Skip to main content

ကမ္ဘာမြေ ငြိမ်းချမ်းဖို့ သမဝါယမများက ဝန်းရံစို့

ခန့်‌ဇော် (ကျေးလက်)

သမဝါယမဆိုတာဟာ မိမိတို့ရဲ့ စီးပွားရေး၊ လူမှုရေး ဒါမှမဟုတ် ယဉ်ကျေးမှုဆိုင်ရာ လိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်ဖို့ လူအများ ပူးပေါင်းတည်ထောင်ပြီး အဖွဲ့ဝင်တွေကိုယ်တိုင် စီမံခန့်ခွဲဆောင်ရွက်နိုင်တဲ့၊ အမြတ်အစွန်းထက် အဖွဲ့ဝင်တွေရဲ့အကျိုးစီးပွားကို ဦးစားပေးတဲ့ စီးပွားရေး/ လူမှုရေးအဖွဲ့အစည်းတွေပဲ ဖြစ်ပါတယ်။

သမဝါယမဟာ လူမှုအသိုင်းအဝိုင်းအတွင်း ယုံကြည်မှုနဲ့ စည်းလုံးညီညွတ်မှုကို တည်ဆောက်ပေးနိုင်သလို မတူကွဲပြားတဲ့ လူအုပ်စုတွေအကြား ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ပေးနိုင်ပါတယ်။ အစုအဖွဲ့စနစ်နဲ့ စုပေါင်းဆောင်ရွက်ခြင်းမှသည် ညီညွတ်ခြင်း၊ ပေါင်းစုလုပ်ဆောင်ခြင်း၊ ညှိနှိုင်းဆုံးဖြတ်လုပ်ဆောင်ခြင်း စတဲ့အလေ့အထကောင်းတွေ ရရှိစေတာကြောင့် ငြိမ်းချမ်းရေး၊ လူမှုတရားမျှတမှုနဲ့ စီးပွားရေးတည်ငြိမ်မှုတို့ကိုပါ အထောက်အကူပြုစေပြီး ဒေသခံအသိုင်းအဝိုင်းရဲ့ ခံနိုင်ရည်စွမ်းအား ကောင်းတဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ဖြစ်စေပါတယ်။

ဒါကြောင့် ကမ္ဘာတစ်ဝန်း သမဝါယမလုပ်ငန်းရဲ့ အရေးပါမှုကို အသိအမှတ်ပြုတဲ့အနေနဲ့ နှစ်စဉ်ဇူလိုင်လရဲ့ ပထမဆုံး စနေနေ့ကို အပြည်ပြည်ဆိုင်ရာသမဝါယမနေ့အဖြစ် သတ်မှတ်ကျင်းပနေခြင်းဖြစ်ပါတယ်။ ၂၀၂၆ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့ဟာ (၁၀၄) နှစ်မြောက် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ ဖြစ်ပါတယ်။ ယခုနှစ်ရဲ့ အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ ဆောင်ပုဒ်ကတော့ “ကမ္ဘာမြေ ငြိမ်းချမ်းဖို့ သမဝါယမများက ဝန်းရံစို့” (Coopera-tives for a peaceful world) ဖြစ်ပြီးငြိမ်းချမ်းတဲ့ လူ့အဖွဲ့အစည်း အသိုက်အဝန်းဖော်ဆောင်နိုင်ရေးမှာ သမဝါယမလုပ်ငန်းတွေရဲ့ အထောက်အကူပြုနိုင်မှုကို အလေးပေးဖော်ပြထားရှိပါတယ်။

မြန်မာနိုင်ငံဟာ စိုက်ပျိုးရေးကို အခြေခံတဲ့နိုင်ငံဖြစ်တဲ့အတွက် နိုင်ငံ့စားရေရိက္ခာ ဖူလုံရေးနဲ့ ပို့ကုန်ဝင်ငွေ တိုးမြှင့်ရရှိစေရေးမှာ စိုက်ပျိုးရေး လုပ်ငန်းဟာ အဓိကကျပြီး တောင်သူတွေဟာ ဒီကဏ္ဍ ရဲ့အခြေခံအကျဆုံး ကြိုးပမ်းအားထုတ်ပေးနေသူများဖြစ်ပါတယ်။ တောင်သူတစ်ဦးချင်းစီအတွက် ငွေကြေး၊ အရင်းအနှီး၊ ခေတ်မီနည်းပညာ၊ အရည်အသွေးပြည့်မီတဲ့ မျိုးစေ့နဲ့ သွင်းအားစုတွေကို အချိန်မီရရှိရေးဟာ အဓိကကျပြီး ဦးစားပေးဖြစ်ပါတယ်။ တစ်ဦးချင်းအဆင့်မှာ လက်လှမ်းမီနိုင်မှု အကန့်အသတ်ရှိတာကြောင့် သမဝါယမအစုအဖွဲ့စနစ်လို စုပေါင်းဆောင်ရွက်မှုနဲ့သာ ထိရောက်စွာ ဖြေရှင်းကျော်လွှားနိုင်မှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ ထမင်းကို အဓိကစားတဲ့နိုင်ငံဖြစ်ပြီး ဆန်စပါးကို အဓိကစိုက်ပျိုးတဲ့နိုင်ငံဖြစ်လို့ စပါးကို ကျေးလက်နေတောင်သူတွေ စိုက်ပျိုးကြခြင်းဖြစ်ပါတယ်။ ဒါကြောင့် တောင်သူဦးကြီးတွေဟာ တိုင်းပြည်ရဲ့ကျေးဇူးရှင်များဖြစ်ပြီး တောင်သူများ စားဝတ်နေရေးပြေလည် အဆင်ပြေမှ၊ စိုက်ပျိုးနိုင်မှ နိုင်ငံသားအားလုံး စားဝတ်နေရေးအဆင်ပြေမှာ ဖြစ်တဲ့အပြင် နိုင်ငံ့စီးပွားရေးလည်း အဆင်ပြေမှာ ဖြစ်ပါတယ်။

