Skip to main content

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ထံသို့ အိတ်ဖွင့်ပေးစာ (၂)

မင်းခန့်

လေးစားအပ်ပါသော ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ကြီးခင်ဗျာ

ဒုတိယအကြိမ်မြောက် အိတ်ဖွင့်ပေးစာတစ်စောင် ထပ်မံပေးပို့အပ်ပါတယ်။ ပထမအကြိမ်ပေးစာထဲမှာ မြန်မာနိုင်ငံအပေါ် အပြုသဘောမဆောင်တဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် မစ္စဂျူလီဘစ်ရှော့ (Ms. Julie Bishop) ရဲ့ လွဲမှားနေတဲ့ လုပ်ဆောင်ချက်တွေကို ပွင့်လင်းစွာထောက်ပြအသိပေးခဲ့ပါတယ်။ ယခု ဒုတိယအကြိမ် အိတ်ဖွင့်ပေးစာမှာတော့ ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံအမြဲတမ်းကိုယ်စားလှယ် ခန့်အပ်ဖို့အတွက် အကြံပြုတိုက်တွန်းတဲ့စာဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် နိုင်ငံရေးအပြောင်းအလဲကို အကြောင်းပြပြီး နှစ်စဉ် ကုလသမဂ္ဂအထွေထွေညီလာခံ (UNGA) ကျင်းပချိန်မှာ Credentials Committee က ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံအမြဲတမ်းကိုယ်စားလှယ်ခန့်အပ်မှုကို ဆိုင်းငံ့ထားလို့ ၂၀၂၁ ခုနှစ်ကစပြီး ကုလသမဂ္ဂစင်မြင့်မှာ မြန်မာနိုင်ငံကိုယ်စားပြုသူမရှိ ဖြစ်နေရပါတယ်။

ဒါပေမယ့် ကုလသမဂ္ဂရဲ့ Credentials Com-mittee ရဲ့ လုပ်ထုံးလုပ်နည်းအရ အမြဲတမ်းကိုယ်စားလှယ်နေရာ အစားထိုးခန့်အပ်ခြင်းမပြုနိုင်သေးသလို ကိုယ်စားလှယ်အဟောင်းကို ဖယ်ရှားခြင်းမပြုလို့ မြန်မာနိုင်ငံရဲ့သစ္စာဖောက် ဝရမ်းပြေး ကျော်မိုးထွန်းက ကုလသမဂ္ဂရဲ့ အလွတ်သဘောအစည်းအဝေးတွေမှာ အကြမ်းဖက် NUG အဖွဲ့ကို ကိုယ်စားပြုပြီး မြန်မာနိုင်ငံတည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေမယ့် ဝါဒဖြန့်ချိမှုများကို ပြုလုပ်နေတာ မြင်တွေ့ကြားသိနေရပါတယ်။

အမှန်စင်စစ် ကျော်မိုးထွန်းဟာ ယခင် ၅ နှစ်ကျော်က မဲလိမ်မဲခိုးမှုကြောင့် ပြုတ်ကျခဲ့တဲ့ NLD အစိုးရက ခန့်အပ်ခဲ့တဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံ အမြဲတမ်းကိုယ်စားလှယ်တစ်ဦးဖြစ်ပါတယ်။ သူ့ကိုခန့်အပ်ခဲ့တဲ့ NLD အစိုးရဆိုတာ မြန်မာနိုင်ငံမှာ မရှိတော့လို့ သူ့အနေနဲ့ NLD ပါတီဝင်ဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ပြေး NUG အဖွဲ့ကို ကိုယ်စားပြုနေသူတစ်ဦးဖြစ်ပါတယ်။

