Skip to main content

ကမ္ဘာ့မုတ်သုံရာသီနှင့် အနာဂတ်

ဒေါက်တာကျော်

(မိုးလေဝသ‌ကျောင်း)

မုတ်သုံရာသီဥတုသည် ကမ္ဘာ့ရာသီဥတုစနစ် အမည်နာမများအကြား ထင်ရှားသော အမည်တစ်ခု ဖြစ်သည်။ မုတ်သုံ (Monsoon) ဟူသောဝေါဟာရသည် အာရပ်စကား ‘mausim’ မှ ဆင်းသက်လာပြီး “ရာသီ”ဟု အဓိပ္ပာယ်ရပါသည်။

မိုးရွာသွန်းမှုဖြစ်စဉ်ကို ညွှန်းဆို

အဆိုပါ မုတ်သုံဆိုသည်မှာ မိုးလေဝသဖြစ်စဉ်အရ ပြောရမည်ဆိုလျှင် ရာသီအလိုက် တိုက်ခတ်သောလေနှင့် အဆိုပါလေမှ သယ်ဆောင်လာသော ရေငွေ့တိမ်တိုက်များမှ မိုးရွာသွန်းမှုဖြစ်စဉ်ကို ညွှန်းဆိုခြင်းပင်ဖြစ်ပါသည်။ နေ့စဉ်သို့မဟုတ် သီတင်းပတ်အလိုက် ဖြစ်ပေါ်လေ့ရှိသော သာမန်မိုးလေဝသဖြစ်စဉ်များ နှင်းကျခြင်း၊ မုန်တိုင်းတိုက်ခတ်ခြင်း စသည်တို့နှင့်မတူဘဲ မုတ်သုံစနစ်သည် နှစ်စဉ်ရာသီအလိုက် ပုံမှန်အချိန်မှန်ဖြစ်ပေါ်နေပြီး ကမ္ဘာ့အပူပိုင်းအီကွေတာရပ်ဝန်းနှင့် အီကွေတာမှ တောင်/မြောက်သမပိုင်း ဒေသများအထိ သက်ရောက်မှုရှိသည်ကို တွေ့ရပါသည်။

မုတ်သုံ၏ ထင်ရှားသောလက္ခဏာမှာ ရာသီအလိုက် လေတိုက်ခတ်ပုံ ပြောင်းလဲခြင်းဖြစ်ပြီး ယင်းကြောင့် နေရာဒေသအလိုက် မိုးရွာသွန်းမှုပုံစံများ ကြီးမားစွာ ပြောင်းလဲသွားစေသည်ကို တွေ့နိုင်ပါသည်။ ဥပမာ - တောင်လေတိုက်သော ဇွန်၊ ဇူလိုင်သြဂုတ်လများတွင် ကမ္ဘာ့မြောက်ခြမ်းဒေသများအတွက် ပင်လယ်မှတိုက်ခတ်လာသော အရှေ့တောင် မုတ်သုံလေကြောင့် ရေငွေ့ရရှိကာ မိုးရွာသွန်းခြင်းများ ဖြစ်ပေါ်သော်လည်း ကမ္ဘာ့တောင် ဘက်ခြမ်း သြစတြေးလျတိုက် အနောက်မြောက် ဘက်ခြမ်းတွင် ကုန်းတွင်းပိုင်းမှလာသော အေးမြခြောက်သွေ့သည့် အရှေ့တောင်လေများကြောင့် အေးမြခြောက်သွေ့သော ရာသီဥတုကိုသာ ဖြစ်ပေါ် စေနိုင်သည်။

ဤပြောင်းလဲမှုများသည် တိုက်ကြီးများ တစ်လျှောက် စိုက်ပျိုးရေးထုတ်လုပ်မှုနှင့် ရေရရှိနိုင်မှုကိုသာမက teleconnection ဟုခေါ်သော ကမ္ဘာ့ရာသီဥတုစက်ဝန်းဖြစ်စဉ်များကိုပါ ဖြစ်ပေါ်စေပါသည်။ မုတ်သုံရာသီဥတုသည် ကမ္ဘာ့စားရေရိက္ခာ ဖူလုံရေး၊ စွမ်းအင်ထောက်ပံ့ရေး၊ ဂေဟစနစ်များနှင့် ကမ္ဘာ့ရေစက်ဝန်းအပေါ် သက်ရောက်မှုရှိသည်ကိုလည်း အများသိရှိပြီး ဖြစ်ပါသည်။

