Skip to main content

သတင်းစာတစ်စောင်၏ တန်ဖိုး

ဒေါက်တာသန့်စင်(ရူပဗေဒ)

သတင်းစာတစ်စောင်ကို ဖတ်လိုက်ရခြင်းသည် ကိုယ့်နိုင်ငံနှင့် ကမ္ဘာ့နိုင်ငံအနှံ့၌ အဓိကဖြစ်ပျက်ပြောင်းလဲနေမှုများကို အိမ်မှနေ၍ ထိုင်ကြည့်နေရသည့် ကြေးမုံမှန်ချပ်တစ်ချပ်ကို ကြည့်နေရသလို ဖြစ်ပါသည်။

လူသားတို့သည် မိမိတို့၏ ကျန်းမာရေး၊ စားဝတ်နေရေးအတွက် နေ့စဉ်လှုပ်ရှား ရုန်းကန်အလုပ်လုပ်ကြရပါသည်။ ထို့အတွက် မိမိတစ်ဦးတည်း နေထိုင်၍မရပါ။ အိမ်ပတ်ဝန်းကျင်၊ အလုပ်ပတ်ဝန်းကျင်၊ မိမိနိုင်ငံ၏အကြောင်းနှင့် ကမ္ဘာတစ်ဝန်းရှိ အခြားသူများ မည်သို့လှုပ်ရှားလုပ်ဆောင်နေကြသည်ကို မျက်ခြည်မပြတ် လေ့လာကြည့်ရှုနေရန် လိုအပ်ပါသည်။ ထိုအကြောင်းအရာများကို နေ့စဉ်ထုတ် သတင်းစာများ၊ ရုပ်မြင်သံကြား၊ ရေဒီယို၊ အွန်လိုင်းတို့မှရယူနိုင်ပါသည်။ သူတို့၏အဖြစ်အပျက်၊ သတင်းအကြောင်းအရာများကို အခြေခံကာ မိမိ၏မိသားစုအတွက် အကျိုးရှိသည့် သတင်းအချက်အလက်များကို ရယူပြီး ကြိုတင်ပြင်ဆင် ဆောင်ရွက်နိုင်ပါသည်။

ကျွန်တော်သည် ငယ်စဉ်က မုံရွာမြို့၌ နေထိုင်စဉ် အဘိုးဖြစ်သူက အိမ်တွင်ဖတ်ရှုရန် သတင်းစာ တစ်စောင်လစဉ်ယူထားပါသည်။ “လုပ်သားပြည်သူ့နေ့စဉ်” သတင်းစာဟု ထင်ပါသည်။ အလယ်တန်းကျောင်းသားဘဝ ကျောင်းမှအပြန်တွင် ထိုသတင်းစာကို ဖတ်ဖြစ်အောင်ဖတ်ပါသည်။ ကျွန်တော့်အကြိုက်ကာတွန်းများ (ထိုစဉ်အခါက အခန်းဆက်ကာတွန်းများ ပါဝင်ပါသည်။) သိပ္ပံ ဗဟုသုတ အကြောင်းအရာများကို ဖတ်ရှုပါသည်။

အထက်တန်းကျောင်းသားဘဝတွင် သတင်းစာတွင်ပါသော ဆောင်းပါးများ၊ သတင်းများကို စိတ်ဝင်စားစွာ လေ့လာဖတ်ရှုသည့်အကျင့် ရှိလာပါသည်။ သူငယ်ချင်းများနှင့် သတင်းအကြောင်းအရာများကို ပြောဆိုဆွေးနွေးကြပါသည်။ ကျွန်တော်တို့ မြို့၌ သတင်းစာက တစ်ရက်နောက်ကျမှ ရောက်ရှိပါသည်။ ရန်ကုန်မှ ရထား၊ ကားတို့ဖြင့် ပို့ရခြင်းဖြစ်ပါသည်။ မြို့အတွင်းရှိ လက်ဖက်ရည်ဆိုင်အချို့တွင် နေ့စဉ်ထုတ်သတင်းစာကို ဖတ်ရှုနိုင်ပြီး တစ်ခါတစ်ရံ အလှည့်ကျစောင့်ဖတ်ရပါသည်။ တက္ကသိုလ်ကျောင်းသားဘဝတွင် မန္တလေးတက္ကသိုလ် အောင်မင်္ဂလာဆောင်၌ သတင်းစာနှစ်စောင်ကို အဆောင်ဧည့်ခန်းတွင် နေ့စဉ်ဖတ်ရှု ဖြစ်ပါသည်။ ထိုသတင်းစာဖတ်သည့်အကျင့်က ယခုပင်စင်ယူပြီးသည့်အထိ စွဲလမ်းနေပြီး နံနက်အိပ်ရာထ လက်ဖက်ရည်သောက်ရင်း ကြေးမုံသတင်းစာကို အမြဲဖတ်ရှုလေ့ရှိပါသည်။

