Skip to main content

စိုက်ပျိုးရေးအင်အားဖြင့် နိုင်ငံတော်စီးပွားကို မြှင့်တင်ခြင်းနှင့် သဘာဝမြေဩဇာအသုံးချမှု ကဏ္ဍသစ်ဆီသို့ …

လွန်းပိုးအိမ်

မြန်မာနိုင်ငံ၌ ရှေးပဝေသဏီကပင် စိုက်ပျိုးရေးကိုအခြေခံပြီး လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို တည်ဆောက်နေသည့်အားလျော်စွာ “စိုက်ပျိုးရေးက နိုင်ငံ၏အသက်သွေးကြော”ဟုဆိုလျှင် မမှားနိုင်ပေ။ ခေတ်အဆက်ဆက်ပြောင်းလဲလာသော ကမ္ဘာ့စီးပွားရေး ရေစီးကြောင်းတွင် နိုင်ငံ၏ ရေမြေတောတောင် သယံဇာတများကို ထိရောက်စွာအသုံးချလျက် စိုက်ပျိုးရေးကဏ္ဍမြှင့်တင်ခြင်းသည် နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် စားရေရိက္ခာဖူလုံမှုကို ခိုင်မာစေသည့် အဓိကသော့ချက်ဖြစ်သည်။

ယနေ့ကာလတွင် နိုင်ငံတော်အစိုးရအနေဖြင့် ခေတ်မီစိုက်ပျိုးရေးစနစ်ကို ဖော်ဆောင်ရာတွင် သွင်းအားစုစရိတ်များလျှော့ချနိုင်ရေး၊ ပြည်ပမှတင်သွင်းရသော ဓာတ်မြေဩဇာ အစားထိုးနိုင်ရေးနှင့် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းနိုင်မည့် “သဘာဝမြေဩဇာ အသုံးချမှုကဏ္ဍသစ်”တစ်ရပ်ကို အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။

စိုက်ပျိုးရေးသည် နိုင်ငံတော်၏ ကျောရိုးဖြစ်ခြင်း

မြန်မာနိုင်ငံ၏ စီးပွားရေးပုံစံသည် စိုက်ပျိုးရေးကိုအခြေခံသည့် အဆောက်အအုံဖြစ်ပြီး နိုင်ငံသားအများစုမှာ ကျေးလက်ဒေသတွင် မှီတင်းနေထိုင်ကြသူများဖြစ်ကြသည်။ ထို့ကြောင့် စိုက်ပျိုးရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်ခြင်းက နိုင်ငံတော်၏ စုစုပေါင်းထုတ်လုပ်မှုတန်ဖိုး (GDP) ကို တိုက်ရိုက်အထောက်အကူပြုရုံသာမက ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝနှင့် ဝယ်လိုအားကို မြှင့်တင်ပေးနိုင်သည့် အဓိကအင်အားစုကြီးလည်းဖြစ်သည်။

စက်သုံးဆီ လုံလောက်မှုနှင့် စိုက်ပျိုးရေးလုပ်ငန်းများ

ခေတ်မီစိုက်ပျိုးရေးစနစ်တွင် လယ်ယာသုံးစက်ကိရိယာများသည် မရှိမဖြစ်အရေးပါလာသည်နှင့်အမျှ စက်သုံးဆီလုံလောက်စွာရရှိရေးသည် အခြေခံအကျဆုံးလိုအပ်ချက်ဖြစ်လာပါသည်။ နိုင်ငံတော်အစိုးရအနေဖြင့် စိုက်ပျိုးရေးလုပ်ငန်းများ အရှိန်အဟုန်မပျက်စေရန် စက်သုံးဆီများကို သင့်တင့်သောဈေးနှုန်းဖြင့် အချိန်မီဖြန့်ဖြူးပေးနိုင်ရေးအတွက် အထူးစီမံချက်များချမှတ်ကာ နေ့ညမပြတ် ကြီးကြပ်ဆောင်ရွက်လျက်ရှိသည်ကိုလည်း တွေ့ရှိရမည်ဖြစ်ပါသည်။