ထို့ကြောင့် ကမ္ဘာ့မုတ်သုံစနစ်သည် အာရှသို့မဟုတ် အာဖရိကတို့တွင်သာရှိသော ဒေသဆိုင်ရာ ရာသီဥတုဖြစ်စဉ်တစ်ခုမျှမဟုတ်ဘဲ ကမ္ဘာ့ တိုက်ကြီးများအားလုံးရှိ မိုးရွာသွန်းမှုရှိသော ဒေသများကို တစ်ခုနှင့်တစ်ခု ဆက်သွယ်ပေးထားသည့် ကမ္ဘာလုံးဆိုင်ရာ လေကြောင်းလှည့်ပတ်မှုစနစ်ကြီး တစ်ခုပင်ဖြစ်သည်။ ထို့ကြောင့် မိုးခေါင်ရေရှားမှုနှင့် ရေကြီးမှုကဲ့သို့သော သဘာဝဘေးအန္တရာယ်ဖြစ်စဉ်များကို ကြိုတင်ခန့်မှန်းရန်၊ ရေအရင်းအမြစ်များ စီမံခန့်ခွဲရန်နှင့် ရာသီဥတုပြောင်းလဲမှု၏ နောက်ဆက်တွဲအကျိုးဆက်များကို မျှော်မှန်းရန် မုတ်သုံရာသီနှင့် လေတိုက်ခတ်မှုစနစ်များကို နားလည်သိရှိထားရန် မဖြစ်မနေ လိုအပ်ပါသည်။

မုတ်သုံဆိုင်ရာ သိပ္ပံနည်းကျလေ့လာမှုများကို ၁၉ ရာစုနှောင်းပိုင်းကာလ၊ အိန္ဒိယနိုင်ငံရှိ စိုက်ပျိုးရေးစီမံကိန်းများအတွက် မုတ်သုံမိုးကို ကြိုတင်ခန့်မှန်းလိုသော ဗြိတိသျှတို့သည် သိပ္ပံပညာရှင်များကို တာဝန်ပေးလေ့လာစေခဲ့သည်။ အစောဆုံးမှတ်တမ်းအဖြစ် Henry Blanford ဆိုသော ပညာရှင်က ၁၈၈၉ ခုနှစ်တွင် ဟိမဝန္တာ တောင်တန်းများပေါ်ရှိ ဆီးနှင်းများဖုံးလွှမ်းနေမှု နှင့် အိန္ဒိယနိုင်ငံအပေါ် မုတ်သုံမိုးများရွာသွန်းမှုတို့အကြား ဆက်နွှယ်မှုကို စတင်လေ့လာမှတ်တမ်းတင်ခဲ့သည်ကိုတွေ့ရပါသည်။

Henry စတင်တီထွင်ဆန်းသစ်ခဲ့သော သိပ္ပံနည်းကျ ရာသီဥတုဖြစ်စဉ်လေ့လာမှုများသည် မုတ်သုံပြောင်းလဲမှုနှင့် ခန့်မှန်းခြင်းဆိုင်ရာ နောက်ထပ်လေ့လာမှုများအတွက် စတင်တံခါးဖွင့် ပေးခဲ့သည်။ ၁၉၃၉ နောက်ပိုင်းတွင် K. R. Ramanathan က အိန္ဒိယ မုတ်သုံရာသီဥတုဆိုင်ရာ ရူပဗေဒဆိုင်ရာအခြေခံယူဆချက်များကို ဖော်ထုတ် ပေးခဲ့ပါသည်။