NUG အဖွဲ့ဆိုတာ အကြမ်းဖက်အဖွဲ့အဖြစ် နိုင်ငံတော်အစိုးရရဲ့ ဥပဒေနဲ့အညီ သတ်မှတ်ခံထားရပြီး ၂၁ ရာစု ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်းကို ခြိမ်းခြောက်နိုင်တဲ့ အကြမ်းဖက်ဝါဒပုံစံသစ် (New Terrorism) ကို ကျင့်သုံးနေတဲ့ အကြမ်းဖက်အဖွဲ့သာဖြစ်ပါတယ်။ ကျော်မိုးထွန်း ကိုယ်စားပြုတဲ့ NUG အဖွဲ့ရဲ့ အကြမ်းဖက်ဝါဒပုံစံသစ်ဆိုတာ နိုင်ငံရေးနဲ့ ပုဂ္ဂိုလ်ရေးအကျိုးစီးပွားကို အခြေခံပြီး နိုင်ငံတစ်ခုလုံးနဲ့ လူ့အဖွဲ့အစည်းတစ်ခုလုံးပျက်စီးသွားအောင် အစိုးရ (Government) မဟုတ်တဲ့ နိုင်ငံတော် (State) ရဲ့ ဒေါက်တိုင်ဖြစ်တဲ့ နိုင်ငံ့ဝန်ထမ်းတွေနဲ့ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို လုပ်ကြံသတ်ဖြတ်ခြင်း (Targeted Assassinations to State Servants) ၊ ငါနဲ့မတူ ငါ့ရန်သူ အယူအဆနဲ့ သူတို့ကိုမထောက်ခံသူ အပြစ်မဲ့အရပ်သားစစ်စစ်တွေကို လုပ်ကြံသတ်ဖြတ်ခြင်း (Targeted Assa-ssinations to Civilians or Non-combatants) ၊ ဥပဒေပြင်ပ လူသတ်တရားစီရင်ခြင်း (Extraju-dicial killing) ၊ အများပြည်သူနဲ့ ဆိုင်တဲ့နေရာတွေကို ဗုံးခွဲတိုက်ခိုက်ခြင်း (Mass Bombing and killing) ၊ စစ်ရေးနဲ့မသက်ဆိုင်တဲ့ အခြေခံအဆောက်အအုံတွေကို ဖျက်ဆီးခြင်း (Destruction of Non-military infrastructure) တွေ ဖြစ်ပါတယ်။

အဆိုးရွားဆုံးလုပ်ရပ်ကတော့ NUG အဖွဲ့က ကျင့်သုံးတဲ့ အလုံးစုံပျက်သုဉ်းရေးမူဝါဒ (Utter Devastation Policy) အရ NUG က မွေးဖွားပေးခဲ့တဲ့ PDF အမည်ခံအကြမ်းဖက်သမားတွေဟာ မြန်မာ့လူ့အဖွဲ့အစည်းပျက်သုဉ်းသွားစေဖို့နဲ့ ပြည်သူတွေ စိတ်ဓာတ်ရေးရာ ကစဉ့်ကလျားဖြစ်သွားစေဖို့ ပညာရေး၊ ကျန်းမာရေးကဏ္ဍတွေကို ပစ်မှတ်ထားပြီး အကြမ်းဖက်တိုက်ခိုက်မှုတွေကို လုပ်ဆောင်နေခြင်းဖြစ်ပါတယ်။

ဒါကြောင့်လဲ Global Terrorism Trends and Analysis Center က ထုတ်ပြန်တဲ့ ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက်မှုညွှန်းကိန်း (Global Terrorism Index – GTI) အရ မြန်မာနိုင်ငံမှာ ၂၀၂၂ ခုနှစ်ကစပြီး အကြမ်းဖက်လုပ်ရပ်တွေကြောင့် ဒေသတွင်းမှာ မြန်မာနိုင်ငံရဲ့ အကြမ်းဖက်မှုညွှန်းကိန်းက အမြင့်ဆုံးကို ရောက်ရှိခဲ့ကြောင်း တွေ့ရပါတယ်။ ဒီလိုမြင့်တက်လာခဲ့ရခြင်းအကြောင်းရင်းကိုလည်း ၂၀၂၂ ခုနှစ် GTI အစီရင်ခံစာမှာ ဖော်ပြထားရာမှာ ၂၀၂၁ ခုနှစ် နှောင်းပိုင်း၊ ၂၀၂၂ ခုနှစ်ကစပြီး ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်မှု၊ ဗုံးဖောက်ခွဲမှုတွေကြောင့် ဖြစ်ပေါ်ရကြောင်း၊ အဲဒီအကြမ်းဖက်လုပ်ရပ်တွေရဲ့ အဓိကလက်သည်တရားခံကတော့ လက်နက်ကိုင်သောင်းကျန်းသူ အကြမ်းဖက်အဖွဲ့တွေဖြစ်တဲ့ KNLA ၊ KNDF နဲ့ CDF အဖွဲ့တွေအပြင် NUG က ဖွဲ့စည်းပေးထားတဲ့ အကြမ်းဖက် PDF အဖွဲ့တွေဟာ အဓိကကျူးလွန်သူတွေဖြစ်ကြောင်း အစီရင်ခံစာ စတင်ထုတ်ပြန်စဉ်က ဖော်ပြခဲ့ပါတယ်။ ဒါပေမယ့်လည်း အဲဒီအကြမ်းဖက်လုပ်ရပ်တွေကို နိုင်ငံရေးအရ ဖုံးကွယ်ပေးလိုတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ ဖိအားပေးမှုကြောင့် အစီရင်ခံစာမှာ အဲဒီဖော်ပြချက်တွေကို ပြန်လည်ဖြုတ်ချခဲ့ပေမယ့်လည်း အဲဒီတုန်းက ဖော်ပြချက်တွေကို သိမ်းဆည်းထားတဲ့မှတ်တမ်းက ကျန်ရှိနေဆဲဖြစ်ပါတယ်။ အဲဒီလိုညွှန်းကိန်းမှတ်တမ်းတွေဟာ NUG အဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ် နိုင်ငံတကာကသတ်မှတ်တဲ့ ခိုင်လုံတဲ့သက်သေတွေဖြစ်ပါတယ်။

