Skip to main content

ပြောပြချင်တဲ့ ရုပ်ရှင်ဝေဖန်ရေးအကြောင်း

မြန်မာ့ရုပ်ရှင် နှစ်တစ်ရာပြည့် အထိမ်းအမှတ်

ယနေ့မြန်မာ့ရုပ်ရှင်နှစ် (၁၀၀) ပြည့် ခရီးရောက်ချိန်တွင် မြန်မာ့ရုပ်ရှင်ကား ရိုက်ကူးတင်ပြပုံနှင့် ဇာတ်ကား အရည်အသွေး၊ အဆင့်အတန်းတို့ ပြောင်းလဲတိုးတက်မှုရှိသည်ဟု ဆိုရမည်ဖြစ်သည်။ သို့သော်မြန်မာ့ရုပ်ရှင် နှစ် (၁၀၀) ပြည့်ခရီးအလွန်တွင် မြန်မာ့ရုပ်ရှင် လောကကြီးအနေဖြင့် များစွာ ကြိုးပမ်းကြရဦးမည် ဖြစ်သည်။

မြန်မာ့ရုပ်ရှင်လောကတွင် သရဲကားခေတ်ကောင်း လျှင် သရဲကားရိုက်၊ ဟာသကား ခေတ်ကောင်း လျှင် ဟာသကား၊ မင်းသားတွေ မိန်းမလိုဝတ်ပြီး မိန်းမလျာပုံလုပ်ကာ ခေတ်ကောင်းလျှင် ရှိသမျှ မင်းသားအကုန် မိန်းမလျာလိုရိုက်၊ ထို့ကြောင့် ရုပ်ရှင်ဖန်တီးမှု အတတ်ပညာနှင့် သရုပ်ဆောင် အရည်အသွေးတို့ လျော့နည်းလာခဲ့သည်။ ယင်းသို့ဖြင့် မြန်မာ့ရုပ်ရှင်အပေါ် ရုပ်ရှင်ချစ်သူပရိသတ် ကြီး၏ စိတ်ဝင်စားမှုလျော့ပါးခဲ့သည်။ ရုပ်ရှင်ဇာတ်ကားကို အနုပညာမြောက်အောင် ရိုက်ကူး ထုတ်လုပ် တင်ပြသော တန်းမြင့်ဇာတ်ကားများရှိသော်လည်း ရုပ်ရှင်လောကကြီး၏ အသိအမှတ် မပြု၊ မျက်ကွယ်ပြုခံရသည့် အခြေအနေ များလည်း ဖြစ်ပေါ်ခဲ့ရသည်။

အဆိုပါအခြေအနေမှာ မြန်မာ့ရုပ်ရှင်လောကကြီးတွင် ရုပ်ရှင်ဝေဖန်ရေးကောင်း ကင်းမဲ့နေခြင်း ကြောင့်ဟု ဆိုရမည်ဖြစ်သည်။ ထို့ကြောင့် ယခုဆောင်းပါးမှနေပြီး မြန်မာ့ရုပ်ရှင်လောကတွင် ပြောင်မြောက်သော ရုပ်ရှင်ဝေဖန်ရေးများ ရှိခဲ့သည်ကို မြန်မာ့ ရုပ်ရှင်နှစ် (၁၀၀) ပြည့်ခရီး အထိမ်းအမှတ်အဖြစ် တစေ့တစောင်းရေးသား တင်ပြရခြင်းဖြစ်ပါသည်။

