မီးဘေးအန္တရာယ်ကို အသိ၊ သတိဖြင့် ကြိုတင်ကာကွယ်ကြပါ
စောအောင်လင်း
ပူပြင်းလာသည့် နွေရာသီသို့ရောက်ရှိလာချိန်၌ မီးလောင်ကျွမ်းမှုဖြစ်စဉ်သတင်းများကို ခပ်စိပ်စိပ်ကြားနေရသည်။ မီးလောင်ကျွမ်းမှုသည် နွေရာသီတွင် ပိုမိုဖြစ်ပွားတတ်သော်လည်း ရာသီမရွေး၊ အချိန်မရွေး၊ နေရာမရွေးဖြစ်ပေါ်တတ်ပါသည်။ မီးကိုသုံးတတ်လျှင် မိတ်ဆွေ၊ မသုံးတတ်လျှင် ရန်သူဟု ဆိုကြသည်။ မဖြစ်မနေသုံးစွဲရသည်မှာ မှန်သော်လည်း ပေါ့ဆမှု၊ မရိုသေမှုများကြောင့် မီးဘေးအန္တရာယ်များ ဖြစ်ပေါ်နေသည်ကို သတိပြုကြရပါမည်။
မီးလောင်ကျွမ်းမှုဖြစ်စဉ်များကို လေ့လာရာတွင် ပေါ့ဆမီး၊ လျှပ်စစ်မီး၊ မီးဖိုမီး၊ မသမာသူရှို့မီး၊ တောမီး၊ အလိုအလျောက်မီးဆိုသည့် မီးလောင်မှုအမျိုးအစားများကို တွေ့ရသည်။ ယင်းတို့ထဲမှ ပေါ့ဆမီးနှင့် လျှပ်စစ်မီးကြောင့် လောင်ကျွမ်းမှုများက ပိုမိုများပြားပါသည်။
မီးလောင်ကျွမ်းခြင်းသည် အပူနှင့်အလင်းထွက်ပေါ်လာသည့် ဓာတ်ပြုမှု သို့မဟုတ် ဓာတ်ပြုမှုတစ်ခုဖြစ်သည်။ ဓာတ်ပြုမှုနှေးကွေးပါက ဓာတ်တိုးမှု နှေးကွေးသည်။ လောင်ကျွမ်းမှုသည် အလွန်လျင်မြန်သည့် နှုန်းနှင့် ဓာတ်ပြု၍ အပူနှင့်အလင်းကို ထုတ်လွှတ်ပေးသည်။ မီးလောင်မှုတစ်ခုဖြစ်ရန် အပူ၊ အောက်ဆီဂျင်နှင့် လောင်စာတို့ လိုအပ်သည်။ ထိုသုံးမျိုးပေါင်းစည်းမိသွားသည့်အချိန်တွင် မီးလောင်ကျွမ်းမှုကို ဆက်လက်ဖြစ်ပေါ်စေသည်။ ထို့ကြောင့် မီးလောင်ကျွမ်းမှုဖြစ်ပါက ဖော်ပြပါသုံးမျိုးထဲမှ တစ်မျိုးမျိုးကို ဖယ်ထုတ်ငြှိမ်းသတ်ရသည်။
မြန်မာနိုင်ငံတွင် နှစ်စဉ်မီးဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်လျက်ရှိသည်။ မီးသတ်ဦးစီးဌာန၏ ထုတ်ပြန်ချက်များအရ နှစ်စဉ်တစ်နှစ်လျှင် ပျမ်းမျှအကြိမ် ၁၈၀၀ ကျော်ဖြစ်ပေါ်နေပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုးမှာလည်း တစ်နှစ်ပျမ်းမျှ ငွေကျပ် ၁၅ ဘီလီယံ ခန့်ရှိသည်ဟု မှတ်သားရပါသည်။
