လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန် အပင်ဗီဇမျိုးစုံမျိုးကွဲများ ထိန်းသိမ်းကြပါစို့
အပင်ဗီဇမျိုးစုံမျိုးကွဲများ အရေးပါပုံ
ကျွန်ုပ်တို့နေ့စဉ် အသက်ရှင်နေထိုင်နိုင်ရေးအတွက် အပင်မျိုးစိတ်ပေါင်း ၈၀၀၀၀ ခန့်ကို နည်းမျိုးစုံဖြင့် ယနေ့ကမ္ဘာမှာ လူသားတို့ နေ့စဉ်သုံးစွဲနေကြ သည်။(အစားအစာ၊ အမျှင်ထွက် ပစ္စည်းများ၊ စက်မှုလက်မှုလုပ်ငန်းများ၊ ဆေးဝါးများ) ၎င်းတို့ထဲတွင် စားသုံးနိုင်သည့် မျိုးစိတ် ပေါင်း ၁၀၀၀၀ ခန့် ရှိပါသည်။ ဤကဲ့သို့မတူကွဲပြားသော အဖိုးတန် အပင်မျိုးဗီဇ အရင်းအမြစ် များ သည် ယခုစိန်ခေါ်မှုများစွာနှင့် ရင်ဆိုင်နေရသော ကျွန်ုပ်တို့ ကမ္ဘာကြီးအတွက် စားနပ်ရိက္ခာ လုံလောက်မှုရရှိစေရန်အခြေခံပင်ဖြစ်ပါသည်။ ကမ္ဘာ့လူဦးရေ တိုးတက်လာသည်မှာ ၂၀၅၀ ပြည့်နှစ်တွင် သန်းထောင်ပေါင်း (၉ ဒသမ ၂) အထိ တိုးတက်လာမည်ဟု ခန့်မှန်းထား သည့်အတွက် တိုးတက်လာသော လူဦးရေအားလုံး အာဟာရဖြည့်ပေးနိုင်ရန်မှာ ကျွန်ုပ်တို့သည် လယ်ယာ စိုက်ပျိုးထုတ်လုပ်မှုကို ၆၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ထုတ်လုပ်ပေးရမည် ဖြစ်ပါသည်။
ယခုအခါ ယင်းအပင်ဗီဇအရင်းအမြစ်များအား လျော့နည်းပပျောက်စေရန် ကမ္ဘာကြီးပူနွေးလာမှု၊ ရာသီဥတုပြောင်းလဲ လာမှု၊ ရေမြေအရင်းအမြစ်များ ဆုတ်ယုတ်လာမှု၊ သဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်စီးလာမှု စသည်တို့က ခြိမ်းခြောက်လျက်ရှိပါသည်။
ယင်းအဖိုးတန်သော အပင်ဗီဇအရင်းအမြစ်များ မျိုးစုံပါဝင်သော ရတနာသေတ္တာကို ကာကွယ် ထိန်းသိမ်းစောင့်ရှောက် ခြင်းဖြင့် ကျွန်ုပ်တို့က ပြောင်းလဲလာသောရာသီဥတုနှင့် လိုက်လျော ညီထွေ ဖြစ်စေမည့် လိုအပ်သောဗီဇကောင်းများနှင့် တန်ဆာဆင်ထားသော မျိုးကောင်း မျိုးသစ် များ စဉ်ဆက်မပြတ်ထုတ်လုပ်ပေးနိုင်မည်ဖြစ်သည့်အတွက် စနစ်တကျထိန်းသိမ်းရန် လိုအပ်မည် ဖြစ်ပါသည်။
ထို့ကြောင့် ကမ္ဘာတစ်ဝန်းလုံးတွင် နိုင်ငံအသီးသီး၌ ဗီဇဘဏ် (သို့) မျိုးစေ့ဘဏ်များ တည်ဆောက်ထိန်းသိမ်းခဲ့ကြရာ ယခုတွင် စုစုပေါင်း ၁၇၀၀ ခန့်ရှိပြီ ဖြစ်ပါသည်။
