သီးနှံများတွင် ဓာတ်မြေဩဇာအသုံးပြုမှု အစားထိုးနည်းပညာများ (အပိုင်း-၂)
မောင်ပြေ (ဆင်ပေါင်ဝဲ)
တောင်သူဦးကြီးများ၏ သီးနှံစိုက်ပျိုးရေးအတွက် ဓာတ်မြေဩဇာအစားထိုးသုံးစွဲမှု နည်းပညာများစွာရှိသည့်အနက် နည်းပညာအသစ်တစ်ခုအနေဖြင့် စားမြုံ့ပြန်တိရစ္ဆာန်အစာအဖြစ် ပဲမျိုးရင်းဝင်အပင်များ စိုက်ပျိုးထုတ်လုပ်ပြီး ပူးတွဲဆောင်ရွက်အသုံးပြုနေခြင်းအကြောင်းကို ဆက်လက်ရေးသား ဆွေးနွေးလိုပါသည်။ (တကယ်တော့ နိုင်ငံတကာတွင် ဆောင်ရွက်နေသည်မှာ ကြာလှပါပြီ။)
ပထမဆုံး စိုက်ပျိုး၊ မွေးမြူရေးတွင် ပဲမျိုးနွယ်ပင်များ အရေးပါပုံကို အရင်ဆွေးနွေးရအောင်ပါ။ Agriculture ၏ အဓိပ္ပာယ်မှာ စိုက်ပျိုး၊ မွေးမြူရေးဖြစ်ပါသည်။
ဤပဲပင်များသည် စိုက်ပျိုးမွေးမြူရေးတွင် ရှေးပဝေသနီကတည်းက အသုံးပြုနေသော အပင်များဖြစ်ပါသည်။ အာဟာရဓာတ်တစ်ခုဖြစ်သော ပရိုတင်းမှာ နှံစားသီးနှံများထက် ပဲမျိုးစုံသီးနှံများက ၂ - ၃ ဆ ပို၍ပါဝင်ပါသည်။ ကမ္ဘာပေါ်တွင် ပဲမျိုးနွယ်ဝင်အပင်များသည် တတိယအများဆုံးပန်းပွင့်ပေးသော အပင်များဖြစ်ပြီး မျိုးစုပေါင်း ၆၅၀ ကျော် မျိုးစိတ်ပေါင်း ၁၈၀၀၀ ကျော်ရှိသော မျိုးရင်းအကြီးကြီးဖြစ်ပါသည်။
စိုက်ပျိုးထုတ်လုပ်ရေးတွင် နိုက်ထရိုဂျင်သည် အလိုအပ်ဆုံး အာဟာရဓာတ်ဖြစ်ပြီး ဤလိုအပ်ချက်ကို အပင်များအတွက် နည်းလမ်းလေးမျိုးဖြင့် ရရှိနိုင်ပါသည်-
(က) မြေဆီလွာအော်ဂဲနစ်ဓာတ်ပစ္စည်းများ ပြိုကွဲမှုမှ ရရှိနိုင်ခြင်း၊
( ခ ) နိုက်ထရိုဂျင်ပါဝင်သော ဓာတ်မြေဩဇာများမှ ရရှိနိုင်ခြင်း၊
( ဂ) ပဲမျိုးရင်းဝင်အပင်များ၌ ရှိနေသော အကျိုးပြုဗက်တီးရီးယား များက လေထဲမှ နိုက်ထရိုဂျင်ကို ဇီဝနည်းဖြင့် ဖမ်းယူပေးခြင်း၊
(ဃ) အပူပိုင်းမြက်များရှိ အဏုဇီဝပိုးများက နိုက်ထရိုဂျင်ဖမ်းယူပေးခြင်း စသည်တို့ဖြစ်ပါသည်။
