မြန်မာနှစ်ကူး စိတ်ကူးလားရာ စိတ်ဓာတ်ခွန်အား မျှဝေခြင်းဖြင့်သာ
ဒေါက်တာ မြတ်မိုး
ကျွန်တော်တို့ဟာ မိမိတို့အနာဂတ်အရေး လှပသာယာရေးစဉ်းစားကြတဲ့အခါ ယခုလက်ရှိကြုံတွေ့ရတဲ့အတွေ့အကြုံတွေဟာ တစ်ချိန်မှာ အရေးပါလာမှာသေချာပါတယ်။ အထူးသဖြင့် ခါးသည်းလှတဲ့အတွေ့အကြုံတွေထဲက ဖြစ်ပါတယ်။ ဆိုးဆိုးရွားရွားအဖြစ်အပျက်တွေကနေ သံဝေဂယူတတ်မယ်၊ သင်ခန်းစာဖော်ထုတ်တတ်မယ်ဆိုရင်တော့ အတွေ့အကြုံကောင်းသဖွယ်ခံယူတတ်လာမှာဖြစ်ပြီး ရင့်ကျက်မှုရှိလာသည်အထိ ပေးစွမ်းနိုင်ပါလိမ့်မယ်။
အရှုံးထဲကအမြတ်
ယခု ကျွန်တော်တို့ခေတ်မှာပဲ ပြင်းထန်တဲ့ ငလျင်ဒဏ်ခံစားခဲ့ရပါပြီ။ လွန်ခဲ့တဲ့ ငါးနှစ်ခန့်ကလည်း ကိုဗစ်ကပ်ကြီးခံစားခဲ့ရတယ်။ သဘာဝဘေး၊ လက်နက်ဘေး၊ ရောဂါဘေးတွေကြောင့်ဖြစ်ရတဲ့ ဒုဗ္ဘိက္ခန္တရ၊ သတ္ထန္တရ၊ ရောဂန္တရကပ်အားလုံး မကြုံစဖူးကြုံတွေ့ရင်ဆိုင်ကြရတယ်။ ဘာမှအစိုးမရတဲ့သဘာဝတရားကြောင့်ကော၊ လောဘ၊ ဒေါသ၊ မောဟအကုသိုလ်ဦးစီးလူကြောင့်ဖြစ်ရတဲ့ ကပ်တွေကြောင့်ကော မျှော်လင့်မထား ရုတ်တရက်ကြုံကြရတာဖြစ်တယ်၊၊ တချို့အသက်တွေပါသွားတယ်၊ ချစ်တဲ့သူတွေနဲ့ ကွေကွင်းရတယ်၊ ဘဝတွေပျက်စီးရတယ်၊ တစ်သက်လုံးရှာဖွေစုဆောင်းထားတဲ့ ပိုင်ဆိုင်မှုတွေ မျက်စိတစ်မှိတ် လျှပ်တစ်ပြက်အတွင်းမှာ ဆုံးရှုံးကုန်တယ်၊၊ နိုင်ငံအနေနဲ့လည်း အကြီးအကျယ်ထိခိုက်ရတယ်။ ဘေးဆိုးတွေကြောင့်၊ ကပ်ဘေးတွေကြောင့် ငြိမ်းချမ်းမှုဆိုတာ ဘယ်မှာရနိုင်ကြပါမလဲ၊၊
သို့ပေမယ့် အဆိုးထဲက အကောင်း၊ အရှုံးကနေအမြတ်ကို ရှာတတ်ရင်တော့ ကျွန်တော်တို့အတွက် အကျိုးဖြစ်ပါလိမ့်မယ်။ သင်ခန်းစာယူနိုင်ရင် ငြိမ်းချမ်းမှုတိုးတက်မှုကိုပါရပါမယ်။ အန္တရာယ်ဘေးဆိုးတွေကြောင့် ဖြစ်လာရတဲ့ ဒုက္ခဆင်းရဲ အပူမီးဆိုတာ ဆင်းရဲ၊ ချမ်းသာ၊ လူမျိုး၊ ဘာသာမရွေးဘယ်သူ့မှ အလွတ်မပေးပါဘူး။ ကိုယ်တိုင်ကြုံရလို့ ဆင်းရဲခြင်းဖြစ်ရသလို ကိုယ်တိုင်မကြုံရသော်လည်းကြားရ၊ မြင်ရခြင်းကတစ်ဆင့် စိတ်မချမ်းသာပါဘူး။ ဘယ်လိုကပ်ဘေးဖြစ်ဖြစ် သက်ရောက်မှုက ကြီးမားလွန်းတဲ့အတွက် လူတွေရဲ့ပညာရေး၊ ကျန်းမာရေးလူမှုဘဝတွေအပေါ် အတိုင်းအတာတစ်ခုအထိ ထိခိုက်နေမှာဖြစ်ပါတယ်။ ဒါကြောင့် ဒုက္ခသည်ချင်း၊ အပူသည်အချင်းချင်းကြားမှာ နားလည်မှုပေးကြဖို့နဲ့ နားလည်မှုထားရှိဖို့ လိုပါမယ်။ တစ်ဦးချင်းစီရဲ့အပူကို တစ်ဦးနဲ့တစ်ဦး ဖြေသိမ့်ပေးခြင်းကနေ ဒုက္ခတွေလျော့ပါးနိုင်သလို ခံစားမှုတွေမျှဝေပြီး သူ့အတွက်ကို ဦးစားပေး၊ တွေးပေး၊ စဉ်းစားပေးခြင်းကလည်း တစ်ဦးအပေါ်တစ်ဦး စာနာနားလည်မှုကို တိုးပွားစေတာတွေ့ရပါတယ်။
တချို့ ပင်ကိုခံနိုင်ရည် အားကောင်းပေမယ့် တချို့မှာတော့ခံနိုင်ရည်အား မရှိပြန်ဘူး။ ခံနိုင်ရည်မရှိသူကို ခံစားပေးမှု၊ နားလည်ပေးမှု၊ စာနာမှုတွေကတစ်ဆင့် သူ့ရဲ့ခံနိုင်ရည်ကို မြှင့်တင်ပေးနိုင်ပါတယ်။ ခံနိုင်ရည်နဲ့ နားလည်မှုရှိလာတဲ့အခါ သူများအပေါ် အပြစ်တင်စိတ်လည်းမရှိတော့တာ တွေ့ရတယ်။ အပြစ်တင်မယ့်အစား အဖြေရှာတတ်လာတယ်။ ထိုအခါ ကျွန်တော်တို့အားလုံးရဲ့ ပူးပေါင်းဆောင်ရွက်မှုအပိုင်းတွေမှာ အားကောင်းလာပါလိမ့်မယ်။ ကိုယ်ချင်းစာမှု၊ ခံစားနားလည်မှု၊ ခံနိုင်ရည်ရှိမှုတွေနဲ့အတူ အပြစ်မတင်ဘဲ အဖြေရှာတတ်မှု၊ ပူးပေါင်းဆောင်ရွက်တတ်မှု၊ ဒီငါးခုသော ကိုယ်ရည် ကိုယ်သွေးတွေက ရင့်ကျက်မှုတစ်ခုဆီ ဦးတည်နေပြီလား...၊ သေချာပါတယ်၊၊ ဒီအခါမှာ ကျွန်တော်တို့ လိုချင်တဲ့ရင့်ကျက်မှုကို ရရှိသွားပါပြီ။ အေးချမ်းတဲ့ လူ့အဖွဲ့အစည်းတစ်ခုဖြစ်ဖို့ လိုအပ်နေတဲ့အရည်အချင်းတစ်ခုဖြစ်တဲ့ ရင့်ကျက်မှုဆိုတဲ့ ကိုယ်ရည်ကိုယ်သွေးတစ်ခုကို ဆိုးရွားလှတဲ့ အရှုံးကနေရအောင် ယူကြည့်ကြစို့လား။ ထိုအရည်အချင်းတွေဟာ ကျွန်တော်တို့ပြောပြောနေတဲ့ EQ ဆိုတာပါပဲ။ အရှုံးထဲကအမြတ်ဆိုတာ ဒီအချက်ကို ဆိုလိုတာပါ။
တရားတွေနဲ့ပြည့်နေတဲ့ ကိုယ်ပိုင်အိမ်လေးတစ်ခုကိုယ်တိုင်ဆောက်ကြည့်
ဒါပေမယ့် ကျွန်တော်တို့အားလုံး တကယ့်လက်တွေ့မှာ ရှုံးနေရာကနေသင်ခန်းစာယူပြီး အမြတ်ထုတ်နိုင်ကြပြီလား။ ချမ်းသာချမ်းသာ၊ ဆင်းရဲဆင်းရဲ ဘာကိုမှ အလွတ်မပေးတဲ့ သဘာဝတရားကြီးပါ၊၊ ဘာမှမမြဲပြနေတတ်တဲ့ တရားသဘောကို ဆင်ခြင်ရကောင်းမှန်းမသိ၊ သံဝေဂမရ၊ ဒုံရင်း ဒုံရင်း၊ အရင်ကလည်းဒီစိတ်၊ အခုလည်း ဒီစိတ်ပဲ၊ ပြောင်းလဲမှုမရှိ ဘာမှလည်းရင့်ကျက်မှုရှိမလာ၊ ငါမှငါ မညှာမတာနားလည်မှုမပေး