MSME အသွင် သက်ဝင်လာသည့် မြန်မာ့ဂုဏ်ဆောင် ရိုးရာလက်ရက်ကန်းလုပ်ငန်း
ငွေစန္ဒာ
အစိမ်းရောင်၊ လိမ္မော်ရောင်၊ ခရမ်းရောင်သွယ်တန်းထားသည့် ချည်ခင်များကြားဝယ် ဒေသခံ လုံမပျိုတစ်ဦးက ခြေနင်းတံ ဝါးလုံးလေးလုံးကို မှန်မှန်နင်းကာ လက်ကလည်း ရက်ကန်းကြိုးကို မှန်မှန်လွှဲနေသည်။ လွန်းအိမ်က ဘယ်ညာပြေးလွှားလှုပ်ရှားနေသော်လည်း သူ၏စိတ်အာရုံက တဖြည်းဖြည်းပုံပေါ်လာမည့် အဆင်ဆန်းပေါ်တွင် စူးစိုက်တည်ငြိမ်လွန်းသည်။ စုတ်ချက်ပိုင်ဆိုင်သည့် ပန်းချီပညာရှင်တစ်ဦးကဲ့သို့ ကျွမ်းကျင်သည့်အတွက် ရက်ကန်းစင်တွင် ချည်များက လျင်လျင်မြန်မြန် တစ်ရစ်ပြီးတစ်ရစ် တက်လာကာ အဆင်အသွေးလှလှ ရရှိလာသည်။
ရိုးရာစောင်၊ သဘက်၊ ခြုံပဝါ၊ လွယ်အိတ်၊ ပိုက်ဆံအိတ်၊ လုံချည်၊ ပုဆိုး၊ အမျိုးသမီးဝတ်ချည်ထည်များကို ရက်လုပ်နေသည့် ပြည်ထောင်စုနယ်မြေနေပြည်တော်အနီး အမြန်လမ်း ၁၈၉ မိုင် တွင်တည်ရှိသည့် ငွေစန္ဒာရိုးရာလက်ရက်ကန်းလုပ်ငန်းဖြစ်သည်။ ရက်ကန်းလုပ်ငန်းကို ရွှေဘိုမြို့နယ် ဆိပ်ခွံရွာတွင် မိဘဘိုးဘွားများလက်ထက်ကတည်းက စတင်အခြေတည်ခဲ့ပြီး ယခုအခါ လက်ရက်ကန်းစင်ခြောက်ခုဖြင့် လုပ်ငန်းဆောင်ရွက်နေသူက မစုစုရီဖြစ်သည်။
“သဘက်၊ ခြုံပဝါ၊ လွယ်အိတ်၊ ပိုက်ဆံအိတ်၊ လုံချည်၊ ပုဆိုးတွေ ရက်လုပ်ပါတယ်။ အဆင်အသွေး ဒီဇိုင်းအပေါ်မူတည်ပြီး သဘက်တစ်ထည်ရဖို့အချိန်က ကွာခြားတယ်။ ရိုးရိုးဆိုရင် တစ်ရက်ကို ငါးထည်လောက်ထွက်ပါတယ်။ အဆင်ဆန်းတယ်၊ လက်ကောက်ဆိုရင် တစ်ထည်ကို ငါးရက်၊ တစ်ပတ်လောက် အချိန်ယူရတာလည်းရှိပါတယ်။ တချို့ ကချင်ဝမ်းဆက်တွေဆိုရင် တစ်လ၊ တစ်လခွဲ လောက်ရက်လုပ်ရတာလည်း ရှိပါတယ်” ဟု ပြောသည်။
ချည်ခင်များကို အဆင့်ဆင့်ပြုလုပ်
သဘာဝဆေးဆိုးချည်ထည်တစ်ထည် စတင်ရက်လုပ်ရန် အခြေခံအကျဆုံး ချည်ကုန်ကြမ်းအနေဖြင့် (၂/၂၀)ချည်၊ (၂/၄၀)ချည်ကို အသုံးပြုရပြီး ပထမအဆင့်ချည်များကို ချေးချွတ်ကြရသည်။ ဒုတိယအဆင့်သစ်ရွက်၊ သစ်ခေါက်များကို အသုံးပြု၍ သဘာဝဆိုးဆေးနည်းဖြင့် အရောင်အသွေးရရှိအောင် ဆေးရောင်ဆိုးကြရသည်။ ဆေးဆိုးပြီးသား ချည်ခင်များကို