ပထမဆုံး ထုတ်ဝေသည့်သတင်းစာ

မြန်မာနိုင်ငံ၌ မြန်မာနိုင်ငံသားပိုင် ပထမဆုံးထုတ်ဝေသည့်သတင်းစာမှာ မင်းတုန်းမင်းလက်ထက် ထုတ်ဝေသည့် ရတနာပုံသတင်းစာ ဖြစ်ပါသည်။ ပထမဆုံးဖြန့်ချိသည့်နေ့မှာ ၁၈၇၄ ခုနှစ် မတ်လ ၉ ရက်နေ့ဟု သိရပါသည်။ ပထမအင်္ဂလိပ်-မြန်မာစစ်ပွဲအပြီး အင်္ဂလိပ်တို့အောက်မြန်မာပြည်ကို ရပြီးနောက် မော်လမြိုင် ခရော်နီကယ် (Maulmain Chronicle) သတင်းစာကို အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေခဲ့ဖူးသည်ဟု သိရပါသည်။

နိုင်ငံအသီးသီးတွင် သတင်းစာများကို ဘာသာအသီးသီးဖြင့် ထုတ်ဝေကြပါသည်။ တချို့သတင်းစာများက မြို့နယ်တစ်မြို့နယ်အတွက်ဖြစ်သည်။ တချို့က ပြည်နယ်အတွက် ထုတ်သည်။ တချို့က နိုင်ငံအတွက်ထုတ်သည်။ ထို့အတူ သတင်းစာကို နံနက်ပိုင်းထုတ်ဝေသည့် သတင်းစာ၊ ညနေပိုင်း ထုတ်ဝေသည့်သတင်းစာဟူ၍ အချိန်ခွဲခြားထုတ်ဝေကြပါသေးသည်။ သတင်းစာဖတ်သူဦးရေအများဆုံးက ဥရောပတိုက်၊ မြောက်အမေရိကတိုက်မှ နိုင်ငံများဖြစ်ကြပြီး အင်္ဂလိပ်လူမျိုး၊ ဂျပန်လူမျိုးတို့ သည် သတင်းစာကို စွဲလမ်းစွာ ဖတ်ရှုကြသည်ဟု သိရပါသည်။

မြန်မာနိုင်ငံ၌ ထုတ်ဝေသည့် သတင်းစာများတွင် နိုင်ငံပိုင် မြန်မာ့အလင်းသတင်းစာကို ၁၉၁၄ ခုနှစ်တွင် စတင်ထုတ်ဝေခဲ့ပါသည်။ ယခုအခါ သတင်းစာမျက်နှာ ၃၂ မျက်နှာ ပါဝင်ပြီး ရောင်စုံသတင်းစာဖြစ်ပါသည်။ ထို့အတူ ကြေးမုံသတင်းစာသည်လည်း နိုင်ငံပိုင် ရောင်စုံသတင်းစာဖြစ်ကာ ၁၉၅၇ ခုနှစ်တွင် စတင်ထုတ်ဝေခဲ့ပြီး စာမျက်နှာ ၃၂ မျက်နှာဖြင့် နေ့စဉ်ထုတ်ဝေနေပါသည်။ ရန်ကုန်မြို့အပြင် အခြားသက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ် မြို့အချို့တွင် ကိုယ်ပွားသတင်းစာတိုက်များထားရှိ ကာ စာဖတ်ပရိသတ်များ နေ့စဉ်သတင်းစာဖတ်ရှုနိုင်ရန် ဆောင်ရွက်ပေးလျက်ရှိပါသည်။ သတင်းစာ၏အဓိကအချက်မှာ သတင်းဖြန့်ချိမှုပင်ဖြစ်ပါသည်။