ကုန်ထုတ်လုပ်မှုစွမ်းအားဖြင့် ဈေးကွက်တည်ငြိမ်မှု

တောင်သူတွေ အဆင်ပြေပြီး ရေရှည်တည်တံ့တဲ့ စိုက်ပျိုးရေးလုပ်ငန်းဖြစ်စေဖို့ ကုန်ထုတ်လုပ်မှု စွမ်းအားကိုမြှင့်တင်ရန် မရှိမဖြစ်လိုအပ်ပါတယ်။ ထုတ်လုပ်မှုစရိတ် သက်သာဖို့/ လျှော့ချနိုင်ဖို့၊ ဈေးနှုန်းတည်ငြိမ်ဖို့နဲ့ ပန်းတိုင်အထွက်နှုန်းရရှိဖို့ ဆောင်ရွက်ပေးရမှာ ဖြစ်ပါတယ်။ ပန်းတိုင်အထွက် နှုန်းပြည့်မီမှ ကုန်ထုတ်လုပ်မှုစွမ်းအားတိုးမြှင့် လာမှာဖြစ်ပြီး ကုန်ထုတ်လုပ်မှု တိုးမြှင့်လာစေဖို့ နည်းပညာနဲ့ ငွေကြေးအရင်းအနှီး ပံ့ပိုးပေးမှုတွေလိုအပ်မှာ ဖြစ်ပါတယ်။ နည်းပညာတွေ စဉ်ဆက်မပြတ်ပေးနိုင်အောင်၊ စက်ယန္တရားတွေ လုံလုံလောက်လောက်သုံးလာနိုင်အောင် လုပ်ပေးရမှာ ဖြစ်ပါတယ်။ တစ်ဦးချင်းစီ ဆောင်ရွက်ခြင်းထက် သမဝါယမစနစ်နဲ့ စုပေါင်းလုပ်ဆောင်မှသာ လွယ်ကူမြန်ဆန်ထိရောက်မှာ ဖြစ်ပါတယ်။

သမဝါယမစနစ်နဲ့ အစုအဖွဲ့စနစ်ရဲ့ အရေးပါမှု

သမဝါယမစနစ်ဆိုတာကတော့ လူအများရဲ့ အကျိုးစီးပွားကို စိတ်တူကိုယ်တူ ပူးပေါင်းလုပ်ဆောင်ပြီး တိုးတက်အောင် ဆောင်ရွက်ခြင်းဖြစ်ပါတယ်။ တကယ့်လုံးလုံးလျားလျား Business ကြီးတစ်ခု အနေနဲ့ စီးပွားရေးဆန်ဆန်မဟုတ်ဘဲ အများအတွက် ရှေးရှုပြီး Social Economic ဆောင်ရွက်တာမျိုး ဖြစ်ပါတယ်။ အများအတွက် စုပေါင်းလုပ်ကိုင်ရာမှ တစ်ဆင့်ထုတ်လုပ်မှု ကုန်ကျစရိတ်သက်သာစေပြီး အကျိုးအမြတ်ရအောင် လုပ်ကိုင်တဲ့ပုံစံဖြစ်ပါတယ်။ အစုအဖွဲ့စနစ်ကလည်း တောင်သူတွေ၊ စိုက်ပျိုးရေးသမားတွေ၊ မွေးမြူရေးသမားတွေ၊ အသေးစား လုပ်ငန်းရှင်တွေ ပူးပေါင်းပြီးတော့ ထုတ်လုပ်မှုကဏ္ဍ ကတစ်ဆင့် ဈေးကွက်၊ ငွေကြေးကဏ္ဍတွေ ရောက်တဲ့အထိ ပူးပေါင်းစီမံဆောင်ရွက်ကြခြင်းမျိုး ဖြစ်ပါတယ်။

