Skip to main content

အိုင်တီခေတ်၏ ရုပ်ရှင်လူသစ်လေးများ …

အလင်္ကာကျော်စွာ ရွှေကူနန်းနွဲ့နွဲ့

ဂျပန်ခေတ်တွင်မွေးဖွားခဲ့သော စာရေးသူအဖို့ မြန်မာ့ရုပ်ရှင်ခရီးရှည်ကြီးကို အထိုက်အလျောက် ခံစားသိရှိနေပါသည်။

မြဂနိုင်၊ ဗိုလ်အောင်ဒင်၊ စက္ကောမ၊ စောင်းတော်ရှင်၊ သူဇာဣတ္ထိယ စသည်ဖြင့် မောင်မောင်အေး၊ ခင်မောင်ရင်၊ ပြည်လှဖေ၊ ဘတင့်၊ ဘချစ်တို့ခေတ်ကို ကျော်လာပြီး စံဖဲ၊ ရွှေဘ၊ တင်ညွန့်ခေတ်၊ သားဗိုလ်အောင်ဒင်၊ ကျားခင်စိန်၊ ကျော်ဆွေ၊ ခင်အုန်းမြင့်တို့ခေတ် (မြင့်မြင့်ခင်မှာ ယနေ့အထိ ခေတ်မကုန်သေးသော မင်းသမီးကြီးပါ)၊ တိမ်လွှာမို့မို့လွင်၊ ပွေလီဝေ လင်း၊ မှုံရွှေရည်၊ ရည်းစားဓားပြ၊ သင်္ကြန်မိုး၊ မောင်တို့ချယ်ရီမြေ၊ ချစ်သူရွေးမယ်၊ အကာက အချစ်အနှစ်က မေတ္တာ၊ မဟူရာ၊ ဆောင်းညအိပ်မက်၊ ပန်းပန်လျက်ပါ၊ ပယင်းရောင်၊ ဝင်းဦး၊ အောင်လွင်၊ ဖိုးပါကြီး (အလွန်ထူးခြားပုဂ္ဂိုလ်ကြီး၏ ဖိုးပြုံးချို)၏ ပွေလီဝေလင်း။ (ရုပ်ရှင်ဇနီးမောင်နှံ အတွဲများမှာ ဖိုးပါကြီး - မေချစ်၊ မျိုးချစ် - ခင်အုန်းမြင့်၊ Al ညွန့်မောင် - မေမြင့်၊ ကျော်ဖေ - ခင်လေးဆွေ) ပြည်သူ ချစ်သော အနုပညာရှင်ကြီးများတွင် ခင်လေးဆွေမှာ လှတုန်းချောတုန်း၊ ချစ်ရဆဲပါ။

ကောလိပ်ဂျင်နေဝင်း၊ ထွန်းဝေ၊ မြတ်လေးတို့က စကားပြော၊ အေးဆေးသော အမူအရာဖြင့် သဘာဝအတိုင်း ဆွဲဆောင်နိုင်သော မင်းသားကြီးများ၊ စမ်းစမ်းအေး၊ ကြည်ကြည်ဌေး၊ မြင့်မြင့်ဌေး (ပုဇွန်ထုပ်ကြီး)၊ မြင့်မြင့်ခင်၊ မေရီမြ၊ မေရီမြင့်၊ ဖျာပုံမယ်တင်တင်အေး၊ မုဒုံမယ်တင်တင်မူ (ရွှေလည်တိုင် သီချင်းပိုင်ရှင်)၊ သမီး ဒေစီကျော်ဝင်း၊ ဖခင် ပထမဆုံး ထူးချွန်ဆုရှင် မင်းသားကြီး ကျော်ဝင်း။ ညွန့်ဝင်း၊ ဝါဝါဝင်းရွှေ (ဆေးကျောင်းသူ)၊ ပြည်ထောင်စု မယ်ခင်သန်းနု၊ မြင့်မြင့်ခိုင် (ရာသက်ပန်အလှပိုင်ရှင်)၊ ရုပ်ရှင်ပညာ သုမောင်၊ ဒေါက်တာဘွဲ့ရ ချစ်စရာ့ဆွေဇင်ထိုက် (ပွေလီဝေလင်းမှာ အထူးသရုပ်ဆောင်)၊ ချွဲတတ်နွဲ့တတ်သော နွဲ့နွဲ့မူနှင့် ခင်သီတာထွန်း၊ အနုအကြမ်းနှစ်မျိုးနှင့် လှပလွန်းသော အေးအေး သင်း၊ တင်တင်လှ၊ မေဝင်းမောင်၊ မို့မို့မြင့်အောင်၊ မကြီးစိုးနှင့် ညီအစ်မများ၊ ပြေငြိမ်း၊ မေဆွိ၊ မေသန်း နု၊ နေတိုး ဆင့်ကဲဆင့်ကဲ ထွက်ပေါ်လာသော အသစ်အသစ်တို့သည် အဟောင်း၊ အကောင်းများနှင့်တွဲဖက်၊ တွဲခေါ်ထင်ပေါ်လာကြသော တိုင်းပြည်၏ အနုပညာသားကောင်းသမီးကောင်းများသာတည်း။ ကျော်ဟိန်းဆိုသည်မှာလည်း လောကကြီးသို့ “နမူနာ” ပို့လိုက်သော အနုပညာရှင်၊ ဘဝ၏ တွေးခေါ်ပညာရှင်။ သူများလိုက်ဆို၍မရသော ခေတ်သစ်တေးသံရှင်။ ပြည်သူများ တသသရှိရသည့် ရုပ်ရှင်၏ သားကောင်းရတနာပါ။