ပြည်တွင်းမှာ ဖြစ်ပေါ်နေတဲ့ NUG ၊ PDF အဖွဲ့ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို မျက်ကွယ်ပြုပြီး NUG၊ PDF အကြမ်းဖက်သမားတွေကို နှိမ်နင်းနေတဲ့ အကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေး (Counter-terrorism operations) ဆောင်ရွက်ချက်တွေကို တပ်မတော်က ပြည်သူကိုဖိနှိပ်နေတဲ့ သဘောမျိုး ဝါဒဖြန့်ချိမှုတွေကို သူတို့ကိုကိုယ်စားပြုပါတယ်ဆိုတဲ့ ဝရမ်းပြေးသစ္စာဖောက် ကျော်မိုးထွန်းက ကုလသမဂ္ဂမှာ မြန်မာနိုင်ငံကို ကိုယ်စားပြုသလို ပုံစံမျိုးနဲ့ မကြာခဏပြောဆိုနေတာ ကြားသိနေရပါတယ်။

ကျော်မိုးထွန်းအနေနဲ့ မြန်မာနိုင်ငံကိုယ်စားပြု တရားဝင်ပြောဆိုပိုင်ခွင့်မရှိပေမယ့်သူ့ကို တရားဝင် ဖယ်ရှားခြင်းမပြုသေးတဲ့ Credentials Committee ရဲ့ လုပ်ထုံးလုပ်နည်းအပေါ် အခွင့်အရေးယူအမြတ်ထုတ်ပြီး အလွတ်သဘောအစည်းအဝေးတွေမှာ ပြောဆိုခွင့်ရရှိနေတာကို စိတ်ပျက်ဖွယ်ရာ ကြားသိနေရပါတယ်။ ကုလသမဂ္ဂစင်မြင့်ဟာ အကြမ်းဖက်ဝါဒကို ထောက်ခံအားပေးသူတွေရဲ့ အသုံးချခံ Platform တစ်ခုဖြစ်နေပြီလား၊ ကမ္ဘာကြီးကို ခြိမ်းခြောက်လာနိုင်တဲ့ အကြမ်းဖက်ဝါဒပုံစံအသစ်ပြန့်ပွားဖို့အတွက် ကုလသမဂ္ဂစင်မြင့်ကနေ ဖြန့်ဝေနေတဲ့ နည်းပေးလမ်းပြဖြစ်နေပြီလားဆိုတာ မေးခွန်းထုတ်လိုက်ချင်ပါတယ်။

