Skip to main content

အပြောင်းအလဲနှင့်အတူ ထိရောက်မှုရှိ ချွေတာရာရောက်သည့် EV ဥပမာ

မိုးမြင့်

လောကကြီး၌ မပြောင်းလဲသော အရာဟူ၍ မရှိနိုင်ပါ။ ဘာမှမမြဲတတ်သည့် သဘောတရားတစ်ခုမို့ ပြောင်းလဲနေရမည်သာ။ အချိန်နှင့်အမျှ ပြောင်းနေရမည်၊ အခြေအနေအရ ပြောင်းလဲရမည်၊ သဘာဝနိယာမအရလည်း ပြောင်းနိုင်သည်။ အပြောင်းအလဲဟူသည် ပုံစံပြောင်းသွားတာမျိုး၊ အခြေအနေတွေ ပြောင်းတာမျိုးဖြစ်နိုင်သည်။ အတွေးအခေါ်၊ အလေ့အထ၊ မူဝါဒ၊ စျေးကွက်များ ပြောင်းလဲနိုင်သည်။ အရေးကြီးသည်မှာ ပြောင်းလဲမှုမှန်သမျှ တိုးတက်မှုဆီ ဦးတည်နေရန်သာ။ တစ်ခုခုကို ပြောင်းလဲခြင်းက အဆိုးဘက်မဟုတ်၊ အကောင်းဘက်သာဖြစ်ရမည်။ ပို၍ဆိုးသွားဖို့မဟုတ်၊ ပို၍ကောင်းသွားဖို့ဖြစ်ရမည်ဟု ဆိုလိုခြင်းဖြစ်သည်။

ကုန်ကျစရိတ်ကြောင့် ရေပန်းစားလက်ခံသူများလာသည်

မိမိတို့ဝန်းကျင်မှာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအပြောင်းအလဲအချို့ရှိခဲ့သည်။ အပြောင်းအလဲကို လိုချင်ကြသော်လည်း ပြောင်းလဲမှာကို ကြောက်သူတွေလည်း ရှိသည်။ အမှန်တကယ် မပြောင်းနိုင်လို့ ဖြစ်ချင်ဖြစ်မည်။ မယုံကြည်လို့လည်း ဖြစ်နိုင်သည်။ ကိုယ်ကျိုးစီးပွားထိခိုက်မှာစိုး၍လည်း ဖြစ်နိုင်သည်။ ထိုပြောင်းလဲမှုများစွာထဲမှာ လျှပ်စစ်ကား (Electric Vehicle - EV) အပြောင်းအလဲတစ်ခုဆီ ကြည့်ကြစို့ရဲ့။

အပြောင်းအလဲတစ်ခု အောင်မြင်မှု ရှိ မရှိ မှတ်ကျောက်တင်ခံနိုင်ရမည်ဟု ဆိုသည့်အတွက် မြန်မာနိုင်ငံတွင် EV များ ရေပန်းစားလာမှု၊ ပြောင်းလဲသုံးစွဲမှုပမာဏများလာသည်ကို ကြည့်၍ လူထု၏ လက်ခံနိုင်မှုသည် အတိုင်းအတာတစ်ခုအထိ တိုးတက်လာသည်ဟု ဆိုနိုင်သည်။ EV အပြောင်းအလဲဆိုသည်က မြန်မာနိုင်ငံတစ်ခုတည်းမဟုတ်၊ ကမ္ဘာပေါ်မှာပါ ပြောင်းလဲသုံးစွဲမှုများလာနေသည်ကို သတိပြုရမည်။ ရိုးရိုးလောင်စာသုံး ကားနေရာတွင် လျှပ်စစ်စွမ်းအင်သုံးကားများ နေရာယူလာသည်မှာ အချိန်အတော်ကြာခဲ့ပါပြီ။ အခြေအနေချင်း မတူသော်လည်း မြန်မာနိုင်ငံ၏ လက်ရှိအနေအထားအရ EV ဘက် ပြောင်းလဲသုံးစွဲရန် အချိန်တန်လာပြီဖြစ်သည်။

