မြန်မာ့ဓလေ့ကို ဖော်ကျူးသည့် မြန်မာတို့၏ လတန်ခူး
ဆုလတ်မေ
မြန်မာတို့၏ နှစ်သစ်ကူးအခါသမယသည် နှစ်စဉ်တန်ခူးလတွင် ကျရောက်သည်။ မြန်မာပြက္ခဒိန်၏ ပထမဆုံးလဖြစ်သည့် တန်ခူးလတွင် သင်္ကြန်ပွဲတော်ကိုကျင်းပကြသည်။ မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ် ကဆုန်လဆန်း ၂ ရက် (ဧပြီ ၁၇ ရက်) သောကြာနေ့သည် မြန်မာနှစ်ဆန်း (၁) ရက်နေ့ဖြစ်သည်။
ထိုနေ့တွင် နှစ်ဟောင်း ၁၃၈၇ ခုနှစ်မှ ၁၃၈၈ ခုနှစ်ဆိုသော နှစ်သစ်သို့ကူးပြောင်းသွားပြီဖြစ်သည်။ ထိုနေ့သည် နိုင်ငံသူ၊နိုင်ငံသားအားလုံးအတွက် စစ်မှန်သော နှစ်သစ်ကူးနေ့ပင်ဖြစ်သည်။ ထိုနေ့တွင် ကုသိုလ်ကောင်းမှုပြုလုပ်ခြင်း၊ ကိုယ်ချင်းစာတရားထားကာ ရိုင်းပင်းကူညီခြင်း စသည့် မင်္ဂလာရှိသော လုပ်ဆောင်မှုများဖြင့်သာ ဖြတ်သန်းသွားမည်ဆိုလျှင် တစ်နှစ်လုံး မင်္ဂလာအပေါင်းနှင့် ပြည့်စုံနေမည်ဖြစ်သည်၊ ကျန်းမာပျော်ရွှင်ကြမည်ဖြစ်သည်၊ အောင်မြင်မှုများကို ပိုင်ဆိုင်နိုင်ကြမည်ဖြစ်သည်။ အထူးသဖြင့် မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် ဘဝအတွက် အရေးပါသောဆုံးဖြတ်ချက်တစ်ခုခုကို ချမှတ်သင့်သည်။ နှစ်သစ်အတွက်ဆုံးဖြတ်ချက် မချမှတ်သေးမီ နှစ်ဟောင်းကာလတွင် ဆောင်ရွက်နိုင်ခဲ့မှုများကိုလည်း ပြန်လည်သုံးသပ်သွားသင့်ပါသည်။
မကောင်းမှုများကို ဆေးကြောသင့်
သင်္ကြန်ကာလတွင် နှစ်ဟောင်းမှအညစ်အကြေးများ၊ မကောင်းမှုများကင်းစင်စေရန် ရေပက်ဖျန်းကြသည်ဟုဆိုသည်။ ရေပက်ဖျန်းရုံမျှဖြင့် အညစ်အကြေးကို ဆေးကြောနိုင်မည် မဟုတ်ပါ။လောဘ၊ ဒေါသ၊ မောဟကို မည်သည့်ရေပိုက်နှင့်မျှထိုး၍မရနိုင်ပါ။ တွေးတောပြောဆိုပြုမူမှုမှန်သမျှ ကိုကိုယ်တိုင်သတိထား ဆင်ခြင်မှသာလျှင် တဖြည်းဖြည်းလျှော့ချနိုင်မည်ဖြစ်သည်။ နှစ်ဟောင်းတွင် အမှောင်ဖုံး၍ လွဲမှားစွာ ပြုမူခဲ့သည်များ ရှိကောင်းရှိနေနိုင်သည်။ သို့သော် နှစ်သစ်တွင် သီလ၊ သမာဓိ၊ ပညာတို့ဖြင့်မကောင်းမှုများကို ဆေးကြောသွားသင့်သည်။ တတ်နိုင်ပါက လောဘ၊ ဒေါသ၊ မောဟဆိုသည့် ကိလေသာမှန်သမျှကို သီလ၊ သမာဓိ၊ ပညာဆိုသည့် မဂ္ဂင်ရှစ်ပါးဖြင့် ဆေးကြော သန့်စင်သွားနိုင်ပါသည်။
