Skip to main content

အကြမ်းဖက် AA အဖွဲ့၏ မူးယစ်ဆေးဝါးစီးပွားရေးကွန်ရက်နဲ့ အကြမ်းဖက်မှုအန္တရာယ် (အပိုင်း ၂)

အောင်ရှင်း

NUG လက်အောက်ခံ PDF များနှင့် ချိတ်ဆက်သယ်ဆောင်မှု

သူတို့ရဲ့ အဓိက မူးယစ်ဆေးဝါးသယ်ဆောင်ရာ လမ်းကြောင်းဖြစ်တဲ့ ရှမ်းပြည်နယ်(မြောက်ပိုင်း)- မန္တလေး-ရန်ကုန်မှတစ်ဆင့် ရခိုင်ပြည်နယ်သို့ ရေလမ်းကြောင်း၊ မန္တလေး-မိတ္ထီလာ-မကွေး-ပဒါန်း မှတစ်ဆင့် ရခိုင်ပြည်နယ် ကုန်းလမ်းကြောင်းများမှ သယ်ဆောင်လေ့ရှိပြီး အဲဒီလမ်းကြောင်းများက သယ်ဆောင်မှုများမှာ ၂၀၂၄ ခုနှစ်အတွင်း ဖမ်းဆီးခံရမှု များပြားလာတဲ့အတွက် ၂၀၂၅ ခုနှစ်အတွင်းမှာတော့ ပုလင်းတူဘူးဆို့ NUG/PDF များနဲ့ ချိတ်ဆက်ပြီး ရှမ်းပြည်နယ် (မြောက်ပိုင်း) နှင့် ကချင်ပြည်နယ်မှထွက်ရှိတဲ့ မူးယစ်ဆေးဝါးများကို စစ်ကိုင်းတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်အတွင်းရှိ PDF များ လှုပ်ရှားသည့် နယ်မြေများအတွင်းမှ ရခိုင်ပြည်နယ်ကို သယ်ဆောင်လျက်ရှိနေပါတယ်။

ဒါကြောင့်လည်း ၂၀၂၅ ခုနှစ် ဇူလိုင်လ ၈ ရက် မှာ NUG လက်အောက်ခံ ယင်းမာပင်ခရိုင် PDF သုံးဦးက AA အဖွဲ့နှင့်ပတ်သက်နေတဲ့ မူးယစ်ဆေးဝါးတွေကို အခကြေးငွေယူပြီး သယ်ဆောင်လာတဲ့ စိတ်ကြွရူးသွပ်ဆေး သုံးသန်း၊ ဘိန်းဖြူ ၁၀၀ ကီလိုဂရမ်ခန့်မှန်းတန်ဖိုးငွေကျပ် ၉ ဘီလီယံကျော် (အမေရိကန် ဒေါ်လာ ၂ ဒသမ ၅ သန်း) ကို ဟားခါး မြို့နယ် အတွင်းမှာ ချင်းလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ဖမ်းဆီးရမိခဲ့‌ကြောင်း သတင်းတွေကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်လာခဲ့ပါတယ်။ အဲဒီမူးယစ်ဆေးဝါး သယ်ဆောင်တဲ့အဖွဲ့ဝင်များဟာ NUG လက်အောက်ခံ ယင်းမာပင်ခရိုင် PDF အဖွဲ့ကဖြစ်ပြီး အကြမ်းဖက် PDF အဖွဲ့များကို NUG က ထောက်ပံ့မှုမလုပ်ပေးတဲ့အတွက် သူတို့အဖွဲ့ ရပ်တည်ရေးအတွက် မူးယစ် ဆေးဝါးသယ်ဆောင်ပြီး ရန်ပုံငွေရှာဖွေခြင်းဖြစ်ကြောင်း၊ ယခင်က သုံးကြိမ် သယ်ဆောင်လွတ်မြောက်ခဲ့ပြီး လေးကြိမ်မြောက်တွင် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရှိရပါတယ်။