ကျွန်တော်တို့ ပြည်သူများ ရေနံလောင်စာကို စျေးကြီးကြီးနှင့် သုံးစွဲရမှုဒဏ်ကို သည်းခံနိုင်စွမ်းအားမှာ အကန့်အသတ်နှင့်သာ ဖြစ်သင့်သည်။ လောင်စာဆီနှုန်းထားနှင့် လျှပ်စစ်မီတာနှုန်းထား ဈေးနှုန်းကွာခြားချက်က ယခုလိုအချိန်မှာ လွန်စွာသိသာပါသည်။ လျှပ်စစ်ကားပြောင်းလဲသုံးစွဲမှုက နေ့စဉ်မောင်းနှင်နေရသည့် လောင်စာဆီကုန်ကျစရိတ်ကို များစွာလျှော့ချပေးနိုင်သည်ကို လက်ခံသူများလာသည်။ ထို့ကြောင့် လောင်စာဆီနေရာတွင် လျှပ်စစ်ဘက်ထရီကို ပြောင်းလဲသုံးစွဲဖို့ အမြန်စဉ်းစားသင့်ပြီဟု ဆိုချင်သည်။ ကမ္ဘာ့စွမ်းအင်စစ်ပွဲနှင့် စွမ်းအင်အပြောင်းအလဲက စက်သုံးဆီသုံးစွဲမှုချွေတာရေးအတွက် တွန်းအားပေးသည့် တပ်လှန့်ခေါင်းလောင်းသံအလား နိုးကြားနေရမည်။ စက်သုံးဆီကုန်ကျစရိတ်နှင့် အင်ဂျင်ဝိုင်ကုန်ကျစရိတ်အတွက် သက်သာဖို့ နည်းလမ်းကို ရှာဖွေလိုလျှင် EV Mindset အတိုင်း လိုက်ပါစီးမျောရုံသာရှိသည်။

ပြုပြင်ထိန်းသိမ်းစရိတ် သက်သာသည်မှာ

ကုန်ကျစရိတ်အပြင် လောင်စာဆီသုံးကားများကို နေ့စဉ်အချိန်ပေး၍ ထိန်းသိမ်းပြုပြင်နေရမှုများ အပေါ်မှာကော စိတ်ပျက်ညည်းတွားနေရမှုများကို အဖြေရှာသင့်ပါပြီ။ မိမိလက်ရှိပိုင်ဆိုင်ထားသော ကားတစ်စီး၏ ရှုပ်ထွေးသော အင်ဂျင်အစိတ်အပိုင်းများအတွက် အလုပ်ရှုပ်၊ အချိန်ကုန်နေရမှုကို EV က သက်သာအောင် လုပ်ပေးနိုင်ပြီလား။ အင်ဂျင်အစား ဘက်ထရီ၏ လျှပ်စစ်စွမ်းအင်နှင့် လည်ပတ်သော လျှပ်စစ်မော်တာအမျိုးအစား EV တွင် ပါဝင်သည်ကို သိကြပါသည်၊၊