နေလှန်းပြီးချည်ချခြင်း၊ ယောက်လုံးယောက်ခြင်း၊ ချားဆွဲခြင်း၊ နှတ်ကော်ခြင်း၊ ယဉ်သွားသွင်းခြင်းနှင့် ရက်ဖောက်ယောက်ပြီး ရက်ကန်းစင်တွင်တင်ကာ စတင်ရက်လုပ်သည့် အဆင့်သို့ ရောက်ရှိလာသည်။ (၂/၈၀)ချည်၊ (၂/၁၀၀)ချည်နှင့် ယုံချည်များကိုလည်း စတင်ရက်လုပ်ရန် ချည်ခင်များကို ထိုသို့ပင် အဆင့်ဆင့်ပြုလုပ်ကြရသည်။
“မိဘတွေလက်ထက်ကတည်းက လုပ်ကိုင်လာတဲ့ မိရိုးဖလာလုပ်ငန်းဖြစ်တာကြောင့် ဒီလုပ်ငန်းကို ဝါသနာပါတယ်။ အိမ်တွင်းလက်မှုလုပ်ငန်းတစ်ခုဆိုပေမယ့် လုပ်နိုင်ရင်လုပ်နိုင်သလောက် အကျိုးအမြတ်လည်းရပါတယ်။ ဘယ်လိုပဲ နိုင်ငံခြားဖြစ် အဝတ်အထည်တွေ ပေါ်လာပါစေ၊ ရိုးရာချည်ထည်တွေကို တန်ဖိုးထားဝတ်ဆင်ကြတဲ့သူတွေလည်း ရှိပါတယ်။ ဒီလုပ်ငန်းက လူမှုစီးပွားဘဝမြင့်မားဖို့ လမ်းစဖြစ်ပါတယ်” ဟု ဆိုသည်။
ရက်ကန်းလုပ်ငန်းသည် ရာစုနှစ်ပေါင်းများစွာကတည်းက တည်ရှိခဲ့သည့် မြန်မာနိုင်ငံ၏ ရိုးရာ ယဉ်ကျေးမှုအမွေအနှစ်တစ်ခုဖြစ်သည်။ ဘုရားပုထိုးများ၊ နံရံဆေးရေးပန်းချီများတွင် ရက်ကန်းရက်လုပ်နေပုံများကို တွေ့မြင်နိုင်သည့်အတွက် မြန်မာ့ရိုးရာလက်ရက်ကန်းလုပ်ငန်း၏ သမိုင်းသည် ပုဂံခေတ်ဝန်းကျင်ကတည်းကစတင်ခဲ့သည်ဟု ခန့်မှန်းရသည်။ ကိုလိုနီခေတ်တွင်လည်း ကျေးလက်ဒေသများ၌ အဓိက စီးပွားရေးလုပ်ငန်းတစ်ခုအဖြစ်ရပ်တည်ခဲ့ပြီး ရက်ကန်းအတတ်ပညာကို မျိုးရိုးစဉ်ဆက်လက်ဆင့်ကမ်း တီထွင်ဆန်းသစ်လာကြခြင်းဖြစ်သည်။
ယနေ့ခေတ်တွင် စက်ရက်ကန်းထည်များ၊ နိုင်ငံခြားဖြစ် အဝတ်အထည်အမျိုးမျိုး ဈေးကွက်အတွင်းဝင်ရောက်လာပြီး လက်ရက်ကန်းလုပ်ငန်းကို စိတ်ဝင်တစားလုပ်ကိုင်မည့် လုပ်သားအင်အား နှင့် သဘာဝဆေးများ ရှားပါးလာမှု၊ ကုန်ကြမ်းဈေးကြီးမြင့်လာမှုတို့ကြောင့် ရိုးရာလက်ရက်ကန်း လုပ်ငန်းများရပ်တည်ရှင်သန်ရေးမှာ စိန်ခေါ်မှုများရင်ဆိုင်လာရသည်။
လက်ရက်ကန်းဒီဇိုင်း တီထွင်ဆန်းသစ်မှု နည်းပညာသင်တန်းက ပျိုးထောင်ပေး