ကုလသမဂ္ဂဆိုင်ရာ မြန်မာကိုယ်စားလှယ် သံအမတ်ကြီးရာထူးနေရာဆိုတာ သက်ဆိုင်ရာ နိုင်ငံအစိုးရက အဆိုပြုခန့်အပ်ရတဲ့ နိုင်ငံ့ဝန်ထမ်းတွေ တာဝန်ထမ်းဆောင်ရတဲ့နေရာဖြစ်ပါတယ်။ ကျော်မိုးထွန်းကို ခန့်အပ်ခဲ့တဲ့ မြန်မာနိုင်ငံအစိုးရ (NLD အစိုးရ) ဟာ လွန်ခဲ့တဲ့ငါးနှစ်ကျော်ကတည်းက သက်တမ်းကုန်သွားခဲ့သလို ကျော်မိုးထွန်းဟာ ၂၀၂၁ ခုနှစ် နိုင်ငံရေးအပြောင်းအလဲမှာ မြန်မာနိုင်ငံရဲ့ တည်ဆဲဥပဒေအရ နိုင်ငံ့ဝန်ထမ်းစည်းမျဉ်းတွေကို ဖောက်ဖျက်ခဲ့လို့ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ဝန်ထမ်းအဖြစ်ကနေ ထုတ်ပယ်ခံထားရသူဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံတော်ကို လက်နက်စွဲကိုင် ပုန်ကန်နေတဲ့ အကြမ်းဖက်အဖွဲ့ကို ကိုယ်စားပြုနေသူဖြစ်လို့ နိုင်ငံသားအဖြစ်မှလည်း ပယ်ဖျက်ခံထားရသူ သစ္စာဖောက်ဝရမ်းပြေးတစ်ဦးဖြစ်ပါတယ်။

လတ်တလော မဖုံးနိုင်မဖိနိုင်ပေါ်ပေါက်လာတဲ့ သစ္စာဖောက် ကျော်မိုးထွန်းရဲ့ ကိုယ်ကျင့်သိက္ခာ ပျက်ယွင်းမှုကတော့ NLD အစိုးရလက်ထက်က နယူးယောက်မှာရှိတဲ့ မြန်မာသံရုံးအသုံးစရိတ်အတွက် Bank of America မှာ အပ်နှံထားတဲ့ နိုင်ငံတော်ဘဏ္ဍာ ဒေါ်လာ ၂ ဒသမ ၆ သန်းကျော်ကို စာရင်းမရှင်းဘဲ ခိုးယူသုံးစွဲထားခြင်းပဲဖြစ်ပါတယ်။ အဲဒီဘဏ္ဍာငွေတွေဟာ သံရုံးဝန်ထမ်းတွေရဲ့ လစာ၊ ရုံးအသုံးစရိတ်အပြင် နှစ်စဉ်ကုလသမဂ္ဂအတွက် မြန်မာနိုင်ငံက ထည့်ဝင်ရမယ့် နှစ်စဉ်ကြေးတွေဖြစ်ပါတယ်။

ကုလသမဂ္ဂရဲ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံအနေနဲ့ ကုလသမဂ္ဂနှစ်စဉ်ကြေးထည့်ဝင်မှုကို ၂၀၂၀ ပြည့်နှစ်အထိ အပြည့်အဝပေးချေခဲ့ပြီး ၂၀၂၁ ခုနှစ်မှစပြီး ၂၀၂၆ ခုနှစ်အထိ နှစ်စဉ်ကြေး လုံးဝထည့်ဝင်ခြင်းမရှိကြောင်း သိရှိရပါတယ်။

သစ္စာဖောက်ဝရမ်းပြေး ကျော်မိုးထွန်းကတော့ ၂၀၂၁ ခုနှစ်နောက်ပိုင်း ကုလသမဂ္ဂနှစ်စဉ်ကြေး သုံးကြိမ်သွင်းထားကြောင်းနဲ့ တစ်ကြိမ်ကို နိုင်ငံတော်ဘတ်ဂျက်ထဲမှ သုံးသိန်းနဲ့ ကျန်တဲ့နှစ်ကြိမ်ကို အကြမ်းဖက် NUG အဖွဲ့မှ ခြောက်သိန်းသွင်းခဲ့ကြောင်း လူမှုကွန်ရက်မှတစ်ဆင့် ပြောကြားထားကြောင်းကြားသိရပါတယ်။ အကြမ်းဖက် NUG အဖွဲ့ကို ကိုယ်စားပြုထားတဲ့ သစ္စာဖောက်ဝရမ်းပြေး ကျော်မိုးထွန်းဟာ ကုလသမဂ္ဂ မဲပေးပိုင်ခွင့်မဆုံးရှုံးစေရေး NUG အဖွဲ့ကိုပါ လိမ်ညာပြီး ကုလသမဂ္ဂ နှစ်စဉ်ကြေးများ တောင်းခံခဲ့ကြောင်း ပေါ်ပေါက်ခဲ့ပါတယ်။