EV တွင် သုံးစွဲသော ဘက်ထရီသည် Lithium- ion ဘက်ထရီဖြစ်၍ စွမ်းအင်ကို များစွာသိုလှောင်ထားနိုင်ပါသည်။ လျှပ်စစ်မော်တာ၏ အရွေ့စွမ်းအင်က အင်ဂျင်၏ စွမ်းအင်ထက် များစွာသာလွန်ပြီး မော်တာ၏ လှည့်အား၊ လိမ်အားကလည်း ကား၏ အရှိန်မြှင့်တင်ရာတွင် အကူအညီဖြစ်စေသည်ဟု ဆိုသည်။ အင်ဂျင်ဝိုင်မလိုသည့်အတွက် အင်ဂျင်ဝိုင်အဖိုးအခအပြင် အင်ဂျင်ဝိုင်ကို နေ့စဉ်စစ်ဆေးနေရန်လည်း မလိုအပ်တော့ပါ။ အင်ဂျင်အုံ မပါသည့်အတွက် ပစ္စည်းအပိုလည်း ထည့်လို့ရသည့် အကျယ်အဝန်းကို ရရှိသေးသည်။ ဂီယာအုံမပါသည့်အတွက် ဂီယာဘောက်နှင့် ပလပ်များအတွက် ပြုပြင်ထိန်းသိမ်းစရာလည်း မလို၊ ပြုပြင်စရိတ်ခ သက်သာသည့်အတွက် များစွာခေါင်းစားစရာလည်း မလိုအပ်တော့။ အင်ဂျင်မပါသဖြင့် အင်ဂျင်တုန်ခါမှုမရှိ၊ အသံဆူညံမှုမရှိ။ ဓာတ်ဆီ၊ ဒီဇယ်ကားများထက် သက်သောင့်သက်သာရှိနိုင်သည်မှာ အားသာချက်တစ်ခုဖြစ်သည်။

နည်းပညာပိုင်းအားသာချက်နှင့်အတူ သဘာဝပတ်ဝန်းကျင်အတွက်ပါ စဉ်းစားရန်

လောင်စာဆီသုံးကား အိတ်ဇောမှ ထွက်သည့် ကာဗွန်ဒိုင်အောက်ဆိုက်လို အဆိပ်ငွေ့မျိုးက လူ့ကျန်းမာရေးနှင့် သဘာဝပတ်ဝန်းကျင်ကို ဆိုးဆိုးရွားရွား ထိခိုက်စေသည်မှာ အားနည်းချက်တစ်ခု ဖြစ်နေသည်။ အင်ဂျင်ကားနှင့် မီးခိုးမထွက်၊ အိတ်ဇောမပါသည့် ဘက်ထရီကားများ၏ အားသာ၊ အားနည်းချက်ကို စဉ်းစားရာတွင် အရေးအကြီးဆုံးက ကျန်းမာရေးနှင့် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်ရမည့် တာဝန်နှင့်ယှဉ်၍ စဉ်းစားရန် တာဝန်ရှိခြင်းပင်ဖြစ်သည်။ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်ပြီး မိမိပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေဖြစ်မည့် EV မျိုးကို ပြောင်းလဲသုံးစွဲခြင်းဖြင့် သင့်ကျန်းမာရေးကို စောင့်ရှောက်ရာရောက်သလို သဘာဝပတ်ဝန်းကျင်အားလည်း ကယ်တင်ရာရောက်သည်ကို အားသာချက်တစ်ခုအနေဖြင့် မြင်သင့်ပါသည်။

ထို့အပြင် ခေတ်နှင့်အညီ တိုးတက်လာသော နည်းပညာမြင့် EV များ၏ အရည်အသွေးများကိုလည်း ကြိုတင်လေ့လာထားသင့်ပါသည်။ စွမ်းအားမြင့်ဘက်ထရီများတွင် ဘက်ထရီသက်တမ်းရှည် ကြာအောင် အားသွင်းနိုင်မှုအခြေအနေ၊ ပူလွန်း/ အေးလွန်းမရှိအောင် အပူချိန်ထိန်းချုပ်နိုင်စွမ်းအား၊ ဗို့အားထိန်းချုပ်နိုင်မှု စနစ်များတွင် ပိုမိုတိုးတက်လာမည့် အလားအလာများ တွေ့နေရသည်။ အချို့ကားများတွင် EV ဘက်ထရီနှင့် အိမ်သုံး/ ဓာတ်အားလိုင်း အပြန်အလှန်မျှဝေဖြန့်ဝေမှုများ ရှိလာနိုင်ပြီဟု ဆိုသည်။ AI နည်းပညာနှင့်အတူ ခရီးလမ်းကြောင်းကို အလိုအလျောက် ထိန်းညှိမှုစနစ်၊ အလိုအလျောက် ဘရိတ်စနစ်၊ ခရီးဝေးတစ်လျှောက် အားသွင်းစခန်းရှိမှု မရှိမှုနှင့် ခရီးမိုင်အကွာအဝေး တွက်ချက်မှုစနစ်များ စသည့်နည်းပညာပိုင်းအရ အားသာချက်များကိုလည်း လေ့လာမိပါသည်။