“ဆက်လက်ရပ်တည်ဖို့ ခက်ခဲနေတဲ့အခြေအနေမှာ ကျွန်မတို့ လိုအပ်တဲ့နည်းပညာတွေ၊ အရင်းအနှီးတွေနဲ့ ဈေးကွက်ရရှိဖို့ အခွင့်အလမ်းတွေကို သိမြင်ခွင့်ရလာတယ်။ သင်တန်းကာလ တစ်လခွဲလောက် တက်ရောက်ရပါတယ်။ သစ်ရွက်၊ သစ်ခေါက်တွေကို အသုံးပြုတဲ့ သဘာဝချည်ဆိုးဆေးနည်းတွေကိုလည်း လေ့လာသင်ယူခဲ့ရပါတယ်။ ကျွန်မတို့လို တစ်ပိုင်တစ်နိုင်လုပ်ငန်းလေးတွေကို အသေးစား စက်မှုလက်မှုလုပ်ငန်းမှတ်ပုံတင်ပေးပြီး MSME အသွင်ကူးပြောင်း ရပ်တည်နိုင်လာအောင်၊ ဈေးကွက်မှာ ယှဉ်ပြိုင်နိုင်စွမ်းတွေ တိုးတက်လာအောင် လက်ရက်ကန်းဒီဇိုင်း တီထွင်ဆန်းသစ်မှုနည်းပညာ သင်တန်းက ပျိုးထောင်ပေးလိုက်တာပဲ ဖြစ်ပါတယ်” ဟု မစုစုရီက ပြောသည်။
လက်ရက်ကန်းဒီဇိုင်း တီထွင်ဆန်းသစ်မှုနည်းပညာ သင်တန်းတက်ရောက်ခဲ့ပြီး ပိုမိုခေတ်မီလှပသည့် ရိုးရာလက်ရက်ကန်း အထည်ဆန်းများ ထုတ်လုပ်လာနိုင်ပုံနှင့် ဈေးကွက်တွင် နေရာတစ်နေရာရရှိလာပုံကို မစုစုရီကရှင်းပြနေခြင်းဖြစ်သည်။
လက်ရက်ကန်း ဒီဇိုင်းတီထွင်ဆန်းသစ်မှု နည်းပညာသင်တန်းအပြင် တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း၊ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း၊ စက်ချုပ် နည်းပညာသင်တန်း၊ ဝါးအခြေခံလက်မှုထည် ထုတ်လုပ်မှုနည်းပညာသင်တန်း၊ အိမ်သုံးလျှပ်စစ်ပစ္စည်းအမျိုးမျိုး ပြုပြင်ထိန်းသိမ်းနည်း သင်တန်းကဲ့သို့ နည်းပညာပေးသင်တန်းအမျိုးအစား ၁၃ မျိုး ခန့်ကို သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန နေပြည်တော် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနက ဖွင့်လှစ်သင်ကြားပေးလျက် ရှိသည်။
ဒေသထွက်ကုန်ကြမ်းများကို အသုံးပြုလုပ်ကိုင်ရသည့် ကျေးလက်ဒေသမှ စီးပွားရေး လုပ်ငန်းငယ်များအတွက် နည်းပညာသင်တန်းများ၊ အရင်းအနှီးနှင့် ဈေးကွက်ချိတ်ဆက်မှုများ ရရှိအောင် အခြေခံ ကောင်းများကို ပျိုးထောင်မြေတောင်မြှောက်ပေးနေခြင်းဖြစ်သည်။
စက်ချုပ်နည်းပညာသင်တန်းတွင် အပ်ချုပ်စက်၊ ဒါးစက်၊ ပန်းထိုးစက်၊ ဘီတင်စက်စသည်တို့ကို အသုံးပြုပြီး ဝတ်စုံအမျိုးမျိုး၊ အိတ်များနှင့် ပစ္စည်းအမျိုးမျိုး လက်တွေ့ပိုင်နိုင်စွာ ချုပ်လုပ်နိုင်သည်အထိ သင်ကြားပေးသည်။ ကိုယ်ပိုင်နာမည်၊ တံဆိပ်တစ်ခုဖြင့် ပြည်တွင်းဈေးကွက်သာမက နိုင်ငံတကာအထိ ထိုးဖောက်နိုင်သည့် ဈေးကွက်အခွင့်အလမ်း များကို ဖန်တီးပေးသည်။