သွင်းအားစုစရိတ်လျှော့ချရေး မဟာဗျူဟာ

တောင်သူလယ်သမားများ၏ အသားတင်အမြတ်ငွေတိုးပွားလာစေရန်အတွက် စိုက်ပျိုးစရိတ် သို့မဟုတ် သွင်းအားစုစရိတ်လျှော့ချရန်မှာ မဟာဗျူဟာမြောက် လုပ်ငန်းစဉ်ဖြစ်ပါသည်။ ပြည်ပမှတင်သွင်းရသည့် ဓာတ်မြေဩဇာများမှာ ဈေးနှုန်းမတည်ငြိမ်မှုနှင့် ကြုံတွေ့ရလေ့ရှိသဖြင့် မိမိတို့နိုင်ငံအတွင်းရှိ သယံဇာတများကို အသုံးပြုကာသွင်းအားစုများကို ကိုယ်တိုင်ထုတ်လုပ်သုံးစွဲခြင်းဖြင့် စိုက်ပျိုးစရိတ်ကို သိသာစွာလျှော့ချနိုင်မည်ဖြစ်ပါသည်။

သဘာဝမြေဩဇာ ကဏ္ဍသစ်ဆီသို့ ခြေလှမ်းခြင်း

ဓာတုမြေဩဇာများကို အစဉ်တစိုက် အလွန်အကျွံသုံးစွဲခြင်းက ရေရှည်တွင် မြေဆီလွှာ၏ သဘာဝဂုဏ်သတ္တိများကို ပျက်စီးစေပြီး အထွက်နှုန်းကျဆင်းမှုကို ဖြစ်ပေါ်စေသည်။ ထို့ကြောင့် မြေဆီလွှာအာဟာရကို သဘာဝအတိုင်းပြန်လည်ဖြည့်တင်းပေးနိုင်သည့် သဘာဝမြေဩဇာအသုံးချမှု စနစ်သည် ခေတ်သစ်စိုက်ပျိုးရေး၏ ကဏ္ဍသစ်တစ်ရပ်အဖြစ် မဖြစ်မနေကူးပြောင်းရမည့် လမ်းစဉ်ဖြစ်လာပါသည်။

စက်သုံးဆီ တင်သွင်းမှုအပေါ် အခွန်အခ လျှော့ပေါ့ပေးခြင်း

ပြည်တွင်းကုန်ဈေးနှုန်းကြီးမြင့်မှုကို ထိန်းညှိနိုင်ရန်နှင့် စိုက်ပျိုးထုတ်လုပ်သူများ ဝန်ထုပ်ဝန်ပိုးမဖြစ် စေရန်အတွက် စက်သုံးဆီတင်သွင်းမှုအပေါ်တွင် စည်းကြပ်သည့်အခွန်အခများကို နိုင်ငံတော်က အတတ်နိုင်ဆုံး လျှော့ပေါ့စဉ်းစားပေးလျက်ရှိပါသည်။ ဤသို့ဆောင်ရွက်ပေးခြင်းဖြင့် ကုန်ထုတ်လုပ်မှုကွင်းဆက်တစ်လျှောက်တွင် ကုန်ကျစရိတ်များသက်သာလာပြီး အခြေခံပြည်သူများ၏ စားဝတ်နေရေးကို တိုက်ရိုက်အကျိုးပြုစေပါသည်။

ကုန်ဈေးနှုန်းတည်ငြိမ်ရေးနှင့် သယ်ယူပို့ဆောင်ရေး

ကုန်စည်စီးပွားလည်ပတ်မှုတွင် သယ်ယူပို့ဆောင်ရေးစရိတ်သည် ကုန်ဈေးနှုန်းအပေါ် များစွာသက်ရောက်မှုရှိသဖြင့် ကုန်ကျစရိတ်အသက် သာဆုံးဖြစ်သည့် မီးရထားပို့ဆောင်ရေးစနစ်ကို ပိုမိုအားကောင်းအောင် တည်ဆောက်ရမည်ဖြစ်ပါသည်။ မီးရထားဖြင့် ကုန်စည်များကို အစုလိုက်အပြုံလိုက် သယ်ယူခြင်းက စက်သုံးဆီသုံးစွဲမှုကို လျှော့ချနိုင်သည့်အပြင် ကုန်စည်စီးဆင်းမှုကိုလည်း ပိုမိုမြန်ဆန်ချောမွေ့စေပါသည်။