မြန်မာမုတ်သုံစနစ်အတွက် ပထမဆုံးမှတ်တမ်း

မြန်မာနိုင်ငံတွင် သိပ္ပံနည်းကျလေ့လာမှုတစ်ခုအဖြစ် ၁၉၄၉ ခုနှစ်တွင် ဆရာကြီး ဒေါက်တာထွန်းရင်၏ “မြန်မာ့မုတ်သုံလေစတင်ဝင်ရောက်မှု၏ လေထုသိပ္ပံနှင့် ရာသီဥတုဆိုင်ရာ လက္ခဏာများကို ခွဲခြမ်းစိတ်ဖြာခြင်း” သိပ္ပံစာတမ်းသည် မြန်မာမုတ်သုံစနစ်အတွက် ပထမဆုံးမှတ်တမ်းအဖြစ် တွေ့ရှိရပါသည်။ ဤလေ့လာမှုမှတ်တမ်းသည် မြန်မာနိုင်ငံအတွက်သာမက အရှေ့တောင်အာရှရှိ ဒေသဆိုင်ရာ မုတ်သုံဖြစ်စဉ်များကို ဖော်ပြရန် အစောဆုံးကြိုးပမ်းမှုများထဲမှ တစ်ခုအဖြစ် ယနေ့အချိန်ထိ အရေးပါဆဲသုတေသနစာတမ်းတစ်ခု ဖြစ်နေပါတော့သည်။

မုတ်သုံမည်သို့ဖြစ်ပေါ်လာသနည်း။ မုတ်သုံစနစ်သည် ကုန်းမြေနှင့် သမုဒ္ဒရာကြား မျက်နှာပြင် အပူချိန်ကွာခြားမှုမှတစ်ဆင့် ပေါ်ပေါက်လာပါသည်။ မြောက်ကမ္ဘာခြမ်းဒေသ၏ နေရောင်ခြည်တိုက်ရိုက်ကျရောက်သော မေလမှ စက်တင်ဘာလများအတွင်း ရူပဗေဒအခြေခံ သဘောတရားအရ ကုန်းမြေများက ကပ်လျက်ရှိသော သမုဒ္ဒရာများထက် ပိုမိုလျင်မြန်စွာ ပူနွေးလာကာ ကုန်းမြေ၏မြေမျက်နှာပြင်ပေါ်တွင် လေဖိအားနည်းရပ်ဝန်းများနှင့် ပိုအေးသောသမုဒ္ဒရာပေါ်တွင် လေဖိအားမြင့်မားသော လေဖိအားများရပ်ဝန်းနေရာများကို ဖန်တီးပေးပါသည်။

ဤမတူညီသော လေဖိအားစက်ကွင်းနှစ်ခု၏ လေထုဖိအားခြားနားမှုများကြောင့် လေသည် တောင်ဘက်သမုဒ္ဒရာများမှ စိုထိုင်းသော ပင်လယ် လေထုကို မြောက်ဘက်နွေးသော ကုန်းမြေများပေါ် သို့ ပို့ဆောင်တိုက်ခတ်ပါတော့သည်။ ထိုလေများ သည် ကုန်းမြေမျက်နှာပြင်ပေါ်သို့ ရောက်သောအခါ အထက်သို့ဆက်လက်မြင့်တက်သွားကာ တိမ်ထုများဖြစ်ပေါ်လာပြီး မိုးရွာသွန်းမှုဖြစ်စဉ်များကို ဖြစ်ပေါ်စေခြင်းဖြင့် မုတ်သုံမိုးများကို ကျွန်တော်တို့အား ရရှိခံစားစေပါသည်။ ဆောင်းရာသီဖြစ်သော ဒီဇင်ဘာလမှ ဖေဖော်ဝါရီလများတွင် ဤဖြစ်စဉ်၏ ပြောင်းပြန်ဖြစ်ပေါ်ပါသည်။

ဆောင်းရာသီတွင် ကုန်းမြေသည် သမုဒ္ဒရာထက် ပိုမိုလျင်မြန်စွာ အေးမြသွားပြီး လေများက ပင်လယ်ဘက်သို့ တိုက်ခတ်ကာ ကုန်းမြေဒေသများတွင် ခြောက်သွေ့သော အခြေအနေများကို ဖြစ်ပေါ်စေခြင်းသည် အရှေ့တောင်မုတ်သုံလေနှင့် အရှေ့မြောက်မုတ်သုံလေတို့ လှည့်ပတ်တိုက်ခတ်လျက်ရှိသော ကျွန်တော်တို့ အရှေ့တောင်အာရှ မုတ်သုံစနစ်၏ အခြေခံအချက်ပင်ဖြစ်ပါသည်။ ထို့ပြင် ဟိမဝန္တာတောင်တန်းများနှင့် တိဘက်ကုန်းပြင်မြင့် ကဲ့သို့သော မြင့်မားရှည်လျားသော မြေမျက်နှာသွင်ပြင်လက္ခဏာများသည်လည်း တောင်ဘက်မှ လာသောလေများ မြောက်ဘက်သို့ ခရီးမဆက်နိုင်‌အောင် အတားအဆီးတစ်ခုအဖြစ် ဆောင်ရွက်ပြီး အထက်သို့ မြန်မြန်မြင့်တက်စေခြင်းဖြင့် မုတ်သုံမိုးရွာသွန်းမှုများကို ပိုမိုအားကောင်းစေပါသည်။ ဥပမာမြန်မာနိုင်ငံ မြစ်ကြီးနား/ပူတာအိုဒေသများ မိုးတွင်းကာလ မိုးကောင်းခြင်းနှင့် တစ်နှစ်ပတ်လုံးမိုးရရှိနေခြင်းတို့မှာ အဆိုပါ တောင်တန်းများ၏ သက်ရောက်မှုပင်ဖြစ်ပါသည်။

