Skip to main content

ခရီးသွားလုပ်ငန်း ပြန်လည်ပုံဖော်ခြင်းအနုပညာ

စည်သူကျော်

ယနေ့အချိန်၌ ကမ္ဘာ့ခရီးသွားလုပ်ငန်းသည် ၂၁ ရာစုအတွင်းတွင် နိုင်ငံရေး၊ စီးပွားရေး၊ လုံခြုံရေး၊ သဘာဝဘေးနှင့်ကပ်ရောဂါများ၏ သက်ရောက်မှုကို အထိခိုက်ခံရဆုံးသောကဏ္ဍတစ်ခု ဖြစ်လာသည်ကို တွေ့ရှိရသည်။ ကမ္ဘာလုံးဆိုင်ရာ သက်ရောက်မှုတစ်ခုဖြစ်သော ကိုဗစ်-၁၉ ကပ်ရောဂါပျံ့နှံ့ဖြစ်ပွားမှုမှသည် လက်ရှိအရှေ့အလယ်ပိုင်းဒေသတင်းမာမှုများအထိ အဖြစ်အပျက်များသည် ကမ္ဘာ့ခရီးသွားလုပ်ငန်းကို ခြိမ်းခြောက်သောအဆင့်မှတိုး၍ လက်တွေ့တိုက်ရိုက်သက်ရောက်မှုများအထိ ဖြစ်ပေါ်စေသည်ကို တွေ့မြင်ရမည်ဖြစ်သည်။ သို့ရာတွင် လူသားတို့၏ အလေ့အထသဘောသဘာဝအရ “Tourism does not dis-appear- it relocates” ခရီးသွားလုပ်ငန်းသည် ပျောက်ကွယ်သွားသည်မဟုတ်-နေရာရွှေ့ပြောင်း သွားသည်သာဖြစ်သည်။ သို့ဖြစ်၍ ခရီးသွားလုပ်ငန်းသည် ပိုမိုလုံခြုံစိတ်ချရသော နေရာဒေသများသို့ ပြောင်းရွှေ့သွားခြင်းသာဖြစ်ပြီး ယင်းပြောင်းလဲမှုသည် ဖြစ်စဉ်ဖြစ်ရပ်၏ ကြီးမားကျယ်ပြန့်မှုနှင့် ပထဝီနိုင်ငံရေးတို့အပေါ်မူတည်၍ ကမ္ဘာလုံးဆိုင်ရာ ခရီးသွားလုပ်ငန်းပုံစံသစ် (The New Global Tourism Pattern) (ခရီးသွားလုပ်ငန်းနယ်ပယ်တွင် GTP ဟု ခေါ်ဝေါ်သုံးစွဲကြသည်) ကို ဖြစ်ပေါ်လာ စေပါသည်။