မြန်မာ နိုင်ငံ၏ ဗီဇမျိုးစုံ မျိုးကွဲများအတွက် ဗီဇဘဏ် (သို့မဟုတ်) မျိုးစေ့ဘဏ်
ကျွန်ုပ်တို့မြန်မာနိုင်ငံသည် ရေမြေသယံဇာတနှင့် သီးနှံများပေါများ ကြွယ်ဝသည့် နိုင်ငံဖြစ်ပြီး စိုက်ပျိုးရေးကို အခြေခံ၍ အခြားစီးပွားရေးလုပ်ငန်း များကို ဖွံ့ဖြိုးတိုးတက်လာစေရန် ဆောင်ရွက်လျက်ရှိပါသည်။ စိုက်ပျိုးရေးဖြင့် တိုးတက်မှု အကောင်အထည်ဖော်ရာတွင် မျိုးကောင်းမျိုးသန့်ရရှိရေးနှင့် တစ်ဧကအထွက်နှုန်း တိုးတက်ရေးကို ထည့်သွင်းစဉ်းစား ရပါမည်။ တစ်ဧက အထွက်နှုန်းတိုးတက်ရေးအတွက် ပြည်ပမှအထွက်ကောင်းမျိုးများကို တင်သွင်းစိုက်ပျိုး လာခဲ့ကြသလို ပြည်တွင်း၌လည်း မျိုးကူးစပ်မွေးမြူရေး ပညာရှင် (Plant breeders) များကလည်း အထွက်နှုန်းကောင်းသော မျိုးကောင်းမျိုးသစ်များကို ထုတ်လုပ်လျက် ရှိပါသည်။
အထွက်ကောင်း မျိုးကောင်းမျိုးသစ်များ ပြောင်းလဲစိုက်ပျိုးလာခြင်း၊ လူဦးရေတိုးပွားလာမှုကြောင့် မြို့ပြဧရိယာတိုးချဲ့ခြင်း၊ ရေလှောင်တာတမံများ တိုးချဲ့ဆောက်လုပ်ခြင်းနှင့် သဘာဝ ဘေးအန္တရာယ်များဖြစ်သော တောမီးလောင်ခြင်း၊ ရေလွှမ်းမိုးခြင်း၊ မိုးခေါင်ခြင်းတို့နှင့် နယ်မြေဒေသ မငြိမ်းချမ်း ၍ စစ်ပွဲများဖြစ်ပေါ်ခြင်းများကြောင့် သီးနှံဒေသမျိုးများနှင့် ၎င်းတို့နှင့် ဆက် နွယ်နေသာမျိုးရိုင်းများမှာ တစ်စတစ်စကွယ်ပျောက်ဆုံးရှုံးလျက်ရှိနေပါ သည်။ (ဥပမာ- ယခင်နာမည်ကြီးသော ဒေသစပါးမျိုးဖြစ်သည့် ကချင် ပြည်နယ်၊ ဝိုင်းမော်ဒေသ၌ စိုက်ပျိုးပြီး အရည်အသွေးကောင်းသော ခပ်ချို စပါးမျိုးသည် ယခု ကချင်ပြည်နယ် တစ်ခုလုံး၌ ပျောက်ကွယ်ခဲ့ပြီဖြစ်ပါသည်။
ဒေသမျိုးများမှာ ဒေသခံတောင်သူများ မိမိတို့ဝမ်းရေးနှင့် ဒေသဝမ်း စာဖူလုံရေးအတွက် ဘိုးဘေးစဉ်ဆက် စိုက်ပျိုးလာခဲ့သော သီးနှံမျိုးများဖြစ်ရာ ၄င်းသီးနှံမျိုးကွဲများတွင် မျိုးအလိုက်ဒေသနှင့်ကိုက်ညီဖြစ်ထွန်းမှု၊ ပိုးမွှားရောဂါခံနိုင်ရည်ရှိမှုနှင့် ရေငတ်ဒဏ်၊ ရေဝပ်ဒဏ်နှင့် အလားတူ သဘာဝဘေး အန္တရာယ် ခံနိုင်ရည်ရှိမှု စသည့် ဗီဇလက္ခဏာကောင်းများ ပါဝင်လျက်ရှိပါ သည်။