မုတ်သုံစနစ်သည် ရာသီမှန်အချိန်မှန် ပုံမှန်ဖြစ်ပေါ်နေလေ့ရှိသော်လည်း ၎င်း၏ လေတိုက်ခတ်မှု၊ မိုးရွာသွန်းမှုပုံစံနှင့် မိုးရေချိန်များသည် ပုံမှန်ဖြစ်ပေါ်နေသည် မဟုတ်ပါ။ မုတ်သုံရာသီအတွင်း မုတ်သုံလေ၏ပြင်းအားအတက်အကျများစွာရှိပြီး မုတ်သုံအားကောင်းသော သို့မဟုတ် အားနည်းသော ကာလများအဖြစ် အစဉ်ပြောင်းလဲနေလေ့ရှိပါသည်။ ဥပမာ မုတ်သုံအားကောင်းသောရက်များတွင် မြန်မာနိုင်ငံအလယ်ပိုင်းဒေသများတွင် မိုးနည်းနေတတ်ပြီး မုတ်သုံအားနည်းသောရက်များတွင် အဆိုပါဒေသများတွင် မိုးများနေတတ်ခြင်းတို့ကို အလွယ်တကူတွေ့မြင်နိုင်ပါသည်။ ဤမုတ်သုံအား အနည်း/အများ ဖြစ်စဉ်များသည် ကုန်းမြေ၊ ရေထု ပေါ်ရှိ လေထုဖိအားများအခြေအနေများ ၊ Madden-Julian Oscillation (MJO) ကဲ့သို့သော အိန္ဒိယ သမုဒ္ဒရာအတွင်းရှိ အနောက်လေပွေလှိုင်းလှုပ်ရှားမှုများ၊ El Niño-Southern Oscillation (ENSO)နှင့် အိန္ဒိယသမုဒ္ဒရာ Dipole(IOD)ကဲ့သို့သော ကမ္ဘာ့ရာသီဥတု မောင်းနှင်အားစနစ်များနှင့် ဆက်စပ်နေသည်။

စိန်ခေါ်မှုတစ်ရပ်အဖြစ် ကျန်ရှိ

ဤရာသီဥတု ဒိုင်းနမစ်ဆိုင်ရာရှုပ်ထွေးမှု‌သည် ခေတ်အခြေအနေအရ ရာသီဥတုဆိုင်ရာ ကွန်ပျူတာနည်းပညာသုံးတွက်ချက်မှုများ မည်မျှပင် ခေတ်မီလာပါစေ မုတ်သုံရာသီအား ခန့်မှန်းချက် များထုတ်ပြန်ရာတွင် စိန်ခေါ်မှုတစ်ရပ်အဖြစ် ကျန်ရှိနေရသည့် အဓိကအကြောင်းရင်းတစ်ရပ်အဖြစ် ဆက်လက်တည်ရှိနေပါသည်။

ကမ္ဘာပေါ်တွင် မုတ်သုံစနစ်ပုံမှန်ဖြစ်ပေါ်သည့် အဓိကဇုန်လေးခု ရှိပါသည်။

၁။      အာရှ သို့မဟုတ် တောင်အာရှနှင့် အရှေ့ အာရှ မုတ်သုံဇုန်။ ဤဇုန်သည် အင်ဒို နီးရှား၊ ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်၊ မြန်မာ၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာ၊ တရုတ်နှင့် ဂျပန်အထိ ကျယ်ပြန့်သည်။