အားသာချက်များနှင့်အတူ စိန်ခေါ်မှုကား ရှိစမြဲ

မည်သည့် အပြောင်းအလဲမှာမဆို စိန်ခေါ်မှုဟူသည် အနည်းနှင့်အများ ရှိသည်သာ။ စိန်ခေါ်မှုကို ကြောက်၍ အချို့သောအရာတွေကို မပြောင်းလဲ၍လည်း မဖြစ်ပါ။ EV ကိစ္စမှာလည်း ထို့အတူ။ EV  များအတွက် အားသွင်းစခန်း Charging Station များက မြို့ကြီးများတွင်သာ ရှိနေနိုင်သေးသည်။ ထို့ကြောင့် နယ်ဝေးခရီးသွားများအတွက် အခက်အခဲရှိနိုင်သည်။ ထို့ပြင် အားသွင်းကြာချိန်ကလည်း စကားပြောသည်။ ဓာတ်ဆီ / ဒီဇယ်ထည့်ဖို့ အချိန်မကြာသော်လည်း လျှပ်စစ် Charging အတွက်တော့ Fast charging ၊ အိမ်သုံးမီတာအပေါ် မူတည်၍ မိနစ် ၃၀ မှသည် ၈ နာရီခန့်အထိ အချိန်ပေးရလိမ့်မည်။ ကိုယ်ပိုင်အားသွင်းကိရိယာဆောင်၍ ညအိပ်ချိန်မှာ သွင်းထားပြီး ဖြေရှင်းနိုင်သည်။

ဘက်ထရီအပြည့် သွင်းထားသော်လည်း ခွင့်ပြုထားသည့် ကီလိုမီတာ ကန့်သတ်ချက်ကြောင့် ခရီးဝေးသွားလျှင် အားကုန်သွားမလား စိုးရိမ်ရသည်။ လျှပ်စစ်မီးအခက်အခဲက ပြောစရာတစ်ခုဖြစ်နေသလို အားသွင်းခနှုန်းထားမှာလည်း အပြောင်းအလဲများ ရှိနိုင်သည်။ ထိုအချက်များကား မူဝါဒပိုင်းဆိုင်ရာနှင့် ရေရှည်အစီအမံများဖြင့် ဖြေရှင်းနိုင်ပါမည်။ ထို့ပြင် EV ကားသမားများမှာ သူတို့ကား ဘက်ထရီသက်တမ်းကုန်၍ အသစ်လဲရမည့် ကုန်ကျစရိတ်အပေါ် စိုးရိမ်ရပြန်သည်။