သေချာတာကတော့ Bank of America မှာ အပ်နှံထားတဲ့ နိုင်ငံတော်ဘဏ္ဍာငွေ ဒေါ်လာ ၂ ဒသမ ၆ သန်း အသေးစိတ်ငွေစာရင်း မရှင်းလင်းနိုင်တဲ့အတွက် နိုင်ငံတော်ဘဏ္ဍာငွေတွေကို ကိုယ်ကျိုးအတွက် လိမ်ညာခိုးယူသုံးစွဲထားကြောင်း ထင်ရှားပေါ်လွင်လျက်ရှိပါတယ်။ ဒါကြောင့် ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံ အမြဲတမ်းကိုယ်စားလှယ်နေရာမှ ဖယ်ရှားခြင်းမပြုသေးတဲ့ ကျော်မိုးထွန်းဟာ သစ္စာဖောက်၊ ဝရမ်းပြေး၊ လူလိမ်သူခိုးတစ်ဦးအဖြစ် မြန်မာပြည်တွင်းမှာ ထင်ရှားကျော်စောလျက်ရှိနေကြောင်း သတင်းစကားပါးလိုပါတယ်။

မကြာမီကာလမှာ နှစ်စဉ်ကျင်းပမြဲ ကုလသမဂ္ဂအထွေထွေညီလာခံ (UNGA) ကျင်းပတော့မှာဖြစ်ပြီး လက်ရှိမြန်မာနိုင်ငံအစိုးရသစ်အနေနဲ့ အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံရဲ့ လုပ်ပိုင်ခွင့်အရ ကုလသမဂ္ဂစင်မြင့်မှာ အပြုသဘောဆောင်တဲ့ ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ဖို့ စိတ်အားတက်ကြွလျက်ရှိပါတယ်။ ကုလသမဂ္ဂပဋိညာဉ်စာတမ်း၊ အခန်း(၁)၊ အပိုဒ် (၂)၊ အပိုဒ်ခွဲ (၁) မှာ အတိအလင်းပြဋ္ဌာန်းထားတဲ့ နိုင်ငံတိုင်းသည် အချုပ်အခြာအာဏာပိုင်ဆိုင်သောနိုင်ငံ၏ အခွင့်အရေးများကို အပြည့်အဝခံစားပိုင်ခွင့်နဲ့ နိုင်ငံတစ်နိုင်ငံရဲ့ ပြည်တွင်းရေးကိစ္စများတွင် အခြားနိုင်ငံများ သို့မဟုတ် ကုလသမဂ္ဂကိုယ်တိုင် ဝင်ရောက်စွက်ဖက်ခြင်းမပြုရဆိုတဲ့အချက်ကို မြန်မာနိုင်ငံအနေနဲ့ တန်ဖိုးထားလေးစားလိုက်နာလျက်ရှိပါတယ်။

၂၀၂၁ ခုနှစ်ကစတင်ပြီး ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံ အမြဲတမ်းကိုယ်စားလှယ်ကို တရားဝင်ခန့်ခြင်းမရှိတဲ့အတွက် မြန်မာနိုင်ငံနဲ့ မြန်မာနိုင်ငံသားတွေအတွက် များစွာနစ်နာဆုံးရှုံးလျက်ရှိပါတယ်။ အဲဒီဆုံးရှုံးနေရခြင်းရဲ့အကြောင်းတရားကလည်း ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ မဲလိမ်မဲခိုးမှုအရှုပ်တော်ပုံကြောင့် ၂၀၂၁ ခုနှစ်က ဖြစ်ပေါ်ခဲ့တဲ့ မြန်မာ့နိုင်ငံရေးအပြောင်းအလဲဖြစ်စဉ်ကို အကြောင်းခံခြင်းလို့ ထင်မြင်မိပါတယ်။