၂။       အာဖရိက မုတ်သုံဇုန်။ အာဖရိကတိုက် အနောက်ပိုင်းနှင့် ဆာဟာရသဲကန္တာရ၏ ဒေသအချို့တွင် ဖြစ်ပေါ်သည်။

၃။ မြောက်အမေရိက မုတ်သုံဇုန်။ အမေရိကန် ပြည်ထောင်စုအနောက်တောင်ပိုင်းနှင့် မက္ကဆီကိုနိုင်ငံအထိ သက်ရောက်မှုရှိ သည်။

၄။      ဩစတြေးလျ မုတ်သုံဇုန် ။ ဩစတြေးလျ တိုက်မြောက်ပိုင်းတွင် ဖြစ်ပေါ်ပါသည်။

ကမ္ဘာပေါ်ရှိ မုတ်သုံဇုန်များအနက် တောင်အာရှ မုတ်သုံစနစ်သည် အကြီးမားဆုံးနှင့် သက်ရောက်မှု အပြင်းထန်ဆုံးဇုန်ဖြစ်ပါသည်။ တောင်အာရှ မုတ်သုံ ဇုန်တွင် အိန္ဒိယ၊ ပါကစ္စတန်၊ နီပေါ၊ ဘူတန်၊ ဘင်္ဂလားဒေ့ရှ်နှင့် သီရိလင်္ကာနိုင်ငံများတွင် ဖြစ်ပေါ် သော အိန္ဒိယနွေမုတ်သုံ (Indian Summer Monsoon)၊ မြန်မာ၊ လာအို၊ ထိုင်း၊ ကမ္ဘောဒီးယားနှင့် တရုတ်နိုင်ငံ အနောက်တောင်ပိုင်းတို့တွင် ဖြစ်ပေါ်သော အင်ဒိုချိုင်းနားအနောက်တောင် မုတ်သုံ (Mainland Indochina Southwest Monsoon), တရုတ်၊ ဂျပန်၊ ကိုရီးယားတို့တွင် ဖြစ်ပေါ်သော အရှေ့အာရှနွေမုတ်သုံ (East Asian Summer Monsoon)၊ ဗီယက်နမ်၊ ဖိလစ်ပိုင်နှင့် တရုတ်နိုင်ငံ အရှေ့တောင်ပိုင်းတို့တွင်ဖြစ်ပေါ်သော အနောက်မြောက် ပစိဖိတ်နွေမုတ်သုံ(West North Pacific summer monsoon) ဟူ၍ လေတိုက်ခတ်မှုနှင့် မိုးရွာသွန်းမှုပုံစံများအလိုက် မုတ်သုံစနစ်ငယ်များကို ထပ်မံခွဲ၍ တွေ့ရှိနိုင်ပေသည်။

တောင်အာရှမုတ်သုံစနစ်သည် ရာသီအလိုက် လေဦးတည်ရာအရပ် ဆန့်ကျင်ဘက် ပြောင်းလဲ တိုက်ခတ်ခြင်းအပေါ် လုံးဝအခြေခံပြီး နွေရာသီ မုတ်သုံနှင့် ဆောင်းရာသီမုတ်သုံဟူ၍ အဓိကရာသီ နှစ်မျိုးတွေ့ရှိရပါသည်။ ကမ္ဘာ့မြောက်ခြမ်းနွေရာသီ (မြန်မာနိုင်ငံတွင် မိုးတွင်းကာလ) တွင် အာရှတိုက်ကြီး ပူပြင်းလာသည်နှင့်အမျှ ဖြစ်ပေါ်လာသော လေဖိအားနည်းရပ်ဝန်းဆီသို့ အနောက်တောင်ဘက်ရှိ အိန္ဒိယသမုဒ္ဒရာမှ စိုထိုင်းသောလေများ စီးဝင်ကာမေလမှ စက်တင်ဘာလအတွင်း မိုးများကို ရွာသွန်းစေပါသည်။ ဆောင်းရာသီရောက်သော အခါတွင်မူ အရှေ့မြောက်ဘက်ကုန်းမြေ၏ လေဖိ အားများရပ်ဝန်းမှ ခြောက်သွေ့သောလေများ ပင်လယ်ဆီသို့ တိုက်ခတ်သွားသည့် အရှေ့မြောက် မုတ်သုံလေကြောင့် အောက်တိုဘာလမှ မတ်လအတွင်း ကျန်လများထက် မိုးနည်းသွားလေ့ရှိပါသည်။