ရှေးမြန်မာမင်းများလက်ထက်ကနှစ်ဆန်း (၁) ရက်နေ့ကို များစွာအလေးအမြတ်ပြုခဲ့ကြကြောင်း ဖတ်မှတ်ဖူးသည်။ ယင်းနေ့တွင် ရတနာသုံးပါးနှင့်တကွ နတ်မြတ်နတ်ကောင်းအပေါင်းတို့အား ရှေးအစဉ်အလာအတိုင်း လှူဖွယ်ဝတ္ထုပစ္စည်းများဖြင့် ပူဇော်ကြသည်။ မင်းတုန်းမင်းလက်ထက် သက္ကရာဇ် ၁၂၃၃ ခုနှစ်တွင်သမိုင်းဝင်ဖြစ်ခဲ့သည်။ နှစ်ဟောင်းကုန်ဆုံး၍ နှစ်သစ်သို့ ကူးပြောင်းသည့် အခါသမယတွင် အဟောင်းတို့ချုပ်ငြိမ်း၍ အသစ်တို့ပေါ်ထွန်းလာသည်မှာ လောကနိယာမတစ်ခုပင်ဖြစ်သည်။ နွေရာသီ၏ အပူဒဏ်ကိုအေးမြစေရန်အတွက်လည်းကောင်း၊ နှစ်ဟောင်းမှအညစ်အကြေးများကို ဆေးကြောသန့်စင်စေရန်အတွက်လည်းကောင်း အတာသင်္ကြန်ပွဲတော်ကို ဆင်နွှဲခဲ့ကြခြင်းဖြစ်သည်။
မဟာသင်္ကြန်ပွဲတော် ကျင်းပခြင်းနှင့်အတူ ဥပုသ်သီတင်းသီလစောင့်တည်မှုပြုခြင်း၊ ရှင်ပြုအလှူမင်္ဂလာနှင့် ဒုလ္လဘရဟန်းခံပြုကြခြင်း၊ သက်ကြီးရွယ်အိုဘိုးဘွားတို့အား နွေးထွေးကြင်နာစွာဖြင့် ရိုသေသမှုပူဇော်မှုပြုခြင်း၊ လယ်ယာလုပ်ငန်းခွင်တွင် အကျိုးပြုခဲ့သော ခိုင်းနွားများကို ဘေးမဲ့လွှတ်ခြင်း၊ မြစ်ချောင်းအင်းအိုင်များတွင် ငါးလွှတ်ပွဲများကို မြို့ရွာဒေသအနှံ့ ပြုလုပ်ကြခြင်းက ချစ်စရာကောင်းသည့် မြန်မာဓလေ့စရိုက်များကို ဖော်ညွှန်းနေသည်။ ကောင်းမြတ်သောအချိန်ကာလတို့ကို ညွှန်းဆိုထားသော လရာသီဖြစ်သည့်အပြင် သန့်စင် မွန်မြတ်သော ဒါနတရားတို့ဖြင့် ပီတိဖြာဝေစေသော တန်ခူးလရာသီပင်ဖြစ်သည်။
မေတ္တာအရင်းခံဖြင့်သာ
အမှန်စင်စစ်မှာမူမေတ္တာတရားသည် အရာအားလုံးကိုလွှမ်းမိုးနိုင်စွမ်းရှိသည်။ ထို့ကြောင့် နှစ်သစ်တွင် လူတစ်ဦးနှင့်တစ်ဦး၊ ဘာသာတစ်ခုနှင့်တစ်ခု၊ အဖွဲ့အစည်းတစ်ခုနှင့်တစ်ခု၊ နိုင်ငံတစ်နိုင်ငံနှင့် တစ်နိုင်ငံအကြား မေတ္တာထားသွားကြရန် လိုအပ်မည်ဖြစ်သည်။ သို့မှသာလျှင် အချင်းချင်း အမြင်လွဲမှားနေမှုများ၊ ပဋိပက္ခများ၊ စစ်ပွဲများကို ရှောင်ရှားနိုင်မည်ဖြစ်သည်။ လူအချင်းချင်း ဆင်းရဲ၊ ချမ်းသာ၊ ပညာတတ်၊ ပညာမဲ့၊ ရာထူးကြီး၊ ငယ်၊ ဇာတ်နိမ့်၊ ဇာတ်မြင့် မခွဲခြားဘဲ မေတ္တာအရင်းခံဖြင့်သာ ဆက်ဆံသွားမည်ဆိုလျှင်အေးချမ်းသော လူ့အသိုက်အဝန်းကြီးကို ဧကန်မုချ တည်ဆောက်နိုင်မည်ဖြစ်သည်။