ဒီမိုကရေစီနိုင်ငံများတွင် သတင်းစာသည်လည်း အရေးပါ

သတင်းစာများတွင် သတင်းအပြင် ဗဟုသုတ၊ ရသဖြစ်စေသည့် ဆောင်းပါး၊ ကာတွန်း၊ ခေါင်းကြီး၊ အင်တာဗျူးများကိုပါ ထည့်သွင်းဖော်ပြတတ်ကြပါသည်။ အခါအားလျော်စွာ ထုတ်ပြန်သည့် နိုင်ငံတော်၏ အမိန့်၊ ဥပဒေ၊ ပြန်တမ်းများကိုလည်း အဓိကထားထည့်သွင်းဖော်ပြပါသည်။ လူတို့အတွက် နား၊ မျက်စိက အရေးပါသလို ဒီမိုကရေစီနိုင်ငံများတွင် သတင်းစာသည်လည်း အရေးပါပါသည်။

နေ့စဉ်ထုတ်သတင်းစာတစ်စောင်ဖြစ်မြောက်ရန် သတင်းထောက်များ၊ သတင်းစာတိုက်ရှိဝန်ထမ်းများ နေ့ညမအား စုပေါင်းလုပ်ဆောင်ရပါသည်။ သတင်းထောက်၊ စာတည်း၊ တာဝန်ခံစာတည်း၊ ဘာသာပြန်စာတည်း၊ ကြော်ငြာစာတည်း၊ စာပြင်၊ စာတည်းမှူးချုပ်နှင့် တာဝန်ရှိသူအဆင့်ဆင့်တို့သည် လည်းကောင်း၊ သတင်းစာကို ပုံနှိပ်သည့် ပုံနှိပ်ဝန်ထမ်းများ၊ ဖြန့်ချိရေးတာဝန်ရှိသူများသည်လည်းကောင်း များပြားသည့် တာဝန်များကို နေ့၊ ည အချိန်ခွဲကာ ထမ်းဆောင်ကြရပါသည်။ ထိုသို့ထမ်းဆောင်မှသာ သတင်းစာကောင်းတစ်စောင် အချိန်မီထွက်ရှိလာမည်ဖြစ်ပါသည်။

သတင်းဆိုင်ရာ စာတည်းအဖွဲ့ဝင်များက နောက်ဆုံးရသတင်းမျိုးစုံကို ဖတ်ရှုမှတ်သားရပြီး ထိုသတင်းများအနက်မှ အရေးကြီးသည့်သတင်း၊ ထည့်သင့်ထည့်ထိုက်သော သတင်းများကို ရွေးချယ် ထည့်သွင်းရပါသည်။ ထို့အတူ အနယ်နယ်အရပ်ရပ်မှ စာမူရှင်များ ပေးပို့လာသော သတင်းများ၊ ဆောင်းပါးများကိုလည်း ရွေးချယ်၍ တည်းဖြတ်မွမ်းမံပြီး ထည့်သွင်းကြပါသည်။ သတင်းစာ တစ်စောင်တွင် ခေါင်းကြီးပိုင်းသည် နိုင်ငံတော်၏ ယနေ့အရေးကြီးသည့် လုပ်ဆောင်ချက်များကို အဓိကထားရေးသားလေ့ရှိပါသည်။

နိုင်ငံအကြီးအကဲများနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ဝင်များ၏ နေ့စဉ်ဆောင်ရွက်မှုများ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၏ သတင်းများ၊ ခရိုင်/ မြို့နယ်အဆင့် တာဝန်ရှိသူများ၏ လှုပ်ရှားမှုသတင်းများ၊ ကျန်းမာရေး၊ ပညာရေး၊ မိုးလေဝသ၊ စိုက်ပျိုးရေး၊ စီးပွားရေးအခြေအနေများကို သတင်းစာများတွင် အချိန်နှင့်တစ်ပြေးညီ ဖတ်ရှုမှတ်သား လေ့လာနိုင်ကြပါသည်။ နိုင်ငံတကာမှ စီးပွားရေး၊ လူမှုရေး၊ စစ်ရေး၊ သိပ္ပံနည်းပညာ သတင်းများကိုလည်း ဖတ်ရှုကြရပါမည်။