မုတ်သုံမိုးရွာသွန်းမှုပုံစံ များစွာကွဲပြား

မြန်မာနိုင်ငံသည် ဤတောင်အာရှမုတ်သုံဇုန်၏ အင်ဒိုချိုင်းနားအနောက်တောင်မုတ်သုံရပ်ဝန်း၏ သက်ရောက်မှုအတွင်းတွင် ကျရောက်နေသော်လည်း နိုင်ငံ၏ပထဝီဝင်တည်နေရာနှင့် မြေမျက်နှာ သွင်ပြင်ကွဲပြားမှု တစ်နည်းအားဖြင့် တောင်/မြောက် ရှည်လျားခြင်းနှင့် တောင်တန်း/မြေပြန့် တည်နေပုံအနေအထားတို့ကြောင့် ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် မုတ်သုံမိုးရွာသွန်းမှုပုံစံ များစွာ ကွဲပြားသည်ကို တွေ့နိုင်ပါသည်။

ရခိုင်ကမ်းရိုးတန်းဒေသသည် နွေမုတ်သုံလေ၏ သက်ရောက်မှုကို အများဆုံးခံရသော ဒေသဖြစ်ကာ ရခိုင်ရိုးမတောင်တန်းများသည်လည်း လေစိုထိုင်းဆ တစ်နည်းအားဖြင့် မိုးတိမ်များအား အတားအဆီးဖြစ်စေသောကြောင့် ရခိုင်ရိုးမအနောက်ဘက် ခြမ်းတစ်လျှောက် မိုးအလွန်အမင်းရွာသွန်းမှုကို ဖြစ်ပေါ်စေလေ့ရှိပါသည်။ သို့သော် အနောက်တောင် မုတ်သုံလေသည် တောင်တန်းကို အထက်မြင့်မှ ကျော်ဖြတ်ပြီးနောက် မြန်မာပြည်အလယ်ပိုင်းသို့ ရောက်ရှိလာသောအခါ ခြောက်သွေ့သွားကာ မိုးရွာသွန်းမှုပမာဏ အတော်အတန် နည်းပါးသွားတတ် သဖြင့် အဆိုပါဒေသများသည် အလယ်ပိုင်းမိုးနည်း ရပ်ဝန်းဒေသဟု အမည်တွင်နေခြင်းပင်ဖြစ်ပါတော့သည်။

အထူးသဖြင့် မကွေး၊ မန္တလေးနှင့်စစ်ကိုင်းတိုင်းဒေသကြီး အချို့သောဒေသများတွင် မိုးတွင်းကာလတွင်ပင် မိုးခေါင်ခြင်းများကို မကြာခဏ ကြုံတွေ့ရလေ့ရှိပါသည်။ တနင်္သာရီတိုင်းဒေသကြီးကဲ့သို့သော နိုင်ငံ၏တောင်ဘက်စွန်းဒေသများတွင်မူ နွေရာသီအနောက်တောင် မုတ်သုံကြောင့်သာမက ဆောင်းရာသီ အရှေ့မြောက်မုတ်သုံလေကြောင့်ပါ မိုးရွာသွန်းနိုင်သဖြင့် မိုးရာသီကာလ ပိုမိုရှည်လျားပြီး မိုးပမာဏလည်း ပိုမိုများပြားလေ့ရှိသည်။

