Skip to main content

သူနာပြုနှင့်သားဖွားစွမ်းအားစု - အရည်အသွေးပြည့်ဝသော ကျန်းမာရေးစောင့်ရှောက်မှုစနစ်၏ ရင်းနှီးမြှုပ်နှံမှု

ဒေါက်တာတင်ထွန်း (ဆေးပညာသင်ကြားရေး)

(ယမန်နေ့မှအဆက်)

ပထမဦးစွာ “သူနာပြုနှင့် သားဖွားပညာရေး အရည်အသွေးမြှင့်တင်ရေး” သည် မဟာဗျူဟာမြောက် ဦးစားပေးလုပ်ငန်းတစ်ရပ် ဖြစ်ပါသည်။ စာတွေ့နှင့်လက်တွေ့ကို ဟန်ချက်ညီစွာ ပေါင်းစပ်ထားသည့် စွမ်းရည်အခြေပြု (Competency-based Education) ကိုအခြေခံ၍ သင်ကြားရေးစနစ်များကို အဆင့်မြှင့်တင်ရမည်ဖြစ်သကဲ့သို့ ပုံစံတူအခြေပြု သင်ယူခြင်း (Simulation-based Learning)၊ နည်းပညာအခြေပြုသင်ယူခြင်း (Digital Learning) နှင့် သက်သေအထောက်အထား အခြေပြုလက်တွေ့ သူနာပြုစုစောင့်ရှောက်မှု (Evidence-based Nursing Practice) တို့ကို ပညာရေးလုပ်ငန်းစဉ်များတွင် ပိုမိုထည့်သွင်းဆောင်ရွက်ရပါမည်။ ထိုမှတစ်ဆင့် နိုင်ငံတကာအဆင့်မီ သူနာပြုနှင့် သားဖွားပညာရှင်များ မွေးထုတ်ပေးနိုင်သော အခြေခံအုတ်မြစ် ဖြစ်လာမည်ဖြစ်ပါသည်။

ထို့ကြောင့် သူနာပြု-သားဖွားဒီပလိုမာ သုံးနှစ်သင်တန်းနှင့် ဘက်စုံသားဖွားဒီပလိုမာ နှစ်နှစ်သင်တန်းသည် အမျိုးသားပညာရေးအဆင့် မူဘောင်အရ တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူများ တက်ရောက်ရသည့် အဆင့်မြင့်ဒီပလိုမာသင်တန်းများဖြစ်ခြင်း၊ သူနာပြုပညာရေး အခွင့်အလမ်းများအနေဖြင့် ပြည်တွင်း၊ ပြည်ပတက္ကသိုလ်များမှ သူနာပြုပါရဂူဘွဲ့အဆင့်ထိ အဆင့်ဆင့်တက်လှမ်း သင်ယူနိုင်ခြင်း၊ မြန်မာနိုင်ငံသူနာပြုနှင့် သားဖွားကောင်စီမှ နိုင်ငံတကာအသိအမှတ်ပြုစံနှုန်းရှစ်ခုပါဝင်သော သူနာပြုနှင့် သားဖွားပညာရေးနှင့် လုပ်ငန်းအရည်အသွေးအာမခံမှု အသိအမှတ်ပြု လက်မှတ်ရရှိထားခြင်းစသည့် ခေတ်အဆက်ဆက် သူနာပြုပညာရေး ဖွံ့ဖြိုးတိုးတက်လာမှုများနှင့် လိုက်လျောညီထွေစွာ နိုင်ငံတော်က သူနာပြုသိပ္ပံများအဖြစ် အဆင့်မြှင့်တင်ပေးခြင်း ဖြစ်ပါသည်။

အဆိုပါ သူနာပြုသိပ္ပံ ၁၅ ခုအပြင် ကျန်ရှိနေသည့် သူနာပြု၊ သားဖွား၊ နှီးနွှယ်သင်တန်းကျောင်း ၂၇ ကျောင်းကို နိုင်ငံတော်အစိုးရအဖွဲ့သစ် ရက် ၁၀၀ အတွင်း ဦးစားပေးအနေဖြင့် ဖွဲ့စည်းပုံတိုးမြှင့်ပေးခဲ့ခြင်းသည်လည်း တစ်နည်းအားဖြင့် သူနာပြုနှင့် သားဖွားပညာရေးအရည်အသွေးကို မြှင့်တင်ပေးခြင်းပင် ဖြစ်ပါသည်။