မီးလောင်ကျွမ်းမှုကြောင့် အနှစ်နှစ်အလလကရှာဖွေစုဆောင်းထားသည့် အိုးအိမ်၊ စည်းစိမ်ဥစ္စာများသည် နာရီပိုင်း၊ မိနစ်ပိုင်းအတွင်း ပြာပုံဘဝသို့ အချိန်မရွေးရောက်ရှိသွားကြရသည်။ အခန့်မသင့်လျှင် လူတို့၏ အသက်များကိုပါ ပေးဆပ်ကြရသည်။ တစ်ဆက်တည်း နိုင်ငံတော်ပိုင် အခြေခံအဆောက်အအုံများကိုလည်း ပျက်စီးဆုံးရှုံးနိုင်ခြင်းကြောင့် မီးဘေးအန္တရာယ်မဖြစ်စေရန် ပြည်သူတစ်ရပ်လုံးက အလေးထားကြရပါမည်။
ယခုတစ်လော မီးလောင်မှုဖြစ်စဉ်များကိုလေ့လာရာတွင် လျှပ်စစ်မီးကို စည်းကမ်းမဲ့သုံးစွဲမှုနှင့် ပေါ့ဆစွာ အသုံးပြုခြင်းများကြောင့် ဖြစ်ပွားကြသည်ကို တွေ့ရသည်။ ခေတ်မီတိုးတက်မှုများနှင့်အတူ ပြောင်းလဲသုံးစွဲလာကြသည့် လူ့အသုံးအဆောင်ပစ္စည်းများ၌ လျှပ်စစ်ကို အသုံးပြုကြသည်။ လျှပ်စစ်မီးကို ပေါ့ဆစွာအသုံးပြုရာမှ အပူလွန်ကဲမှုကြောင့် မီးလောင်ကျွမ်းမှုများ ဖြစ်ပေါ်ကြခြင်းဖြစ်သည်။
အထူးသဖြင့် မြို့ပြဒေသများတွင် လူနေပိုမိုထူထပ်လာခြင်းကြောင့် အိမ်ခြေများ ပိုမိုများပြားလာသည်။ အချို့နေရာများတွင် အထပ်မြင့်အဆောက်အအုံများ ဆောက်လုပ်နေထိုင်လာကြသည်။ ထိုအဆောက်အအုံအချို့တွင် လူနေရုံသက်သက်မဟုတ်ဘဲ ကုန်ပစ္စည်းများ သိုလှောင်ခြင်း၊ လုပ်ငန်းများလုပ်ကိုင်ခြင်းများလည်း ရှိနေခြင်းကြောင့် မီးဘေးအန္တရာယ်ကို ပိုမိုသတိပြုကြရမည်ဖြစ်သည်။
အချို့အဆောက်အအုံများသည် မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးအစီအမံများကို ထည့်သွင်းတည်ဆောက်ထားကြသော်လည်း အချို့အဆောက်အအုံများသည် အရေးပေါ်ထွက်ပေါက်ကိုပင် ထည့်သွင်းမထားသည်ကို မြင်တွေ့ရသည်။ အထူးသဖြင့် ကုန်တိုက်ကြီးများ၊ အရောင်းဆိုင်များ၊ ဟိုတယ်များ၊ ဆေးရုံများ၊ စာသင်ကျောင်းများ၊ သိုလှောင်ရုံများ၊ စက်ရုံအလုပ်ရုံများ၊ စက်သုံးဆီအရောင်းဆိုင်များနှင့် ရုံးအဆောက်အအုံများ ဆောက်လုပ်ရာတွင် မီးဘေးကြိုတင်ကာကွယ်ရေးအစီအမံများ ထည့်သွင်းတွက်ချက် ဆောက်လုပ်၍ မီးငြှိမ်းသတ်ရေးပစ္စည်းများကိုလည်း ပြည့်စုံအောင်ထားရှိရပါမည်။