ပြည်ပနိုင်ငံ ထုတ်ကုန်ပြပွဲများအထိဈေးကွက်ရရှိလာ
အလားတူ ဝါးအခြေခံလက်မှုထည် ထုတ်လုပ်မှု နည်းပညာသင်တန်းတွင် ကျေးလက်ဒေသများ၌ လွယ်ကူစွာရရှိနိုင်သောကုန်ကြမ်းဖြစ်သည့် ဝါးကို ခေတ်နှင့်အညီ ဒီဇိုင်းဆန်းသစ်၍ ဈေးကွက်ဝင် လူသုံးကုန်ပစ္စည်းများအဖြစ် ပြောင်းလဲထုတ်လုပ်နည်းများကို သင်ကြားပေးလျက်ရှိသည်။ သဘာဝပတ်ဝန်းကျင်နှင့်လည်း သဟဇာတဖြစ်၊ ကျန်းမာရေး နှင့်ညီညွတ်သည့် ဝါးဖြင့်ထုတ်လုပ်သည့် လူသုံးကုန်ပစ္စည်းများကို စိတ်ဝင်စားမှုများပြားကြကာ မြန်မာ့ရိုးရာလက်မှုပညာဖြစ်သည့်အတွက် ပြည်ပနိုင်ငံထုတ်ကုန်ပြပွဲများတွင် ပါဝင်ပြသနိုင်သည်အထိ ဈေးကွက်ရရှိလာသည်။
သင်တန်းများက တစ်ပိုင်တစ်နိုင် မိရိုးဖလာစီးပွားရေးလုပ်ငန်းလုပ်ကိုင်နေသူ ကျေးလက်နေပြည်သူများအား အသေးစားစီးပွားရေးလုပ်ငန်းရှင်များ(Micro)အဖြစ် စတင်နိုင်ရန် အကူအညီပေးသည်။ Micro မှတစ်ဆင့် Small နှင့် Medium အဆင့် ရောက်ရှိအောင် လုပ်ငန်းခွင်အတွက် လိုအပ်သောကျွမ်းကျင်မှုများရရှိစေသည့်အပြင် တီထွင်ဆန်းသစ် မှုကို အားပေးသည်။
MSMEs သည် လုပ်ငန်းကြီး၊ ကုမ္ပဏီကြီးများ ထက် ဈေးကွက်လိုအပ်ချက်ကို လျင်လျင်မြန်မြန် သိရှိပြီး ပိုမိုလျင်မြန်စွာ ဆန်းသစ်တီထွင်နိုင်စွမ်း၊ ပြုပြင်ပြောင်းလဲနိုင်စွမ်း ရှိကြသည်။ လုပ်ငန်းငယ် များဖြစ်သည့်အတွက် နည်းပညာအသစ်၊ ဝန်ဆောင် မှုအသစ်၊ ထုတ်ကုန်အသစ်ကို စမ်းသပ်လုပ်ကိုင်နိုင် သည့် အခွင့်အလမ်းပိုမိုရရှိပြီး ဈေးကွက်စွမ်းဆောင် ရည်ကို မြှင့်တင်ပေးနိုင်သည်။
သင်တန်းများက မြေတောင်မြှောက်ပေးလိုက်သည့် MSMEs ထုတ်ကုန်များသည် သွင်းကုန်အစားထိုးပစ္စည်းများနှင့် ပြည်ပပို့ကုန်တွင်ပါဝင်လာပြီး နိုင်ငံခြားဝင်ငွေရရှိရေးအတွက် အထောက် အကူပြုလာသည်။ လူထုအတွင်း ဝင်ငွေတိုးတက်စေပြီး ဆင်းရဲနွမ်းပါးမှုကို လျှော့ချရာတွင် အဓိကအခန်းကဏ္ဍမှပါဝင်သည်။ ဈေးကွက်ချဲ့ထွင်နိုင်မှု ကြောင့် မိသားစု လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာသလို ကျေးလက်နှင့် မြို့ပြစီးပွားရေးကွာဟမှုကို လျှော့ချပေးနိုင်ပြီး လူနေမှုအဆင့်အတန်း မြင့်မားလာစေမည်ဖြစ်သည်။