နှစ်ဟောင်းတွင် အကောင်းနှင့်အဆိုးဒွန်တွဲ၍ ကြုံတွေ့ခဲ့ကြရသည်။ ထိုအတွေ့အကြုံများမှ သင်ခန်းစာဖော်ထုတ်ပြီး နှစ်သစ်အတွက် ဆောင်ရွက်ဖွယ်ရာများကို အကောင်းဆုံး ကြိုတင်ပြင်ဆင်သွားရန်လိုအပ်ပါသည်။ အခြေခံအားဖြင့်မိမိတို့၏ စိတ်ဓာတ်များကို ပြင်ဆင်သွားကြရမည်ဖြစ်သည်။ အထူးသဖြင့် နေ့စဉ်စားဝတ်နေရေးအတွက် လုပ်ကိုင်ရှာဖွေ စုဆောင်းကြရာတွင် စိတ်ကောင်းရှိရန်လိုသည်။ အရာရာတွင် ကိုယ်ချင်းစာတရား လက်ကိုင်ထားကြမည်ဆိုလျှင် အေးချမ်းသောလူ့အဖွဲ့အစည်းကို တည်ဆောက်နိုင်မည်ဖြစ်သည်။ ထို့ကြောင့် မြန်မာနှစ်သစ်တွင် မိမိတို့၏ ကိုယ်စီဘဝများ တိုးတက်အောင်မြင်ရေးအပြင် မိသားစု၊ လူမှုအဖွဲ့အစည်းနှင့် တိုင်းပြည်အကျိုးကိုပါသယ်ပိုးနိုင်ရေးအတွက် ဗြဟ္မာစိုရ်တရားကို လက်ကိုင်ထားလျက် ပြုမူကျင့်ကြံနေထိုင်သွားရန် အထူးလိုအပ်သည်။
စိတ်ကူး အိပ်မက်များ
နှစ်သစ်တွင် ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး နယ်ပယ်ပေါင်းစုံတွင် အောင်မြင်မှုများ ပိုင်ဆိုင်နိုင်ရေးအတွက် ကိုယ်စီစိတ်ကူးအိပ်မက်များရှိနေရန် လိုအပ်သည်။ ထိုစိတ်ကူးအိပ်မက်များ အမှန်တကယ်ရုပ်လုံးပေါ်လာစေရန်အတွက် လက်တွေ့ကျကျ ကြိုးပမ်းအကောင်အထည်ဖော်သွားရန်လည်း လိုအပ်ပါသည်။ ဆိုရလျှင် လူတစ်ဦးသည် လွန်ခဲ့သည့် တစ်နှစ်လုံးတွင် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ ဘာသာရေး စသည့် နယ်ပယ်တစ်ခုခု၌အောင်မြင်မှု တစ်စုံတစ်ရာမျှမရရှိခဲ့ပါက ထိုသူသည် တစ်နှစ်ဆိုသော အချိန်ကာလကိုအကျိုးမဲ့ ဖြတ်သန်းခဲ့ခြင်းဖြစ်သည်။ အမှန်တကယ် မနားမနေ စဉ်ဆက်မပြတ် ကြိုးပမ်းအားထုတ်နေမှသာလျှင် အောင်မြင်မှုဆိုသောအရာကို ဆုပ်ကိုင်နိုင်ကြမည်ဖြစ်သည်။ စင်စစ်အားဖြင့် မျက်မှောက်ခေတ်ကြီးတွင် ပျင်းရိလေးလံတွေဝေ ထိုင်းမှိုင်းနေသူများအတွက် နေရာမရှိပါ။ အထူးသဖြင့် တန်ဖိုးရှိသောအချိန်ကို စနစ်တကျစီမံခန့်ခွဲနိုင်စွမ်းမရှိသူများမှာ အဘက်ဘက်မှ နောက်ကျကျန်ရစ်နေမည်မှာမြေကြီး လက်ခတ်မလွဲပင်ဖြစ်သည်။
