Skip to main content

စစ်ကိုင်းတိုင်းဒေသကြီး၏ ဒေသတစ်ခု ထုတ်ကုန်တစ်ခု (OROP) အဖြစ် စိုက်ပျိုးထုတ်လုပ်နေသည့် ရွှေဘိုပေါ်ဆန်းစပါး

ဒေါက်တာ တင်မာမာဦး

ဆန်စပါးသည် နှံစားသီးနှံများအနက် စိုက်ပျိုးထုတ်လုပ်သုံးစွဲမှု အများဆုံးသီးနှံဖြစ်ပြီး ကမ္ဘာ့လူဦးရေ၏ သုံးပုံတစ်ပုံခန့်သည် ဆန်စပါးကို အဓိကအစားအစာအဖြစ် စားသုံးလျက်ရှိကြရာ ကမ္ဘာ့စားနပ်ရိက္ခာဖူလုံရေးအတွက် အဓိကကျသော သီးနှံတစ်ခုဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့်လည်း ဆန်စပါးသည် အဓိကစားသုံးသော သီးနှံဖြစ်ပြီး မြန်မာ့စီးပွားရေး၏ အသက်သွေးကြောလည်းဖြစ်ကာ နှစ်စဉ် ဧက ၁၇ သန်းကျော် စိုက်ပျိုးလျက်ရှိသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် စီးပွားရေးဦးတည်ချက်များကို ချမှတ်ရာတွင် ‘‘တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့အတွက် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးနှင့် အကျုံးဝင်သော စိုက်ပျိုးရေးနှင့် မွေးမြူရေးကို ခေတ်မီနည်းစနစ်များဖြင့် တိုးတက်အောင် ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေး”ကို ပထမဦးဆုံးဦးတည်ချက်အဖြစ် သတ်မှတ်ထားသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တာဝန်ယူရသည့်အချိန်အတွင်း ပြည်ပသွင်းကုန်အစားထိုးရေး၊ ပြည်တွင်းကုန်ထုတ်လုပ်မှု မြှင့်တင်ရေး၊ ပြည်တွင်းမှ ပိုလျှံသည်တို့ကို ပြည်ပသို့တင်ပို့နိုင်ရေးအတွက် MSME လုပ်ငန်းများကို အားပေးဆောင်ရွက်လျက်ရှိသည်။

မြန်မာနိုင်ငံရှိ ဒေသအသီးသီးတွင် ဒေသထွက်ကုန်များကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်ပြီး ဒေသ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်တွင်းစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဆောင်ရွက်နိုင်သည့် အလားအလာကောင်းများ များစွာရှိသည်ဖြစ်ရာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အောင်မြင်စွာ စိုက်ပျိုးထုတ်လုပ်လျက်ရှိသည့် ရွှေဘိုပေါ်ဆန်းစပါးသည်လည်း ပြည်တွင်း ပြည်ပဈေးကွက်တွင် ခိုင်မာစွာ ရပ်တည်နိုင်သည့် ဒေသတစ်ခု ထုတ်ကုန်တစ်ခု (One Region One Product - OROP) ထုတ်ကုန်အဖြစ် သတ်မှတ်ဆောင်ရွက်လျက်ရှိသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ရွှေဘိုပေါ်ဆန်းစပါး စတင်စိုက်ပျိုးမှုအနေဖြင့် ရွှေဘိုမြို့နယ် သီးလုံးကျေးရွာမှ တောင်သူတစ်ဦးသည် ၁၉၉၇- ၁၉၉၈ ခုနှစ်တွင် ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ် ဗုံလုံကျေးရွာမှ ပေါ်ဆန်းဘေးကြားစပါးမျိုး လေးပြည်ယူဆောင်ခဲ့ပြီး စမ်းသပ်စိုက်ပျိုးခဲ့ရာမှ စတင်ခဲ့သည်။

၂၀၀၄-၂၀၀၅ ခုနှစ်တွင် စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ မျိုးသန့်မျိုးပွားမျိုးစေ့ (Register Seed) အဆင့်ရှိ ပေါ်ဆန်းဘေးကြား တင်း ၆၀ သယ်ယူ၍ ရွှေဘိုမြို့နယ်အတွင်းရှိ မျိုးစေ့ထုတ်အကျိုးဆောင် တောင်သူများနှင့် မျိုးပွားခြင်းများကို ဆောင်ရွက်ခဲ့ရာ ရွှေဘိုဒေသ ရေမြေရာသီဥတုနှင့် ကိုက်ညီပြီး စိုက်ပျိုးဖြစ်ထွန်းမှု ကောင်းမွန်ခြင်း၊ အထွက်နှုန်းကောင်းမွန်ခြင်း၊ ဆန်ထွက်ကောင်းခြင်းနှင့် စားသုံးမှုအရသာကောင်းမွန်ခြင်းတို့ကြောင့် လူကြိုက်များလာခဲ့ရာ တောင်သူအချင်းချင်း မျိုးဖလှယ်၍ စိုက်ပျိုးမှု များပြားလာခဲ့ပြီး ၂၀၀‌ေ၆-၂၀၀၇ ခုနှစ်ခန့်မှစတင်၍ မန္တလေးဈေးကွက်တွင် ရွှေဘိုပေါ်ဆန်းဟု နေရာရလာကာ လူကြိုက်များလာခဲ့သည်။