ဒီဖြစ်စဉ်အရ NUG လက်အောက်ခံ PDF အဖွဲ့များဟာ မူးယစ်ဆေးဝါးသယ်ဆောင်မှုကို AA အဖွဲ့ ပုံစံအတိုင်း အတုယူပြီး ၎င်းတို့အဖွဲ့ ရပ်တည်နိုင်ရေးအတွက် စီးပွားရေးလုပ်ငန်းတစ်ခုအနေဖြင့် လုပ်ကိုင်နေတာကို ထင်ရှားစွာတွေ့မြင်ရမှာဖြစ်ပါတယ်။ ဒါ့ပြင် AA တပ်ဖွဲ့ရဲ့ မူးယစ်ဆေးဝါးဖြန့်ဖြူး ရေးလက်တံများဟာ မြန်မာနိုင်ငံတစ်နံတစ်လျား ကျယ်ပြန့်စွာရောက်ရှိနေပြီး အရေအတွက်နည်းနည်းနဲ့ အခေါက်ရေများများ သယ်ဆောင်တဲ့ပုံစံကနေ သူတို့အခြေပြုနေတဲ့ နယ်မြေများမှတစ်ဆင့် အရေအတွက်များများ အခေါက်ရေနည်းနည်းသယ်ဆောင် လျက်ရှိပြီး ကိုယ်တိုင်ကုန်သွယ်မှုလုပ်နေသလို တခြားသောင်းကျန်းသူအဖွဲ့များရဲ့ မူးယစ်ဆေးဝါး များကို သူတို့အခြေပြုတဲ့နယ်မြေများက ဖြတ်သန်း ခွင့်ပြုပြီး အခွန်ကောက်ခံလျက်ရှိနေပါတယ်။ AA အဖွဲ့ သယ်ဆောင်ဖြန့်ဖြူးနေတဲ့ မူးယစ်ဆေးဝါးများဟာ မြို့ရွာအသီးသီးရှိ လူငယ်ထုအတွင်းသာမက သောင်းကျန်းသူ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ အကြားလည်း သုံးစွဲမှုအလွန်များပြားလျက် ရှိပါတယ်။

အထူးသဖြင့် ရခိုင်ပြည်နယ်အတွင်းမှာ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲများမှာ တပ်မတော်က သိမ်းဆည်းရရှိခဲ့သည့် AA တပ်ဖွဲ့ဝင်အလောင်းများ၊ အခြားအထောက်အထားများအရ AA ခေါင်းဆောင်ပိုင်းဟာ လက်အောက်ခံတပ်ဖွဲ့ဝင်များကို တိုက်ပွဲဝင်ရာတွင် ပင်ပန်းဆင်းရဲမှုဒဏ်ခံနိုင်ရန် မူးယစ်ဆေးဝါးများ တိုက်ကျွေးပြီး တိုက်ပွဲဝင်လေ့ရှိကြသလို အကြမ်း ဖက်သမား PDF များကလည်း အလားတူလိုက်ပါ လုပ်ဆောင်နေတဲ့အတွက် လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့များအတွင်း စိတ်ကြွမူးယစ်ဆေးဝါး ဝယ်ယူသုံးစွဲမှုဟာ ဈေးကွက်တစ်ခုဖြစ်နေပါတယ်။

AA အဖွဲ့၏ ပြည်ပမူးယစ်ဆေးဝါးဈေးကွက်

AA အဖွဲ့ရဲ့ ပြည်ပမူးယစ်ဆေးဝါးဈေးကွက်ကတော့ ဘင်္ဂလားဒေ့ရှ်၊ မလေးရှားနိုင်ငံများမှ တစ်ဆင့် အနောက်နိုင်ငံများနဲ့ အရှေ့အလယ်ပိုင်း ဒေသများအထိ ကျယ်ပြန့်ကြီးထွားလျက်ရှိနေပါ တယ်။ ဒီအချက်ကို သက်သေပြနေတဲ့ဖြစ်စဉ်ကတော့ ၂၀၂၅ ခုနှစ် ဩဂုတ်လ ၅ ရက်မှ ၁၄ ရက်အတွင်း ဖမ်းဆီးရမိခဲ့တဲ့ မူးယစ်ဆေးဂိုဏ်း အဖွဲ့ဝင် ၁၃ ဦးနဲ့ အတူ မလေးရှားနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို တင်ပို့မယ့် ငွေကျပ် ၂၅၇ ဘီလီယံ (အမေရိကန်ဒေါ်လာ ၇၁ ဒသမ ၄ သန်း)ရှိ စိတ်ကြွရူးသွပ်ဆေးပြား ၂၁၈သိန်း၊ အိုက်စ် (မက်သ် အဖက်တမင်း ၅၆၁၄ ဒသမ ၂ကီလို၊ ကတ်တမင်း ၁၈၉၉ ကီလို) ဖော်ထုတ်ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ပါတယ်။