ဤတွင် ရုပ်ရှင်ဝေဖန်ရေးအကြောင်းပြောရလျှင် “ဒါဖတ်ပြီးမှ ရုပ်ရှင်ကြည့်ပါခင်ဗျား” ခေါင်းစဉ်ဖြင့် ၁၉၅၇ ခုနှစ် ကြေးမုံ သတင်းစာမှစပြီး ကြေးမုံခင်မောင်ရီ အမည်ဖြင့် ရုပ်ရှင်ဝေဖန်ရေးကို တစိုက် မတ်မတ်ရေးခဲ့သည့် သတင်းစာဆရာ စိန်ခင်မောင်ရီအကြောင်းကို ချန်လှပ်၍ မရနိုင်ပါ။ သူ၏ ရုပ်ရှင် ဝေဖန်ရေးများက ထက်မြက်ထိရောက်သလို သတင်းခေါင်း တပ်ရာတွင်လည်း လက်သံပြောင်သည့် အတွက် ဆရာဇဝနက ခင်မောင်ရီ၏ရှေ့တွင် စိန်တပ်ပေးခဲ့ခြင်းဖြစ်သည်။ (ယနေ့ခေတ် မီဒီယာ သမားတချို့က စိန်ခင်မောင်ရီကို ဆိုင်းဆရာ ရွာစားလားဟု မေးခဲ့သည်ကို ကြားဖူးသည်)။


စိန်ခင်မောင်ရီ ကြေးမုံသတင်းစာတိုက် အယ်ဒီတာ ချုပ်တာဝန်ထမ်းဆောင်နေစဉ်က စာရေးဆရာ အသင်း အတွင်းရေးမှူး အနေဖြင့် အင်္ဂလန်နှင့် ရုရှားနိုင်ငံတို့သို့ သွားခဲ့ရသည်။ ထို့အပြင် မြန်မာနိုင်ငံ ရုပ်ရှင်ဆင်ဆာ အဖွဲ့ဝင်အဖြစ်လည်း ပါခဲ့ဖူးသည်။ ရုပ်ရှင်ဝေဖန်ရေး ဆရာစိန်ခင်မောင်ရီသည် ၁၉၈၅ ခုနှစ် အမျိုးသားစာပေဆု (ဘာသာပြန်(သုတ) ဆု)ကို “အနာတဟန်” အမည်ရှိ စာအုပ်နှင့် ချီးမြှင့်ခံရပါသည်။ စိန်ခင်မောင်ရီသည် ရုပ်ရှင် ဝေဖန်ရေးများ ရေးနေသော်လည်း “အမွန်က တစ်ဖက်၊ သူတို့က တစ်ဖက်” နှင့် “ ရွှေလက်ဖြင့် ခေါ်လဲမလာ” ရုပ်ရှင်ဇာတ်ညွှန်းတို့ကိုလည်း ရေးခဲ့ဖူးသည်။ ထို့အပြင် စောင်းသိန်းဖေ ဆိုခဲ့သည့် “ငွေညှို့ပင်” မြန်မာ့အသံ ဓာတ်ပြားရသီချင်း သည် စိန်ခင်မောင်ရီ၏လက်ရာ ဖြစ် သည်။ ပြဇာတ်တွင်လည်း “မြေပိုင်ရှင် ဦးကံကောင်း နဲ့သမီးများ” ပြဇာတ်သည် သူ့လက်ရာ ဖြစ်သည်။

သတင်းစာဆရာ၊ အမျိုးသားစာပေဆုရှင်၊ စာရေးဆရာ၊ သီချင်း၊ ဇာတ်ညွှန်း၊ ပြဇာတ်ရေးဆရာ၊ ဘာသာပြန် ဆရာ စသည့် စွယ်စုံရ စိန်ခင်မောင်ရီသည် မဟေသီ မဂ္ဂဇင်းတွင် ရုပ်ရှင်ဝေဖန်ရေး ပင်တိုင်ရေးသားရင်း ၁၉၉၂ ခုနှစ်တွင် ကွယ်လွန်ခဲ့သည်။

ထို့ကြောင့် မြန်မာ့ရုပ်ရှင်လောကကြီး နှစ်(၁၀၀) ပြည့်မြောက်ခရီးတွင် သတင်းစာဆရာ၊ ရုပ်ရှင်ဝေဖန်ရေး ဆရာ စိန်ခင်မောင်ရီ ဆိုသော ပြယုဂ်သည် ပျောက်ပျက် မှေးမှိန်သွား၍ မရနိုင်ပါ။ ရုပ်ရှင်လောကကြီးအတွက် ထင်ရှားပေါ်လွင်သော ရုပ်ရှင် ဝေဖန်ရေးအကြောင်းအရာ တစ်ရပ် ဖြစ်နေ သည်။