မြန်ဆန်သိသာတဲ့ အကျိုးရရှိမှုကတော့ စရိတ်တွေ လျှော့ချနိုင်တာဖြစ်ပါတယ်။ ဥပမာ−တစ်ယောက်စာအတွက် သီးသန့်ကို ဆန်တစ်ဘူးချက်ရပေမယ့် မိသားစုငါးယောက်စာ ပေါင်းချက်တဲ့အခါ ဆန်လေးဘူး(သို့မဟုတ်) လေးဘူးခန့်နဲ့ လုံလောက်သလိုမျိုးပါပဲလို့ ပြည်ထောင်စုဝန်ကြီးက တောင်သူများကို နားလည်လွယ်အောင် ရှင်းပြလေ့ရှိပါတယ်။ အလေအလွင့်နည်းပြီး အချိန်ကုန် သက်သာစေပါတယ်။ ဒါကြောင့် စုပေါင်းလုပ်ဆောင်ရင် ကုန်ကျစရိတ် လျှော့ချနိုင်မယ်၊ ဈေးကွက်ကို တိုးချဲ့ချိတ်ဆက်နိုင်မယ်၊ နည်းပညာတွေလည်း အစုအဖွဲ့နဲ့မျှဝေနိုင်မယ်။ အစိုးရဌာနတွေ၊ နည်းပညာ မျှဝေပေးတဲ့သူတွေအနေနဲ့လည်း အစုအဖွဲ့တွေရှိ တဲ့နေရာမှာ မျှဝေပေးမှသာ ကုန်ကျစရိတ်လည်းသက်သာပြီး ထိရောက်မှု ပိုရှိမှာဖြစ်ပါတယ်။

မျိုးနဲ့ သွင်းအားစုဓာတ်မြေဩဇာတွေကို ဝယ်ယူတဲ့အခါ အသင်းတွေကနေတစ်ဆင့် ချိတ်ဆက်ပြီးတော့ သတ်မှတ်နေရာတွေကို စုပေါင်းပို့ဆောင်ပေးပြီး အဲဒီကနေတစ်ဆင့် ခွဲဝေယူကြမယ်။ မျိုးစေ့တွေ၊ ဓာတ်မြေဩဇာတွေ၊ ပိုးသတ်ဆေးတွေ၊ စက်သုံးဆီတွေကို စုပေါင်းဝယ်ယူတဲ့အတွက် သယ်ယူစရိတ်တွေ လျှော့ချလာနိုင်မယ်၊ တစ်ဦးချင်းဝယ်ရင် ဈေးကြီးပြီး အစုအဖွဲ့နဲ့ ဝယ်တဲ့အခါ လက်ကားဝယ်ယူနိုင်တဲ့အတွက် ဈေးနှုန်းပိုမိုသက်သာသွားပါမယ်။ ဒါကြောင့် အစုအဖွဲ့နဲ့ လုပ်တဲ့အခါမှာ နိုင်ငံတော်က မျှဝေပေးတဲ့ နည်းပညာတွေကို ပိုမိုရရှိနိုင်မယ်၊ ဈေးကွက်တည်ငြိမ်မှုရှိလာပြီး နည်းပညာမျှဝေခြင်းကိစ္စတွေမှာ ပိုမိုအဆင်ပြေလာမယ်၊ ငွေကြေးအထောက်အပံ့ရရှိမှုတွေမှာ ပိုမိုလွယ်ကူ အဆင်ပြေလာပါမယ်။

စုပေါင်းစက်ယန္တရား အသုံးပြုမှု

တောင်သူတွေအနေနဲ့ တစ်ဦးတစ်ယောက်ချင်းစီက ပိုင်ဆိုင်တဲ့ လယ်နှစ်ဧကခန့်ကို စက်ငှားပြီး ထွန်ယက်ရမယ်ဆိုရင် အဲဒီထွန်စက်တွေ၊ ရိတ်သိမ်းခြွေလှေ့စက်တွေ မိမိလယ်ထဲ ရောက်ရှိအသုံးပြုနိုင်ဖို့ သယ်ယူစရိတ် စက်ငှားခတွေ အများကြီးကျသင့် ပါလိမ့်မယ်။ အဲဒီအတွက်ကြောင့် တစ်ဦးထဲက မဟုတ်ဘဲ အနီးအနားမှာရှိတဲ့ တစ်ဆက်တစ်စပ်တည်း လယ်ယာတွေက စိုက်ပျိုးချိန်၊ ရိတ်သိမ်းချိန် တူညီမယ်ဆိုရင် စက်တွေရောက်ရှိတဲ့အချိန်မှာ တစ်ပြိုင်နက်တည်း ထွန်မယ်၊ ရိတ်သိမ်းနိုင်မယ်ဆိုရင် သယ်ယူစရိတ် (Logistic Cost) တွေ သက်သာပါလိမ့်မယ်။