အရာရာငါ့အတွက် အတ္တချည်းသက်သက်တွေလည်း ရှိနေတတ်ကြပြန်ပါတယ်။ ကပ်ဘေးတစ်ခုဖြစ်လာရင် အားလုံးဟာ ဒုက္ခသည်ချည်းပေမယ့် ကိုယ်တစ်ယောက်ပဲ သောကဖြစ်တယ်ထင်၊ ကိုယ့်အလိုသာရှေ့တန်းတင်တတ်ကြတယ်။ ကိုယ်လွတ်ရုန်း ရုန်းထွက်ချင်ကြတယ်။ ကိုယ်လိုချင်တာ၊ ကိုယ်ဖြစ်ချင်တာထက် သူများနေရာဝင်ကြည့်ဖို့ အတွေးမရှိတတ်ကြ။ ပုထုဇဉ်သဘော ဖြစ်လေ့ဖြစ်ထရှိတတ်တဲ့သဘောဆိုပေမယ့် ဘာမှအစိုးမရတဲ့ လောကကြီးမှာ ငါလည်းဘယ်မှာမြဲမှာလဲ၊ အတိတ်ကလည်းပြခဲ့၊ မျက်မှောက်မှာလည်း ပြဆဲတရားသဘောကို ပိုပြီးမြင်အောင် ကြိုးစားကြည့်ကြစို့လား။
အားလုံး ဒုက္ခရောက်သူချင်း အချင်းချင်းကြားမှာ လိုချင်တာတွေ၊ လိုချင်စိတ်ကြီးနဲ့ တိုက်ရင်းခိုက်ရင်းရခဲ့တော့လည်း ထိုရခဲ့ပိုင်ခဲ့တာတွေက သံသရာတစ်လျှောက်ပါသွားမယ့်အရာတွေလား၊ တစ်သက်လုံးကော ပိုင်ဆိုင်သွားမှာလား၊ ကိုယ်ပိုင်တဲ့အရာအားလုံးကော မြဲနေမှာလား၊ သံသရာတစ်လျှောက်ငါနဲ့အတူ ပါသွားမယ့်အရာတွေက အလိုနည်းတဲ့ ကုသိုလ်စိတ်သာ ဖြစ်သင့်တယ်။ ကုသိုလ်စိတ်နဲ့ ကုသိုလ်ရုပ်ခန္ဓာ၊ ကုသိုလ်တွေနဲ့ ရောပြွမ်းရာ ငြိမ်းချမ်းတဲ့အိမ်လေးတစ်ခု၊ ဘယ်ကပ်ကြီးကမှ ဖျက်ဆီးလို့မရတဲ့ တရားတွေနဲ့ပြည့်နေတဲ့ အိမ်လေးတစ်ခု ကိုယ်တိုင်တည်ဆောက်ရပါမယ်။ ဒေါသနေရာမှာ သူ့အကျိုးလိုလားတဲ့ မေတ္တာစိတ်ကို အစားထိုးနိုင်ရင် စသဖြင့်၊ စသဖြင့် ဆင်ခြင်ကြည့်လိုက်ရင် ငါဘာလုပ်ရမလဲ၊ ငါဘာလုပ်သင့်သလဲ တွက်ချက်တတ်လာပါလိမ့်မယ်၊၊
တရားသဘောနဲ့ စိတ်ကိုပြင်မှ ရနိုင်မယ်
အဓိကအချက်က တစ်ဦးချင်းတစ်ဦးချင်းဆီမှာရှိနေတဲ့ စိတ်လေးတစ်ခုပါပဲ၊ သဘာဝကပ်ဘေးနောက်ဆက်တွဲ ရုပ်ပိုင်းပျက်စီးမှုက ကူညီလို့ရ၊ ကယ်လို့ရပါတယ်။ မိမိစိတ်ကိုတော့ မိမိကိုယ်တိုင်ကယ်မှရလိမ့်မယ်။ စိတ်ဓာတ်တွေပျက်စီးသွားရင် ကုသရခက်တဲ့သဘောပါ၊၊ ပျက်စီးသွားတဲ့စိတ်တွေဆိုတာက မိမိအတွက်ရော လူ့အဖွဲ့အစည်းတိုးတက်မှုအတွက်ပါ ဆူးငြောင့်ခလုတ်ဖြစ်နေတတ်တယ်။ ဒါကြောင့် ကျွန်တော်တို့ရဲ့စိတ်တွေကို အများကြီးပြင်မှရလိမ့်မယ်။ သဘာဝကပ်ကြီးကပေးလိုက်တဲ့ မမြဲသော၊ အရာရာဖြစ်ပြီးပျက် တရားသဘောကို မြင်ခဲ့ကြပြီးပြီပဲ။