ထို့အတူဝင်းဦး၏ စန္ဒာမဂ္ဂဇင်းတွင်လည်း စာပေသမားများများစွာ ကလောင်သွေးခွင့်၊ ကလောင်ဝင်ခွင့် ရခဲ့ကြသည်။ ရှုမဝဦးကျော်ဆိုသူ ပုဂ္ဂိုလ်ကြီးမှာလည်း စာပေ၊ ဂီတ၊ ရုပ်ရှင်၊ သဘင်အလုံးစုံကို မြှင့်တင်စောင့်ရှောက်နိုင်ခဲ့သော အအောင်မြင်ဆုံး ရှုမဝမဂ္ဂဇင်းပိုင်ရှင်ကြီးပါ။

ဒွေး၊ ရဲအောင်၊ ရန်အောင်၊ ကျော်ရဲအောင်၊ စိုးသူတို့ခေတ်မှာလည်း ခေတ်ပြိုင်မင်းသားလေးများ၊ ချောလည်းချော၊ အပြိုင်အဆိုင်သရုပ်ဆောင်ကြပြီး ပြည်သူ့အချစ်တော်များနေရာတွင် ယနေ့တိုင် ရပ်တည်နေကြပါသည်။

စာရေးသူတို့အထက်အညာမှ ထူးထူးခြားခြား “မိုးတားသားကြီး” ဇော်လွင်၊ နောက် ယောက်ျားပီသ အမူအရာအလွန်သရုပ်ပါသော မင်းသားဇော်ခင် (၎င်းတို့ခေတ်ပြိုင် ဥရောပမှာ အဆိုတော် ပရက် စလေ၏ စတိုင်ဖြင့်) ကော်လာကြီးကြီး ရှပ်အင်္ကျီ၊ ဘဲလ်ဘောင်းဘီများကြောင့် ခေတ်သမီးပျိုများ အသည်းစွဲဖြစ်ခဲ့ရသည်။ ကချင်ပြည်နယ် ဟိုပင်မြို့ကလေးမှ ချစ်စရာသိုင်းသမားလေး “လင်းထင်” မှာလည်း ပျိုမေတို့ အသည်းစွဲဖြစ်ခဲ့ပါသေးသည်။

အချိန်ရထားကြီး တရွေ့ရွေ့သွားနေရာမှ အိုင်တီခေတ်တွင် မြန်မြန်ဆန်ဆန် ခုတ်မောင်းလာ သည်ဟု ဆိုရမည်ပင်။ ကိုဗစ်ကာလအလွန်မှာ အသစ်အသစ်တို့ လျင်မြန်စွာတိုးဝင်လာကြရာ နည်းပညာ၊တွေးခေါ်မှု၊ အသိအမြင်များ တိုးတက်ပွင့်လင်းလာသည်ဟု ဆိုရပါမည်။ (အချို့ယဉ်ကျေးမှုဓလေ့ထုံးစံဆိုင်ရာ အခြင်းအရာများ၊ ပွန်းတီးဆုတ်ယုတ်လာသည်မှအပ။)