ခရီးသွားလုပ်ငန်းအတွက် ကောင်းမွန်သော အပြောင်းအလဲများကို ယူဆောင်

ခရီးသွားလုပ်ငန်းပုံစံသစ်ပြောင်းလဲမှုကို ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားမှုအလွန်ကာလများတွင် တွေ့မြင်ခဲ့ရပြီး ၎င်းပုံစံသစ်တွင် ခရီးသွားများသည် လူဦးရေထူထပ်သော ခရီးစဉ်နေရာဒေသများကို ရှောင်ရှား၍ Off the beaten Track ဟု ခေါ်သည့် ပုံမှန်ခရီးသွားများ သွားနေကျခရီးစဉ် ဒေသများကို ရှောင်ရှား၍ လူနေထူထပ်မှုလျော့ပါးသည့် သဘာဝပတ်ဝန်းကျင်အခြေပြု ခရီးစဉ်ဒေသများကို ရွေးချယ်သွားလာလည်ပတ်ခဲ့ကြသည်။ အဆိုးထဲမှအကောင်းဟု ဆိုရမည့်အချက် မှာ ကိုဗစ်-၁၉ ကာလအတွင်း ခရီးသွားလုပ်ငန်းများရပ်ဆိုင်းခဲ့သည့်အတွက် ယခင်ခရီးသွားလာမှု များပြားခြင်းကြောင့် ညစ်ညမ်းမှုများဖြစ်ပေါ်ခဲ့သည့် ခရီးစဉ်ဒေသများသည် အနားရပြီး မူလသဘာဝနှင့်အနီးစပ်ဆုံး ပြန်လည်သန့်စင်မှုကို ဖြစ်ပေါ်စေခဲ့သည်။ ထို့ကြောင့် ကိုဗစ်အလွန်ကာလတွင် ရေရှည်တည်တံ့သော ခရီးသွားလုပ်ငန်း (Sustain-able Tourism) ဟူသော အယူအဆမှသည် (Rege-nerative Tourism, Transformative Tourism) ဟူသော ခရီးသွားလုပ်ငန်းအယူအဆများကို ခရီးသွားလုပ်ငန်းနယ်ပယ်အတွင်း ကျယ်ကျယ်ပြန့်ပြန့်  တင်သွင်းပြောဆိုလာခဲ့ကြသည်။ ထို့ကြောင့် အခြားတစ်ဖက်မှကြည့်လျှင် ကိုဗစ်-၁၉ ကပ်ရောဂါသည် သဘာဝတရားကြီးနှင့် ခရီးစဉ်နေရာဒေသအချို့ကို အနားပေးကာ ခရီးသွားလုပ်ငန်းအတွက် ကောင်းမွန်သော အပြောင်းအလဲများကို ယူဆောင်လာခဲ့သော ဖြစ်စဉ်တစ်ခုဟု ဆိုရပေမည်။ သို့သော် ခရီးသွားလုပ်ငန်း၏ ပြောင်းလဲမှုမြန်ဆန်သော ဖြစ်စဉ်များအရ ယနေ့ Global Tourism Arrival သည် ၁ ဒသမ ၅၂ ဘီလီယံအထိ တိုးတက်လာခဲ့ပြီး အာရှနှင့် ပစိဖိတ်ဒေသသည် ခရီးသွားလုပ်ငန်း ပြန်လည်ဖွံ့ဖြိုးတိုးတက်လာရေးတွင် အတက်ကြွဆုံးပုံဖော်ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရမည်ဖြစ်သည်။ တည်ငြိမ်မှုရှိသော ဥရောပခရီးသွားလုပ်ငန်းသည်လည်း ဆက်လက်တိုးတက်လျက်ရှိပြီး ခရီးသွားအဆမတန်များပြားမှု Overtourism ကို ကိုင်တွယ်ဆောင်ရွက်နိုင်ရန် သတိထားလုပ်ဆောင်လျက်ရှိသည့် အနေအထားကို တွေ့မြင်ရသည်။

