၈၁၆ ဒသမ ၂၃၈ ဘီလီယံနဲ့ကျေးလက်လမ်းတွေ ဆောင် ရွက်ခဲ့ပါတယ်။ ဒီလို ဆောင်ရွက်ရာမှာ ကွန်ကရစ်/ကတ္တရာလမ်း ၃၄၅၈ မိုင်၊ ကျောက်လမ်း ၂၈၅၂ မိုင်၊ ဂျင်း/ဂဝံလမ်း ၅၁၉၅ မိုင်၊ မြေသားလမ်း ၅၉၉၃ မိုင် စုစုပေါင်း ၁၇၄၉၈ မိုင်ကို ဆောင် ရွက်ပေးနိုင်ခဲ့ပါတယ်။ ဒီလမ်းတွေပေါ်က တံတား/ရေကျော်/Culvert ၃၆၆၉၀၃ ပေကို ဆောင်ရွက်နိုင်ခဲ့ပါတယ်” ဟု ညွှန်ကြားရေး မှူးချုပ် ဦးခင်သက်က ပြောကြားသည်။
ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန သည် ကျေးလက်လမ်း၊တံတားများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာတွင် နိုင်ငံတော် ဘတ်ဂျက်ဖြစ်သည့် ပြည်ထောင်စုနှင့် တိုင်း ဒေသကြီးနှင့် ပြည်နယ်ရန်ပုံငွေများအပြင် နိုင်ငံတကာ မိတ်ဖက်အဖွဲ့အစည်းများ၊ အထောက်အပံ့များနှင့် ပြည်သူလူထု ပူးပေါင်းပါဝင်သော မျှဝေခြင်းအစီအစဉ် များဖြင့်လည်း ဆောင်ရွက်လျက်ရှိသည်။
နိုင်ငံတကာမိတ်ဖက်အဖွဲ့အစည်းများ နှင့် ပူးပေါင်းဆောင်ရွက်ရာတွင် World Bank နှင့် JICA ချေးငွေဖြင့် လုပ်ငန်းစီမံကိန်း နှစ်ခု၊ KfW ထောက်ပံ့ငွေဖြင့် လုပ်ငန်းစီမံကိန်း သုံးခု ဆောင်ရွက်လျက်ရှိသည်။
“World Bank နဲ့ JICA ချေးငွေနဲ့ လုပ်ငန်းစီမံကိန်းနှစ်ခု၊ KfW ထောက်ပံ့ငွေနဲ့ လုပ်ငန်း စီမံကိန်းသုံးခု ဆောင်ရွက်နေတာရှိပြီး တော့ ဒီလုပ်ငန်းစီမံကိန်းတွေကနေ ကတ္တရာ လမ်း ၉၄ မိုင်နဲ့ တံတား/ရေကျော် လေးစင်းကို ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ပြီးတော့ JICA၊ China Aid၊ ADB၊ KfW၊ World Bank တို့နဲ့ ပူးပေါင်းပြီး ကတ္တရာလမ်း စုစုပေါင်း ၆၅ မိုင်၊ တံတား သုံးစင်းကို ဆောင်ရွက်ဖို့လည်းရှိပါ တယ်”ဟု ညွှန်ကြားရေးမှူးချုပ်က ဆို သည်။
ကျေးလက်လမ်းများ ဖွံ့ဖြိုးတိုးတက် စေရန်အတွက် တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့နှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနတို့က စက်၊ ယာဉ်၊ ယန္တရားနှင့် နည်းပညာပံ့ပိုး၍ ပြည်သူက စက်သုံးဆီ/အထောက်အကူပြုလုပ်ငန်းများ ကျခံပြီး ပြည်သူလူထု ပူးပေါင်းပါဝင်သော မျှဝေခြင်း အစီအစဉ်ဖြင့် ကျေးလက်လမ်းသစ်များ ဖောက်လုပ်ခြင်း၊ အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မန္တလေး တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (တောင်ပိုင်း)နှင့် စစ်ကိုင်းတိုင်း ဒေသကြီး စသည့် တိုင်းဒေသကြီးနှင့် ပြည်နယ် လေးခုတွင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်၌ ကတ္တရာလမ်း ၁၂ မိုင်၊ ဂျင်းလမ်း မိုင် ၉၀၊ မြေသားလမ်း ၁၆၃ မိုင် စုစုပေါင်း ၂၆၅ မိုင်၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၌ ကတ္တရာလမ်း ငါးမိုင်၊ ဂျင်းလမ်း ၁၀၄ မိုင်၊ မြေသားလမ်း ၂၁၅ မိုင် စုစုပေါင်း ၃၂၄ မိုင် ဆောင်ရွက်နိုင်မည် ဖြစ်သည်။
ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနသည် ကျေးလက်လမ်းများ ဆောင်ရွက်ရာတွင် လမ်းဦးစီးဌာနလမ်းများနှင့် ချိတ်ဆက်သည့် ကျေးလက်လမ်းများ၊ မြို့နှင့်ကျေးရွာ ဆက် သွယ်သည့် ကျေးလက်လမ်းများ၊ တိုင်းဒေသ ကြီး၊ ပြည်နယ်အတွင်း မဟာဗျူဟာမြောက် အရေးပါသည့် ပြည်သူလူထု အသုံးပြုများ သည့်လမ်းများကို ရှေ့ပြေးစီမံကိန်း Pilot Project ရွေးချယ်ဆောင်ရွက်ခဲ့ကာ ဒေသလူမှု စီးပွားများ တိုးတက်အောင် အထောက်အကူ ပြုနိုင်ခဲ့သည်။
ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန၏ ရည်မှန်းချက်ဖြစ်သည့် ၂၀၃၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံရှိ ကျေးရွာအားလုံး၏ ၈၀ ရာခိုင် နှုန်းနှင့် နိုင်ငံတွင်းရှိ ကျေးလက်လူဦးရေ၏ ၉၀ ရာခိုင်နှုန်းသည် ရာသီမရွေးသွားလာနိုင် သည့် ကျေးလက်လမ်းများ အသုံးပြုနိုင်ရန် ၂၀၂၁-၂၀၂၂ မှ ၂၀၂၅ -၂၀၂၆ ဘဏ္ဍာနှစ် အတွင်း လမ်းအရှည် ၁၈၄၁၅ မိုင်၊ ၂၀၂၆- ၂၀၂၇ မှ ၂၀၃၀ - ၂၀၃၁ ဘဏ္ဍာနှစ်အတွင်း လမ်း အရှည် ၁၇၀၃၄ မိုင် ဆက်လက်အကောင် အထည်ဖော်သွားမည်ဖြစ်သည်။
ကျေးလက်ပြည်သူများ၏ လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံ့စီးပွား တိုးတက်ရေးတို့အတွက် အခြေခံကျသော ကျေးလက်ဒေသ လမ်းပန်းဆက်သွယ်ရေး လွယ်ကူချောမွေ့စေရန် ရာသီမရွေးသွားလာ နိုင်မည့် ကျေးလက်လမ်းကွန်ရက် အဆင့် မြှင့်တင်ခြင်းလုပ်ငန်းများ ဖော်ဆောင်သွား မည်ဖြစ်သည့်အပြင် ပြည်သူလူထု ပူးပေါင်း ပါဝင်မှု အစီအစဉ်များကိုလည်း တိုးမြှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါ ဦးစီးဌာနမှ သိရသည်။
ကျေးလက်ပြည်သူ ရိုင်းပင်းကူ
လက်တွဲငြိမ်းချမ်း ဒို့ကြိုးပမ်း
လမ်းများဖောက်လုပ် ဒို့အလုပ်
ဖွံ့ဖြိုးရေးဆောင်ရွက် ပြည်သူ့အတွက် ဆိုသည့် ဦးစီးဌာန၏ ရည်မှန်းချက် ဆောင်ပုဒ်နှင့်အညီ
ကျေးလက်ပြည်သူ များ၏ လူမှုစီးပွားတိုးတက်ရေးကို အစဉ် တစိုက် ကြိုးပမ်းဆောင်ရွက်လျက် ရှိပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။
သတင်းဆောင်းပါး-ရှင်မင်း
ဓာတ်ပုံ-မောင်ဖိုးဇော်(ကလေး)