ဩစတြေးလျနိုင်ငံ၌ ၁၉၈၈ ခုနှစ်က နိုက်ထရိုဂျင်ဓာတ်မြေဩဇာ တန်ပေါင်း ၃၅၀၀၀ အသုံးပြုနေချိန်တွင် ဇီဝနည်းဖြင့် နိုက်ထရိုဂျင်ဖမ်းယူနည်း (Biological Nitrogen Fixation) အရ တန်ချိန် ၁ ဒသမ ၂ သန်း ဖမ်းယူရရှိသည်ဟူ၍ သုတေသနပြုချက်အရ တွေ့ရှိခဲ့ရပါသည်။ အထွက်ကောင်းပြီး ကြီးထွားနှုန်းကောင်းသည့် ပဲမျိုးနွယ်ပင်မျိုးသည် တစ်ဟက်တာလျှင် တစ်နှစ် နိုက်ထရိုဂျင် တန် ၅၀၀ အထိ လေထဲမှ ဖမ်းယူပေးနိုင်ပါသည်။
ယခင်က ပဲမျိုးရင်းဝင်သစ်ပင်များကို သစ်တောနှင့် စိုက်ပျိုးရေး ခွဲခြားမရ၍ သုတေသနပညာရှင် တော်တော်များများက လေ့လာမှုမလုပ်ဘဲ ပစ်ထားခဲ့ပါသည်။ သို့ရာတွင် ယခုတော့ ဤအပင်များ စိုက်ပျိုးပေးခြင်းအားဖြင့် အဓိကအားသာသော အချက်များမှာ-
(၁) သက်တမ်းရှည်၍ ထိန်းသိမ်းရာတွင် အခက်အခဲမရှိပါ။ သို့ဖြစ်၍ ရေရှည်တည်တံ့ ခိုင်မြဲမှုရှိပါသည်။
(၂) အရည်အသွေးကောင်းမွန်သော တိရစ္ဆာန်အစားအစာ ဖြစ်ပါသည်။
(၃) အမြစ်နက်နက်ဆင်းနိုင်၍ တောင်စောင်းမြေများ စိုက်ပျိုးရာတွင် မြေဆီလွှာတိုက်စားမှု ကာကွယ်ရန် အလွန်သင့်တော်ပါသည်။
(၄) သီးနှံစိုက်ပျိုးစနစ်တွင် နိုက်ထရိုဂျင်များစွာ ဖြည့်တင်းပေးနိုင်သော မြေဖုံးသီးနှံဖြစ်ပါသည်။
(၅) ပတ်ဝန်းကျင်ဆိုးရွားသော ဆားပေါက်မြေ၊ မိုးခေါင်ရေရှား ဒေသများအတွက် အလွန်အသုံးဝင်ပါသည်။
(၆) ကျေးလက်လူထုအတွက် သစ်အစားထိုးနှင့် ထင်းအဖြစ် အသုံးဝင်ပါသည်။
(၇) ခြံစည်းရိုးပင်အဖြစ်လည်းကောင်း၊ နှစ်ရှည်ပင်များအတွက် အရိပ်ပင်နှင့် နွယ်တက်သော စိုက်ပျိုးပင်များအတွက် စင်အဖြစ်လည်းကောင်း အထောက်အပံ့ဖြစ်စေပါသည်။ ထိုကောင်းကျိုးများကြောင့် တစ်ကမ္ဘာလုံးများပြားစွာ သုတေသနပြု၊ အသုံးပြုလာပါပြီ။
(က) ပထမဦးစွာ တိရစ္ဆာန်အစားအစာအဖြစ် အသုံးပြုပုံကို ကြည့်ကြရအောင်ပါ။
တိရစ္ဆာန်တို့ကို လွှတ်ကျောင်းရာတွင် ဘာသာရပ်ဆိုင်ရာအသုံး အနှုန်း (Terminology) နှစ်ခု ရှိပါသည်-
- Grazing။ တိရစ္ဆာန်များက မြက်၊ ပဲများကို စားကျက်မြေတွင် သူ့အလိုအလျောက် ဆွဲယူစားသုံးခြင်း၊ (ဥပမာ - နွား၊ ကျွဲ)
- Browsing ။ တိရစ္ဆာန်များက သစ်ပင်၊ ချုံပင်များရှိ အရွက်၊ အညွန့်နု၊ အဖူး၊ ပင်စည်ငယ်စဉ်အခြေအနေများကို သူ့အလိုအလျောက် ဆွဲယူစားသုံးခြင်း၊ (ဥပမာ - ဆိတ်)