ယခုတစ်ဖန် ကမ္ဘာ့ခရီးသွားလုပ်ငန်းမှာ အသစ်အနေအထားတစ်ခုကို ထပ်မံကြုံတွေ့နေရပြီ ဖြစ်သည်။ အရှေ့အလယ်ပိုင်းဒေသတွင် စစ်ရေးတင်းမာမှုနှင့်လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုများသည် သက်ဆိုင်ရာနိုင်ငံများကိုသာမက ကမ္ဘာ့နိုင်ငံအသီးသီးတို့တွင် ကဏ္ဍစုံတို့၌ ချမှတ်ထားပြီးသည့် ရေတိုရေရှည်စီမံကိန်းများကို ပြန်လည်သုံးသပ်၍ အစားထိုးအစီအစဉ်များ၊ ကာလတို ပြန်လည်ကုစားထူထောင်နိုင်မည့် အစီအမံများ (Replacement and Recovery Plan) ကို အရေးပေါ်ရေးဆွဲပြင်ဆင်လာရသည်။ ခရီးသွားလုပ်ငန်းကဏ္ဍတွင် လေ့လာကြည့်မည်ဆိုပါက အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခစတင်ချိန်၌ အရှေ့အလယ်ပိုင်းဒေသအတွင်း လေကြောင်းခရီးစဉ် ပေါင်း ၃၀၀၀၀ ကျော်ကို ဖျက်သိမ်းခဲ့ရပြီး အဆိုပါလေယာဉ်ခရီးစဉ် ဖျက်သိမ်းရမှုများ၊ လေပိုင်နက် ပိတ်ဆို့ထားမှုများ (Air Space Closure) ကြောင့် ခရီးသွားတစ်သန်းကျော်၏ ခရီးစဉ်များအပေါ် တိုက်ရိုက်သက်ရောက်မှုများရှိခဲ့သည်ကို လေ့လာတွေ့ရှိရပါသည်။ ၎င်းလေယာဉ်ခရီးစဉ်များ ဖျက်သိမ်းရမှုသည် ခရီးသွားများ၏ သွားလာမှုပုံစံအလေ့အထ (Travel Phenomenon) ပျက်ယွင်းမှုသက်သက်သာမဟုတ်၊ ခရီးသွားကဏ္ဍ၏ ဖြစ်တည်မှုပုံစံ (Tourism Phenomenon) အပေါ်တွင်ပါ ကြီးမားစွာသက်ရောက်မှုပေါ်ပေါက်စေပြီဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အထက်တွင်ဖော်ပြပြီးဖြစ်သကဲ့သို့ ယခုဖြစ်စဉ်၏ ကြီးမားကျယ်ပြန့်မှုနှင့် ပထဝီဝင်အနေ အထားသည် ကမ္ဘာတစ်ဝန်းလုံးအပေါ် သက်ရောက်နိုင်စွမ်းအားရှိသောကြောင့် ဖြစ်ပါသည်။

မည်သို့ပင် ပြည့်ဖြိုးမြဲစွမ်းအင်ကို ဖန်တီးဆောင်ကြဉ်းသည်ဖြစ်စေ ကမ္ဘာကြီးသည် စွမ်းအင်ကို ရုပ်ကြွင်းလောင်စာများအပေါ်တွင် မှီခိုနေရဆဲဖြစ်သည်။ ကမ္ဘာပေါ်တွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ လောင်စာသည် အဓိကကျသော အရင်းအမြစ်တစ်ခုဖြစ်နေဆဲဖြစ်ပါသည်။ ကမ္ဘာ့နိုင်ငံအသီးသီးသည် ရေနံနှင့်သဘာဝဓာတ်ငွေ့ကို စွမ်းအင်အရင်းအမြစ်တစ်ခုအဖြစ် လုပ်ငန်းကဏ္ဍအသီးသီး၌ တွင်ကျယ်စွာအသုံးပြုလျက်ရှိသည်။ အရှေ့အလယ်ပိုင်းဒေသသည် ကမ္ဘာ့ရေနံထုတ်လုပ်မှု၏ အဓိကဗဟိုချက်ဖြစ်သောကြောင့် ဒေသတွင်း စစ်ရေးတင်းမာမှုနှင့် လုံခြုံရေးပြဿနာများသည် ရေနံတင်ပို့မှုအခက်အခဲနှင့် ရေနံဈေးနှုန်းမြင့်တက်ခြင်းကို ဖြစ်ပေါ်စေပါသည်။ လောင်စာဆီအကျပ် အတည်းသည် ခရီးသွားလုပ်ငန်းကဏ္ဍအတွက် အရေးပါဆုံးသော လေကြောင်းပို့ဆောင်ရေး အပါအဝင် သယ်ယူပို့ဆောင်ရေးကဏ္ဍအတွက် ကြီးမားသောထိုးနှက်ချက်တစ်ရပ်ဖြစ်ပြီး လူသား တို့၏ ရွှေ့ပြောင်းခရီးသွားလာမှု (Human Mobility) ကို အဟန့်အတားဖြစ်စေမည် ဖြစ်သည်။ ထို့ကြောင့် လက်ရှိ အရှေ့အလယ်ပိုင်းပဋိပက္ခသည် Travel Phenomenon သက်သက်မဟုတ်တော့ ဘဲ Global Tourism Phenomenon အသွင်ကိုဆောင်လာခဲ့ပြီဖြစ်သည်။ လောင်စာဆီ အကျပ်အတည်းကြောင့် လေယာဉ်ခရီးစဉ်ဈေးနှုန်းများမြင့်မားလာခြင်း၊ စစ်ရေးတင်းမာလျက်ရှိသော ဝေဟင်ပိုင်နက်များကို ရှောင်ကွင်းမောင်းနှင်ရသဖြင့် ခရီးသွားလာမှုအချိန် ကြာမြင့်လာခြင်းတို့ ကြောင့် ခရီးရှည်သွားလာမှု (Long Haul Travel) ကို ထိခိုက်လာစေပါသည်။