ဆရာစိန်ခင်မောင်ရီ ကြေးမုံသတင်းစာတွင် အယ်ဒီတာလုပ်ပြီး ရုပ်ရှင်ဝေဖန်ရေးများ ရေးနေချိန်က ကြေးမုံသတင်းစာတိုက် ပေါ်သို့ လူလေးငါးယောက် လောက်တက်လာပြီး ရန်ရှာခံရဖူးသည်။ သူတို့ ရုပ်ရှင်ဇာတ်ကားကို ဝေဖန်ရေး ရေးသဖြင့် မကျေနပ်သည့် အတွက် အုပ်စုဖွဲ့ပြီး ရန်လာရှာခြင်း ဖြစ်သည်။ ထို့အပြင် ချောင်းရိုက်မည်ဆိုပြီး နေအိမ်သို့လည်း ပစ်စာတွေ ရောက်ခဲ့သည်။

ဆရာစိန်ခင်မောင်ရီသည် နောက်ပိုင်းကာလများတွင် မဟေသီမဂ္ဂဇင်း၌ ပင်တိုင်ရုပ်ရှင်ဝေဖန်ရေး ရေးခဲ့သည်။ ထူးခြားချက်မှာ မြေနီကုန်းရှိ ရွှေမန်း၊ ရတနာပုံ၊ တပင်ရွှေထီး ရုပ်ရှင်ရုံများတွင် တင်သည့် မြန်မာရုပ်ရှင် ဇာတ်ကားသုံးကားကို တစ်နေ့တည်း ကြည့်ပြီး တစ်ညလုံး ရုပ်ရှင်ဝေဖန်ရေး ထိုင်ရေးခဲ့ခြင်းပင်ဖြစ်သည်။ (ရုပ်ရှင် ရုံကြီးကြပ်ရေးမှူးများက စိန်ခင်မောင်ရီ မှန်းသိသည့် အချိန်မှစပြီး ရုပ်ရှင်ရုံဝင်ခ သက်သာခဲ့သည်။)

ယင်းသို့ ကြည့်သည့်အခါ ရုပ်ရှင်ကြည့်ပရိသတ်၏ ပြောသံဆိုသံတို့ကို နားထောင်ပြီးမှ ဝေဖန်ရေး ရေးခဲ့ သည်ဟု သိရသည်။ သူ့ကို ရုပ်ရှင်လောကသားတချို့က စိန်ခေါ်ဖူးသည်။ ရုပ်ရှင်ဇာတ်ကား မရိုက်တတ်ဘဲ ဝေဖန်ရေး ရေးသည်ဟုဆိုခြင်းကို ဆရာစိန်ခင်မောင်ရီက ထမင်းစားဝိုင်းနှင့် ဥပမာပေး ချေပဖူးသည်။ ထမင်းစားသူသည် ထမင်းဝိုင်းမှာပါသည့် ဟင်းလျာတို့၏ အပေါ့၊ အငန်၊ အစပ်ရသာတို့ ပြောနိုင်ရန်အတွက် ဟင်းချက်တတ်ရန် မလိုဟူ၍ ပြန်တုံ့ပြန်ဖူးသည်ဟု သိရသည်။


မြန်မာ့ရုပ်ရှင် နှစ်(၁၀၀) ပြည့်ခရီးအထိမ်းအမှတ် အဖြစ် တစ်ခေတ်တစ်ခါက ရှိခဲ့ဖူးသည့် ရုပ်ရှင် ဝေဖန်ရေး၏ အစိတ်အပိုင်း တစ်ခု အဖြစ် ရုပ်ရှင်ဝေဖန်ရေးဆရာ စိန်ခင်မောင်ရီ၏ အကြောင်းအရာ တစ်စိတ်တစ်ဒေသကို အမှတ်တရ ပြန်လည် တင်ပြ လိုက်ပါသည်။ ။

ကိုညို(ကမာရွတ်)