နွေပိတောက်၊ ၂၀၂၆ အတာသင်္ကြန်နှင့် ဒုတိယစာမျက်နှာအဖွင့်
မြင့်စိုး(နတလ)
စပ်လျဉ်း၍
စပ်လျဉ်း၍ ဆိုသည်မှာ နွေပိတောက်ကို ဝိဂြိုဟ်ပြုလိုရင်းဖြစ်ပါသည်။ စင်စစ်သော်ကား ကျွန်တော်နတလသို့ မရောက်မီကတည်းက အနှီနွေပိတောက် သင်္ကြန်သီချင်းကို တေးရေးဂီတစာဆို အင်္လကာကျော်စွာ ဟင်္သာတဦးမြင့်ငွေ၊ တေးဆို သင်းသီရိတို့နှင့် ဖန်တီးထုဆစ်ထားပြီး ဖြစ်ပါသည်။
၁၉၈၉ ခုနှစ်၊ မတ်လမှာ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေးဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီ၊ လုပ်ငန်းဆပ်ကော်မတီများကိုလည်းကောင်း၊ ထိုနှစ်ဇွန်လတွင် ဒေသဆိုင်ရာလုပ်ငန်းကော်မတီများကိုလည်းကောင်း ဖွဲ့စည်း၍ နယ်စပ်ဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြသည်။
နတလလုပ်ငန်းကော်မတီ၏ အစီအစဉ်ဖြင့် ၁၉၉၃ ခုနှစ်မှ စတင်ကာ နယ်စပ်ဒေသအသီးသီးရှိ ယဉ်ကျေးမှုအဖွဲ့ဝင်များကို ဖိတ်ကြားခေါ်ယူ၍ (ထိုနှစ်က ထားဝယ်နှင့် ဓနုတိုင်းရင်းသား/ တိုင်းရင်း သူများ) ရန်ကုန်မြို့မဟာသင်္ကြန်ပွဲတော်၌ ပါဝင်ဆင်နွှဲစေခဲ့သည်။ ကျွန်တော်သိမ်းဆည်းထားသော မှတ်တမ်းများအရ ၁၉၉၄ တွင် ကရင်တိုင်းရင်းသား/ တိုင်းရင်းသူများ၊ ၁၉၉၅ တွင် ကိုးကန့်နှင့် ‘ဝ’ အဖွဲ့၊ ၁၉၉၆ တွင် ကချင်နှင့် ချင်းအဖွဲ့၊ ၁၉၉၇ တွင် လေး ဖွဲ့၊ ၁၉၉၈ တွင် လေးဖွဲ့၊ ၁၉၉၉ တွင် ခုနစ်ဖွဲ့၊ ၂၀၀၀ ပြည့်နှစ်တွင် လေးဖွဲ့၊ ၂၀၀၁ တွင် ကိုးဖွဲ့၊ ၂၀၀၂ တွင် ၁၅ ဖွဲ့၊ ၂၀၀၃ တွင် ၁၉ ဖွဲ့၊ ၂၀၀၄ တွင် ၁၀ ဖွဲ့တို့ဖြစ်သည်။ ၂၀၀၅၊ ၂၀၀၆ ခုနှစ်များမှစ၍ အကြောင်းအမျိုးမျိုးကြောင့် ဖိတ်ကြားခေါ်ယူခြင်း မပြုတော့ပါ။ လေ့လာရေးအဖွဲ့များကိုမူ အခါအခွင့်သင့်သလို ဒေသအလိုက်ခေါ်ယူ၍ နေပြည်တော်နှင့် ပတ်ဝန်းကျင်တန်ခိုးကြီးဘုရားများ ဖူးမြော်ကြည်ညို လေ့လာစေခဲ့ပါသည်။