လျှပ်စစ်ယာဉ် (EV) ကဏ္ဍနှင့် စိုက်ပျိုးရေး

နိုင်ငံတကာ နည်းပညာအပြောင်းအလဲနှင့်အညီ လျှပ်စစ်ယာဉ် (EV) များတင်သွင်းသုံးစွဲမှုကို အားပေးခြင်းက စက်သုံးဆီအပေါ်မှီခိုနေရမှုကို လျှော့ချနိုင်မည့် အနာဂတ်မျှော်မှန်းချက်ဖြစ်ပါသည်။ စိုက်ပျိုးရေးလုပ်ငန်းသုံး စက်ကိရိယာများတွင်ပါ လျှပ်စစ်စွမ်းအင်ကို အစားထိုးအသုံးချနိုင်ခြင်းဖြင့် လယ်ယာကဏ္ဍတွင် စွမ်းအင်ကုန်ကျစရိတ် သုညနီးပါးအထိ လျှော့ချနိုင်မည့်အခွင့်အလမ်းများ ပေါ်ပေါက်လာမည်ဖြစ်ပါသည်။

ပြည်တွင်းကုန်ထုတ်လုပ်မှု မြှင့်တင်ရေး

ပြည်ပမှတင်သွင်းရသော ကုန်စည်များကိုလျှော့ချပြီး ပြည်တွင်း၌ အောင်မြင်အောင်ထုတ်လုပ်နိုင်သည့် စွမ်းအားကိုတည်ဆောက်ရမည်ဖြစ်ရာ ဓာတ်မြေဩဇာအစားထိုး သဘာဝမြေဩဇာများ၊ တိရစ္ဆာန်အစာနှင့် အခြားစိုက်ပျိုးရေး သွင်းအားစုများကို ပြည်တွင်း၌ အရည်အသွေးမီထုတ်လုပ်နိုင်ခြင်းဖြင့် နိုင်ငံခြားငွေယိုစီးမှုကိုလည်း ဟန့်တားနိုင်မည်ဖြစ်ပါသည်။

မြေဆီလွှာဓာတ်ခွဲစစ်ဆေးခြင်းနှင့် အာဟာရဖြည့်တင်းခြင်း

သီးနှံများ အထွက်နှုန်းကောင်းမွန်စေရန်မှာ မြေဆီလွှာ၏ လိုအပ်ချက်ကိုသိရှိရန် အလွန်အရေးကြီးသဖြင့် ခေတ်မီဓာတ်ခွဲခန်းများဖြင့် မြေဆီလွှာကို စနစ်တကျစစ်ဆေးရမည်ဖြစ်ပါသည်။ ထိုသို့ စစ်ဆေးပြီးနောက် မြေဆီလွှာ၏အားနည်းချက် အလိုက်လိုအပ်သော သဘာဝအာဟာရဓာတ်များကို ဖြည့်တင်းပေးခြင်းဖြင့် မြေဆီလွှာကိုပိုမိုရှင်သန်စေကာ သီးနှံအထွက်နှုန်းကို သိသိသာသာတိုးတက်စေမည်ဖြစ်ပါသည်။

မွေးမြူရေးကို အခြေခံသော စိုက်ပျိုးရေး

စိုက်ပျိုးရေးနှင့် မွေးမြူရေးသည် ခွဲခြား၍မရသော လုပ်ငန်းနှစ်ရပ်ဖြစ်ပြီး မွေးမြူရေးမှထွက်ရှိသော စွန့်ပစ်ပစ္စည်းများသည် သဘာဝမြေဩဇာအတွက် အကောင်းဆုံးကုန်ကြမ်းများ ဖြစ်ကြပါသည်။ နွားချေး၊ ကြက်ချေးနှင့် အခြားစိုက်ပျိုးရေး ဘေးထွက်ပစ္စည်းများကို စနစ်တကျ အချဉ်ဖောက်ကာ ဇီဝမြေဩဇာအဖြစ် ပြန်လည်အသုံးပြုခြင်းဖြင့် စိုက်ပျိုးရေးကဏ္ဍအတွက် အလွန်တန်ဖိုးရှိသော သွင်းအားစုများကို ရရှိစေနိုင်ပါသည်။

ရေအရင်းအမြစ်ကို ထိရောက်စွာ အသုံးချခြင်း

စိုက်ပျိုးရေးတွင် ရေသည်အသက်ဖြစ်သဖြင့် ရှိပြီးသား ရေအရင်းအမြစ်များကို အလေအလွင့်မရှိဘဲ ထိရောက်စွာအသုံးချနိုင်မည့်စနစ်များကို ဖော်ဆောင်ရမည်ဖြစ်ပါသည်။ ဆိုလာစနစ်သုံးရေတင်ခြင်းနှင့် အစက်ချရေပေးခြင်းကဲ့သို့သော စရိတ်သက်သာပြီး ထိရောက်သည့် နည်းပညာများကို တောင်သူများ လက်ဝယ်အရောက်ဖြန့်ဝေပေးခြင်းဖြင့် ရာသီမရွေးစိုက်ပျိုးနိုင်မှုကို အာမခံနိုင်မည်ဖြစ်ပါသည်။