 ပိုမိုကိုက်ညီမှုရှိသော ခရီးသွားမြှင့်တင်ရေးပုံစံကို အလေးပေးဆောင်ရွက်

ကိုဗစ်-၁၉ ကာလကဲ့သို့ပင် စစ်ရေးပဋိပက္ခကာလများအတွင်း ခရီးသွားများ၏ ခရီးသွားလာမှုပုံစံ (Travel Pattern) သည်လည်း ပြောင်းလဲလာမည်ကို ကြိုတင်မျှော်မှန်းထားကြရမည် ဖြစ်ပါသည်။ ပဋိပက္ခအလွန်ကာလ ကောက်ခံလေ့ရှိသော စစ်တမ်း (Post Conflict Surveys) များအရ ခရီးသွားများ၏ ၆၀ ရာခိုင်နှုန်းကျော်သည် လုံခြုံစိတ်ချရသော ခရီးစဉ်ဒေသများ (Safe and Secure Destination) သို့သာ သွားရောက်လည်ပတ်လိုသည်ကို တွေ့ရှိရပါသည်။ ယင်းအချက်အပေါ် အခြေခံ၍ အရေးပေါ်ကာလများအပြီး ခရီးသွားလုပ်ငန်း ပြန်လည်ထူထောင်ရေးစီမံကိန်း (Re-covery Plan) များရေးဆွဲခြင်း၊ ခရီးသွားမြှင့်တင်ရေးအစီအမံများ (Tourism Promotion Plan) ဆောင်ရွက်ခြင်းပြုလုပ်ရာ၌ မိမိ၏ခရီးစဉ်ဒေသသည် လုံခြုံစိတ်ချရသော ခရီးစဉ်ဒေသဖြစ် ကြောင်းကို ခရီးသွားလုပ်ငန်းကဏ္ဍအတွင်း ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေးဆောင်ရွက်နိုင်ရန် အရေးကြီးကြောင်း ပေါ်လွင်စေပါသည်။ ဤနေရာ၌ ခရီးစဉ်ဈေးနှုန်းများလျှော့ချပေးခြင်း၊ ဝန်ဆောင်မှုအရည်အသွေးကောင်းမွန်စေရန် ဆောင်ရွက်ထားခြင်းအပြင် လုံခြုံစိတ်ချရသော ခရီးစဉ်ဒေသအဖြစ် ပုံဖော်ခြင်းသည် ပဋိပက္ခအလွန်ကာလခရီးသွား (Post Conflict Travellers) များအတွက် ပိုမိုကိုက်ညီမှုရှိသော ခရီးသွားမြှင့်တင်ရေးပုံစံကို အလေးပေးဆောင်ရွက်သင့်ကြောင်း တင်ပြလိုရင်း ဖြစ်ပါသည်။