ထို့ကြောင့် နှစ်သစ်တွင်အချိန်မဖြုန်းတော့ ဘဲကိုယ်စီအလုပ်လုပ်ကြရတော့မည်ဖြစ်သည်။ နှစ်ဟောင်းတွင် အောင်မြင်မှုမရရှိခဲ့သည့်တိုင်အောင် နှစ်သစ်အတွက် ခွန်အားများ မွေးမြူသွားကြရပါမည်။ လူတစ်ဦးချင်း၊ မိသားစုတစ်စုချင်း၊ လူ့အသိုက်အဝန်းတစ်ခုချင်းမှသည် တိုင်းပြည်တိုးတက်ရေးကိုရည်မှန်းလျက် ကြိုးပမ်းသွားရန် လိုအပ်မည်ဖြစ်သည်။ လူတိုင်းတွင် လုပ်ဆောင်နိုင်သည့် စွမ်းအားများကိုယ်စီရှိနေသည်။ လုပ်မည်ဆိုပါက အောင်မြင်မှုက လက်တစ်ကမ်းတွင် ရှိနေမည်ဖြစ်သည်။ ထို့ကြောင့် နှစ်သစ်တွင်အောင်မြင်မှုတစ်ခုခုကိုရရှိအောင် ကြိုးပမ်းသွားမည်ဆိုသော စိတ်ကူးအိပ်မက်များကို ကိုယ်စီမက်ထားရန်လိုသည်။
အဟောင်းတို့ချုပ်ငြိမ်း၍ အသစ်တို့ပေါ်ထွန်း
နှစ်ဟောင်းကုန်၍ နှစ်သစ်သို့ ရောက်ရှိလာပြီဖြစ်သည်။ နှစ်ဟောင်းတွင် အကောင်းနှင့်အဆိုး ဒွန်တွဲ၍ ကြုံတွေ့ခဲ့ကြရသည်။ ထိုအတွေ့အကြုံများမှ သင်ခန်းစာဖော်ထုတ်ပြီး နှစ်သစ်အတွက် ဆောင်ရွက်ဖွယ်ရာများကို အကောင်းဆုံးကြိုတင်ပြင်ဆင်သွားရန် လိုအပ်ပါသည်။ နှစ်သစ်တွင် ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးနယ်ပယ်ပေါင်းစုံတွင် အောင်မြင်မှုများ ပိုင်ဆိုင်နိုင်ရေးအတွက် ကိုယ်စီစိတ်ကူး အိပ်မက်များရှိနေရန်လိုအပ်သည်။ ထိုစိတ်ကူးအိပ်မက်များ အမှန်တကယ် ရုပ်လုံးပေါ်လာစေရန်အတွက် လက်တွေ့ကျကျ ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်သွားကြရမည်ဖြစ်သည်။ နိုင်ငံသားတိုင်းသည် နှစ်သစ်တွင် လူမှုစီးပွားဘဝများ တိုးတက်စေရန် အတွက်အချိန်ကို အကျိုးရှိစွာအသုံးချသွားရန်လိုသည်။ အချိန်တိုင်းစဉ်ဆက်မပြတ် ကြိုးပမ်းအားထုတ်နေသူတစ်ဦးသည် မအောင်မြင်စရာအကြောင်း မရှိချေ။
နှစ်သစ်ကူးနှစ်ဦးကာလ၏ တန်ခူးလအခါသမယတွင် ရှေးယခင်ဘိုးဘွားအစဉ်အဆက်မှ ယနေ့ထိတိုင်အောင် ထိန်းသိမ်းခံယူကျင့်သုံးခဲ့သည့် မြန်မာတို့၏ကောင်းမြတ်သော ယဉ်ကျေးမှုဓလေ့စရိုက်များကို ဆက်လက်ထိန်းသိမ်းသွားကြရမည်ဖြစ်သည်။ နှစ်သစ်တွင်ပြုလုပ်သော ဒါန၊ သီလ၊ ဘာဝနာကောင်းမှုကုသိုလ်များဖြင့် ကိုယ်စိတ်နှစ်ပါးကြည်လင်ရှင်းသန့်၍ ကောင်းကျိုးတရားများကိုရရှိနိုင်စေရန် ဆောင်ကြဉ်းသွားကြရမည် ဖြစ်ပါသည်။ ။