ဒီဖြစ်စဉ်မှာ ဝမ်ဟိုင်းမှာ အခြေပြုနေတဲ့ AAအဖွဲ့ အကောက်ခွန်မှူးဆိုသူ ဗိုလ်မှူးအဆင့်ရှိကိုရေး (ရခိုင်)နဲ့ ရခိုင်ပြည်နယ် မြေပုံမြို့မှာနေတဲ့ အဆင့် စိစစ်ဆဲ ဝင်းခိုင်တို့က AA အဖွဲ့ဝင်များဖြစ်ကာ ရန်ကုန်မှာ အခြေပြုပြီး မူးယစ်ဆေးဝါးတွေကို သိုလှောင်ဖြန့်ဖြူးတဲ့ ထွန်းသိန်း(ရခိုင်)နဲ့ မလေးရှား ကို ပို့ဆောင်သူ ကွမ်းခြံကုန်းမှာနေတဲ့ ကျော်စွာဝင်း (ရခိုင်)တို့က AA အဖွဲ့ရဲ့ အရပ်သား အသွင်ယူ ထောက်ပံ့ရေးတာဝန်ခံများ ဖြစ်ပါတယ်။ သူတို့ အားလုံးရဲ့ နောက်ကွယ်မှာတော့ AA အဖွဲ့ရဲ့အတွင်း ရေးမှူး၊ ဘဏ္ဍာငွေရှာဖွေရေးတာဝန်ခံ ကျော်ဟန် ရှိနေပါတယ်။

AA အဖွဲ့ရဲ့ မူးယစ်ဆေးဝါးစီးပွားရေးကွန်ရက် ဖြန့်ကြက်ထားမှုအရ ပြည်တွင်းပြည်ပမှာ AA တပ်ဖွဲ့ဝင်များ ကိုယ်တိုင်သယ်ဆောင်ဖြန့်ဖြူး၊ ရောင်းချခြင်းလုပ်သလို၊ ယခုဖြစ်စဉ်လိုသောင်းကျန်း သူများ ထိန်းချုပ်ထားတဲ့နယ်မြေမှာ တာဝန်ခံထားရှိ ပြီး အဖမ်းဆီးခံရနိုင်တဲ့ လမ်းကြောင်းတွေမှာ အရပ်သားအသွင်ယူ ရခိုင်လူမျိုးစီးပွားရေးတာဝန်ခံ၊ ထောက်ပို့တာဝန်ခံများကို တာဝန်ပေးလေ့ရှိပါတယ်။ မူးယစ်ဆေးဝါးကုန်သွယ်မှုကို AA အဖွဲ့ပိုင် မူးယစ်ဆေးဝါးများ သယ်ယူပို့ဆောင်ဖြန့်ဖြူးသလို၊ အခြားလက်နက်ကိုင်အဖွဲ့အစည်းများရဲ့ မူးယစ် ဆေးဝါးများကို သူတို့နယ်မြေထဲကနေ လုံခြုံစိတ်ချစွာ ဖြတ်သန်းခွင့်ပြုပြီး အခွန်ကောက်ယူတဲ့အလုပ်ကိုလည်း လုပ်ကိုင်လျက်ရှိပါတယ်။