တချို့ဆို မိမိရုပ်နဲ့နာမ် စက္ကန့်မလပ်ဖြစ်ပျက် မမြဲတဲ့ကိုယ်တွင်းက ကပ်သဘောကိုတောင် သတိထားဆင်ခြင်နိုင်တဲ့ ပညာဉာဏ်ကြီးသူတွေတောင်ရှိနေကြပြီပဲ။ သတိပေးတဲ့သူတွေလည်း ခန္ဓာနဲ့ရင်းပြီး သတိပေးသွားခဲ့ကြပြီ။ ကျန်ခဲ့သူတွေက သတိ၊ သံဝေဂဖြစ်ပြီး ဆင်ခြင်သင့်တာ ဆင်ခြင်ဖို့သာပဲ။ ဖြစ်ချင်တိုင်းလည်းမဖြစ်၊ လိုချင်တိုင်းလည်းမရ၊ တောင်းတိုင်းလည်းပြည့်ချင်မှပြည့်၊ အစိုးမရတာ သိပြီးတဲ့နောက် ဘာကြောင့် လောဘနောက် တကောက်ကောက်လိုက်ကြမလဲ၊၊
ယခုမြင်နေတွေ့နေရတဲ့ ဆင်းရဲဒုက္ခရဲ့ အကြောင်းတရားဟာ တဏှာသမုဒယကြောင့်ပဲဆိုတာသိခဲ့ရင် ပယ်သင့်တာပယ်ဖို့လည်း မနှေးအမြန်ဖြစ်သင့်တယ်။ တကယ့်လက်တွေ့ ဖြစ်ပျက်မှုကတစ်ဆင့်ရလာတဲ့ သဒ္ဓါ၊ သတိ၊ ပညာနဲ့တကွ စိတ်ကိုပြင်နိုင်ကြရင် လောဘ၊ ဒေါသကြောင့်ဖြစ်တဲ့ မုန်းတီးမှုတွေ၊ မနာလိုမှုတွေကိုလည်း လျှော့ချနိုင်မယ်။ အတ္တနဲ့ မာန်မာနလည်း လျော့ပါးသွားနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် သံသရာခရီးသွားအချင်းချင်းကြား မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဆိုတဲ့ မြင့်မြတ်တဲ့ဗြဟ္မစိုရ်တရားတွေ ပိုထားကြရပါတော့မယ်။ ကိုယ့်ကိုယ်ကိုယ်လည်း လုံလုံခြုံခြုံရှိဖို့၊ ပတ်ဝန်းကျင်နဲ့ လူ့အဖွဲ့အစည်းကိုလည်း ငြိမ်းချမ်းစေဖို့ ဒါန၊ သီလ၊ ဘာဝနာဆိုတဲ့အတိုင်း ပညာနဲ့ယှဉ်တဲ့အလှူဒါနတွေ ပိုလုပ်ကြရတော့မယ်။ ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးကို ပိုပြီးကြည်ညိုသဒ္ဓါပွားကြရလိမ့်မယ်။ သီလကိုလုံအောင်ထိန်းပြီး ဝိပဿနာတရားကိုလည်း ပိုအားထုတ်သင့်ကြတယ်။
မိမိကြောင့် ပတ်ဝန်းကျင်က သာယာလာမယ်၊ ငြိမ်းချမ်းလာမယ်ဆိုရင် ငြိမ်းချမ်းခြင်းရဲ့ ဆန့်ကျင်ဘက်အမုန်းတရားတွေလည်း လျော့ပါးလာမယ်လို့ယူဆပါတယ်။ ကပ်ဘေးတွေရဲ့အဖျက်စွမ်းအားကို ကိုယ်တိုင်ကြုံတွေ့ခဲ့ကြပြီးနောက် ဘာကြောင့် လူအချင်းချင်းမုန်းတီးခြင်းကို လက်သင့်ခံကြတော့ မလဲ၊ တကယ်တမ်း အမုန်းရဲ့ အဖျက်စွမ်းအားက ပိုပြီးပိုပြီးကြီးပါတယ်။ ကျွန်တော်တို့ရဲ့ ပျက်စီးနေတဲ့စိတ်တွေ မပြင်ဆင်နိုင်သေးသရွေ့ ကိုယ့်စိတ်နဲ့တန်တဲ့ ဘဝတွေပဲရနေဦးမှာပါ။ အားနည်းချက်တွေရှိပေမယ့် အဲဒီအားနည်းချက်ကနေ ထိုးနှက်ချက်တွေအဖြစ် ပြောင်းမသွားအောင် အပြုသဘောမြင်ပေးဖို့လည်းလိုပါတယ်။ ဒါကြောင့် ကျွန်တော်တို့အားလုံး အမုန်းကိုရပ်တန့်ပြီး ငလျင်ကြောင့် အပျက်အစီးတွေကို ပြန်လည်ထူမတ်ခြင်းဖြင့် မိမိတို့ရဲ့အသိဉာဏ်နဲ့တကွ ရင့်ကျက်မှုကို ပြသသင့်ပါပြီ။ စည်းလုံးမှုပြန်ရပြီး တိုးတက်မှုတစ်ခုဆီ ရှေ့ဆက်သင့်ပြီလို့သာ ဆိုပါရစေ။
ပြန်ပြီးချုပ်ရရင် ကျွန်တော်တို့အားလုံးအပျက်အစီးနဲ့ သေခြင်းတရားတွေကြားမှာ အားမလျှော့လက်မမြှောက်ဘဲ တရားသဘောနဲ့ ရင်ဆိုင်ပြီး စိတ်ခွန်အားမွေးကြစို့ဆိုပြီး ဖြစ်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာပျက်စီးမှုကို ပြန်လည်ပြင်ဆင်ရမှာဖြစ်သလို စိတ်ပိုင်းဆိုင်ရာထိခိုက်မှု Mental trauma ကိုလည်း တာရှည်ဖြစ်မသွားအောင် ပြုပြင်နေထိုင်ကြဖို့ ဖြစ်ပါတယ်။ ပျက်စီးမှုရှိပေမယ့် အလုံးစုံပျက်စီးသွားပြီလို့တော့ မယူလိုက်မိပါစေနဲ့။ အင်ဂျင်နီယာဝေါဟာရယူသုံးရရင် ပျက်စီးသွားတဲ့ ကော်လံတိုင်တွေ ကို Reinforce Rejecket အားဖြည့်ပြင်ဆင်လိုက်ရုံနဲ့ တိုက်ကြီးတစ်ခုလုံးပြန်ကောင်းသွားနိုင်တာတွေ ရှိပါတယ်။ အရေးကြီးတာက ဒုက္ခရောက်သူ အချင်းချင်းတစ်သားတည်းဖြစ်အောင်နေပြီး အပြန်အလှန် အားပေးနှစ်သိမ့်ကြဖို့ပါပဲ။ အတ္တနဲ့ ရုန်းမထွက်ဘဲ ပရစိတ်ဓာတ်နဲ့အတူ ရုန်းကန်ကြဖို့ ဖြစ်ပါတယ်။ အရေးပေါ်အခြေအနေမှာ တစ်ဦးနဲ့တစ်ဦး၊ တစ်ဖွဲ့နဲ့တစ်ဖွဲ့ အမှီသဟဲပြု၊ အထောက်အကူပြု ပူးပေါင်းဆောင်ရွက်မှုအားကောင်းခြင်းကနေ တန်ဖိုးရှိတဲ့လူ့အသက်အချို့ကို ၇၂ နာရီအတွင်း ကယ်တင်နိုင်ခဲ့တဲ့အတွေ့အကြုံ၊ တန်ဖိုးကြီးဥစ္စာ ဓနပစ္စည်းအမြောက်အမြား ဆယ်တင်နိုင်ခဲ့တဲ့ အတွေ့အကြုံမျိုး များစွာရရှိခဲ့ပြီးပြီပဲ။ ယခုလိုအချိန်ကစပြီး မရှိသင့်တဲ့ မာန်မာနတွေ ဘာကြောင့်ထားရှိနေကြမှာလဲ။
တရားဓမ္မနဲ့သံဝေဂယူဆင်ခြင်နှလုံးသွင်းပြီး ကိုယ်တိုင်လည်းငြိမ်းချမ်းအောင်နေ ပတ်ဝန်းကျင်ကိုလည်း သာယာလှပအောင်လုပ်နိုင်ရင်တော့ ပိုပြီးအမြတ်ထွက်တာပေါ့။ ခံရသူဖြစ်ခဲ့ပေမယ့် ကိုယ်တိုင်ကယ်တင်ရှင်၊ ကိုယ့်ကိုယ်ကိုယ်သာ ဖန်တီးရှင်အဖြစ် ခံယူလိုက်ရင်အရှုံးဆိုတာခဏပါပဲ။ ။