ရွှေဘိုပေါ်ဆန်းစပါးနှင့် ဆန်၏ ထူးခြားကောင်းမွန်သည့် လက္ခဏာများသည် ဒေသရေမြေရာသီဥတုနှင့် ကိုက်ညီသည့်အတွက် စပါးအထွက်ကောင်းခြင်း၊ အလေးချိန်စီးပြီး အနှစ်ပြည့်ဝခြင်း၊ စပါးပေါ်ချိန်မှစ၍ သိုလှောင်ချိန်ကာလများအထိ ဈေးကွက်ခိုင်မာပြီး ဈေးကောင်းရခြင်း၊ ဆန်ထွက်ကောင်းပြီး ဆန်အရည်အသွေးနှင့် ဆန်သားကောင်းမွန်ခြင်း၊ စပါးရိတ်ချိန်တွင် အစေ့ကြွေကျမှုနည်း၍ လေလွင့်မှုသက်သာခြင်း၊ အိုးတက်ခြင်း၊ အနံ့မွှေးပြီးနူးညံ့သဖြင့် စားကောင်းသည့်ဆန်ဖြစ်ခြင်းတို့ကြောင့် ၂၀၁၁ ခုနှစ် ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့၌ ကျင်းပပြုလုပ်ခဲ့သော အပြည်ပြည်ဆိုင်ရာ ဆန်စပါးညီလာခံတွင် “ကမ္ဘာ့အကောင်းဆုံးဆန် (World Best Rice)” အဖြစ် ရွေးချယ်ခံခဲ့ရသည်။

စစ်ကိုင်းတိုင်းဒေသကြီး၏ ၂၀၂၃ - ၂၀၂၄ ခုနှစ် စပါးစိုက်ဧရိယာ ၁၈ သိန်းအနက် ရွှေဘိုပေါ်ဆန်း ၃၅၆၈၄၂ ဧက စိုက်ပျိုးခဲ့သဖြင့် တိုင်းဒေသကြီး၏ ၂၀ ရာခိုင်နှုန်းခန့် စိုက်ပျိုးလျက်ရှိသည်။ တိုင်းဒေသကြီးအတွင်း ခရိုင်အလိုက် ရွှေဘိုပေါ်ဆန်းစိုက်ပျိုးမှုအနေဖြင့် ရွှေဘိုခရိုင်တွင် ၂၁၈၃၄၄ ဧက၊ ရေဦးခရိုင် တွင် ဧက ၁၁၁၈၉၀၊ ကန့်ဘလူခရိုင်တွင် ၂၂၇၄၅ ဧက စိုက်ပျိုးပြီး ကလေးခရိုင်၊ ကသာခရိုင်၊ မုံရွာခရိုင်နှင့် စစ်ကိုင်းခရိုင်တို့တွင် အနည်းငယ်စီစိုက်ပျိုးကြသည်။ တစ်ဧက ပျမ်းမျှအထွက်နှုန်းအနေဖြင့် ၈၁ တင်းနှုန်း ထွက်ရှိခဲ့ပြီး စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်အနေဖြင့် တစ်ဧကလျှင် ငွေကျပ် ၁၀ သိန်းခန့် ကုန်ကျကြောင်း သိရသည်။

 ရွှေဘိုပေါ်ဆန်းဈေးကွက်ရရှိမှုအနေဖြင့် ၂၀၁၀ ပြည့်နှစ်မှစတင်၍ ရန်ကုန်ဈေးကွက်သို့ အများဆုံးတင်ပို့ရောင်းချခဲ့ရပြီး ယခုလက်ရှိတွင် ရွှေဘိုပေါ်ဆန်းဆန်ဈေးကွက်သည် တဖြည်းဖြည်း ကျယ်ပြန့်လာပြီး ရန်ကုန်၊ မန္တလေး၊ နေပြည်တော်စသည့်မြို့ကြီးများအပြင် တောင်ပေါ်ဒေသများဖြစ်သည့် ရှမ်း၊ ကယား၊ ကရင်စသည့်ဒေသများတွင်လည်း ဈေးကွက်ရရှိပြီး ဝယ်လိုအားကောင်းသည့် ထွက်ကုန်တစ်ခု ဖြစ်ပါသည်။