ထို့အပြင် သတင်းစာများတွင် အိမ်ခြံမြေအမည်ပြောင်း၊ ပိုင်ဆိုင်ဝယ်ယူမှုကြော်ငြာများ၊ နာရေးကြော်ငြာများ၊ ကုမ္ပဏီများ၏ ကြော်ငြာများ၊ လူမှုရေးကြော်ငြာများ စသည်တို့သည် စာဖတ်ပရိသတ် စိတ်ဝင်တစားဖတ်ရှုလေ့ရှိကြသည့် စာမျက်နှာများဖြစ်ပါသည်။

တစ်ခါက နိုင်ငံခြားမှ ကျွန်တော်၏ မိတ်ဆွေတစ်ဦးက အမေရိကန်နိုင်ငံရှိ သူ၏မိခင်သည် ၁၉၆၂ ခုနှစ်တွင် ထိုစဉ်က တက္ကသိုလ်ဝင်စာမေးပွဲကို အောင်မြင်ခဲ့ကြောင်းနှင့် သူ့မိခင်တို့ခေတ်က စာမေးပွဲအောင်စာရင်းများကို သတင်းစာများတွင် ထည့်သွင်းဖော်ပြပေးကြောင်း ပြောပါသည်။ သူ့မိခင်၏ ခုံနံပါတ်နှင့် စာဖြေဌာနကို ပြောပြီး ထိုသတင်းစာကိုတွေ့ရှိပါက မိတ္တူကူးပေးပါရန် အကူအညီ တောင်းလာပါသည်။ ကျွန်တော်က ရန်ကုန်မြို့ရှိ တက္ကသိုလ်များဗဟိုစာကြည့်တိုက်သို့ သွားကာ စာကြည့်တိုက်မှူးအား အကူအညီတောင်းကြည့်ပါသည်။ စာကြည့်တိုက်မှူးနှင့် ဝန်ထမ်းများ၏အကူအညီဖြင့် စာကြည့်တိုက်တွင် သိမ်းဆည်းထားသော ခေတ်အဆက်ဆက် သတင်းစာများမှ ထိုစာမေးပွဲအောင်စာရင်းပါ သတင်းစာကို မိတ္တူကူး၍ရရှိခဲ့ပါသည်။ သတင်းစာကို စုစည်းမှတ်တမ်းထား ခြင်း၏အကျိုးကျေးဇူး၊ သမိုင်းမှတ်တမ်းဖြစ်ပါသည်။

လအလိုက်၊ နှစ်အလိုက်၊ စနစ်တကျ သိမ်းဆည်းထား

နိုင်ငံအသီးသီး၏ အမျိုးသားစာကြည့်တိုက်များ၊ အမျိုးသားမော်ကွန်းတိုက်များ၊ တက္ကသိုလ်စာကြည့် တိုက်များ၊ အခြားစာကြည့်တိုက်အမျိုးမျိုးတို့သည် နေ့စဉ်ထုတ်သတင်းစာများကို လအလိုက်၊ နှစ်အလိုက် စနစ်တကျ သိမ်းဆည်းထားကြပါသည်။ ခေတ်အဆက်ဆက် သတင်းစာများကို ဖတ်ရှုလိုပါက အမျိုးသားစာကြည့်တိုက်၊ တက္ကသိုလ်စာကြည့်တိုက်တို့တွင် သွားရောက်ဖတ်ရှုနိုင်ပါသည်။ သတင်းစာများက ပြောပြသော ခေတ်အသီးသီး၏ အဖြစ်အပျက်သမိုင်းမှတ်တမ်းများကို တန်ဖိုးရှိစွာ လေ့လာဖတ်ရှုမှတ်သားနိုင်ပါသည်။

သတင်းစာတစ်စောင်၏တန်ဖိုးကို ငွေကြေးဖြင့် တန်ဖိုးဖြတ်၍ မရနိုင်ပါ။ ထိုသတင်းစာတွင် ပါဝင်သော အချက်အလက်သတင်းများ၊ ဆောင်းပါးများ၊ အသိပေးကြေညာချက်များ၊ နှိုးဆော်ချက်များ၊ ကမ္ဘာ့သတင်းများ၊ နိုင်ငံ့သတင်းများက လူသားတို့အတွက် နေ့စဉ်တန်ဖိုးရှိသဖြင့် သတင်းစာတစ်စောင်၏တန်ဖိုးက ပြည်သူတိုင်းအတွက် တန်ဖိုးဖြတ်မရသည့် စာစောင်တစ်ခုဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။