ယင်းဗီဇလက္ခဏာကောင်းများအား ဗီဇကွဲ မျိုးများနှင့်အတူ မပျက်စီး မပပျောက်စေရေး အတွက်နှင့် အနာဂတ်တွင် မျိုးစပ်မွေးမြူရေးပညာရှင် (Palnt Breeders) များအနေဖြင့် အရည်အသွေးနှင့် အထွက်ကောင်းသီးနှံ မျိုးသစ်များ မွေးမြူထုတ်လုပ်ရာတွင် အသုံးပြုနိုင်ရေး အတွက် သီးနှံဗီဇကွဲ မျိုးများ၊ မျိုးရိုင်းများကို မပျောက်ဆုံးခင် အချိန်မီ ရှာဖွေစုဆောင်း၍ ထိန်းသိမ်း ရန် စိုက်ပျိုးရေးသုတေသနဌာန၊ ရေဆင်းတွင် မြန်မာနိုင်ငံမျိုးစေ့ဘဏ်ကို ၁၉၉၀ ပြည့်နှစ်တွင် ဂျပန်နိုင်ငံအပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) မှ ကူညီ၍ မြန်မာ-ဂျပန် ပူးပေါင်းဆောင်ရွက်မှု အစီအစဉ် ဖြင့် တည်ဆောက်ခဲ့ပါသည်။
မျိုးစေ့ဘဏ်လုပ်ငန်းများ စနစ်တကျ ဆောင်ရွက်နိုင်ရန်အတွက် နည်းပညာများ ထောက်ပံ့၍ အောက်ပါလုပ်ငန်း ငါးခုဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။
၁။ သီးနှံဗီဇမျိုးကွဲများ တင်သွင်းခြင်း၊ ရှာဖွေစုဆောင်းလေ့လာခြင်း လုပ်ငန်း
(Exploration, Collection and Introduction)
သီးနှံဒေသမျိုးများနှင့် မျိုးရိုင်းများစုဆောင်းခြင်းကို နိုင်ငံတကာအဖွဲ့ အစည်းများနှင့် ပူးပေါင်း၍သော်လည်းကောင်း၊ နိုင်ငံတော်စီမံကိန်းအစီအစဉ် အနေဖြင့်လည်းကောင်း နှစ်စဉ်ဒေသအသီးသီးသို့ သွားရောက်၍ မျိုးစု ဆောင်းခြင်းများ ဆောင်ရွက်လျက်ရှိကြသည်။ ယခုချိန်တွင် မြန်မာနိုင်ငံ မျိုးစေ့ဘဏ် ၌ သီးနှံမျိုးစိတ်အမျိုးအစား (၄၃) မျိုး၏ ဗီဇကွဲ မျိုးနမူနာများကို ရှာဖွေ စုဆောင်းထားနိုင်ခဲ့ပြီး ဖြစ်ပါသည်။
၂။ စုဆောင်းရရှိသော သီးနှံဗီဇကွဲ မျိုးများကို စိုက်ပျိုးလေ့လာ၍ မျိုးကွဲအလိုက် ရုပ်သွင်ပြင်လက္ခဏာများအား စိစစ်မှတ်တမ်းတင်ပြုစုခြင်းလုပ်ငန်း
(Regeneration and Characterization)
ဒေသအသီးသီးမှ ရှာဖွေစုဆောင်းရရှိသည့် သီးနှံဗီဇကွဲမျိုးများ၊ မျိုးရိုင်းများကို ကွင်းတွင် စိုက်ပျိုး၍ သီးနှံဗီဇကွဲမျိုးအလိုက် ရုပ်သွင်ပြင်လက္ခဏာများ (Morphological traits)၊ လက္ခဏာများကို အသေးစိတ်မှတ် တမ်းကောက်ယူခြင်းလုပ်ငန်းကို နိုင်ငံတကာ သတ်မှတ်ထားသည့် စံချိန်စံညွှန်းဖြစ်သော