ဒီဖြစ်စဉ်မှာ ဖမ်းဆီးရမိသူတွေရဲ့ ထွက်ဆိုချက်များအရ ဝမ်ဟိုင်းက သယ်ဆောင်လာတဲ့ မူးယစ်ဆေးဝါးများကို AA အဖွဲ့ လှုပ်ရှားနေတဲ့ ရခိုင် ပြည်နယ် မြေပုံမြို့မှတစ်ဆင့် ဘင်္ဂလားဒေ့ရှ်နဲ့ မလေးရှားနိုင်ငံတွေကို တင်ပို့ပြီးပါက စိတ်ကြွဆေးပြား တစ်သောင်းကို သုံးသိန်းကျပ်နှုန်းနဲ့ ဆေးပြား ၂၁၈ သိန်းအတွက် သိန်းပေါင်း ၆၅၄၀၊ အိုက်စ် တစ်ကီလို ငါးသိန်းကျပ်နှုန်းနဲ့ အိုက်စ် ၅၆၁၄ ကီလိုအတွက် သိန်းပေါင်း ၂၈၀၇၀ စုစုပေါင်း ကျပ်သိန်းပေါင်း ၃၄၆၀၀ ကို AA အဖွဲ့က အခွန်ငွေရရှိမှာ ဖြစ်ပါတယ်။ AA အဖွဲ့ဟာ ကိုယ်တိုင်ရင်းနှီးမြှုပ်နှံစရာမလိုဘဲ မူးယစ်ဆေးဝါးထွက်ရှိရာ နယ်မြေမှာ ကိုယ်စားလှယ်တစ်ဦးထား၊ ရခိုင်ပြည်နယ်ထဲမှာ ကိုယ်စားလှယ်တစ်ဦးထားပြီး သယ်ဆောင်ရာလမ်းကြောင်းတစ်လျှောက်မှာ သူတို့အဖွဲ့ရဲ့ အရပ်သားထောက်ပို့ တာဝန်ခံများကို သယ်ဆောင်စေပြီး သူ့နယ်မြေထဲကဖြတ်သန်းတဲ့ မူးယစ်ဆေးဝါးတွေအတွက် အသားတင်အခွန်ငွေ ကောက်ခံနေခြင်း ဖြစ်ပါတယ်။

ဒါကြောင့်လည်း AA အဖွဲ့ဟာ သူတို့အဖွဲ့ရဲ့ ဘဏ္ဍာငွေကြေးလိုအပ်ချက်အတွက် မူးယစ်ဆေးဝါး တွေကို ကိုယ်တိုင်ကုန်သွယ်မှုလုပ်သလို အခြား မူးယစ်ဆေးဝါးလုပ်နေတဲ့ မူးယစ်ဆေးဝါးဂိုဏ်း သူတို့နယ်မြေထဲက ဖြတ်သန်းစေပြီး အခွန်ငွေများများ ကောက်ခံနိုင်ရေး အကြီးအကျယ်လုပ်ကိုင် ဆောင်ရွက်နေကြောင်း အထင်အရှားမြင်တွေ့ရမှာဖြစ်ပါတယ်။

ဒီထက်ပိုပြီး ထင်ရှားတဲ့သက်သေကတော့ AA အဖွဲ့အခြေပြုနယ်မြေ ရခိုင်ပြည်နယ်ထဲက မြို့ရွာ များမှတစ်ဆင့် ဝင်ရောက်လာတဲ့ စိတ်ကြွဆေးပြားများ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းရှိ ဒုက္ခသည်စခန်း များမှာ အလွယ်တကူ အများအပြားဝယ်ယူရရှိနေ ခြင်း ဖြစ်ပါတယ်။ ဒီအချက်ကိုတော့ ဘင်္ဂလားဒေ့ရှ် နိုင်ငံမူးယစ်ဆေးဝါး ထိန်းချုပ်ရေးဦးစီးဌာန (Department of Narcotics Control – DNC) ရဲ့ ၂၀၂၁ ခုနှစ် အစီရင်ခံစာမှတ်တမ်းများအရ သိရှိနိုင်ပါတယ်။ အဲဒီအစီရင်ခံစာမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ စိတ်ကြွဆေးပြား သုံးစွဲသူ ရှစ်သန်းခန့်ရှိပြီး နှစ်စဉ်နှစ်တိုင်း DNC အဖွဲ့အနေဖြင့် စိတ်ကြွဆေးပြား သန်း ၅၀ ကျော်ကို ဖမ်းဆီးနိုင်ခဲ့ကြောင်း၊ ဖမ်းဆီးရမိတဲ့ စိတ်ကြွဆေးပြားများဟာ AA အဖွဲ့ ထိန်းချုပ်ရာ ရခိုင်ပြည်နယ် မြို့ရွာများမှတစ်ဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းကို ဝင်ရောက်လာခြင်းဖြစ်ပြီး ဖမ်းဆီးရမိမှုများ၏ နောက်ကွယ်တွင် AA တပ်ဖွဲ့ဝင်များ ကိုယ်တိုင်ပါဝင်ပတ်သက်မှုရှိကြောင်း ဖော်ပြထားရှိပါတယ်။ ဒါကြောင့် အကြမ်းဖက်လက်နက်ကိုင် AA အဖွဲ့ရဲ့ မူးယစ်ဆေးဝါး ကုန်သွယ်မှုလုပ်ငန်းများဟာ ပြည်တွင်းသာမက ပြည်ပနိုင်ငံများကိုပါ အကြီးအကျယ်တင်ပို့ရောင်းချနေကြောင်း ငြင်းလို့မရတဲ့ လူသက်သေ၊ ပစ္စည်း သက်သေအထောက်အထားများ အခိုင်အမာရှိနေ ပါတယ်။