ယနေ့ကာလ ဇာတ်လမ်းတွဲများနှင့် ရုံတင်ကားများ အထူးတိုးတက်များပြားလာသည်ကို စာရေးသူတို့ ပွဲကြည့်ပရိသတ်များက မှတ်ချက်ပေးရင်း စောင့်ကြိုအားပေးလျက်ရှိကြောင်း ဤဆောင်းပါးတွင် ဖော်ပြလိုပါသည်။ လတ်တလော ဇာတ်လမ်းတွဲများနှင့် ဖေ့စ်ဘွတ်သတင်းများ ကြားသိနေရပါသည်။ လောကဖြစ်စဉ်သဘောသဘာဝအရ အကောင်းအဆိုး ဒွန်တွဲနေသည်ကတော့ မဆန်းလှပါ။ အနုတ်နှင့် အပေါင်းတွင် အနုတ်နည်း၍ အပေါင်းများရန်သာ သတိပြုကြရပါမည်။

ယခုရက်ပိုင်း ရုပ်ရှင်အကယ်ဒမီအကြိုသတင်းများ၊ အင်တာဗျူးများကြည့်ရှုမိပါသည်။ “တစ်ကြိုစာရင်း” ဝင်များကိုလည်း ပရိသတ်များ စိတ်ဝင်စားသည့်အလျောက် သတိပြုကြည့်ရှုမိပါသည်။ ဝမ်းမြောက်စွာ သဘောပိုက်မိသည်မှာ “ဪ - အိုင်တီခေတ်၏ လူသစ်လူတော်ကလေးများ ပေါ်ထွက်လာကြပြီကိုး” ဟု ကျေနပ်မိသည်။

ကြည့်ပါ -       ဇာတ်လမ်း၏ ဝတ္ထုရေးသူ

          -         ဇာတ်ညွှန်းရေးသူ

          -         တွဲဖက်ဒါရိုက်တာ

          -         ဒါရိုက်တာ

          -         ပါဝင်သရုပ်ဆောင်သူများ၊ ဇာတ်ပို့၊ ဇာတ်ရံများ

          -         တေးရေး၊ တေးဆို

      -        ဓာတ်ပုံ စသည်၊ စသည်ဖြင့် ၇၅ ရာခိုင်နှုန်း မှာ လူငယ်လေးများ လူသစ်လေးများချည်း ဖြစ်နေသည်ကို တွေ့ရပါသည်။ “ယနေ့လူငယ်၊ နောင်ဝယ် လူကြီး” ဟူသောအဆိုအရ တဖြည်းဖြည်း လူကြီးဖြစ်လာမည့် လူငယ်လေးများအားလုံးကို ကြိုဆိုဂုဏ်ပြုပါသည်။

 

ယနေ့လူကြီးများသည် တစ်ချိန်က လူငယ်လေးများဖြစ်ခဲ့ပြီး ရုပ်ရှင်ခရီးရှည်ကြီးတွင် စဉ်ဆက်မပြတ် ကြိုးပမ်းအားထုတ်မှုများဖြင့် လိုက်ပါလာသူများကိုလည်း မမေ့မလျော့ဂုဏ်ပြုပါသည်။ လူငယ်များကို ရုပ်ရှင်ပညာ၊ စာပေပညာများ အမွေပေးကြ မည်မလွဲပါ။ လူငယ်များကလည်း လူကြီးများထံမှ တလေးတစားခံယူကြပါဟု တိုက်တွန်းလိုက်ပါသည်။

 

ယခုလူသစ်လူငယ်လေးများ (အမျိုးသား၊ အမျိုးသမီး) သရုပ်ဆောင်ကောင်းကြသည်ကို ထပ်မံ ပြောကြားလိုပါသည်။ နာမည်တစ်ဦးချင်း တိတိကျကျမမှတ်မိ၍ နာမည်များဖြင့် မဖော်ပြနိုင်သော်လည်း ဇာတ်ပို့ ၊ ဇာတ်ရံမကျန် လူသစ်လူငယ်လေးများကို ကျွန်မက ချီးကျူးလျက်၊ ချစ်ခင်လျက် အားပေးလျက်ကြိုဆိုပါသည်။

 

မြန်မာ့ရုပ်ရှင် မိခင်၊ ဖခင်ကြီးများ အထိန်းအသိမ်း၊ အသင်အပြကောင်းမှုကို မုဒိတာဖြင့် သာဓုခေါ်ပါသည်။ ။

 

(အကယ်ဒမီပွဲကြီးကို ကြိုဆိုလျက်)