စက်ကိရိယာ ပိုင်ဆိုင်ဖို့အတွက်မှာလည်း ဈေးနှုန်းကြီးမြင့်တာကြောင့် တစ်ဦးချင်း ပိုင်ဆိုင်ကြဖို့ ခက်ခဲပါတယ်။ တစ်ဦးချင်းမဝယ်နိုင်ပေမယ့် အသင်းမှာပါဝင်တဲ့ လူ ၁၀ ဦး/ ၂၀ က ပိုင်ဆိုင်တဲ့ လယ်ဧက ၁၀၀ အတွက် လိုအပ်တဲ့စက်တွေကို အစုအဖွဲ့အလိုက် စုစည်းပြီး ဝယ်မယ်ဆိုရင် ဝယ်နိုင် မှာဖြစ်ပါတယ်။ စုပေါင်းဝယ်ယူမယ်၊ ထိန်းသိမ်းမယ်၊ ပြင်ဖို့ထိန်းဖို့ တာဝန်ပေးတဲ့အခါမှာ တကယ် တတ်ကျွမ်းပြီးလုပ်နိုင်တဲ့သူကို ရွေးချယ်တာဝန်ပေးမယ်ဆိုရင် ကုန်ကျစရိတ် သက်သာအောင် လုပ်နိုင်ပါလိမ့်မယ်။ သမအသင်းအဖွဲ့ပိုင်၊ အစုအဖွဲ့ပိုင် ယန္တရားများ ထားရှိနိုင်ပြီး ကျေးရွာမှာ စုပေါင်းစက် ယန္တရားစင်တာတွေ ထူထောင်နိုင်တာတွေ လုပ်လာ နိုင်မယ်ဆိုရင် ကုန်ထုတ်လုပ်မှုတွေ တိုးတက်လာပြီး ထုတ်လုပ်မှုလုပ်ငန်းစဉ်တွေ မြန်ဆန်လာမှာဖြစ်ပါတယ်။ အလုပ်သမားငှားရမ်းခ ကုန်ကျစရိတ်လည်း လျှော့ချလာနိုင်ပြီး စက်သုံးဆီစရိတ်တွေလည်း သက်သာလာမှာဖြစ်ပါတယ်။

သီးနှံဈေးကွက်နဲ့ တန်ဖိုးမြှင့်ထုတ်လုပ်မှု

လက်ရှိမှာ တောင်သူတွေဟာ စိုက်ပျိုးသီးနှံ တွေကို ကုန်ကြမ်းအနေနဲ့သာ ထုတ်လုပ်ရောင်းချ နိုင်ပြီး ကုန်ကြမ်းကိုလည်း သိုလှောင်နိုင်မှုမရှိတာ တွေ့ရပါတယ်။ တောင်သူတွေအနေနဲ့ တစ်ဦး တစ်ယောက်တည်းဆိုရင် သိုလှောင်ရုံတွေ၊ အအေး ခန်းတွေ၊ အခြောက်ခံစက်တွေလုပ်နိုင်ဖို့ ခက်ခဲမှာ ဖြစ်သလို ထုတ်လုပ်မှုမှာ တန်ဖိုးမြှင့်ထုတ်ကုန် Value Added ကို သွားနိုင်ဖို့ ခက်ပါလိမ့်မယ်။

အဲဒီလိုအနေအထားမှာ သိုလှောင်ရုံအကြီးစား တွေမဟုတ်ဘဲ အစုအဖွဲ့စနစ်နဲ့ သီးနှံသိုလှောင်ရုံလေးတွေ၊ လျှပ်စစ်မီးရတဲ့နေရာတွေမှာ အအေးခန်း၊ အခြောက်ခံစက်တွေ လုပ်ပေးတာမျိုးကို သမစနစ် အနေနဲ့ စုပေါင်းပြီး အကောင်းဆုံးဖြစ်အောင် လုပ်ပေးနိုင်ပါတယ်။ ဥပမာဆိုရင် ဆန်စက်လုပ်ငန်းရှင်တွေနဲ့ပေါင်းပြီး စပါးကို သိုလှောင်ရုံတွေမှာ ဘယ်လိုထားမလဲ၊ သိုလှောင်ခတွေ ဘယ်လိုပေးမလဲ၊ စပါးဈေးအတက်အကျပေါ်မူတည်ပြီး သိုလှောင် သိမ်းဆည်း ရောင်းချတာတွေ ဘယ်လိုလုပ်မလဲ ဆိုတာမျိုး ပေါင်းစပ်စီစဉ်လို့ ရသွားပါမယ်။ ဆီထွက် သီးနှံဆိုလည်း အလားတူပဲ ဆောင်ရွက်လို့ရပါမယ်။ သစ်သီးတွေကို အခြောက်ခံပြီး အသီးခြောက်အနေနဲ့ Value Added အဖြစ် ထုတ်လုပ်ဖြန့်ဖြူးတာတွေကို သမဝါယမစနစ်၊ အစုအဖွဲ့စနစ်နဲ့ လုပ်နိုင်လာပါမယ်။