ထို့အပြင် အရေးပေါ်ပြန်လည်တုံ့ပြန်ရေးအဖွဲ့၊ မီးငြှိမ်းသတ်ရေးအဖွဲ့၊ ကယ်ဆယ်ရေးအဖွဲ့၊ လုံခြုံရေးအဖွဲ့၊ ပစ္စည်းသယ်ယူရေးအဖွဲ့ စသည်တို့ကို စနစ်တကျဖွဲ့စည်း၍ သင်တန်းပေးခြင်း၊ ကြိုတင်ဇာတ်တိုက်လေ့ကျင့်ခြင်းတို့ကို မီးသတ်ဦးစီးဌာနမှ အကူအညီရယူဆောင်ရွက်ထားရပါမည်။ တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများကိုလည်း မီးဘေးအန္တရာယ်အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ထားသင့်ပါသည်။ ရုံးပိတ်ချိန်၊ ညအိပ်ချိန်၊ လုပ်ငန်းပြီးဆုံးချိန်များတွင် တာဝန်ရှိသူအဆင့်ဆင့်က ကြပ်မတ်၍ မီးခလုတ်များ၊ ကွန်ပျူတာများ၊ အခြားလုပ်ငန်းသုံးပစ္စည်းများနှင့် မီးဘေးအန္တရာယ်ဖြစ်ပေါ်စေနိုင်သည့် ပစ္စည်းများကို စစ်ဆေးသင့်ပါသည်။
အဆောက်အအုံအချို့တွင် လျှပ်စစ်ဓာတ်အားအပြည့်အဝသုံးစွဲနိုင်ရန် မီးအားမြှင့်စက်၊ မီးအားထိန်းစက်များနှင့် ဆိုလာစနစ်များကို တပ်ဆင်အသုံးပြုကြသည်။ သုံးစွဲရာတွင် မီးဘေးအန္တရာယ်မဖြစ်ပေါ်စေရန် အမြဲစစ်ဆေးအသုံးချကြရန် လိုအပ်ပါသည်။ တပ်ဆင်အသုံးပြုထားသည့် ဝိုင်ယာကြိုးများ၊ မီးခလုတ်များ၊ မီးပလပ်များသည် ခံနိုင် ဝန်အားနှင့်မျှတမှု ရှိ၊ မရှိ၊ ပျက်စီးချွတ်ယွင်းမှု ရှိ၊ မရှိ စစ်ဆေး၍ သုံးစွဲရန်မသင့်တော်ပါက အသစ်လဲလှယ်အသုံးပြုရပါမည်။
အချို့လမ်းသွယ်၊ လမ်းကြားများတွင် ယာဉ်များစည်းကမ်းမဲ့ရပ်နားထားမှု၊ ဈေးဆိုင်များ ဖွင့်လှစ်ရောင်းချမှု၊ လုပ်ငန်းများလုပ်ကိုင်မှုများကြောင့် မီးလောင်မှုဖြစ်ပွားပါက မီးသတ်ယာဉ်များ အဝင်အထွက်ကို အနှောင့်အယှက်ဖြစ်စေပါသည်။ သွယ်တန်းထားသည့် လျှပ်စစ်မီးကြိုးများ၊ ဝိုင်ဖိုင်ကြိုးများ တပ်ဆင်ရာတွင်လည်း အန္တရာယ်ကင်းစေရန်နှင့် စည်းကမ်းစနစ်တကျဖြစ်စေရန် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သင့်ပါသည်။ မီးလောင်မှုဖြစ်ပွား၍ မီးငြှိမ်းသတ်နေစဉ် မီးသတ်ယာဉ်များကို အနှောင့်အယှက်ဖြစ်စေမည့် ဝိုင်းအုံကြည့်ရှုခြင်း၊ လက်ကိုင်ဖုန်းများဖြင့် ဓာတ်ပုံ၊ ဗီဒီယိုရိုက်ကူးကြခြင်းများကိုလည်း ဆင်ခြင်သင့်ကြပါသည်။