ထိုသို့ ဈေးကွက်ကောင်းမွန်၍ ပြည်တွင်း ပြည်ပဝယ်လိုအားရှိသည့် ရွှေဘိုပေါ်ဆန်းစပါးကို ဈေးကွက်ဝင် အရည်အသွေးမြင့်ဆန်များ ထုတ်လုပ်ရောင်းချနိုင်ရေးနှင့် ဈေးကွက်ခိုင်မာစေရေးအတွက် ရွှေဘိုပေါ်ဆန်းစပါး ဝယ်ယူကြိတ်ခွဲတင်ပို့ရောင်းချလျက်ရှိသည့် ဆန်စက်လုပ်ငန်းရှင်များသည်လည်း အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်လျက်ရှိပါသည်။

ဆန်စက်များမှ အဆင့်မြင့်နည်းပညာများဖြင့် ကြိတ်ခွဲပြီး ဆန်အရောင်ရွေးစက်များဖြင့် သန့်စင်၍ ပထမတန်းစားဆန်အဖြစ် ဈေးကွက်သို့ တင်ပို့ရောင်းချပါက ပြည်တွင်း ပြည်ပဈေးကွက် ခိုင်မာစွာ ရရှိနိုင်မည့် ဒေသထွက်ကုန်တစ်မျိုးဖြစ်ပါသည်။

စစ်ကိုင်းတိုင်းဒေသကြီးမှ ထွက်ရှိသည့် ရွှေဘိုပေါ်ဆန်းကို မြန်မာနိုင်ငံ၏ ပထမဆုံး ပထဝီဒေသဆိုင်ရာ အညွှန်းကိန်း Geographical Indication (GI) ရရှိရေးအတွက် ဌာနဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ၊ ပြည်တွင်း ပြည်ပအဖွဲ့အစည်းများနှင့် ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။

ရွှေဘိုပေါ်ဆန်း GI ရရှိပါက ရွှေဘိုပေါ်ဆန်း စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချမှု ပိုမိုဖွံ့ဖြိုး တိုးတက်လာခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိလာပြီး စိုက်ပျိုးထုတ်လုပ်သူ တောင်သူ များ၊ ဆန်စက်လုပ်ငန်းရှင်များ၊ ဆန်ကုန်သည်ကြီးများအားလုံးအတွက် အကျိုးကျေးဇူးများစွာ ရရှိလာသဖြင့် ရွှေဘိုပေါ်ဆန်းစိုက်ပျိုးထုတ်လုပ်သည့် ကွင်းဆက်တစ်ခုလုံးအတွက် အကျိုးအမြတ်ရရှိစေပြီး ဒေသ၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာနိုင်မည်ဖြစ်သည့်အပြင် ဈေးကွက်အနေဖြင့်လည်း လက်ရှိတင်ပို့နေသည့် အရှေ့တောင်အာရှနိုင်ငံများသာမက ဥရောပဈေးကွက်နှင့် အနောက်နိုင်ငံဈေးကွက်များသို့ပါ တင်ပို့နိုင်မည့် အလားအလာများ ရရှိနိုင်သဖြင့် မြန်မာ့ဆန်ဈေးကွက်တွင် ရွှေဘိုပေါ်ဆန်း၏ အခန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာနိုင်မည်ဖြစ်ပါသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ရွှေဘိုပေါ်ဆန်းကို ဒေသတစ်ခု ထုတ်ကုန်တစ်ခု ထုတ်လုပ်နိုင်ရေးအတွက် ရွှေဘိုပေါ်ဆန်း ဝယ်ယူကြိတ်ခွဲတင်ပို့ရောင်းချလျက်ရှိသော ဆန်စက်လုပ်ငန်းရှင်များနှင့် စိုက်ပျိုးသူတောင်သူများ အချိတ်အဆက်မိစွာဖြင့် ရွှေဘိုပေါ်ဆန်းစပါး အရည်အသွေး စနစ်တကျ ထိန်းသိမ်းဆောင်ရွက်ခြင်း၊ ဈေးကွက်ခိုင်မာစေရေးအတွက် ဆန်စက်လုပ်ငန်းရှင်များ၊ ဆန်ကုန်သည်များအချင်းချင်း ညှိနှိုင်းချိတ်ဆက် ဖြန့်ဖြူးရောင်းချခြင်း၊ ကြိတ်ခွဲတင်ပို့ရောင်းချရာတွင်လည်း အရည် အသွေးကောင်းသည့် ဆန်များရရှိစေရေး၊ တောင်သူများအနေဖြင့် မျိုးကောင်းမျိုးသန့် စပါးမျိုးများ အသုံးပြုစိုက်ပျိုးစေရေး သက်ဆိုင်ရာကဏ္ဍအလိုက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကာ အမျိုးသားပို့ကုန်မဟာဗျူဟာရည်မှန်းချက်အရ မြန်မာ့ဆန်စပါး တိုးတက်ထုတ်လုပ်ပြီး ပို့ကုန်တိုးမြှင့်ရန်နှင့် နိုင်ငံတော်စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာစေရေး ကြိုးပမ်းဆောင်ရွက်ကြရန် ဖြစ်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။ ။