ဌာနဆိုင်ရာတွေအနေနဲ့က Value Added ဖြစ်ဖို့ နည်းပညာသင်ကြားပေးတာ၊ ဈေးကွက်ချိတ်ဆက်တာတွေ ဆောင်ရွက်ပေးလို့ရပါတယ်။ တိုက်ရိုက် ဝယ်ယူလိုတဲ့အခါ သက်ဆိုင်ရာ အစိုးရဌာနအဖွဲ့တွေနဲ့ ချိတ်ဆက်ပေးတာ၊ Supplier တွေနဲ့ ချိတ်ဆက်ပေးတာ၊ ထုတ်ကုန်တွေအတွက် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနတွေမှာ သတ်မှတ်ထားတဲ့ မှတ်ပုံတင် Register လုပ်ပေးတာတွေ လုပ်ပေးပါမယ်။ ထုတ်ကုန်တွေရဲ့ အမှတ်တံဆိပ်တွေနဲ့ ထုပ်ပိုးမှုဒီဇိုင်းတွေ ဖန်တီးလုပ်ကိုင်ပေးမယ်ဆိုရင် အစုအဖွဲ့တွေအနေနဲ့ ဈေးကွက်ဝင်ရောက်ရှိနိုင်လာမှာ ဖြစ်ပါတယ်။

ငွေကြေးအရင်းအနှီးနဲ့ သမဝါယမဘဏ္ဍာရေးစနစ်

ပြင်ပမှာ တောင်သူတွေက တစ်ဦးချင်း ချေးငွေရယူရတဲ့အခါ အတိုးနှုန်းမြင့်မားတာကို ကြုံတွေ့ ရမှာ ဖြစ်ပါတယ်။ အတိုးနှုန်းများနေတဲ့အတွက် ထုတ်လုပ်မှုကုန်ကျစရိတ်လည်း မြင့်မားနေဦးမှာ ဖြစ်ပါတယ်။ ကျေးရွာတွေမှာ ငွေကြေးအရင်းအနှီးစနစ်တွေ လိုအပ်နေပါတယ်။ ဒါကိုတော့ နိုင်ငံတော်အစိုးရအနေနဲ့ တော်တော်များများ လုပ်ပေးထား နိုင်ပါတယ်။ နိုင်ငံတော်က နိုင်ငံ့စီးပွားမြင့်မားရေး စီမံချက်နဲ့ အတိုးနှုန်းသက်သာစွာနဲ့ သီးနှံပေါ်ပေးစနစ် ဆောင်ရွက်ပေးနေပါတယ်။ မြန်မာ့လယ်ယာ စိုက်ပျိုးရေးဘဏ်ကနေ သက်သာတဲ့အတိုးနှုန်းနဲ့ ချေးပေးပါတယ်။ သမအသင်းတွေကနေ သမဝါယမချေးငွေပေးတာရှိပါတယ်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကနေ မြစိမ်းရောင်လည်ပတ် ရန်ပုံငွေထူထောင်ပေးတာရှိပါတယ်၊ အတိုးနှုန်း အလွန်သက်သာပြီး ငါးမူးကနေ တစ်ကျပ်ခွဲအတွင်းပဲ ရှိပါတယ်။

အလားတူပဲ ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေထူထောင်ခြင်း Rural Business Fund Project ကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်ပေးနေပါတယ်။ အစုအဖွဲ့စနစ်နဲ့ ဆောင်ရွက်ရတာဖြစ်ပြီး အစုအဖွဲ့က (၂၅ ရာခိုင်နှုန်း)၊ နိုင်ငံတော်အနေနဲ့ RBF စီမံကိန်းရန်ပုံငွေ (၇၅ရာခိုင်နှုန်း) ပူးပေါင်းထည့်ဝင်ပြီး စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေ စုပေါင်း လုပ်ကိုင်ကြတာဖြစ်လို့ သမဝါယမစနစ် စစ်စစ်ဖြစ်ပါတယ်။ သမဝါယမဦးစီးဌာနအနေနဲ့ သက်တန့် ရောင်စီမံကိန်းဖြင့် မတည်ရန်ပုံငွေ ထူထောင်ပေးပြီး စိုက်ပျိုးရေးအစုအဖွဲ့၊ မွေးမြူရေးအစုအဖွဲ့တွေ ထူထောင်ကာ စနစ်ကျတဲ့ စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းတွေကို ဆောင်ရွက်နေပါတယ်။