ကျွန်တော် နတလကို ၁၉၉၅ ခုနှစ် ရောက်ရှိ တာဝန်ထမ်းဆောင်ချိန်၌ တိုင်းရင်းသားယဉ်ကျေးမှု အဖွဲ့ဝင်များပါဝင်သော သင်္ကြန်ယိမ်းအကများအတွက် သီချင်းတော်တော်များများ ရှိနေပြီဖြစ် သည်။ အဘဦးကျော်ဆန်း(ဆရာသုခိအောင်) ရေးသားသော “တိုင်းရင်းသားမျိုးဆွေ ခါသင်္ကြန်ရေ” သီချင်းကို ခွန်တင်ကြိုင်နှင့် ခင်နန်းယုထွေးတို့က သီဆိုပေးထားသည်။ ဆရာ ဦးမြင့်ငွေရေးသားသည့် ပြည်ထောင်စုသားတို့သင်္ကြန်သီချင်းကို တေးသံရှင် မေမီလင်းက လည်းကောင်း၊ နွေပိတောက်ကို တေးသံရှင် သင်းသီရိကလည်းကောင်း၊ ကိုမြသန်းစံရေးစပ်သည့် ပြည်ထောင်စုနှင့် ခါသင်္ကြန်သီချင်းကို တေးသံရှင် ပီတာဘသိန်းကလည်းကောင်း သီဆိုပေးထားကြပြီး ၁၂ ယောက်ယိမ်း၊ ၁၆ ယောက်ယိမ်း၊ လူ ၂၀ ယိမ်းများဖွဲ့စည်း၍ အကများတိုက်ကာ ရန်ကုန်မြို့တော်ဝန်ဗဟိုမဏ္ဍပ်၊ နယ်စပ်/ စည်ပင်ဝန်ကြီးဌာနမဏ္ဍပ် (ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ အတွင်း)၊ နိုင်ငံခြားရေး၊ ပြည်ထဲရေးနှင့် ဗိုလ်ချုပ်အောင်ဆန်းဈေးမဏ္ဍပ်တို့တွင် လှည့်လည်ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။
ကျွန်တော်ရောက်သွားပြီး နတလ၏ ပြန်ကြား ရေးလုပ်ငန်းတာဝန်များကို ထမ်းဆောင်ရသော အခါ သင်္ကြန်သီချင်းအသစ်များ ရရှိရေးလည်း အပါအဝင်ဖြစ်၏။ ဟင်္သာတဦးမြင့်ငွေနှင့်ပင် သီချင်း သစ်များဖြစ်သော ပြည်ထောင်စုကြီးအေးချမ်းပါစေ၊ ရာသက်ပန်ပြည်ထောင်စုအေးချမ်းပါစေ သီချင်းနှင့် ရွှေဝါဖူးသင်္ကြန် သီချင်းများကိုလည်းကောင်း၊ ဆရာကေတုဝင်းထွဋ် ရေးစပ်သီကုံးပေးသောရိုးရာအလှ မြန်မာ့သင်္ကြန်သီချင်း၊ ရာမဦးအုန်းမောင်၏ ပြည်ထောင်စု အားမာန်သွေးချင်းတို့ သင်္ကြန်သီချင်း တို့ကိုလည်းကောင်း ထပ်မံရေးဖွဲ့စေကာ တေးသံရှင် များနှင့် အသံသွင်းယူပြီးနောက် တိုင်းရင်းသား ယဉ်ကျေးမှုအဖွဲ့ဝင်များနှင့် ကပြဖျော်ဖြေတင်ဆက် ခဲ့ဖူးပါသည်။
ဆိုရသော် သင်္ကြန်လည်ခြင်းကို မနှစ်သက်ခဲ့သော်ငြားလည်း သင်္ကြန်သီချင်းများ နားထောင်ခြင်း၊ သင်္ကြန်အကများ ကြည့်ရှုခံစားခြင်း၊ သင်္ကြန်ဆောင်းပါးများရေးခြင်းတို့ဖြင့် ပျော်မွေ့လာခဲ့သည်မှာ ဆယ်စုနှစ်သုံးခုမျှပင် ရှိခဲ့ချေပြီ။ ဝါသနာအရ ကိုယ်တိုင်လည်း သီချင်းတစ်ပုဒ်စ နှစ်ပုဒ်စ ရေးစပ်ခဲ့ဖူးသည်။ သံစဉ်ကိုတော့ ဟင်္သာတဦးမြင့်ငွေက ကူညီပေးခဲ့၏။