အမှန်စင်စစ် ၂၀၂၁ ခုနှစ် နိုင်ငံရေးအပြောင်းအလဲဟာ တပ်မတော်က အာဏာသိမ်းခဲ့ခြင်း မဟုတ်ဘဲ အဲဒီအချိန်က အာဏာရပါတီရဲ့ အစွန်းရောက်နိုင်ငံရေးသမားတွေက နိုင်ငံတော်အာဏာကို မဲလိမ်မဲခိုးပြီး အတင်းအဓမ္မရယူဖို့ ကြိုးပမ်းခဲ့ခြင်းကြောင့် မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ပေးထားချက်အရ တပ်မတော်က နိုင်ငံ့တာဝန်ကို ခေတ္တထိန်းသိမ်းထားခဲ့ရခြင်းဖြစ်ပါတယ်။ နိုင်ငံရေးအရ ဖြစ်ပေါ်ခဲ့တဲ့ပြဿနာကို လက်နက်ကိုင် အကြမ်းဖက်လမ်းစဉ်နဲ့ နိုင်ငံတော်အာဏာကို ရယူဖို့ကြိုးစားခဲ့ကြတဲ့ နိုင်ငံရေးသမားအချို့ရဲ့ လွဲမှားမှုကြောင့် နိုင်ငံအတွင်း အချို့ဒေသတွေမှာ တည်ငြိမ်အေးချမ်းမှုပျက်ပြားပြီး တိုင်းပြည်ရဲ့အနာဂတ်လူငယ်တွေ များစွာဆုံးရှုံးနစ်နာခဲ့ရပါတယ်။ နိုင်ငံ့တာဝန်ကို ခေတ္တရယူထိန်းသိမ်းခဲ့တဲ့ တပ်မတော်အနေနဲ့ သူ့ရဲ့ပင်မတာဝန်ဖြစ်တဲ့ ဒို့တာဝန်အရေးသုံးပါးကို ထိန်းသိမ်းဖို့ နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို တစိုက်မတ်မတ် လုပ်ဆောင်ခဲ့ရသလို ပြည်သူတွေလိုလားတဲ့ ပါတီစုံဒီမိုကရေစီစနစ်ရှင်သန်ရေး လွတ်လပ်ပွင့်လင်းပြီး သန့်ရှင်းမျှတတဲ့ ရွေးကောက်ပွဲကြီးကို အပိုင်းသုံးပိုင်းခွဲပြီး အောင်မြင်စွာ ကျင်းပပေးနိုင်ခဲ့ပါတယ်။

ငြင်းလို့မရတဲ့ မဲလိမ်မဲခိုးမှုကြောင့် ဖြစ်ပေါ်ခဲ့ရတဲ့ ၂၀၂၁ ခုနှစ် နိုင်ငံရေးအပြောင်းအလဲကနေ ဖြစ်ပေါ်ခဲ့တဲ့ တပ်မတော်အစိုးရဟာ ၂၀၂၅-၂၀၂၆ ရွေးကောက်ပွဲကြီးကို ပွင့်လင်းမြင်သာပြီး လုံးဝမဲလိမ်မဲခိုးလို့မရအောင် စီစဉ်ပြုလုပ်ခဲ့ပြီး နိုင်ငံတကာစောင့်ကြည့်လေ့လာရေးအဖွဲ့တွေရဲ့ ရှေ့မှောက်မှာ မှတ်ကျောက်တင်ခံနိုင်အောင် လုပ်ဆောင်နိုင်ခဲ့ပါတယ်။

အဲဒီရွေးကောက်ပွဲမှာ တစ်နိုင်ငံလုံးအနှံ့ ပါတီပေါင်း ၅၇ ပါတီ ကိုယ်စားလှယ်ပေါင်း ၄၉၆၃ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ယခင်ဒီမိုကရေစီ အစိုးရလက်ထက်ကတည်းက ဖွဲ့စည်းခဲ့ကြတဲ့ ပါတီ ၄၀ ပါဝင်ခဲ့ပါတယ်။ NLD ပါတီက သူတို့ရဲ့ဆန္ဒနဲ့ မှတ်ပုံမတင်လို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းမရှိတာ ဖြစ်ပါတယ်။ NLD ပါတီမပါဝင်လို့ ရွေးကောက်ပွဲဟာ အတုအယောင်ဖြစ်တယ်လို့ ဝါဒဖြန့်ချိမှုများဟာ ယုတ္တိကင်းမဲ့သလို ဝင်ရောက်ယှဉ်ပြိုင်တဲ့ ပါတီများနဲ့ မဲပေးခဲ့ကြတဲ့ ပြည်သူ ၁၃ သန်းကျော်ကို မထီမဲ့မြင်ပြုခြင်းသာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲကာလအတွင်း ရွေးကောက်ပွဲ နှောင့်ယှက်ဖျက်ဆီးလိုသူတွေရဲ့ အကြမ်းဖက် ခြိမ်းခြောက်မှုများကြားထဲက ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၂၄ ဒသမ ၂၂ သန်းကျော် အနက် ၅၄ ဒသမ ၂၂ ရာခိုင်နှုန်းကျော် ပြည်သူ ( ၁၃ ဒသမ ၁၂) သန်းက လွှတ်တော်အသီးသီးက ကိုယ်စားလှယ်များကို မဲပေးရွေးချယ်ခဲ့ကြပါတယ်။ ဒါကြောင့် ယခုလက်ရှိ နိုင်ငံ့တာဝန်ယူထားတဲ့ မြန်မာနိုင်ငံအစိုးရသစ်ဟာ ပြည်သူအများ ရွေးကောက်တင်မြှောက်ထားတဲ့ ဒီမိုကရေစီနည်းလမ်းကျကျ၊ တည်ဆဲဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ ဖြစ်ပေါ်လာတဲ့ ရွေးကောက်ခံအစိုးရစစ်စစ် ဖြစ်ပါတယ်။