ယင်းလုပ်ငန်းစဉ်အောက်တွင် သတင်းအချက်အလက်များအချိန်နှင့်တစ်ပြေးညီ  ဖြန့်ဝေခြင်း၊ ကူညီကယ်ဆယ်ရေးဆိုင်ရာ သတင်းအချက်အလက်များကို လွယ်ကူစွာရရှိနိုင်စေရန် ဆောင်ရွက်ပေးခြင်း၊ ပြန်လည်ထူထောင်မည့် ခရီးစဉ်ဒေသများသို့ ဂုဏ်သတင်းကျော်ကြားသူများ၊ အကြီးအကဲများကိုယ်တိုင်သွားရောက်လည်ပတ်၍ သတင်းထုတ်ပြန်ခြင်း၊ ခရီးသွားအာမခံများ ရောင်းချပေးခြင်း၊ သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်မှုကောင်းမွန်စေရန် ဆောင်ရွက်ပေးခြင်းတို့သည် ဆောင်ရွက်သင့်သည့် လုပ်ငန်းစဉ်များဖြစ်ပါသည်။ ဒေသတွင်းနှင့် နိုင်ငံတကာခရီးသွားပြပွဲများတွင် ပါဝင်ပြသခြင်း၊ ခရီးသွားလှုံ့ဆော်မှုများ (Travel Campaign) ဆောင်ရွက်ခြင်းတို့သည်လည်း ထိရောက်သောလုပ်ဆောင်မှုများ ဖြစ်ပါသည်။

ယခု အရှေ့အလယ်ပိုင်းပဋိပက္ခသည် ၎င်းတို့၏ ဒေသတွင်းသာမက လွတ်ကင်းသောဒေသများတွင် လောင်စာဆီရှားပါးမှုပြဿနာကြောင့် စီးပွားရေးအကျပ်အတည်းအသွင်ဆောင်ကာ ခရီးသွားလုပ်ငန်းကဏ္ဍဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတားဖြစ်စေလျက်ရှိပါသည်။ ထို့ကြောင့် ကမ္ဘာလုံးဆိုင်ရာခရီးသွားလုပ်ငန်းကို လေ့လာဆန်းစစ်ကြည့်ပါက အရှေ့အလယ်ပိုင်းဒေသ၏ ခရီးသွားလုပ်ငန်းအပေါ် ထိခိုက်မှုပုံစံနှင့်အခြားသောဒေသများ (အထူးသဖြင့် အာရှနှင့် ပစိဖိတ်ဒေသ) ၏ ခရီးသွားလုပ်ငန်းအပေါ် ထိခိုက်မှုပုံစံတို့သည် ကွဲပြားခြားနားသောအနေအထားဖြင့် ဖြစ်ပေါ်လျက်ရှိသည်ဖြစ်ရာ ကိုင်တွယ်စီမံရမည့်ပုံစံနှင့် ပြန်လည်ထူထောင်ရမည့်ပုံစံတို့သည် ကွဲပြားခြားနားမည်ကို ဂရုပြုသင့်လှသည်။ အခြားဒေသများ၌ ခရီးသွားလုပ်ငန်း ပြန်လည်ဖွံ့ဖြိုးလာစေရန် ဆောင်ရွက်ရမည့်ပုံစံသည့် ပဋိပက္ခ အခြေခံသောပုံစံမျိုးမဟုတ်ဘဲ စွမ်းအင်လောင်စာနှင့် စီးပွားရေးအကျပ်အတည်းပြေလျော့မှုအပေါ်အခြေခံမည် ဖြစ်ပါသည်။ ဤနေရာတွင် သတင်းအချက်အလက်ထက် လောင်စာနှင့် စွမ်းအင်ရရှိမှု (Energy Availability) အပေါ်မူတည်၍ ဆောင်ရွက်သွားရမည်ဖြစ်ပါသည်။ လက်ရှိတွင်လည်း မြန်မာနိုင်ငံရှိ ထင်ရှားသော ခရီးစဉ်ဒေသများတွင် ခရီးသွားလာရောက်မှုကို လျော့ကျမသွားစေရေးအတွက် စက်သုံးဆီရရှိနိုင်မည့်နေရာများကို ခရီးသွားလူမှုကွန်ရက်စာမျက်နှာများတွင် စဉ်ဆက်မပြတ် ဖော်ပြပေးလျက်ရှိသည်ကို တွေ့ရှိရမည်ဖြစ်ပါသည်။ ယင်းသည် ခရီးသွားမကျဆင်းသွားစေရေး အတွက် Energy Availability ကို ဆောင်ရွက်ပေးနေခြင်း ဖြစ်ပါသည်။