ဒုတိယအနေဖြင့် “စဉ်ဆက်မပြတ် အသက်မွေးဝမ်းကျောင်း ဖွံ့ဖြိုးတိုးတက်ရေး” (Continuing Professional Development) ကို အားကောင်းစွာ အကောင်အထည်ဖော်ရန် လိုအပ်ပါသည်။ ဆေးဘက်ဆိုင်ရာ နည်းပညာနှင့်ကုသရေးစံနှုန်းများသည် အချိန်နှင့်အမျှ တိုးတက်ပြောင်းလဲနေသည့်အတွက် သူနာပြုနှင့်သားဖွားများ၏ အသိပညာနှင့် ကျွမ်းကျင် မှုများကိုလည်း စဉ်ဆက်မပြတ် မြှင့်တင်ပေးရမည် ဖြစ်ပါသည်။

သူနာပြုနှင့် သားဖွားပညာရေး၏ သမိုင်းကြောင်းအရ မြန်မာ့အက်ဥပဒေ (၁၀) (Burma Act X. 1922) ကို ၁၉၂၂ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့တွင် စတင်ပြဋ္ဌာန်းခဲ့ပြီး သားဖွားနှင့်သူနာပြုဆိုင်ရာကောင်စီ ဖွဲ့စည်းခြင်း၊ သားဖွားနှင့်သူနာပြုပညာရပ်ဆိုင်ရာ သင်တန်းများနှင့် သင်တန်းကျောင်းများကို အသိအမှတ်ပြုခြင်း၊ သူနာပြုနှင့်သားဖွားများအား မှတ်ပုံတင်ခြင်းနှင့် အရည်အသွေးထိန်းချုပ်ခြင်းတို့ကို စတင်ဆောင်ရွက်ခဲ့ကြောင်း သိရှိနိုင်ပါသည်။

၁၉၈၆ ခုနှစ်မတိုင်မီ အတွင်းလူနာပြုစုစောင့်ရှောက်ခြင်းဆိုင်ရာ ဆေးရုံဗဟိုပြုသင်ကြားရေး နည်းစနစ်မှ အဆင့်ဆင့်ပြောင်းလဲလာပြီးနောက် ၁၉၉၁ ခုနှစ်၌ သင်ရိုးညွှန်းတမ်းကို ပြည်သူလူထု ဗဟိုပြုသည့်စနစ်သို့ ပြင်ဆင်ပြောင်းလဲနိုင်ခဲ့ပါသည်။ ထိုမှတစ်ဆင့် ၂၀၁၈ ခုနှစ်တွင် ရလဒ်အခြေပြု သင်ရိုးညွှန်းတမ်းများဖြင့် ခေတ်နှင့်လျော်ညီစွာ သင်ကြားလေ့ကျင့်ပေးနိုင်ခြင်းသည် သူနာပြုနှင့်သားဖွားများ၏ စဉ်ဆက်မပြတ် အသက်မွေးဝမ်းကျောင်း ဖွံ့ဖြိုးတိုးတက်လာသည့် ဂုဏ်ယူစရာသမိုင်းမှတ်တိုင်များ ဖြစ်ကြပါသည်။

ထို့ပြင် မြန်မာနိုင်ငံ သူနာပြုနှင့် သားဖွားကောင်စီသည် သူနာပြုနှင့် သားဖွားများ၏ အရည်အသွေးကို ခေတ်စနစ်နှင့်အညီ မြှင့်တင်ရန်အတွက် ယခင်ကျင့်သုံးခဲ့သော စဉ်ဆက်မပြတ်ပညာရေး (CNE) အဆင့်မှသည် ပိုမိုကျယ်ပြန့်ပြီး အလုံးစုံလွှမ်းခြုံနိုင်သော စဉ်ဆက်မပြတ် အသက်မွေးဝမ်းကျောင်း တိုးတက်ပြောင်းလဲမှုလုပ်ငန်းစဉ် (Continuing Professional Development - CPD) စနစ်သို့ အဆင့်မြှင့်တင်၍ တက်ကြွစွာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