ဒါကြောင့်လည်း ရွေးကောက်ခံအစိုးရသစ်ကို ထောက်ခံအားပေးအသိအမှတ်ပြုကြတဲ့ နိုင်ငံပေါင်းများစွာရှိနေသလို ရွေးကောက်ခံအစိုးရသစ်အနေနဲ့လည်း နိုင်ငံတကာဆက်ဆံရေးအပါအဝင် ဒေသတွင်း တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အိမ်နီးချင်းအင်အားကြီး နိုင်ငံကြီးတွေအပါအဝင် မိတ်ဆွေနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ အရှိန်အဟုန်နဲ့ လုပ်ဆောင်လျက်ရှိနေပါတယ်။

ကုလသမဂ္ဂအနေနဲ့ မြန်မာနိုင်ငံ အမြဲတမ်းကိုယ်စားလှယ်နေရာကို တရားဝင်ခန့်အပ်မထားသေးပေမယ့် မြန်မာနိုင်ငံအခြေစိုက် ကုလသမဂ္ဂဆိုင်ရာအဖွဲ့အစည်း အသီးသီးက တာဝန်ရှိသူတွေနဲ့ ဝန်ထမ်းတွေကို မြန်မာအစိုးရက လက်ခံထားပြီး ကုလသမဂ္ဂနဲ့ပူးပေါင်းဆောင်ရွက်မှုတွေကို တာဝန်သိမှုနဲ့ လိုက်ပါဆောင်ရွက်နေပါတယ်။ ဒီလို လုပ်ဆောင်နိုင်ဖို့အတွက်လည်း ဇွန်လ ၂၆ ရက် နေ့က နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေက မြန်မာနိုင်ငံရှိ ကုလသမဂ္ဂအေဂျင်စီတွေက ကိုယ်စားလှယ်တွေကို နေပြည်တော်မှာတွေ့ဆုံပြီး မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးဖြစ်ပေါ်တိုးတက်မှုတွေ၊ နိုင်ငံတော်အစိုးရရဲ့ ရှေ့လုပ်ငန်းစဉ်တွေနဲ့ နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ နိုင်ငံရေးအရ ဝင်ရောက်စွက်ဖက်မှုမရှိတဲ့ ကြားနေမူဝါဒနဲ့ ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း၊ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ ကိုယ်စားလှယ် မစ္စဂျူလီဘစ်ရှော့လို ကုလသမဂ္ဂအရေခြုံပြီး လက်ရှိအစိုးရကို ဆန့်ကျင်နေသူတွေရဲ့ ဝါဒဖြန့်မှုတွေကို ထပ်ဆင့်ဖြန့်ဝေမှုမျိုးမလုပ်ကြပါဖို့နဲ့ မြန်မာနိုင်ငံအတွက် ကြံ့ကြံ့ခံနိုင်ရည်ရှိတဲ့ စီးပွားရေးနဲ့ ပြည်သူတွေအတွက် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး အကူအညီတွေပေးအပ်ဖို့ ပြောကြားခဲ့ကြောင်း ကြားသိရပါတယ်။