အပြည်ပြည်ဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲများ (Bioversity International) အဖွဲ့ အစည်းမှ ထုတ်ဝေသည့် သီးနှံအလိုက် မှတ်တမ်းကောက်ယူရမည့် လမ်းညွှန်စာအုပ် (Descriptors) များကို အသုံးပြု၍ မှတ်တမ်းတင်လျက်ရှိပါသည်။ ၎င်းအပြင် Biochemical နည်းပညာ၊ molecular နည်းပညာများဖြင့်လည်း ဗီဇမျိုးစုံကွဲပြားမှုတို့ကို မှတ်တမ်းတင် ဆောင်ရွက်လျက်ရှိပါသည်။
၃။ အကြိုမျိုးမွေးမြူခြင်း သုတေသနလုပ်ငန်း (Pre-breeding)
သိုလှောင်သိမ်းဆည်းထားသော မျိုးဗီဇကွဲများကို အကျိုးရှိစွာအသုံးပြုနိုင်ရန်အတွက် ၎င်းတို့တွင်ပါဝင်သည့် ထူးခြားသောလက္ခဏာမှတ်တမ်းများ ဖြစ်သည့် ရေငတ်ဒဏ်၊ ရေဝပ်ဒဏ်၊ မိုးခေါင်ဒဏ်နှင့် ပိုးမွှားရောဂါဒဏ် ခံနိုင်ရည်ရှိမှုတို့ကို မျိုးကူးစပ်ခြင်းလုပ်ငန်းတွင် မိဘမျိုး လိုင်းများအဖြစ် အလွယ်တကူအသုံးပြု နိုင်အောင်အကြို မျိုးမွေးမြူခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။
၄။ သီးနှံဗီဇကွဲ မျိုးများအား သိုလှောင်ထိန်းသိမ်းခြင်းလုပ်ငန်း
(က) အအေးခန်းစနစ်ဖြင့် သိုလှောင်ထိန်းသိမ်းခြင်း
မြန်မာနိုင်ငံမျိုးစေ့ဘဏ်ကို နှစ်တိုနှင့် နှစ်လတ်အအေးခန်းစနစ်နှစ်ခုဖြင့် တည်ဆောက်ထားပြီး အပင်ပေါက်စွမ်းရည်နှင့် ပင်ကိုပါရှိသည့် မျိုးရိုးဗီဇ လက္ခဏာများ မပျောက်စေဘဲ အပင်မျိုး ဗီဇကွဲများကို ထိန်းသိမ်းထားပါသည်။ ထိန်းသိမ်းထားနိုင်သည့် မျိုးဗီဇကွဲ အရေအတွက်မှာ ၂၀၀၀၀ ခန့် ဖြစ်ပါသည်။ ယခုအချိန်ထိ နှစ်လတ်အအေးခန်းတွင် သီးနှံဗီဇကွဲမျိုး စုစုပေါင်း ၁၃၁၃၂ သိုလှောင်ထိန်းသိမ်းထားရှိပြီး ဖြစ်ပါသည်။
ထိုသို့အအေးခန်းတွင် သိုလှောင်ထိန်းသိမ်းရာ၌ အရည်အသွေးပြည့်ဝသောမျိုးစေ့များဖြစ်စေရေးအတွက် မျိုးစေ့များ စီမံခန့်ခွဲရာ တွင် အပြည်ပြည် ဆိုင်ရာ စံချိန်စံ ညွှန်းများနှင့်အညီ လိုက်နာကျင့်သုံးကြရပါသည်။ ယခုအခါတွင် မြန်မာနိုင်ငံမျိုးစေ့ဘဏ်၏ မျိုးစေ့များ သိုလှောင် ထိန်းသိမ်းထားသည့် ဓာတ်ခွဲ ခန်းမှာ ISO 9001-2015 (QMS) လက်မှတ် ရရှိထားပြီးဖြစ်ပါသည်။
(ခ) စိုက်ကွင်းအတွင်းထိန်းသိမ်းခြင်း