အာဖရိကတိုက်၏ တိရစ္ဆာန်အစာ ၇၅ ရာခိုင်နှုန်းမှာ သစ်ပင်၊ ချုံပင်များဖြစ်ပါသည်။ အစာအာဟာရအရည်အသွေးမှာ အကောင်းဆုံး ဘောစကိုင်းပင် ( မီမိုဆင်း - Mimosine များစွာပါဝင်မှု၊ အဆိပ်အတောက်ဖြစ်မှု - Toxicity ကိုတော့ ထိန်းသိမ်းရပါမည်။) မှ အညံ့ဆုံး ဩစတြေးလျအကေးရှားမျိုးများ (most Australian Acacia species) အထိရှိပါသည်။ အရည်အသွေးညံ့ရခြင်းမှာ တင်နင် (Tannins) ပါဝင်မှုများ၍ တိရစ္ဆာန်များအစာကြေညက်နိုင်မှု အားနည်းသွားနိုင်ပါသည်။
(ခ) ထင်းအစားထိုးလောင်စာအဖြစ် အသုံးပြုနိုင်ခြင်း။ သုတေသနပြုလုပ်ချက်အရ တစ်ကမ္ဘာလုံး သစ်တောသစ်ပင်များ နှစ်စဉ်ခုတ်ယူမှု၏ တစ်ဝက်ကျော်ကျော်မှာ ချက်ပြုတ်ရန်နှင့် ဆောင်းတွင်း အပူပေးရန်တို့အတွက် သုံးစွဲနေရသည်ကို တွေ့ရှိနေရပါသည်။ ပဲမျိုးနွယ် သစ်ပင်ကြီးများ သုံးစွဲမှုသည် နှစ်စဉ်ပိုမိုတိုးတက်လာရခြင်းအကြောင်း မှာ-
- အကြီးမြန်ခြင်း၊
- လေထဲမှနိုက်ထရိုဂျင်ဖမ်းယူနိုင်စွမ်းရှိခြင်း၊
- စိုက်ခင်းစတင်တည်ထောင်ရန်လွယ်ကူခြင်း၊
- အချိန်တိုအတွင်း သစ်တော၊ ချုံနွယ်ဖြစ်သွားခြင်း၊
- ကယ်လိုရီတန်ဖိုးမြင့်သော သစ်ပင်များဖြစ်ခြင်း၊
- မီးရှို့လျှင် အဆိပ်အတောက်ဓာတ်ပစ္စည်းများ မထွက်ခြင်း၊
- ပတ်ဝန်းကျင်အခြေအနေအမျိုးမျိုးတွင် ပေါက်ရောက် ဖြစ်ထွန်းနိုင်ခြင်း၊
- အခြေအနေအရ အမျိုးမျိုးသုံးစွဲနိုင်ခြင်း စသည်တို့ဖြစ်ပါ သည်။
(ဂ) ပဲမျိုးနွယ်ပင်သစ်ပင်ကြီးများ စိုက်ပျိုးခြင်းဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို ကာကွယ်ပေးနိုင်ခြင်း။ လူသားများနှင့် တိရစ္ဆာန်များ၏ လိုအပ်သည်ထက်ပို၍ အမြတ်ထုတ်မှုကြောင့် သစ်ပင်ကြီးများ၊ ချုံပင်များ ပျက်စီးကာ လွင်တီးခေါင်ပြင်၊ သဲကန္တာရများ ဖြစ်ပေါ်နေပါသည်။ သစ်ပင်များမရှိ၍ မိုးခေါင်၊ ရာသီဥတုဖောက်ပြန်ခြင်းကို အကြီးမြန် ပဲမျိုးရင်းဝင် အပင်များစွာ စိုက်ပျိုးပေးခြင်းဖြင့် ထိန်းသိမ်းပေးနိုင်ပါလိမ့်မည်။ တစ်ဖန် တောင်စောင်းများ မြေဆီလွှာတိုက်စားရာတွင် ပဲမျိုးနွယ်ပင်၏ အမြစ်များက မြေဆီလွှာဆုံးရှုံးမှုမဖြစ်အောင် ကုပ်တွယ်ပေးထားပါလိမ့်မည်။ တောင်စောင်းဒေသ စိုက်ပျိုးနည်းပညာဖြင့်လည်း ပဲမျိုးနွယ်သစ်ပင်ကြီးများကို စိုက်ပျိုးပြီး ကြားဝင်ငွေရ သီးနှံများစွာကို စိုက်ပျိုးဝင်ငွေရနိုင်ပါသည်။
သီးနှံသစ်တောစိုက်ခင်းတွင် အများဆုံးအသုံးပြုသော ပဲမျိုးနွယ် သစ်ပင်များမှာ
(၁) ဘောစကိုင်း (ခေါ်) အဝေရာပင် - လူကေးနား (Leucaena leucocephala) ဖြစ်ပါသည်။ (နောက်ဆောင်းပါးတွင်မှ ရေးပါမည်)
(၂) မြေနိမ့်ချယ်ရီ အပင်အကြောင်း စတင်လေ့လာရအောင်ပါ။
ဤအပင်သည် အလယ်အလတ်တန်းစားသစ်ပင်ဖြစ်ပြီး အပင် အမြင့် ၃၀ - ၃၅ ပေခန့် ရှိနိုင်ပါသည်။ အကြီးမြန် နိုက်ထရိုဂျင်ဖမ်းယူပေးသော အပင်ဖြစ်ရုံမက ကိုမာရင်ဓာတ် (Coumarin) အနံ့ဆိုးကြောင့် ခြင်ပြေးစေသော အပင်ဖြစ်ပါသည်။ ဤအပင်၏ အရွက်ထွက်နှုန်းမှာ ဘောစကိုင်းထက်ပိုပါသည်။ ဤအပင်၏ အားသာချက် နောက်တစ်ခုမှာ ဆစ်လစ်ဖျက်ပိုး (Complete resistance to defoliating Psyllid – Heteropsylla cubana) ဒဏ်ခံနိုင်ရည်ရှိသည့် အတွက် ဘောစကိုင်းထက် ရေပန်းစား၊ ခေတ်စားလာသော အပင်ဖြစ်လာပါသည်။ အပင်ကဆူးမပါပါ။ စိုက်ပြီးခြောက်လမှ ရှစ်လအကြာ သီတင်းကျွတ်ပြီးချိန်တွင် ပန်းများ စတင်ပွင့်ပြီး မတ်လလောက် အထိ ပွင့်သီးနိုင်ပါသည်။
အသုံးပြုပုံများ
ဤအပင်ကို
(က) ထင်းအဖြစ် အသုံးပြုနိုင်ပါသည်။ ယင်းသည် ဖြည်းညင်းစွာ မီးလောင်နိုင်ပြီး အပူတန်ဖိုး တစ်ကီလို ၁၉ ဒသမ ၈ မက်ဂါဂျိုး (19.8 MJ/ kg )အထိ ရရှိနိုင်ပါသည်။ တစ်နှစ်လျှင် တစ်ဟက်တာ ထင်း ၆ ဒသမ ၃ တန် အထိထွက်နိုင်ပါသည်။
( ခ ) ဆောက်လုပ်ရေးသုံးတိုင်နှင့် သက်ရှိခြံစည်းရိုးတိုင်အဖြစ် အသုံးပြုနိုင်ပါသည်။ ယင်းသည် ခြံတိုင်အဖြစ် တစ်ပေမှ ခြောက်ပေအကွာနှင့် အချင်းခြောက်လက်မ ကျင်းတူး၍ တိုက်ရိုက်စိုက်ပျိုးသွားနိုင်ပါသည်။