မူးယစ်ဆေးဝါးစီးပွားရေးနှင့် အကြမ်းဖက်လုပ်ရပ် အပြန်အလှန်သက်ရောက်မှု

AA အဖွဲ့ရဲ့ မူးယစ်ဆေးဝါးစီးပွားရေးကွန်ရက် ကို ပြည်တွင်း၊ ပြည်ပချိတ်ဆက်ထားပြီး မူးယစ်ဆေးဝါးဝင်ငွေကြောင့် လက်နက်/ခဲယမ်းအင်အား တောင့်တင်းလာသလို တိုက်ပွဲတွေ စဉ်ဆက်မပြတ်ဖြစ်ပွားနေလို့ လျော့နည်းသွားတဲ့ လက်နက်/ခဲယမ်း တွေ ပြန်လည်ဖြည့်တင်းဖို့ မူးယစ်ဆေးဝါးကုန်သွယ် မှုကို ပိုမိုလုပ်ဆောင်နေကြပါတယ်။ အလားတူပဲ မူးယစ်ဆေးဝါး ကုန်သွယ်မှုကြောင့် ဥပဒေမဲ့အကြမ်း ဖက်လုပ်ရပ်တွေ ပိုမိုဖြစ်ပွားလာနေသလို လက်နက် ကိုင်အကြမ်းဖက်မှုတွေ ပိုမိုလုပ်ဆောင်နိုင်ဖို့ ပင်မ စီးပွားရေးဖြစ်တဲ့ မူးယစ်ဆေးဝါးကုန်သွယ်မှုကို ပိုမို လုပ်ဆောင်လျက်ရှိနေပါတယ်။ မူးယစ်ဆေးဝါး ဝင်ငွေနဲ့ လူ/လက်နက်အင်အားရှိလာတဲ့AA အဖွဲ့ရဲ့ လက်နက်ကိုင်လမ်းစဉ်ကြောင့် တိုက်ပွဲများ အရှိန် မြင့်တက်ခဲ့ရသလို အကြမ်းဖက်လုပ်ရပ်များကြောင့် ရခိုင်ပြည်နယ်ရဲ့ တည်ငြိမ်အေးချမ်းမှုပျက်စီးပြီး ပြည်သူအများ လူမှုဘဝများ နိမ့်ပါးလျက်ရှိနေပါတယ်။