သိုလှောင်ထိန်းသိမ်းရန် ခက်ခဲသည့်မျိုးစိတ်များဖြစ်သော သရက်၊ ငှက် ပျော၊ ဥစားသီးနှံ မျိုးစိတ်များ အစရှိသည့် ပင်ပိုင်းဆိုင်ရာနည်းဖြင့်မျိုးပွားနိုင်သည့် သီးနှံမျိုးဗီဇကွဲများကို မျိုးစေ့ဘဏ်စိုက်ကွင်းတွင် စိုက်ပျိုးထိန်းသိမ်းထား လျက်ရှိပါသည်။
၅။ မှတ်တမ်းများနှင့် သတင်းအချက်အလက်များ ထိန်းသိမ်းခြင်းလုပ်ငန်း
မျိုးဗီဇကွဲတစ်ခုချင်းစီ၏ မူရင်းပေါက်ရောက် ဖြစ်ထွန်းရာဒေသပါဝင်သည့် ကနဦးရာဇဝင် မှတ်တမ်းများ၊ လက္ခဏာ မှတ်တမ်းများနှင့် အအေးခန်း တွင်ထားသည့်နေရာ စသည့် အချက်အလက်များကို ချိတ်ဆက်၍ အလွယ်တကူဖြင့် အသုံးပြုမည့်သူများထံသို့ အလျင်အမြန် ရောက်ရှိစေရန် ကွန်ပျူတာစနစ်ကို ကျင့်သုံး၍ စနစ်တကျ ထိန်းသိမ်းထားခြင်း ဖြစ်ပါသည်။
သတင်းအချက်အလက်ဖြန့်ဝေခြင်းလုပ်ငန်း
ကျွန်ုပ်တို့မြန်မာနိုင်ငံမျိုးစေ့ဘဏ်သည် အမျိုးသားမျိုးစေ့ဘဏ်တစ်ခု ဖြစ်ခြင်းကြောင့် ကမ္ဘာတစ်ဝန်းလုံး အသိအမှတ် ပြုနိုင်ရေးအတွက် မျိုးဗီဇ အရင်းအမြစ်များနှင့်ပတ်သက်သော သတင်းအချက်အလက်များဖြန့်ဝေခြင်း၊ ဖလှယ်ခြင်း၊ ထုတ်လွှင့်ခြင်းနှင့် အစီရင်ခံစာများ ပေးပို့ခြင်းများကို ကမ္ဘာလုံး ဆိုင်ရာအစီအစဉ်များတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက် လျက်ရှိပါသည်။
မျိုးဗီဇကွဲတစ်ခုချင်းစီ၏ သတင်းအချက်အလက်မှတ်တမ်းများကို အသုံးပြုမည့်သူများ သိရှိစေရန်အတွက် ကတ်တလောက်များ (Catalogue) ထုတ်ဝေ ၍ ဖြန့်ဝေပေးလျက် ရှိပါသည်။ ထို့အပြင် မျိုးစေ့ဘဏ်တွင် သိုလှောင်ထိန်းသိမ်း ထားသော သီးနှံမျိုးဗီဇကွဲများအား အကျိုးရှိစွာ အသုံးချနိုင်စေရန် ရည်ရွယ်၍ ၎င်းတို့နှင့်ပတ်သက်သော သတင်းအချက်အလက်များကို အပြည်ပြည်ဆိုင်ရာသတင်းအချက်အလက်များကွန်ရက် (www.genesys-pgr.org) တွင် ၂၀၂၀ ပြည့်နှစ်၊ မေ ၂၈ ရက်မှ စတင်၍ ပါဝင်ထုတ်လွှင့်နိုင်ခဲ့ပါသည်။
မျိုးဖြန့်ဝေခြင်းလုပ်ငန်း
မြန်မာနိုင်ငံမျိုးစေ့ဘဏ်သည် စားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအတွက် အပင်ဗီဇအရင်းအမြစ်များဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သဘောတူညီမှုစာချုပ် (ITP- GRFA) ၏ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်သည့်အတွက် ၎င်းတို့ကို ထုတ်ယူနိုင်ရန် အခွင့်အလမ်းနှင့် အသုံးချရာမှရရှိလာသော အကျိုးကျေးဇူးများကို မျှဝေခြင်းဆိုင်ရာ သဘောတူညီမှုကို လက်မှတ်ရေးထိုးထားခဲ့ပါသည်။