နည်းပညာနှင့် အသိပညာပေးလုပ်ငန်းများ

ရိုးရာစိုက်ပျိုးရေးစနစ်မှ ခေတ်မီစိုက်ပျိုးရေးစနစ်သို့ ကူးပြောင်းရာတွင် တောင်သူများ၏ အသိ ပညာဗဟုသုတသည် အဓိကကျသဖြင့် ကွင်းဆင်းပညာပေးမှုများကို စဉ်ဆက်မပြတ် ဆောင်ရွက်ရမည်ဖြစ်ပါသည်။ သဘာဝမြေဩဇာကို အချိုးကျစပ်ဟပ်နည်း၊ ပိုးမွှားကာကွယ်နည်းနှင့် ရိတ်သိမ်းချိန်လွန် နည်းပညာများကို တောင်သူများကျွမ်းကျင်စွာ အသုံးချနိုင်ရန် လေ့ကျင့်သင်တန်းပေးမှုများ တိုးမြှင့်လုပ်ဆောင်ပေးရမည်ဖြစ်ပါသည်။

မျိုးကောင်းမျိုးသန့် ရရှိရေး

သီးနှံအထွက်နှုန်းတိုးတက်ရေးအတွက် အခြေခံအကျဆုံးအချက်မှာ မျိုးကောင်းမျိုးသန့်စိုက်ပျိုး နိုင် ရေးပင် ဖြစ်ပါသည်။ နိုင်ငံရှိသုတေသနဌာနများမှ ဖော်ထုတ်ထားသော ရာသီဥတုဒဏ်ခံနိုင်သည့် မျိုးစေ့များကို တောင်သူများ လွယ်လွယ်ကူကူနှင့် ဈေးနှုန်းချိုသာစွာရရှိနိုင်ရေးအတွက် မျိုးစေ့ထုတ်လုပ်ငန်းများကို နိုင်ငံတစ်ဝန်းအားပေးကူညီ ဆောင်ရွက်ပေးလျက်ရှိပါသည်။

MSMEs ကဏ္ဍနှင့် စိုက်ပျိုးရေး

စိုက်ပျိုးရေးထွက်ကုန်များကို ကုန်ကြမ်းအတိုင်း ရောင်းချခြင်းထက် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (MSMEs)မှ တစ်ဆင့် တန်ဖိုးမြှင့်ကုန်ချောများအဖြစ် ပြောင်းလဲထုတ်လုပ်ခြင်းက ပိုမိုအကျိုးအမြတ်များစေပြီး ဤသို့ဆောင်ရွက်ခြင်းဖြင့် ဒေသတွင်းထုတ်ကုန်များ၏တန်ဖိုးကို မြှင့်တင်နိုင်သည့်အပြင် ကျေးလက်စီးပွားရေးဖွံ့ဖြိုးမှုကိုလည်း အထောက်အကူပြုစေပါသည်။

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး

ဓာတုပစ္စည်းများ သုံးစွဲမှုလျှော့ချခြင်းသည် စိုက်ပျိုးမြေများ၏ သဘာဝဂေဟစနစ်ကို ပြန်လည် ကောင်းမွန်လာစေပြီး မြေအောက်ရေကိုလည်း သန့်စင်စေပါသည်။ သဘာဝမြေဩဇာ အသုံးပြုသော စိုက်ပျိုးရေးစနစ်သည် ရေရှည်တည်တံ့သောလယ်ယာ မြေများကို ဖန်တီးပေးခြင်းဖြစ်သဖြင့် နောင်လာ နောက်သားများအတွက် ကောင်းမွန်သော သဘာဝ ပတ်ဝန်းကျင်ကို အမွေပေးနိုင်မည်ဖြစ်ပါသည်။

ပို့ကုန်ကဏ္ဍ မြှင့်တင်ရေး

ကမ္ဘာ့ဈေးကွက်တွင် ဘေးအန္တရာယ်ကင်းရှင်းသော အော်ဂဲနစ်ထုတ်ကုန်များကို အလေးထား ဝယ်ယူလာကြသဖြင့် သဘာဝမြေဩဇာသုံးသီးနှံများ စိုက်ပျိုးထုတ်လုပ်ခြင်းသည် ပို့ကုန်ကဏ္ဍအတွက် အခွင့်အလမ်းသစ်ဖြစ်သည်။ အရည်အသွေးမြင့်မားပြီး ဓာတုကင်းစင်သည့် မြန်မာ့လယ်ယာ ထွက်ကုန်များကို နိုင်ငံတကာဈေးကွက်သို့ ထိုးဖောက်တင်ပို့ခြင်းဖြင့် နိုင်ငံခြားဝင်ငွေ ပိုမိုရရှိလာမည်ဖြစ်ပါသည်။

အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးခြင်း

စိုက်ပျိုးရေးကဏ္ဍတွင် သဘာဝမြေဩဇာထုတ်လုပ်ခြင်းနှင့် တန်ဖိုးမြှင့်ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးလာခြင်းသည် ကျေးလက်နေလူငယ်များအတွက် အလုပ်အကိုင်အခွင့်အလမ်းသစ်များကို ဖော်ဆောင်ပေးခြင်းပင်ဖြစ်ပါသည်။ ဤသို့ အလုပ်အကိုင်များ ဖန်တီးပေးနိုင်ခြင်းဖြင့် မြို့ပြသို့ ရွှေ့ပြောင်းလုပ်ကိုင်မှုကို လျှော့ချနိုင်ပြီး ကျေးလက်ဒေသများ၏ လူမှုစီးပွားဘဝကို မြှင့်တင်နိုင်မည်ဖြစ်ပါသည်။

စားရေရိက္ခာ ဘေးကင်းလုံခြုံမှု

ပြည်သူများ၏ ကျန်းမာရေးသည် စားသုံးသည့်အစားအသောက်အပေါ်တွင် များစွာတည်မှီနေသဖြင့် ဘေးအန္တရာယ်ကင်းရှင်းသည့် စိုက်ပျိုးရေးနည်းစနစ် (GAP)ကို ကျင့်သုံးရန်လိုအပ်ပါသည်။ ဓာတုကြွင်းကျန်ရစ်မှုကင်းစင်သော သီးနှံများကို ထုတ်လုပ်နိုင်ခြင်းဖြင့် ပြည်တွင်းစားရေရိက္ခာ ဘေးကင်းလုံခြုံမှုကို အာမခံနိုင်ရုံသာမက ကျန်းမာသန်စွမ်းသော လူ့ဘောင်အဖွဲ့အစည်းကို တည်ဆောက်နိုင်မည်ဖြစ်ပါသည်။

ပြည်သူပူးပေါင်းဆောင်ရွက်မှု

နိုင်ငံတော်မှချမှတ်ထားသော မူဝါဒများနှင့် လုပ်ငန်းစဉ်များ အောင်မြင်ရန်အတွက် တောင်သူလယ်သမားများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ပြည်သူတစ်ရပ်လုံး၏ တက်ကြွသောပူးပေါင်းဆောင်ရွက်မှုမှာ အလွန်အရေးကြီးသည်။ အစိုးရနှင့်ပြည်သူ ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်မှသာ စိုက်ပျိုးရေးကဏ္ဍ၏ ရည်မှန်းချက်ပန်းတိုင်များကို အချိန်တိုအတွင်း ရောက်ရှိနိုင်မည်ဖြစ်ပါသည်။

ဆိုရပါလျှင် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသည် စိုက်ပျိုးရေးကဏ္ဍ၏ အောင်မြင်မှုအပေါ် များစွာမှီခိုလျက်ရှိပါသည်။ စက်သုံးဆီနှင့် သွင်းအားစုစရိတ်များ လျှော့ချနိုင်ရေး၊ သဘာဝမြေဩဇာများကို ထိရောက်စွာအစားထိုး အသုံးပြုရေးနှင့် ခေတ်မီစိုက်ပျိုးရေးစနစ်သို့ ကူးပြောင်းရေးတို့သည် ယနေ့ခေတ်၏ အမျိုးသားရေးတာဝန် တစ်ရပ်ပင်ဖြစ်ပါသည်။ နိုင်ငံတော်အစိုးရမှ ချမှတ်ထားသော လမ်းညွှန်ချက်များအတိုင်း ဝိုင်းဝန်းလက်တွဲ အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြင့် မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးအင်အားသည် နိုင်ငံတော်စီးပွားရေးကို မြှင့်တင်ပေးမည့်အင်အား အစစ်အမှန်အဖြစ် သမိုင်းကဏ္ဍသစ်သို့ တက်လှမ်းနိုင်မည်ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။