ငြင်းလို့မရတဲ့ အကြမ်းဖက်လုပ်ရပ်များ

AA အဖွဲ့ဟာ သူတို့အဖွဲ့ရပ်တည်ရှင်သန်နိုင်ရေးအတွက် ရခိုင်လူမျိုးရေးအရ ဝါဒမှိုင်းသွတ်သွင်းခြင်း ကြောင့် လူမျိုးရေးအမြင်ကျဉ်းမြောင်းတဲ့ AA တပ်ဖွဲ့ ဝင်များက ရခိုင်ပြည်နယ်အတွင်းရှိ အခြားတိုင်းရင်း သားများ၊ လူမျိုးစုများကို လူမျိုးရေးနဲ့ဘာသာရေး အရ အကြမ်းဖက်တိုက်ခိုက်မှုတွေ ရက်ရက်စက်စက် လုပ်ဆောင်နေတာ မြင်တွေ့ ကြားသိနေရပါတယ်။ လတ်တလော နိုင်ငံတကာသတင်းမီဒီယာများမှာ ကျယ်ကျယ်ပြန့်ပြန့်ဖော်ပြနေကြတဲ့ ဘူးသီးတောင် မြို့နယ် ထန်ရှောက်ခံကျေးရွာမှာ ၂၀၂၄ ခုနှစ် မေလ အတွင်းက ဘင်္ဂါလီလူမျိုး ကလေးငယ်များ၊ မိန်းမ များအပါအဝင် လူ ၆၀၀ ခန့် ရက်စက်စွာသတ်ဖြတ်ခံ ရမှုဟာ AA အဖွဲ့ရဲ့ လူသားချင်းစာနာမှု ကင်းမဲ့တဲ့ အကြမ်းဖက်လုပ်ရပ်များဖြစ်ပါတယ်။

အလားတူပဲ ၂၀၂၄ ခုနှစ် ဇွန်လအတွင်းမှာ AA အကြမ်းဖက်အဖွဲ့မှ ထွန်းဝေဦးစီးအဖွဲ့က ဘူးသီး တောင်မြို့ပေါ် ၅ ရပ်ကွက်က မွတ်စလင်အမျိုးသား ၈၇ ဦး၊ စိမ်းညှင်းပြာကျေးရွာက အမျိုးသား ၁၃၅ဦး၊ ညောင်ချောင်းကျေးရွာက ၉၅ ဦး၊ တောင်ဘဇား ကျေးရွာက ၄၀ စုစုပေါင်း ၃၅၇ ဦးကို အစိုးရ တပ်နဲ့ ပတ်သက်ကြောင်းစွပ်စွဲပြီး အကြောင်းမဲ့ သတ်ဖြတ်ခဲ့ပါတယ်။ ရခိုင်လူမျိုးကြီးဝါဒ စွဲကိုင်ထား တဲ့ AA အဖွဲ့ဟာ ဘင်္ဂါလီလူမျိုးများကိုသာမက မောင်တောနဲ့ ပလက်ဝမြို့နယ်များမှာ နေထိုင်တဲ့ ချင်းနဲ့မြိုလူမျိုးများကိုလည်း အတင်းအဓမ္မ ဖမ်းဆီး စစ်သားစုဆောင်းခဲ့သလို အနိုင်ကျင့်သတ်ဖြတ်မှုများကိုလည်း ပြုလုပ်လေ့ရှိပါတယ်။ ၂၀၂၄ ခုနှစ်ဒီဇင်ဘာ လက မောင်တောမြို့နယ် သစ်တုံးနားခွဆုံရွာက မြိုလူမျိုး အယောက် ၉၀ ကျော်ကို အဓမ္မဖမ်းဆီးသွားခဲ့ရာမှာ အသက် ၁၈ နှစ်မပြည့်သေးတဲ့ ကလေးငယ် ၃၀ ကျော် ပါဝင်သွားပြီး ယနေ့အထိ သတင်းမရရှိလို့ မိသားစုဝင်များ စိုးရိမ်သောက ရောက်ရှိနေကြ ကြောင်းလည်း သိရှိရပါတယ်။

အထူးသဖြင့်တော့ ဘူးသီးတောင်၊ မောင်တောဘက်က ဘင်္ဂါလီကျေးရွာတွေကို မကြာခဏ Drop Bomb ချတိုက်ခိုက်မောင်းထုတ်လို့ ဘင်္ဂါလီလူမျိုးတွေ စစ်ဘေးရှောင်ထွက်ပြေးနေကြရသလို ပလက်ဝ၊ ပေါက်တော၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်ဘက်မှာလည်း အပြစ်မဲ့ပြည်သူများကို ဥပဒေမဲ့မတရား ဖမ်းဆီးသတ်ဖြတ်မှုများ၊ စစ်သင်တန်း အတင်းအဓမ္မတက်ခိုင်းပြီး မတက်လိုသူများကို ငွေကြေးကောက်ခံမှုများ ပြုလုပ်လျက်ရှိပါတယ်။