နည်းပညာနဲ့ အသိပညာဖြန့်ဝေမှု၊ ဒီဂျစ်တယ်အသွင်ကူးပြောင်းမှု

ကုန်ထုတ်လုပ်မှုတိုးမြင့်စေဖို့ နည်းပညာကဏ္ဍကလည်း အရေးကြီးပါတယ်။ တစ်ဦးချင်းကို ပညာပေးရင် မထိရောက်နိုင်လို့ သမဝါယမအသင်းတွေ၊ အစုအဖွဲ့တွေကို စုပေါင်းပညာပေးတာက ပိုထိရောက်စေပါတယ်။ ဒီဂျစ်တယ်နည်းပညာ အသုံးချပြီး ဖုန်းကနေတစ်ဆင့် စိုက်ပျိုးမွေးမြူရေး အသိပညာဖြန့်ဝေပေးတာ၊ သီးနှံတွေ စိုက်ပျိုးထုတ်လုပ်ပြီးချိန်မှာ ရာသီဥတုကြောင့် ပျက်စီးဆုံးရှုံးရတာတွေ၊ ထုတ်လုပ်မှုလျော့ကျတာတွေ မဖြစ်ရလေအောင် အရေးကြီးတဲ့ရာသီဥတုအခြေအနေကို တာဝန်ရှိတဲ့ အစိုးရဌာနဆိုင်ရာတွေအနေနဲ့ ကြိုတင်အသိပေးတာ၊ သမအစုအဖွဲ့ ခေါင်းဆောင်တွေ၊ ကျေးရွာခေါင်းဆောင်တွေကနေတစ်ဆင့် viber တွေ၊ Application တွေမှာ ကွန်ရက်ချိတ်ဆက်ထားပြီး ကြိုတင်သတိပေးတာတွေ၊ အရေးကြီးတဲ့ ဈေးကွက် သတင်းမျှဝေပေးခြင်းတွေ တိုးချဲ့ ဆောင်ရွက်ကြရပါမယ်။

ပြည်သူတွေကလည်း အမြဲနားစွင့်ထားဖို့ လိုအပ်ပါတယ်။ ပုဂ္ဂလိက လုပ်ငန်းရှင်တွေအနေနဲ့လည်း သီးနှံမျိုး၊ သွင်းအားစုတွေရောင်းတဲ့အခါမှာ ဒီအတိုင်းရောင်းတာမျိုးမဟုတ်ဘဲ နည်းပညာတွေ ပူးပေါင်းဖြန့်ဝေပေးတာ လုပ်ရမှာဖြစ်ပါတယ်။ ဒီလိုပူးပေါင်းဆောင်ရွက်တာဟာ သမဝါယမစနစ်ပဲ ဖြစ်ပါတယ်။

အစိုးရ- ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု

အစုအဖွဲ့ရဲ့ သဘောတရားဆိုတာအိမ်တွေမှာ မိသားစုတွေ စုပေါင်းနေထိုင် ဆောင်ရွက်ကြတာ၊ရုံးတွေမှာ ဌာနတွေပေါင်းပြီး ဝန်ကြီးဌာနအဖြစ် တာဝန်ယူဆောင်ရွက်ကြတာတွေ၊ ဝန်ကြီးဌာန အချင်းချင်းပူးပေါင်းဆောင်ရွက်တာ၊ ပြည်နယ်/ တိုင်းဒေသကြီးအစိုးရအဖွဲ့တွေနဲ့ ပြည်ထောင်စုက ဝန်ကြီးဌာနတွေ ပူးပေါင်းညှိနှိုင်းဆောင်ရွက်တာတွေ စတာတွေဟာ သမဝါယမစနစ်ပါပဲ။ ပူးပေါင်း ဆောင်ရွက်တာဟာ အစုအဖွဲ့စနစ်လို့ ပြောလို့ရပါတယ်။ ဒါကြောင့် အစိုးရအဖွဲ့တွေနဲ့ ပုဂ္ဂလိကအဖွဲ့တွေရဲ့ ပူးပေါင်းဆောင်ရွက်မှုအား၊ စုပေါင်းဆောင် ရွက်မှုကိစ္စတွေကိုလည်း သမဝါယမစနစ်လို့ ယူဆလို့ ရပါတယ်။