အရေးကြီးသည့်အချက်တစ်ခုမှာ မီးလောင်မှုဖြစ်ပွားပါက ပတ်ဝန်းကျင်ကသိရှိမည်ကို စိုးရိမ်၍ ကျိတ်ပြီး ငြှိမ်းသတ်နေခြင်းမပြုဘဲ ပတ်ဝန်းကျင်၏ အကူအညီကိုတောင်းခံကာ မီးကိုငြိမ်းအောင် ငြှိမ်းသတ်ရန်ဖြစ်ပါသည်။ အချို့က ကျိတ်၍ ငြှိမ်းသတ်နေရာမှ မနိုင်မနင်းဖြစ်ကာ မီးလောင်ဆုံးရှုံးမှု ပိုမိုများပြားလာပါသည်။
မီးဘေးရှောင်မလောင်ခင်တားဆိုသည့်အတိုင်း မီးလောင်မှုမဖြစ်ပွားစေရန် ပြည်သူတစ်ဦးချင်းစီက ကိုယ်စီအသိတရားဖြင့် သတိထားကြရပါမည်။ မီးသတ်တပ်ဖွဲ့သည် မီးငြှိမ်းသတ်ရေးတာဝန်တစ်ခုတည်းသာမဟုတ်ဘဲ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လုပ်ငန်းများနှင့် အသိပညာပေးလုပ်ငန်းများကို အမြဲမပြတ်ဆောင်ရွက်နေကြသည်။ တစ်အိမ်တက်ဆင်းလိုက်လံစစ်ဆေးခြင်း၊ အသိပညာပေးခြင်းများ ဆောင်ရွက်လျက်ရှိသည်။ နေ့စဉ်ထုတ် သတင်းစာများ၊ ရေဒီယို၊ ရုပ်မြင်သံကြား၊ အွန်လိုင်းများမှတစ်ဆင့် အိမ်တိုင်းအိမ်တိုင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ချက်များကို ထုတ်ပြန်ထားပါသည်။
မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ချက်
(၁) မိမိနေအိမ်ခြံဝင်းကို သန့်ရှင်းသပ်ရပ်စွာထားပါ။
(၂) မီးလောင်လွယ်သော အရာဝတ္ထုများကို သေချာစွာထုပ်ပိုး သိမ်းဆည်းခြင်း၊ အသုံးမပြုလိုလျှင် စနစ်တကျ စွန့်ပစ်ခြင်းများ ဆောင်ရွက်ပါ။
(၃) အမှိုက်မီးရှို့လိုလျှင် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့သို့ ကြိုတင်အကြောင်းကြား၍ ခွင့်ပြုမှသာဆောင်ရွက်ပါ။
(၄) ထင်းမီးဖိုအသုံးပြုလျှင် လုံခြုံစွာကာရံခြင်း၊ ကျင်းတူး၍ အသုံးပြု ခြင်းများ ဆောင်ရွက်ပါ။
(၅) ဓာတ်ငွေ့မီးဖြင့် အသုံးပြုချက်ပြုတ်လျှင် အသုံးမပြုမီ နားလည်တတ်ကျွမ်းသူများနှင့် သေချာစွာစစ်ဆေးပါ။
(၆) လျှပ်စစ်မီးကို အသုံးပြုချက်ပြုတ်လျှင် ဝန်အားမျှတသည့် ဝိုင်ယာကြိုးများကို အသုံးပြုခြင်း၊ လျှပ်စစ်ပတ်လမ်းကို အလိုအလျောက်ဖြတ်တောက်ပေးသည့် ပစ္စည်းကိရိယာများကို အသုံးပြုခြင်း၊ ဝန်အားမနိုင်လျှင် လျှပ်စီးပတ်လမ်းကို ဖြတ်တောက်ပေးသည့် ပစ္စည်းကိရိယာများ တပ်ဆင်ထားရှိ ခြင်းများကို နားလည်တတ်ကျွမ်းသော ပညာရှင်များ၏ အကူအညီရယူဆောင်ရွက်ပါ။