သို့သော် ဘက်ထရီသက်တမ်းဆိုသည်က အလေ့အကျင့်ကောင်းများရှိလျှင် အဆင်ပြေပါသည်။ ၈ နှစ်၊ ၁၀ နှစ်ခန့်ကြာနိုင်သည့် ဘက်ထရီသက်တမ်းနှင့် ရှည်လျားသော ယင်းကာလအတွင်း သက်သာရာရခဲ့သည့် ကုန်ကျစရိတ်များကို ကြိုတင်တွက်ချက် စုဆောင်းထားရှိသင့်ပါသည်။ ထို့ပြင် ဆောင်ရန်၊ ရှောင်ရန်များကို လိုက်နာနိုင်ရန်လည်း လိုပါသည်။ ဘယ်လိုအခြေအနေမှာ အလွန်အကျွံ အားမသွင်းသင့်ပါသလဲ၊ အောက်ဆုံးသုညအထိ အားသွင်းသင့်ပါသလား၊ အမြန်အားသွင်း DC ထက် ရိုးရိုးအားသွင်း အိမ်သုံး AC ဖြင့် အားသွင်းခြင်းက ပို၍ အဆင်ပြေနိုင်ပါသည်။ ကားကို မသုံးဘဲ ကြာရှည်ရပ်မထားသင့်၊ နေပူပြင်းပြင်းအောက်မှာ ကြာရှည်ရပ်မထားသင့် ဆိုသော သတိပေးစကားမျိုး မကြာမကြာ ကြားဖူးကြပါလိမ့်မည်။ မောင်းနှင်နေစဉ် ဘရိတ်နင်းသည့်အခါ ရွေ့လျားစွမ်းအင်အဖြစ်မှ လျှပ်စစ်စွမ်းအင်ပြန်ရအောင် လျှပ်စစ်မော်တာက လုပ်ပေးနေကြောင်း သိထားရပါမည်။ ကောင်းတာတွေအပေါ်မှာ သတိထားပြီး ထပ်ဆင့်ဆင်ခြင်စရာတွေကို မပေါ့ဆမိရန် ဂရုစိုက်ခြင်းဖြင့် EV ၏ အားသာချက်များကို ပိုမိုပေါ်လွင်အောင် ပညာပေးရပါမည်။

ဘယ်လိုစိန်ခေါ်မှုမျိုး ဖြစ်ဖြစ်ပါ။ လက်တွေ့ EV ယာဉ်မောင်းသူများ၏ အပြောအရ EV သုံးရာတွင် ကြာရှည်သုံးလေ ပို၍တန်လေဟု ဆိုသည်။ ကုန်ကျစရိတ်အပိုင်းမှာ သိသိသာသာ ကွာခြားသွား၍ ဖြစ်သည်။ တစ်ကီလိုမျှ ကားရွေ့တိုင်းမှာ ကုန်ကျစရိတ် ဘယ်လောက်သက်သာနေပါသလဲ၊ ရှင်းရှင်းလေး တွက်ကြည့်ပြီး လျှပ်စစ်မီတာအားသွင်းခနှင့် စက်သုံးဆီစျေးကိုပဲ နှိုင်းယှဉ်ကြည့်လိုက်ပါ။

ယနေ့စက်သုံးဆီစျေးက တစ်လီတာ ငွေကျပ် ၄၅၀၀-၅၀၀၀ ဝန်းကျင်မှာ ရှိနေသည်။ အားသွင်းခက အိမ်သုံးမီတာဆိုလျှင် ၁ ယူနစ် ကျပ် ၁၂၅ - ၁၅၀၊ Station မှာဆိုလျှင် ၁ ယူနစ် ကျပ် ၇၀၀-၇၅၀ သတ်မှတ်ချက်များနှင့် တွက်ချက်ကြည့်နိုင်သည်။ အင်ဂျင်ကား ကီလိုမီတာ ၁၀၀ မောင်းလျှင် ကုန်ကျသည့် စက်သုံးဆီပမာဏနှင့် EV ကို ကီလိုမီတာ ၁၀၀ မောင်းလျှင် မီတာခကုန်ကျစရိတ် နှိုင်းယှဉ်သည့်အခါ အင်ဂျင်ကားဆီဖိုးထက် အိမ်သုံးမီတာသုံး EV ကားက ၁၅ ဆ၊ Station charging သုံး EV က သုံးဆခန့် ကုန်ကျစရိတ်မှာ ပိုမိုသက်သာသည်ဟု အမှန်တကယ် လက်တွေ့အသုံးပြုသူများ ကိုယ်တိုင်ပြောပြချက်များအရ သိရသည်။ ထို့ပြင် အင်ဂျင်ဝိုင်ဖိုး၊ ပလပ်လဲရမည့်ဝန်တာ၊ ဖီလ်တာ (Filter) ဖိုးများတွင်လည်း သက်သာသွားသည်ဟု ဆိုသည်။ ပြုပြင်ထိန်းသိမ်းမှု ကုန်ကျစရိတ်တွင်လည်း များစွာသက်သာသွားသည်။