(ဂ) သီးနှံအထွက်တိုးရေး အထောက်အကူပြုအပင်နှင့် သစ်ရွက်စိမ်းမြေဩဇာအဖြစ်လည်း အသုံးပြုနိုင်ပါသည်။ ထိုအပင်၏ အရွက်များကိုခြွေ၍ မြေကြီးထဲသို့ ထည့်ပေးခြင်းဖြင့် သစ်စိမ်းမြေဩဇာ ဖြစ်သွားပါသည်။
(ဃ) အရိပ်ပင်အဖြစ် ကော်ဖီစိုက်ပျိုးရေးနှင့် ကိုကိုး (Cocoa) စိုက်ပျိုးရာတွင် အပင်ငယ်စဉ် အရိပ်ပင်အဖြစ် အသုံးပြုနိုင်ပါသည်။
( င ) တိရစ္ဆာန်အစာအဖြစ် အသုံးပြုရာတွင် အရွက်အခြောက်ထုတ်လုပ်မှုသည် တစ်နှစ် တစ်ဟက်တာ နှစ်တန်မှ တန် ၂၀ အထိ ထွက်ရှိနိုင်ပါသည်။
( စ) ပျားမွေးမြူရေးအတွက် ဤအပင်၏ ပန်းပွင့်များက ပျားဝတ်မှုန်ကူးရာတွင် အသုံးပြုခြင်းဖြင့် ထိုမြေနိမ့် ချယ်ရီပင်အနေဖြင့် တောင်သူအကျိုးပြုလုပ်ငန်းများ များစွာအသုံးပြုနိုင်ပါသည်။
(မှတ်ချက်။ အခြားအသုံးဝင်သော ပဲမျိုးရင်းဝင်သစ်ပင်၊ ချုံပင်များ အကြောင်း ဆက်ရေးပါဦးမည်။)
စာရေးသူ၏အတွေး
နိုင်ငံတကာတွင် စိုက်ပျိုး၊ မွေးမြူ၊ သစ်တောကဏ္ဍများသည် တစ်ခုတည်း၊ တစ်နေရာတည်း ဖြစ်ပါသည်။ သို့ဖြစ်၍ ဥပမာ- သီးနှံ-မွေးမြူ-သစ်တောစိုက်ပျိုးပြုစုခြင်း (Agroforestry) ပညာရပ်ကို စုပေါင်းဆောင်ရွက်ကြပြီး တက္ကသိုလ်များမှ ဘွဲ့၊ မဟာသိပ္ပံဘွဲ့၊ ပါရဂူဘွဲ့ အစီအစဉ်များစွာ စုပေါင်းဘွဲ့ပေးနေကြပါသည်။
တက္ကသိုလ်များမှ နိုင်ငံအလိုက်၊ ရေ၊ မြေ၊ ဒေသ၊ ရာသီဥတုကွဲပြားမှုအလိုက် ဘွဲ့လွန်သုတေသနများစွာ ပြုလုပ်နေကြပါသည်။ တွေ့ရှိချက်များမှ တောင်သူလယ်သမားဦးကြီးများ၏ မြေဆီလွှာအာဟာရဓာတ် ပြန်လည်ပြည့်ဖြိုးလာရေးကို ဦးစားပေးရင်း တစ်ချက်ခုတ်၊ နှစ်ချက်ပြတ် ဓာတ်မြေဩဇာအစားထိုးလုပ်ငန်းများကို ရေရှည်ဆောင်ရွက်လျက်ရှိနေကြပါသည်။
နိုင်ငံတကာတွင် စိုက်ပျိုးရေးနှင့် မွေးမြူရေးတွဲဖက်ထားသော စားကျက်ပဲ စိုက်ပျိုးပြုစုထုတ်လုပ်ရေးကို ရှေးနှစ်ပေါင်းများစွာကတည်းက ဆောင်ရွက်နေကြပုံ၊ အသား၊ နို့ထုတ်လုပ်မှုလည်း တိုးတက်၊ မြေဆီလွှာအာဟာရဓာတ်လည်း တိုးတက်လာနေပုံများကိုလည်း ဆက်လက်ရေးသား ဆွေးနွေးပါဦးမည်။ ။
မှီငြမ်းကိုးကား -
Gutteridge, R.C. and Shelton, H.M. (1994). Tropical Tree Legumes. CAB International. 313p.