ကမ္ဘာ့လူဦးရေ၏ သုံးပုံတစ်ပုံခန့်ထောက်ပံ့ပေး

ကမ္ဘာ့မုတ်သုံစနစ်သည် အပူပိုင်းအီကွေတာရပ်ဝန်းနှင့် ၎င်းရပ်ဝန်းအလွန် သမပိုင်းဒေသများရှိ နှစ်စဉ်မိုးရေချိန်၏ သုံးပုံနှစ်ပုံခန့်သော မိုးရွာသွန်း မှုကို ဖြစ်ပေါ်စေပါသည်။ ထို့ပြင် ကမ္ဘာ့မုတ်သုံစနစ်၏ တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော် လည်းကောင်း ဒေသအလိုက် ရာသီဥတုများအပေါ် သက်ရောက်မှုများကြောင့် မုတ်သုံသည် ကမ္ဘာ့လူဦးရေ၏ သုံးပုံတစ်ပုံခန့်အတွက် စိုက်ပျိုးရေးနှင့် ရေ အရင်းအမြစ်များကို ထောက်ပံ့ပေးနေပြီး လူသားထု လေးပုံသုံးပုံ၏ ကူးသန်းရောင်းဝယ်ရေး၊ စားရေရိက္ခာဖူလုံရေးတို့ကို ကူညီထောက်ပံ့ပေးလျက်ရှိပါသည်။

ဂင်္ဂါ-ဗြဟ္မပုတ္တရ၊ ဧရာဝတီ-မဲခေါင်၊ ယန်စီနှင့် နိုင်ဂျာစသော အဓိကမြစ်ဝှမ်းဒေသများ၏ရေ စက်ဝန်းသည် မုတ်သုံမိုးရွာသွန်းမှုနှင့် လုံးဝနီးပါး တိုက်ရိုက်သက်ဆိုင်နေပါသည်။ အာရှ၊ အာဖရိကနှင့် လက်တင်အမေရိကတစ်လျှောက်ရှိ စိုက်ပျိုးရေး စနစ်များသည် မုတ်သုံစတင်ဝင်ရောက်မှု အချိန်ပေါ် မူတည် စိုက်ပျိုးလေ့ရှိသဖြင့် မုတ်သုံအား အနည်း အများအပေါ်လိုက်၍ မိုးခေါင်ရေရှားခြင်း သို့မဟုတ် ရေကြီးမှုဘေးအန္တရာယ်များ စသည်တို့ကြောင့် ကမ္ဘာ့စားရေရိက္ခာလုံခြုံမှုကို မကြာခဏ ခြိမ်းခြောက်ခံရလျက်ရှိပါသည်။

လက်ရှိနှစ်များအတွင်း ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုဖြစ်စဉ်များနှင့် ပတ်သက်သော နောက်ဆက်တွဲ အစီအရင်ခံစာများအရ ကမ္ဘာ့မုတ်သုံစနစ်သည် အနာဂတ်တွင် ပိုမိုမူမမှန် မတည်မငြိမ်ဖြစ်လာမည်ဟု ဖော်ပြထားသည်ကို တွေ့ရပါ သည်။ ရာသီဥတုပညာရှင်များ၏ ခန့်မှန်းချက်များ အရ တောင်အာရှဒေသအများအပြားတွင် စုစုပေါင်း မိုးရေချိန် မြင့်တက်လာနိုင်သော်လည်း ယင်းမြင့်တက်မှုမှာ ပုံမှန်မြင့်တက်လာမျိုးခြင်းမဟုတ်ဘဲ အချိန်တိုအတွင်း မိုးရေချိန်များစွာရွာသွန်းမှု ဖြစ်ရပ်များ ကြိမ်နှုန်းများလာခြင်း၊ မိုးခေါင် ခြောက်သွေ့သောကာလများ၏ ရှည်ကြာပြင်းထန် လာခြင်းနှင့် မုတ်သုံအဝင်အထွက် ရက်နှင့်ကာလများ ပြောင်းလဲလာနိုင်ကြောင်းကို ဖော်ပြနေပါ သည်။ ဤပြောင်းလဲမှုများသည် အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နှင့် တရုတ် စသော ကမ္ဘာ့လူဦးရေအထူထပ်ဆုံး ဒေသအချို့၏ စားရေရိက္ခာနှင့် ရေဖူလုံရေးကို တိုက်ရိုက်ခြိမ်းခြောက်လျက်ရှိသည်ကို တွေ့ရှိရ သဖြင့် နောင်လာမည့် ကာလများအတွက် စိုက်ပျိုး ရေးကို အခြေခံသည့် စီးပွားရေးစနစ် ကျင့်သုံးသော မြန်မာနိုင်ငံကဲ့သို့ နိုင်ငံများအနေဖြင့် တောင်သူများမှစ၍ ဌာနဆိုင်ရာ တာဝန်ရှိသူများအားလုံး လိုအပ်သည့် ပြင်ဆင်မှုများ ဆောင်ရွက်ထားနိုင်ကြစေ ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။