ထို့ပြင် EV မောင်းနှင်သူတစ်ဦးတွင် ပိုမိုကောင်းမွန်သည့် စိတ်ခံစားမှုမျိုးများ ရှိနိုင်ပါသည်။ မည်သို့ ရရှိနိုင်ပါသလဲ၊၊ ကိုယ်တိုင်မမောင်းဖူးလျှင်တောင် လက်တွေ့မောင်းသူများ၏ စိတ်ခံစားချက်မျိုး မိမိကိုယ်တိုင် ခံစားဖူးပါသည်။ လျှပ်စစ်မော်တာ၏ သာလွန်ချက်ဖြင့် အရှိန်မြှင့်မောင်းနှင်နိုင်စွမ်းက လိုရာခရီးကို ပိုပြီးမြန်မြန်ဆန်ဆန် ရောက်သွားစေသလား ခံစားရသည်။ ကားမောင်းသည့်အခါ တိတ်တိတ်ဆိတ်ဆိတ်၊ စိတ်ဖိစီးမှုနည်းနည်းဖြင့် ပို၍ ခရီးရောက်ချင်ကြမည်ဟုလည်း ထင်ပါသည်။

သဘာဝပတ်ဝန်းကျင်အတွက် တာဝန်သိသူ တစ်ဦးသဖွယ် ဖွံ့ဖြိုးမှုကဏ္ဍတွင် ကိုယ်တိုင်ပါဝင်နေရသူ၏ မြင့်မြင့်မားမား ခံစားချက်မျိုးကို ဘာနှင့်မျှ လဲနိုင်မည်မထင်ပါ။ ထို့ပြင် ယခုလို စက်သုံးဆီစျေးနှုန်းများ မြင့်တက်နေသည့်အခြေအနေမှာ ကုန်ကျစရိတ်နှင့် ထိရောက်မှုကို စွမ်းဆောင်ရည်ရှိရှိဖြင့် ချွေတာတတ်သူတစ်ဦးအဖြစ် မိမိကိုယ်မိမိ ပုံဖော်နိုင်ပါလိမ့်မည်။ ယနေ့ခေတ်က အရာရာနည်းပညာခေတ်ကြီးဖြစ်နေသည်၊၊ ယခုလို နည်းပညာခေတ်တွင် ကိုယ်တိုင်လည်း နည်းပညာနောက် စီးမျောလိုက်ပါနိုင်သူ ဖြစ်နေပြီလား၊ ကောင်းမွန်သောခံစားမှု ရှိနိုင်ပါသည်။

အချုပ်အားဖြင့် ကျွန်တော်တို့အားလုံး၌ ရှိနှင့်သည့်အရင်းအမြစ်အားလုံးက အကန့်အသတ်နှင့် သာဖြစ်ပါသည်။ ဘာပဲလုပ်လုပ် စီမံခန့်ခွဲရာတွင် မိမိသုံးစွဲလိုက်သည့် ကုန်ကျစရိတ်ကို ထိထိရောက်ရောက်ရှိအောင်၊ ထိရောက်မှုအရှိဆုံး အမျိုးအစား/ နည်းလမ်းကို ရွေးချယ်နိုင်မည့် Cost-effectiveness ရှိရန်နှင့် ကုန်ကျစရိတ်ကို အနည်းဆုံးနှင့် ချွေတာနိုင်စွမ်းရှိသည့် Cost-efficiency ရှိရန်သည် အရေးကြီးလှပါသည်။ သို့မှသာ သုံးစွဲလိုက်ရသည့် အရင်းအနှီးနည်းနည်းဖြင့် အကျိုးကျေးဇူးများရာ၊ အရည်အသွေးပြည့်မီရာ Cost-benefit သို့ ဆိုက်ရောက်နိုင်ပါမည်။ ။