မျိုးဖြန့်ဝေခြင်းဆောင်ရွက်ရာတွင် အထက်ပါသဘောတူစာချုပ်တွင် ပါဝင် သည့် သီးနှံ အမျိုးအစား ၆၄ မျိုးသာလျှင် သုတေသနလုပ်ငန်းအတွက် ပြည် တွင်း၊ ပြည်ပသို့ ချမှတ် ထားသော မျိုးစေ့လွှဲပြောင်းသည့် စံသဘောတူညီချက် ပုံစံ (Standard Material Transfer Agreement, SMTA) လက်မှတ်ထိုးခြင်း ဖြင့် အခမဲ့ဖြန့်ဝေပေးလျက်ရှိပါသည်။
အခြားမျိုးစေ့ဘဏ်များတွင် ထိန်းသိမ်းခြင်း (Safety Backup)
မြန်မာ့ အဖိုးတန် သီးနှံမျိုးဗီဇအရင်းအမြစ်များကို ကျွန်ုပ်တို့မျိုးစေ့ဘဏ် တစ်နေရာတည်းတွင် ထိန်းသိမ်းထားမည်ဆိုပါက မမျှော်လင့်သောသဘာဝ ဘေးအန္တရာယ်များ (ရေလွှမ်းမိုးခြင်း၊ မီးလောင်ခြင်း၊ ငလျင်လှုပ်ခြင်း)ကြောင့် အချိန်အခါမရွေး ပျက်စီးဆုံးရှုံးနိုင်သဖြင့် အခြား နိုင်ငံတကာမျိုးစေ့ဘဏ်များ (နော်ဝေနိုင်ငံ၊ ကိုလံဘီယာနိုင်ငံ၊ ဂျပန်နိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ ကိုရီးယားသမ္မတ နိုင်ငံ၊ ဘယ်လ်ဂျီယံနိုင်ငံ) ၌ထိန်းသိမ်းထားပြီးဖြစ်ပါသည်။
အဖွဲ့အစည်းများနှင့်ပူးပေါင်းဆောင်ရွက်မှု
ပြည်တွင်း၊ ပြည်ပအစိုးရနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ တောင်သူများနှင့်ပူးပေါင်း၍ မျိုးစေ့ဘဏ် သုတေသနလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။
မျိုးရိုးဗီဇများအား အသုံးချနိုင်မှု (Utilization)
၂၀၀၈ ခုနှစ် မေလတွင် ဖြစ်ပေါ်ခဲ့သော နာဂစ်မုန်တိုင်းကြောင့် ဧရာဝတီ တိုင်းဒေသကြီး ပြန်လည်ထူထောင်ရေးအတွက် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းအနေဖြင့် မြန်မာနိုင်ငံမျိုးစေ့ ဘဏ်တွင် ထိန်းသိမ်းထားသော ဒေသစပါးမျိုးဖြစ်သည့် ပေါ်ဆန်းဗီဇကွဲမျိုးများမှ ရွေးချယ်၍ တောင်သူများသို့ တိုက်ရိုက်မျိုးဖြန့်ဖြူးခြင်းကို အောင်မြင်စွာ ဆောင်ရွက် နိုင်ခဲ့ပါသည်။ ယခုအခါ ရှေးရှေးစပါးမျိုးဖြစ်သော နမသလေးစပါးမျိုးကိုလည်း အထက်ပါအတိုင်း ရွေးချယ်၍ တောင်သူများ စိုက်ကွင်း၌စမ်းသပ်စိုက်ပျိုးလျက်ရှိပါသည်။