နတလအတွက် “ထို့ကြောင့် ဤအရာကို နတလဟုခေါ်သည်” သီချင်းကိုလည်းကောင်း၊ သမ/ကျေးလက်ဝန်ကြီးဌာနသို့ ရောက်ရှိတာဝန် ထမ်းဆောင်ချိန်တွင် “မြစိမ်းရောင်လွှမ်းအေးချမ်း စေမည်မြန်မာပြည်” သီချင်းကိုလည်းကောင်း ရေးစပ်ခဲ့ပါသည်။ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလလောက်မှာ ဆရာဦးမြင့်ငွေ၏ နွေပိတောက်သီချင်းကို မူလသံစဉ်မပျက်စေဘဲ စာသားအချို့ ပြောင်းလဲခွင့်ပြုရန် ခွင့်တောင်းခဲ့ပါသည်။ ကျွန်တော် ပြောင်းလဲရေးသားထားသော စာသားများကို ဖတ်ကြည့်ပြီး တေးရေးသူနေရာမှာ မြင့်စိုး(နတလ)ကိုပဲ သုံးရန်ခွင့်ပေးခဲ့ပါသည်။ ၂၀၀၀ ပြည့်နှစ်တုန်းက “ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ” သီချင်းကို အတူတကွ ဖန်တီးခဲ့ကြသည့်သံယောဇဉ်၊ ဟင်္သာတ ဦးမြင့်ငွေဟု ထင်ရှားခဲ့သော်ငြားလည်း လေးမျက် နှာမြို့နယ် ဇာတိဖွားဆိုသည့် သံယောဇဉ်များကြောင့်ပဲ ဖြစ်ချိမ့်မည်။ ဆရာထံမှ နွေပိတောက် သီချင်းကို ကျွန်တော်အပိုင်ရခဲ့သည်။ သို့သော်ငြားလည်း ၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့မှာ လှုပ်ခတ် သွားသော မန္တလေးငလျင်ကြီးကြောင့် ရဟန်းရှင်လူ ပြည်သူအများ ပူဆွေးသောကဗျာပါဒများ ကြုံတွေ့ခံစားခဲ့ကြရသည်။ မြန်မာ့ရိုးရာအတာသင်္ကြန်ကို လည်း အစဉ်အလာမပျက် အေးသင်္ကြန်အဖြစ် သနပ်ခါးလိမ်းခြင်း၊ နံ့သာရည်ဖြင့်ပက်ဖျန်းခြင်း၊ စတုဒိသာကျွေးမွေးခြင်းများဖြင့်သာ ပြီးမြောက်စေခဲ့သည်။ ထို့ကြောင့် ၂၀၂၅ ခုနှစ်မှာ နွေပိတောက်လည်း မသင်းနိုင်တော့ချေပြီတကား။
သနပ်ခါးလေးနဲ့ လှတဲ့သင်္ကြန်
ဆရာထံ ခွင့်တောင်း၍ ပြင်ဆင်ရေးသားလိုက်သော စာသားအချို့မှာ မြန်မာ့ရိုးရာနှစ်ကူး အတာ သင်္ကြန်ပွဲတော်ကို ယူနက်စကိုက လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် အသိအမှတ်ပြုထားခြင်းကို လည်းကောင်း၊ မြန်မာ့သနပ်ခါးသည်လည်း မိမိတို့၏ ရိုးရာယဉ်ကျေးမှု အမွေအနှစ်ဖြစ်သည်ကိုလည်းကောင်း၊ နိုင်ငံတော်၏ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် တိုင်းရင်းသားအားလုံး ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ထက်မြက်ရန်၊ လက်တွဲညီရန်လိုကြောင်း တို့ကိုလည်းကောင်း ဖော်ပြထားခြင်းဖြစ်ပါသည်။
ထိုသီချင်းဖြင့် သမ/ ကျေးလက်သင်္ကြန်ယိမ်းအဖွဲ့က အကတိုက်လေ့ကျင့်နေသကဲ့သို့ သင်္ကြန်ကနေသည့် အရုပ်များ၊ သနပ်ခါးလိမ်းခြယ်နေသည့် အရုပ်များ၊ ဘိုးဘွားများအား လက်သည်းခြေသည်းလှီးပေးပြီး ကုသိုလ်ယူနေသည့် အရုပ်များဖြင့် တည်းဖြတ်၍ MRTV၊ MWD ရုပ်မြင်သံကြားတို့မှ ထုတ်လွှင့်တင်ဆက်ပေးနိုင်အောင်လည်း ဆောင်ရွက်ဖြစ်ခဲ့သည်။ သီချင်းစာသားအနေဖြင့် ပါရှိခဲ့သော သမ/ကျေးလက်တို့ရဲ့စေတနာ x x စိမ်းလန်း ဝေဖြာသည် x x ပြည်နယ်နှင့်တိုင်းအနှံ့မှာ ခရီးဆက်ပါမည်ဆိုသည့်နေရာမှာတော့ ကျေးလက်ဒေသများ ဖွံ့ဖြိုးရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဖော်ညွှန်းသည့်အနေဖြင့် ဆောင်ရွက်ပေးခဲ့သော လမ်း/ တံတားလုပ်ငန်းများ၊ ရေရရှိရေး၊ မီးရရှိရေးလုပ်ငန်းများ၊ ကုန်ထုတ်လမ်း ဖောက်လုပ်ခြင်းလုပ်ငန်းများ၊ သမဝါယမစိုက်ပျိုး ရေးအသင်းများ၏ ဆန်စပါးစိုက်ပျိုးရေး၊ ဆီထွက်သီးနှံစိုက်ပျိုးရေး၊ ဝါစိုက်ပျိုးရေးလုပ်ငန်းများ၊ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်များ၊ သမဝါယမကောလိပ်များ၊ သမဝါယမစာရင်းရေးစာရင်း ကိုင်သင်တန်းကျောင်းများ ဖွင့်လှစ်ထားရှိမှု၊ ယွန်းပညာကောလိပ်(ပုဂံ)၊ ဆောင်းဒါးရက်ကန်းနှင့် သက်မွေးပညာသိပ္ပံတို့ ဖွင့်လှစ်ထားရှိမှုတို့ကိုလည်း ထည့်သွင်းဖော်ပြထားပါသည်။
ရေးဖြစ်ခဲ့သော သင်္ကြန်ဆောင်းပါးများ
မှတ်မှတ်ရရ ၂၀၀၁ ခုနှစ်၊ မဟာသင်္ကြန်ပွဲတော်အပြီးမှာ ဆောင်းပါးတစ်ပုဒ်စ၍ ရေးဖြစ်ခဲ့သည်။ ဆောင်းပါးအမည်က နိုင်ငံတော်၏ ယဉ်ကျေးမှုသံတမန်များဟူ၍ဖြစ်သည်။ ထိုမှအစပြု၍ အလျဉ်းသင့်သလို တစ်နည်းပြောရလျှင် သင်္ကြန်၏ အငွေ့အသက်များ ရင်ထဲနှလုံးသားထဲမှာ ရိုက်ခတ်လျှင်ရိုက်ခတ်သလို ရေးဖြစ်ခဲ့သည်။ ကျွန်တော့်ဘဝစာပေမှတ်တမ်းအဖြစ် ပြုစုထား သော ၁၉၉၄ ခုနှစ်မှ ၂၀၂၆ ခုနှစ်အထိ ရေးသားခဲ့ဖူးသည့် ဆောင်းပါးပုဒ်ရေ ၅၀၀ ကျော်မှာ သင်္ကြန်ဆောင်းပါး ၁၄ ပုဒ် ပါဝင်နေကြောင်း တွေ့ရသည်။ များသောအားဖြင့်တော့ နယ်စပ်ဒေသအသီးသီးမှ ရောက်ရှိလာကြသော တိုင်းရင်းသား၊ တိုင်းရင်းသူ ယဉ်ကျေးမှုအဖွဲ့ဝင်များကို ရည်ညွှန်းပါသည်။