အဆွေတော် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ကြီးခင်ဗျား

လက်ရှိမြန်မာနိုင်ငံရဲ့ ရွေးကောက်ခံအစိုးရသစ်လက်ထက်မှာ မြန်မာနိုင်ငံဟာ တာဝန်ခံမှု၊ တာဝန်သိမှုနဲ့အတူ ကုလသမဂ္ဂနဲ့ ဘက်စုံပူးပေါင်းဆောင်ရွက်မှုတွေကို တိုးမြှင့်လုပ်ဆောင်သွားဖို့ စိတ်ဆန္ဒအပြည့်ရှိနေတယ်လို့ သိရှိရပါတယ်။ မြန်မာပြည်သူတွေကိုယ်စား ဒီအချက်ကို အပြည့်အဝထောက်ခံပါကြောင်းလည်း ထပ်လောင်းပြောကြားလိုပါတယ်။

ကုလသမဂ္ဂအနေနဲ့လည်း မြန်မာနိုင်ငံရဲ့ တည်ငြိမ်ရေး၊ လုံခြုံရေး၊ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဒီမိုကရေစီလမ်းကြောင်း ခိုင်မာအားကောင်းစေရေးအတွက် မဆုတ်မနစ် ကြိုးပမ်းမှုတွေကို အသိအမှတ်ပြုချိန်တန်နေပြီဖြစ်ကြောင်း တိုက်တွန်းအသိပေးလိုပါတယ်။ မြန်မာအစိုးရအသစ်အနေနဲ့ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာနဲ့ အပြုသဘောဆောင် ပူးပေါင်းဆောင်ရွက်မှုတွေ မြှင့်တင်ဖို့အတွက် ကုလသမဂ္ဂစင်မြင့်ထက်မှာ မြန်မာနိုင်ငံအစိုးရရဲ့ တရားဝင်ခန့်အပ်ထားတဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံ အမြဲတမ်းကိုယ်စားလှယ်တစ်ဦး မဖြစ်မနေရှိနေရမှာဖြစ်ပါတယ်။

သစ္စာဖောက်၊ ဝရမ်းပြေး၊ လူလိမ်သူခိုး တစ်ဦးကို လက်ရှိအခြေအနေမှာ တရားဝင်ခန့်အပ်ထားခြင်းမပြုပေမယ့် ကုလသမဂ္ဂမှဖယ်ရှားခြင်းမပြုသေးလို့ သူကိုယ်စားပြုနေတဲ့ အကြမ်းဖက်အဖွဲ့ရဲ့ တရားဝင်ပြောရေးဆိုခွင့်ရှိသူတစ်ဦးအနေနဲ့ မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းရေးကို အနှောင့်အယှက်ပေးနေတဲ့ ပြောဆိုမှုတွေကို တည်ငြိမ်အေးချမ်းရေးကို လိုလားတဲ့ မြန်မာနိုင်ငံသားတွေကိုယ်စား လုံးဝကန့်ကွက်ပါကြောင်း အသိပေးပြောကြားလိုပါတယ်။ တစ်ဆက်တည်းမှာပဲ ကုလသမဂ္ဂနဲ့ မြန်မာနိုင်ငံတို့ နိုင်ငံတကာရေးရာတွေမှာ နီးကပ်စွာ ပူးပေါင်းဆောင်ရွက်နိုင်ဖို့အတွက် လက်ရှိပြည်သူတွေရဲ့ဆန္ဒနဲ့ ရွေးကောက်တင်မြှောက်ထားတဲ့ မြန်မာအစိုးရသစ်က ခန့်အပ်လိုတဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးကိုလည်း အမြန်ဆုံး ပြန်လည်ခန့်အပ်ပေးနိုင်ဖို့ တောင်းဆိုအပ်ပါတယ်။

ကုလသမဂ္ဂရဲ့ ပဋိညာဉ်နဲ့အညီ အချုပ်အခြာအာဏာပိုင်နိုင်ငံတိုင်းအတွက် အဲဒီနိုင်ငံရဲ့ အခွင့်အရေးကို လေးစားတန်ဖိုးထားပြီး ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတိုင်း တန်းတူညီမျှ အခွင့်အရေးရရှိအောင် လုပ်ဆောင်ပေးနိုင်ပါက ကုလသမဂ္ဂရဲ့ဂုဏ်သိက္ခာ ပိုမိုတိုးတက်လာမယ်လို့ ယုံကြည်ပါကြောင်း အိတ်ဖွင့်ပေးစာနဲ့ ရေးသားပေးပို့အပ်ပါတယ်။ ။