ပြည်တွင်းသုံးစွဲမှုများအနေဖြင့် တောင်သူများ၊ ဘွဲ့လွန်ကျောင်းသား ကျောင်းသူများ၊ သုတေသန ပညာရှင်များနှင့် မျိုးကူးစပ်မွေးမြူသူများအား နှစ်စဉ် ရှာဖွေစုဆောင်းထိန်းသိမ်းထားသော အပင်မျိုးဗီဇအရင်းအမြစ်များကို သုတေသန လုပ်ငန်းနှင့် အပင်မျိုးသစ်များ မွေးမြူရေး လုပ်ငန်းတို့အတွက် ပြည်တွင်း၊ ပြည်ပသို့ ဖြန့်ဝေခဲ့ရာ ၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လအထိ စုစုပေါင်း မျိုးအရေအတွက် ၂၈၀၈၆ ဖြန့်ဝေခဲ့ပြီး ဖြစ်ပါသည်။
ယခုအခါ စိုက်ပျိုးရေးသုတေသနဦးစီးဌာနအောက်ရှိမြန်မာနိုင်ငံ မျိုးစေ့ဘဏ်နှင့် JICA၊ ကျူရှူးတက္ကသိုလ်၊ နာဂိုယာတက္ကသိုလ်တို့နှင့် ပူးပေါင်း၍ မြန်မာဒေသစပါးမျိုးများကို ဗီဇအချက်အလက်နည်းပညာများ အသုံးပြု၍ မျိုးသစ်ထုတ်လုပ်ခြင်းဖြင့် မြန်မာနိုင်ငံ၏ဆန်စပါး မျိုးမွေးမြူရေး ကဏ္ဍအား မြှင့်တင်ခြင်းသုတေသနလုပ်ငန်းများကို ၂၀၁၈ ခုနှစ်မှ ၂၀၂၃ ခုနှစ် အထိ (၅) နှစ်တာ သုတေသနပြုဆောင်ရွက်လျက်ရှိပါသည်။
မျိုးစေ့ဘဏ်အဆင့်မြှင့်တင်ခြင်း
မြန်မာနိုင်ငံမျိုးစေ့ဘဏ်၏ အရည်အသွေးပိုမိုမြင့်မားပြီး အခြားနိုင်ငံတကာမျိုးစေ့ဘဏ်များနှင့် တန်းတူရှိစေရန်အတွက် မြန်မာနိုင်ငံမျိုးစေ့ ဘဏ်၏ လုပ်ငန်းဆောင်ရွက်မှုများကို နိုင်ငံတကာအဆင့်မီ မြှင့်တင်ခြင်း အနေဖြင့် Barcode and digitize data collection system ဖြင့်ဆောင်ရွက် ခြင်း၊ သတင်းအချက်အလက် မှတ်တမ်းထိန်းသိမ်းခြင်းစနစ်ကို Software system ပြောင်းလဲသုံးစွဲခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။
ယခုလို မြန်မာနိုင်ငံတွင် မျိုးစေ့ဘဏ်တည်ရှိနေခြင်းအားဖြင့် နောင်အနာဂတ်မျိုးဆက်သစ်များ စားဝတ်နေရေး ဖူလုံရေးကို အထောက်အပံ့ ဖြစ်စေသည့် အတွက် ၎င်းကိုအဓွန့်ရှည်ရန်နှင့် ရေရှည်တည်တံ့အောင်ထိန်းသိမ်း စောင့်ရှောက်ရန် ပူးပေါင်းပါဝင်ကြစေရန် တိုက်တွန်း ရေးသား လိုက်ပါ သည်။ ။
ဒေါက်တာနိုင်ကြည်ဝင်း (စိုက်ပျိုးရေးသုတေသနဦးစီးဌာန)