ရန်ကုန်မြို့ရှိ တည်းခိုရေးနှင့်စစ်ကြောရေး စခန်းတွင် ရက်ပေါင်းများစွာ အကတိုက်ကြ၊ မဏ္ဍပ်တွေမှာ လှည့်လည်ဖျော်ဖြေတင်ဆက်ကြ၊ MRTV နှင့် MWD ရုပ်မြင်သံကြားတို့တွင် သင်္ကြန် အကများ၊ တိုင်းရင်းသားအကများရိုက်ကူးကြ၊ စားရိပ်သာ၌ အတူနေထိုင်စားသောက်ကြ ဆိုတော့ ကာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးထက်ပိုသော ရင်းနှီးချစ်ခင်မှုကို ရခဲ့ကြသည်။ သူတို့ပြန်သွား ချိန် နာဂတေးသီချင်းသံများ၊ ‘ဝ’ တိုင်းရင်းသူ လေးများ၏ ဆံကေသာ အက၊ ရဝမ်တိုင်းရင်းသား/ သူများ၏ အဇီးလမ်အက၊ လီဆူ ရှာဖဲတာ အက၊ ကယားတိုင်းရင်းသားများ၏ ဆောင်ဒူပါကန်းအက စသည်တို့၏ပုံရိပ်များက ကျန်ရစ်လို့ နေခဲ့သည်။ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဆိုနိုင်သော်ငြားလည်း ယနေ့ထိတိုင် မြင်ယောင်နေဆဲ၊ ကြားယောင် နေဆဲ။
ဒုတိယစာမျက်နှာအဖွင့်
မကြာသေးမီက ကျွန်တော်ဆောင်းပါးတစ်ပုဒ်ရေးခဲ့ပါသည်။ ဒုတိယစာမျက်နှာမှာ လက်ရေးလှလှရေးကြပါစို့ ဟူသောအမည်ဖြင့်။ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုစနစ်ကိုကျင့်သုံးမည့်၊ ထိုသို့ကျင့်သုံးရာတွင်လည်း လူပုဂ္ဂိုလ်လူမျိုးစုအပေါ် အခြေခံခြင်းမဟုတ်ဘဲ နေရာဒေသကိုအခြေခံ၍ကျင့်သုံးမည့် အစိုးရသစ်တစ်ရပ် ပေါ်ပေါက်လာတော့မည်ဖြစ်သည်။ နှစ်သစ်တွင် စိတ်သစ်၊ လူသစ်၊ ခွန်အားသစ်တို့ဖြင့် နိုင်ငံတော်နှင့် နိုင်ငံသားတို့၏အကျိုးကို သယ်ပိုးထမ်းရွက်မည့် အစိုးရသစ်သည် အေးမြသောအတာရေ သွန်းလောင်းပက်ဖျန်းမှုကိုခံယူ၍ နိုင်ငံတော်၏ ဒုတိယစာမျက်နှာသစ်အား မင်္ဂလာရှိစွာဖွင့်လှစ်ပေးကြမည်ဖြစ်သည်။
အေးမြကြည်လင်သန့်စင်သော အတာရေကြောင့် မြန်ပြည်တစ်ဝန်းအေးချမ်းသာယာ ရှိကြပါစေ။
ဘေးဘယာဝေးကွာ၍ စီးပွားလာဘ်လာဘ များလည်း ဒီရေအလားတိုးတက်ကြပါစေ။
နိုင်ငံတော်အစိုးရသစ် အနေဖြင့်လည်း ဒုတိယစာမျက်နှာကို ခန့်ညားထည်ဝါလှပစွာ ဖွင့်လှစ်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက်…။ ။