သမဝါယမစနစ်အောင်မြင်ဖို့အတွက် အစိုးရ အဖွဲ့အနေနဲ့ လုပ်နိုင်ကိုင်နိုင်ရှိတဲ့၊ လုပ်သာကိုင်သာ ရှိတဲ့ ပတ်ဝန်းကျင်ကောင်းကို ဖန်တီးပေးနိုင်ရေးမူဝါဒတွေ လုပ်ပေးနေပါတယ်။ ဘာတွေ တိုးချဲ့ပြီး လုပ်ရမလဲဆိုတာကိုလည်း စဉ်ဆက်မပြတ်သုံးသပ်ပြီး လုပ်နေကြပါတယ်။ ယခုဆိုရင် ပြည်သူက ရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရဖြစ်တာမို့ ပြည်သူအတွက် ဘာတွေလုပ်ပေးနိုင်မလဲဆိုတာကို နေ့စဉ်နှင့်အမျှ ဆွေးနွေးတိုင်ပင်နေတယ်ဆို တာကိုလည်း ကြားသိရမှာဖြစ်ပါတယ်။

ဒါ့အပြင် အစိုးရအနေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ၊ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုတွေမှာ ပူးပေါင်းပါဝင် လုပ်ဆောင်ချင်လာအောင် ဖန်တီးပေးနေသလို လုပ်ငန်းရှင်တွေကလည်း နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်ထောင့်တစ်နေရာကနေ ပူးပေါင်းပါဝင် ဆောင်ရွက်ဖို့ တာဝန်ရှိပါတယ်။ တောင်သူတွေကို ပြန်ကြည့်ပေးဖို့လိုပါတယ်။ တိုင်းပြည်ဖွံ့ဖြိုးဖို့ တတ်နိုင်တဲ့ဘက်က ပါဝင်လုပ်ဆောင်မယ်ဆိုတဲ့စိတ်နဲ့ ဆောင်ရွက်ပေးစေလိုပါတယ်။ အလားတူ လွှတ်တော်ကိုယ်စားလှယ်တွေ ဒေသတွင်း ကွင်းဆင်းတဲ့အချိန်တွေမှာ ကျေးလက်ပြည်သူအကျိုး၊ ကျေးလက်ပြည်သူတွေရဲ့ စီးပွားရေးအတွက် ဌာနဆိုင်ရာတွေပူးပေါင်းပြီး ဆွေးနွေးလုပ်ဆောင် နေတာဟာ “ကျွဲကူးရေပါ” ထိရောက်စေပါတယ်။

အစုအဖွဲ့တွေအနေနဲ့ ဈေးကွက်ချိတ်ဆက်မှုတွေမှာ မြို့နယ်အလွန်၊ တိုင်းဒေသကြီးအလွန်၊ ပြည်ပတင်ပို့ရောင်းချမှုတွေ မဆောင်ရွက်နိုင်သေးတာဖြစ်လို့ ပုဂ္ဂလိကတွေအနေနဲ့ အစုအဖွဲ့တွေ၊ အစိုးရဌာန တွေနဲ့ ပူးပေါင်းပြီး ချိတ်ဆက်ပေးရမှာဖြစ်ပါတယ်။

ပြည်သူတွေအနေနဲ့ကလည်း ချေးငွေတွေရယူပြီးရင် အကျေပေးဆပ်ဖို့ လိုပါတယ်။ မဆပ်တာကို ခွင့်ပြုပေးလို့မရတာမို့ ဌာနတွေအနေနဲ့ကလည်း အကုန်ကောက်ရမှာဖြစ်ပြီး ထပ်မံချေးပေးဖို့ နှစ်ဦး နှစ်ဖက်အဆင်ပြေအောင် ဆောင်ရွက်ကြရမှာဖြစ်ပါ တယ်။ အထွက်နှုန်းတိုးလာဖို့ ကိုယ်တိုင်လုပ်မှရပါမယ်။ ပူးပေါင်းဆောင်ရွက်မှုတွေ မလုပ်ကြရင် ပြောင်းလဲတိုးတက်မှာမဟုတ်ပါဘူး။ အများအတွက် စဉ်းစားပြီး စုပေါင်းလုပ်တဲ့ အလေ့အကျင့်ကို မွေးမြူကျင့်သုံးကြရပါမယ်။

ရှေ့ဆက်လက်ဆောင်ရွက်ကြမယ်

အနာဂတ်မှာ သမဝါယမစနစ် ကျေးလက် စီးပွားဖွံ့ဖြိုးရေးကို အောင်မြင်အောင် အကောင် အထည်ဖော်နိုင်ဖို့ဆိုရင် -

(က)    သမဝါယမစနစ်၊ အစုအဖွဲ့စနစ်ကို တောင်သူတွေရဲ့ ယုံကြည်မှုတည်ဆောက် ဖို့အတွက် အဖွဲ့အစည်းတွေရဲ့ စွမ်းဆောင် ရည်နဲ့ ကောင်းမွန်တဲ့ စီမံခန့်ခွဲမှုစနစ်နဲ့ ဆောင်ရွက်ခြင်း၊