ခရီးသွားများဘက်သို့ လေ့လာကြည့်မည်ဆိုပါက စုပေါင်းခရီးသွားခြင်း (Mass Tourism) သည် လျော့ကျသွားဖွယ်ရှိပြီး လူဦးရေအနည်းငယ်သာပါဝင်သည့် Package Tour များသာသွားရောက်ရန် ခန့်မှန်းထားကြသည်။ အိမ်နီးချင်းနိုင်ငံများနှင့် ခရီးတို (Short Haul Travel) များကို ပိုမိုသွားရောက်လည်ပတ်ရန် အခွင့်အလမ်းများတိုးလာမည်ဟု ခန့်မှန်းရသည်။ သို့ဖြစ်ရာ ဒေသတွင်းခရီးသွားလုပ်ငန်း Intra ASEAN ကဲ့သို့သော ဒေသတွင်းခရီးသွားလုပ်ငန်း (Regional Tourism) ဖွံ့ဖြိုးလာနိုင်ပါသည်။

အရှေ့အလယ်ပိုင်းဒေသပဋိပက္ခများသည် ကမ္ဘာ့ခရီးသွားလုပ်ငန်းကို အချိန်တိုအတွင်း ထိခိုက်စေနိုင်သော်လည်း အချိန်ကာလ အတိုင်းအတာတစ်ခုတွင် ခရီးသွားဈေးကွက်ဖြစ်ပေါ်မှုကို သဘာဝအလျောက် အလိုက်သင့်ချိန်ညှိပြုပြင်သွားမည်ဟု ယူဆရသည်။ ထို့ကြောင့်လည်း ခရီးသွားလုပ်ငန်းသည် ပျောက်ကွယ်သွားခြင်းမဟုတ် နေရာရွှေ့ပြောင်းသွားခြင်းသာဖြစ်သည်။ ထို့ကြောင့် “Tourism does not disappear- it relocates” ဟု ဆိုခြင်းဖြစ်ပါသည်။ အရှေ့အလယ်ပိုင်းဒေသ ခရီးသွားလုပ်ငန်းသည် ယာယီအားဖြင့် ဘေးကင်းလုံခြုံသော ခရီးစဉ်ဒေသများ (Safe Destination) ဆီသို့ ရွှေ့ပြောင်းသွားခြင်းသာဖြစ်သည်ဟု ဆိုရပေမည်။ တစ်နေရာတွင် အကျပ်အတည်းဖြစ်နေသော်လည်း အခြားတစ်နေရာတွင် လူသားတို့အတွက် အခွင့်အလမ်းရှိနေမည် ဖြစ်ပါသည်။ အနာဂတ်တွင်လည်း ခရီးသွားလုပ်ငန်း၏ တည်ငြိမ်မှုနှင့် ကြံ့ကြံ့ခံနိုင်မှုကိုထိန်းသိမ်းရန် လုံခြုံရေးနှင့် စီမံခန့်ခွဲမှုများသည် အရေးပါသောအခန်းကဏ္ဍတွင် ဆက်လက်ပါဝင်နေမည်သာဖြစ်ပါသည်။