(၇) နေအိမ်တွင် အသုံးပြုထားရှိသော လျှပ်စစ်ပစ္စည်းများကို နှစ်စဉ်စစ်ဆေးပြီး အသုံးပြုရန် မသင့်လျော်သော ဟောင်းနွမ်းခြင်း၊ ပေါက်ပြဲခြင်း၊ ဝန်အားမမျှခြင်း စသည့် အန္တရာယ်ရှိသော အစိတ်အပိုင်းများကို အစားထိုးလဲလှယ်ပါ။
(၈) နေအိမ်ခြံဝင်းအတွင်း လောင်စာဆီ၊ စားသုံးဆီ၊ အမွှေးဆီ စသည့် မီးလောင်လွယ်သော ဆီအမျိုးမျိုးကို သိုလှောင်ထားရှိ ခြင်း၊ ဖြန့်ဖြူးရောင်းချခြင်းများ မပြုပါနှင့်။
(၉) မီးခြစ်အစရှိသော မီးဖြစ်စေသောပစ္စည်းများကို ကလေးသူငယ်များ လက်လှမ်းမမီသောနေရာ၊ အပူဒဏ်မခံစားရသောနေရာများတွင် သေချာစွာ သိမ်းဆည်းထားရှိပါ။
(၁၀) ကလေးငယ်များကို မီးဖြစ်ပေါ်စေသောပစ္စည်းများ သို့မဟုတ် မီးလောင်လွယ်သော ပစ္စည်းများနှင့် အသုံးပြုချက်ပြုတ်စေခြင်း၊ ဆေးလိပ်၊ ခြင်ဆေးခွေနှင့် အမွှေးတိုင်အစရှိသော ပစ္စည်းများအား မီးညှိစေခြင်း၊ ဆော့ကစားခြင်းများ မပြုပါစေနှင့်။
(၁၁) ဆေးလိပ်ကို မီးငြိမ်းသည်ဟုသေချာမှသာ စနစ်တကျ စွန့်ပစ်ပါ။
(၁၂) အိပ်ရာ၊ အဝတ်တန်း၊ အဝတ်ပုံနှင့် လောင်စာဆီများအနီးတွင် ခြင်ဆေးခွေထွန်းညှိထားခြင်း၊ ဖယောင်းတိုင်မီးထွန်းခြင်း၊ အမွှေးတိုင်ထွန်းညှိထားခြင်းများ မပြုပါနှင့်။
(၁၃) ဘုရားရှိခိုးအပြီး လူစောင့်မထားရှိဘဲ မီးပူဇော်ထားရှိခြင်း၊ အမွှေးတိုင်ထွန်းညှိပူဇော်ထားရှိခြင်းများ မပြုပါနှင့်။
(၁၄) ထမင်းဟင်းချက်ပြုတ်ခြင်း၊ မီးပူတိုက်ခြင်း၊ အမှိုက်မီးရှို့ခြင်းနှင့် မီးနှင့်ပတ်သက်သော သို့မဟုတ် မီးလောင်နိုင်သောပစ္စည်းများကို ကိုင်တွယ်အသုံးပြုပြီးတိုင်း သေချာစွာ စစ်ဆေးဖြုတ်သိမ်း ခြင်း၊ မီးငြှိမ်းသတ်ခြင်း၊ လူစောင့်ထားရှိခြင်းများ ဆောင်ရွက် ပါ။
(၁၅) အကြောင်းကိစ္စတစ်စုံတစ်ရာကြောင့် နေအိမ်မှထွက်ခွာလိုလျှင် မထွက်ခွာမီ မီးလောင်နိုင်သော ကိစ္စဟူသမျှကို သေချာစွာ စစ်ဆေးပြီး မီးမလောင်နိုင်ဟုသေချာမှသာ နေအိမ်မှထွက်ခွာပါ။