( ခ )   ဈေးကွက်သေချာစေဖို့ အစိုးရ-ပုဂ္ဂလိက-တောင်သူ အစုအဖွဲ့ပုံစံ၊ သမဝါယမစနစ် ပုံစံနဲ့ Win-Win-Win ဖြစ်စေတဲ့ Model ဖော်ထုတ်ပြီး ပူးပေါင်းဆောင်ရွက်ခြင်း၊

( ဂ )   ထွန်ယက်ခြင်း၊ စိုက်ပျိုးခြင်း၊ ရိတ်သိမ်း ခြင်းဝန်ဆောင်မှုတွေကို သမဝါယစနစ်၊ အစုအဖွဲ့စနစ်နဲ့ ပြောင်းလဲဆောင်ရွက်ခြင်း၊

(ဃ)   သမဝါယစနစ်၊ အစုအဖွဲ့စနစ်နဲ့မျိုးနဲ့ သွင်းအားစုတွေကို အရည်အသွေးမီ၊ ဈေးနှုန်းမှန်နဲ့ အချိန်မီရရှိစေရေး ဆောင် ရွက်ခြင်း၊

( င )   စိုက်ပျိုးမွေးမြူရေး၊ ကုန်ထုတ်လုပ်မှု၊ ဒေသထွက်ကုန်တန်ဖိုးမြှင့်ခြင်း Value Added စနစ် လုပ်ဆောင်ဖို့၊ MSMEs ဖွံ့ဖြိုးဖို့၊ ဒီဂျစ်တယ် ဈေးကွက်စနစ်တွေ ဖော်ဆောင်ဖို့တွေကို သမဝါယမစနစ်၊ အစုအဖွဲ့စနစ်နဲ့ ဆောင်ရွက်တာ၊ စုပေါင်းထုတ်လုပ်တာကြောင့် ငွေကြေးစနစ် တည်ငြိမ်စေပြီး ဝင်ငွေတိုးပွားလာစေခြင်း ဖြင့် လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်လာစေမှာ ဖြစ်ပါတယ်။

ဒီနည်းအားဖြင့် တစ်ဦးတည်း အောင်မြင်မှုထက် အစုအဖွဲ့နဲ့ အောင်မြင်မှုကို ဦးတည်ပြီး သမဝါယမ စနစ်ကို အခြေပြုတဲ့ ကျေးလက်စီးပွားရေး ဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ ဒါဟာ စိုက်ပျိုးရေးနဲ့ ကုန်ထုတ်လုပ်မှုကဏ္ဍတွေ အတွက်သာမဟုတ်ဘဲ ကဏ္ဍတိုင်း၊ လုပ်ငန်းရပ်တိုင်းမှာ ကျင့်သုံးဆောင်ရွက်သင့်တဲ့ အခြေခံမူတစ်ရပ်လည်း ဖြစ်ပါတယ်။ MSME လုပ်ငန်းတွေကို ပုဂ္ဂလိကနဲ့ သမဝါယမပုံစံနဲ့ အရှိန်မြှင့်တင် ဆောင်ရွက်သွားဖို့လည်း နိုင်ငံတော်သမ္မတက လမ်းညွှန်မှာကြားထား ရှိပါတယ်။

စုပေါင်းလုပ်ကိုင်တတ်တဲ့ အလေ့အကျင့်ကို တစ်ဦးချင်းမှ စတင်ကာ တစ်စုတစ်ဖွဲ့၊ အဲဒီနောက် အစုအဖွဲ့ပေါင်းများစွာအဖြစ် ဆင့်ကဲဖြန့်ကြက်သွားပြီး ကျေးရွာ၊ ရပ်ကွက်၊ မြို့ပြ၊ ပြည်နယ်နဲ့ တိုင်း ဒေသကြီးများ၊ နိုင်ငံအဆင့်မှသည် ကမ္ဘာတစ်ဝန်းသို့ သမဝါယမအသင်းများ ပြန့်ပွားလုပ်ဆောင်လာနိုင်စေခြင်းဖြင့် လူ့အဖွဲ့အစည်းအတွင်း ယုံကြည်မှု၊ ညီညွတ်မှုနဲ့ အပြန်အလှန်ပူးပေါင်းဆောင်ရွက်တဲ့ ယဉ်ကျေးမှုတစ်ရပ် ပေါ်ပေါက်လာစေကာ ငြိမ်းချမ်းတဲ့ လူ့အဖွဲ့အစည်းအသိုက်အဝန်းကို ဖော်ဆောင်လာနိုင်မှာဖြစ်လို့ သမဝါယမစနစ်ဟာ နိုင်ငံ့စီးပွားဖွံ့ဖြိုးရေးအတွက်သာမက ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးကို တည်ဆောက်ရာမှာလည်း အဓိကကျတဲ့ အခန်းကဏ္ဍမှ ပါဝင်နေပါကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။ ။