ထို့အတူ ကျေးလက်ဒေသမှလူငယ်များ၊ ဒေသခံများအတွက် အလုပ်အကိုင်အခွင့်အလမ်းများကို ဖော်ဆောင်ပေးနိုင်လာပြီး အလုပ်အကိုင် တစ်ခုတွင် တည်ငြိမ်နေသည့်အတွက် မလိုလားအပ် သည့် လူမှုရေးပြဿနာများကို လျှော့ချနိုင်ကာ တည်ငြိမ်အေးချမ်းသည့် ဝန်းကျင်ကောင်းတစ်ခု ဖော်ဆောင်နိုင်ရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေမည်ဖြစ်သည်။
မြန်မာနိုင်ငံတွင် MSME လုပ်ငန်းပေါင်း လေးသောင်းကျော်ရှိပြီး သုတေသနများအရ မြန်မာနိုင်ငံစီးပွားရေးလုပ်ငန်း စုစုပေါင်း၏ ၉၉ ရာခိုင်နှုန်းခန့်သည် MSME များဖြစ်ကြကာ အလုပ်အကိုင် ၇၀ ရာခိုင်နှုန်းကျော်ကို ပံ့ပိုးပေးလျက်ရှိကြောင်း သိရသည်။
နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကမောင်းနှင်အားဖြစ်သည့် MSMEs များ၏ အခန်းကဏ္ဍကို ကမ္ဘာ့နိုင်ငံအများစုက သတိပြုလာပြီး မူဝါဒများချမှတ် ဆောင်ရွက်လာ သည်။ MSME များ ရပ်တည်ရှင်သန်ရေးအတွက် ငွေကြေးထောက်ပံ့ခြင်း၊ အတိုးနှုန်းများလျှော့ချခြင်း၊ လေ့ကျင့်သင်ကြားပေးခြင်းနှင့် ဥပဒေရေးရာ အထောက်အပံ့များပေးခြင်းတို့ကို ဆောင်ရွက်လာကြသည်။
စွမ်းဆောင်ရည်အလိုက် ဆုများချီးမြှင့်
စိုက်ပျိုးရေး၊ မွေးမြူရေးကို အခြေခံသည့် မြန်မာနိုင်ငံအတွက် စိုက်ပျိုးရေး၊ မွေးမြူရေး ထွက်ကုန် ကြမ်းများကို တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရန် ကျေးလက်ဒေသများတွင် သမဝါယမအသင်းများ ဖွဲ့စည်းပြီး အသေးစားစက်မှုလုပ်ငန်းများ ထူထောင်ပေးလျက်ရှိသလို အသက်မွေးဝမ်းကျောင်း သင်တန်းများဖွင့်လှစ်ပို့ချကာ နည်းပညာများ သင်ကြားပေးလျက်ရှိသည်။ ထို့ပြင်ရရှိလာသည့် ကုန်ပစ္စည်းများ ဈေးကွက်ရရှိရေးအတွက် နိုင်ငံတော်က MSME ဈေးရောင်းပွဲတော်များနှင့် ထုတ်ကုန် ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပကာ စွမ်းဆောင်ရည်အလိုက် ဆုများချီးမြှင့်ပေးခဲ့သည်။