(၁၆) လူမနေသော အဆောက်အအုံ၊ ဂိုဒေါင်များကို ညစောင့် ထားရှိပါ။
(၁၇) နေအိမ်များတွင် မီးချိတ်၊ မီးကပ်၊ လှေကား၊ ရေနှင့်သဲ အစရှိသော မီးငြှိမ်းသတ်ရေးကိရိယာများ စုံလင်စွာထားရှိပါ။ ငွေကြေးတတ်နိုင်ပါက မီးသတ်ဆေးဘူးထားရှိပါ။ အထပ်မြင့် အဆောက်အအုံဖြစ်ပါက အထပ်တိုင်းတွင် မီးသတ်ဆေးဘူး ထားရှိပါ။
(၁၈) မီးငြှိမ်းသတ်ရေးကိရိယာများကို အသုံးပြုတတ်စေရန် လေ့ကျင့် သင်ကြားပါ။ နေအိမ်ရှိလူတိုင်း အသုံးပြုတတ်အောင်လည်း သင်ကြား၍ အခါ အားလျော်စွာ လေ့ကျင့်ပါ။
(၁၉) မီးချိတ်၊ မီးကပ်၊ လှေကား၊ ရေနှင့် သဲများထားရှိရာတွင် မီးချိတ်သည် အရွယ်ရောက်ပြီး လူငယ်တစ်ဦး ခိုစီးနိုင်လောက်အောင် ခိုင်ခံ့ရမည်။ မီးကပ်သည် လွှဲယမ်းခံနိုင်လောက်အောင် တောင့်တင်းရမည်။ လှေကားသည် အရွယ်ရောက်ပြီး လူငယ် တစ်ဦး သယ်ယူနိုင်ရမည်ဖြစ်ပြီး လူကြီးနှစ်ဦး အတက်ခံနိုင်သည်အထိ ပေါ့ပါးခိုင်ခံ့ရမည်။ ရေနှင့်သဲကို အရွယ်ရောက်ပြီး လူငယ်တစ်ဦး သယ်ယူပက်ဖျန်းစေနိုင်သောပုံးဖြင့်ဖြစ်စေ အများအပြားထားရှိပါက အလွယ်တကူသယ်ယူပက်ဖျန်းနိုင်စေရန် မီးသတ်ရေပုံးထားရှိ ဆောင်ရွက်ရပါမည်။
(၂၀) မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က အခါအားလျော်စွာ ထုတ်ပြန်သော ညွှန်ကြားချက်များ၊ စည်းကမ်းများ၊ တားမြစ်ချက်များကို တိကျစွာလိုက်နာဆောင်ရွက်ပါ။
ရန်သူမျိုးတစ်ပါးဖြစ်သည့် မီးဆိုသည်မှာ မလောင်ခင်က ကြိုတင်ကာကွယ်၍ ရနိုင်ပါသည်။ မီးလောင်မှ ငြှိမ်းသတ်ခြင်းထက်မီးမလောင်အောင် ကြိုတင်ကာကွယ်ခြင်းသည် အကောင်းဆုံးဖြစ်ပါသည်။ မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများသည် ပြည်သူတိုင်းတွင် တာဝန်ရှိပါသည်။ မီးဘေးအန္တရာယ်သည် မည်သည့်အချိန်၊ မည်သည့်နေရာတွင် မည်သို့ဖြစ်ပေါ်မည်ကို ကြိုတင်၍မသိရှိနိုင်ပါ။ သို့ပါ၍ ပြည်သူတစ်ဦးချင်းစီက ရာသီမရွေးဖြစ်ပေါ်နိုင်သည့် မီးဘေးအန္တရာယ်ကို အသိ၊ သတိဖြင့် ကြိုတင်ကာကွယ်ကြပါရန် တိုက်တွန်းရေးသား လိုက်ရပါသည်။ ။