ယခုဖော်ပြခဲ့တဲ့ အကြမ်းဖက် AA အဖွဲ့ရဲ့ မူးယစ်ဆေးဝါးစီးပွားရေးကွန်ရက်နဲ့ အကြမ်းဖက် လုပ်ရပ် များဟာ ကမ္ဘာ့နိုင်ငံတိုင်းက လက်မခံနိုင်တဲ့ရာဇဝတ်မှုများဖြစ်ပါတယ်။ သူတို့အဖွဲ့ကကျူးလွန်နေတဲ့ မူးယစ်ဆေးဝါးနဲ့ အကြမ်းဖက်မှုများကို လုံးဝဘူးခံငြင်းဆန်နေပေမယ့် ငြင်းလို့မရတဲ့ လူသက်သေ၊ ပစ္စည်းသက်သေများက အထင်အရှားရှိနေပါတယ်။

နိုင်ငံတကာသို့ အသိပေးတိုက်တွန်းနှိုးဆော်ချက်

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးပြဿနာဟာ နိုင်ငံတော်အစိုးရအဆက်ဆက် စိန်ခေါ်မှု တစ်ရပ်ဖြစ်ခဲ့ပြီး တိုင်းရင်းသားလက်နက်ကိုင် အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများရဲ့ ရှင်သန် ရပ်တည်နိုင်ရေးအတွက် အဓိကဝင်ငွေရရှိရေး ပင်မစီးပွားရေးလုပ်ငန်း ဖြစ်နေတာကြောင့် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခ သက်ဆိုးရှည်ခြင်းနဲ့လည်း ဆက်စပ်နေပါတယ်။ ဒါကြောင့်လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရလက်ထက်မှာ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးလုပ်ငန်းကို အထူးအလေးထားပြီး နိုင်ငံတကာအကူအညီမရရှိဘဲ ကိုယ့်ခွန်ကိုယ့်အားနဲ့ အမြစ်ပြတ်အောင် ချေမှုန်း တိုက်ဖျက်ခဲ့ပါတယ်။ ပိုမိုထိရောက်အောင်မြင်ရန် အတွက် နိုင်ငံတကာအဖွဲ့အစည်းများနဲ့လည်း တက်ကြွစွာ ပူးပေါင်းဆောင်ရွက် လျက်ရှိသော်လည်း အချို့သော နိုင်ငံတကာအစိုးရများ၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးအဖွဲ့များဟာ လက်နက်ကိုင်မူးယစ်ရာဇာ AA အဖွဲ့ အပါအဝင် NUG လက်အောက်ခံ PDF များရဲ့ မူးယစ်ဆေးဝါး သယ်ဆောင်သုံးစွဲမှုများနဲ့ အပြစ်မဲ့ပြည်သူများအပေါ် အကြမ်းဖက်လုပ်ရပ်များကို မသိချင်ယောင်ဆောင်နေကြတာ စိတ်မကောင်း စရာ မြင်တွေ့ကြားသိနေရပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံမှာ ကြုံတွေ့နေရတဲ့ မူးယစ်ဆေးဝါးထုတ်လုပ်၊ သယ်ဆောင်၊ ရောင်းဝယ် မှုများကို ယခုထက်ပိုမိုထိရောက်စွာ နှိမ်နင်းနိုင်ရေး မူးယစ်ဆေးဝါးကုန်သွယ်မှုကြောင့် ပိုမိုအားကောင်း လာတဲ့ အကြမ်းဖက်လုပ်ရပ်များကို ထိရောက်စွာ တားဆီးနိုင်ရေးအတွက် မူးယစ်ဆေးဝါးကုန်သွယ်မှု အကြီးအကျယ်လုပ်နေတဲ့ အကြမ်းဖက် AA အဖွဲ့ ကဲ့သို့သော တိုင်းရင်းသားလက်နက်ကိုင်အမည်ခံ လက်နက်ကိုင်မူးယစ်ဆေးဝါးဂိုဏ်းများကို နိုင်ငံတကာ မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးအဖွဲ့များ အနေဖြင့် ဝိုင်းဝန်းပူးပေါင်းနှိမ်နင်းရန် လိုအပ်ပါ ကြောင်း တိုက်တွန်းနှိုးဆော် အသိပေးတင်ပြလိုက်ရပါတယ်။ ။