“ပြီးခဲ့တဲ့ MSME ထုတ်ကုန်ပြပွဲမှာ အသေးစားစက်မှုလက်မှုလုပ်ငန်းစံပြ ထုတ်ကုန်ဆုအထူးဆုကိုရရှိခဲ့ပါတယ်။ ဒီလိုဆုတွေ ရရှိခဲ့ခြင်းကလည်း ကျွန်မတို့ထုတ်ကုန်တွေကို လူတွေပိုမိုသိရှိပြီး ဈေးကွက်ကျယ်ပြန့်ဖို့ အလားအလာကောင်းတွေဖြစ်ပါတယ်။ ဒီလိုအမြော်အမြင်ကြီးစွာ ဖော်ဆောင်ပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်”ဟု ငွေစန္ဒာရိုးရာ လက်ရက်ကန်းလုပ်ငန်းမှ မစုစုရီက ဆက်လက်ပြောကြားသည်။
ရက်ကန်းလုပ်ငန်းသည် မြန်မာတို့၏ရိုးရာ လက်မှုလုပ်ငန်းတစ်ခုအဖြစ်သာရှိခဲ့ရာမှ ယခုအခါနည်းပညာ၊ တီထွင်ဆန်းသစ်မှု၊ လိုအပ်သည့် အရင်းအနှီးအထောက်ပံ့တို့ဖြင့် မြန်မာ့ရက်ကန်းထည်များ ၏ လက်ရာသည် ခေတ်နှင့်အညီ တိုးတက်လာသည်။
နိုင်ငံခြားခရီးသွားများသည်ပင် မြန်မာ့ရိုးရာ ချည်ထည်များကို စိတ်ဝင်စားလာကြပြီး အထင်ကရနေရာများတွင် အမှတ်တရ ဝယ်ယူဝတ်ဆင်ကာ လေ့လာလည်ပတ်ကြသည်ကို တွေ့ရှိလာရသည်။ ထို့ပြင် ရက်ကန်းကျေးရွာများသို့ သွားရောက်လည်ပတ်၍ ရိုးရာလက်မှုပညာကို လေ့လာကြရာ သဘာဝအခြေခံခရီးသွားလုပ်ငန်း၊ ယဉ်ကျေးမှုအခြေခံခရီးသွားလုပ်ငန်းတို့သည် ယှဉ်တွဲဖွံ့ဖြိုးလာ တော့မည်ဖြစ်သည်။
အခက်အခဲများကြားမှ ရုန်းကန်ခဲ့ရသည့် မြန်မာ့ရိုးရာရက်ကန်းလုပ်ငန်းသည် ခေတ်မီစက်ကိရိယာများ၊ ဒီဇိုင်းဆော့ဖ်ဝဲများ၊ နိုင်ငံတကာအဆင့်မီ ချုပ်လုပ်နည်းများ၊ ခေတ်မီဆိုးဆေးနည်းပညာများဖြင့် အရည်အသွေးမြှင့်ထုတ်ကုန်များကို ပိုမိုမြန်ဆန်စွာထုတ်လုပ်လာနိုင်ပြီး ယခုအခါ မြန်မာ့ဂုဏ်ဆောင် MSME လုပ်ငန်းများအဖြစ် ကမ္ဘာ့ဈေးကွက်သို့ ခြေလှမ်းမှန်မှန်ဖြင့် တက်လှမ်းနေပြီဖြစ်သည်။
ဒစ်ဂျစ်တယ် နည်းပညာခေတ်ဖြစ်သည်နှင့်အညီ အွန်လိုင်းပလက်ဖောင်းကို အသုံးပြု၍ ကမ္ဘာအနှံ့အပြားသို့ မြန်မာ့ချည်ထည်များ ခြေဆန့်နိုင်တော့မည်ဖြစ်ရာ မြန်မာ့ရက်ကန်းလုပ်ငန်းသည် ရိုးရာဒီဇိုင်းများ၊ ယဉ်ကျေးမှုနှင့်ခေတ်မီမှုကို ဟန်ချက်ညီညီပေါင်းစပ်ပြီး ကမ္ဘာ့ဈေးကွက်တွင် မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် ဂုဏ်ယူဖွယ်ရာ ကိုယ်စားပြုနိုင်တော့မည်ဖြစ်ပါကြောင်း။ ။