မြန်မာနိုင်ငံမှ သူနာပြုနှင့် သားဖွားများအား မိမိတို့၏လုပ်ငန်းခွင်သက်တမ်းတစ်လျှောက် ပညာ ရပ်ပိုင်းဆိုင်ရာကို ခေတ်နှင့်လျော်ညီစေရန် (Up-to-date ဖြစ်စေရန်)နှင့် ပြည်သူလူထုအား ကမ္ဘာ့အဆင့်မီ စံနှုန်းမြင့်မားပြီး ဘေးကင်းစိတ်ချရသော ပြုစုစောင့်ရှောက်မှု (Safe and Quality Care) ပေးနိုင်ရန် ထိန်းကျောင်းပေးနေခြင်း ဖြစ်ပါသည်။

တတိယအနေဖြင့် “သူနာပြုနှင့် သားဖွား ခေါင်းဆောင်မှု” (Nursing Leadership) ကို မြှင့်တင် ပေးရမည်ဖြစ်ပါသည်။ ခေတ်သစ်ကျန်းမာရေးစနစ်တွင် သူနာပြုနှင့်သားဖွားများသည် ကျန်းမာရေးဆိုင်ရာ မူဝါဒချမှတ်ရေး၊ အရည်အသွေးစီမံခန့်ခွဲရေး၊ သုတေသနနှင့် အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်ရေးတို့တွင် ဦးဆောင်နိုင်သည့် ခေါင်းဆောင်များအဖြစ် ဖွံ့ဖြိုးလာရန် လိုအပ်လာပါသည်။ အနာဂတ်သူနာပြုနှင့် သားဖွားခေါင်းဆောင်များအား စနစ်တကျပြုစု ပျိုးထောင်ခြင်းသည် နိုင်ငံတော်အတွက် ရေရှည်အကျိုးဖြစ်ထွန်းစေမည့် ရင်းနှီးမြှုပ်နှံမှုတစ်ရပ် ဖြစ်ပါသည်။

နိုင်ငံတကာအသိအမှတ်ပြု ဖလောရင့်နိုက်တင် ဂေးလ်ဆုရရှိထားသည့် မြန်မာနိုင်ငံမှ သူနာပြုနှင့် သားဖွားလေးဦးအား ၂၀၂၃ ခုနှစ်တွင် ဝဏ္ဏကျော်ထင်ဘွဲ့ကိုလည်းကောင်း၊ မြန်မာနိုင်ငံသူနာပြုနှင့် သားဖွားကောင်စီဥက္ကဋ္ဌအား ၂၀၂၅ ခုနှစ်တွင် သိပ္ပ ကျော်စွာဘွဲ့ကိုလည်းကောင်း၊ ဂုဏ်ပြုထိုက်သော သူနာပြုနှင့်သားဖွားများအား စွမ်းဆောင်မှုဆိုင်ရာအလိုက် နိုင်ငံတော်အဆင့် ဂုဏ်ထူးဆောင်တံဆိပ်များကိုလည်းကောင်း နိုင်ငံတော်က ထိုက်တန်စွာ ချီးမြှင့်ပေးလျက်ရှိပါသည်။ အဆိုပါ သူနာပြုနှင့် သားဖွားများအား စံနမူနာထားပြီး ထူးချွန်ထက်မြက်၍ ပြည်သူအတွက် စွန့်လွှတ်အနစ်နာခံနိုင်ကြသော၊ ဦးဆောင်နိုင်ကြသော သူနာပြုနှင့်သားဖွားမျိုးဆက် သစ်များအား လေ့ကျင့်ပျိုးထောင်ပေးခြင်းဖြင့် အနာဂတ်ကျန်းမာရေးစောင့်ရှောက်မှု စနစ်ကောင်းကို ဖော်ဆောင်နိုင်ကြမည် ဖြစ်ပါသည်။

စတုတ္ထအနေဖြင့် “သုတေသနနှင့် ဆန်းသစ် တီထွင်မှု” (Research and Innovation) ကို အားပေးမြှင့်တင်ရပါမည်။ သက်သေအထောက်အထားအခြေပြု သူနာပြုနှင့် သားဖွားပညာရပ်ဆိုင်ရာ လက်တွေ့လုပ်ဆောင်မှု (Evidence-based Nursing and Midwifery Practice) သည် အရည်အသွေးမြင့် ကျန်းမာရေးစောင့်ရှောက်မှု၏ အခြေခံဖြစ်သည့်အတွက် သုတေသနယဉ်ကျေးမှုကိုမြှင့်တင်ပြီး သုတေသနရလဒ်များကို လက်တွေ့လုပ်ငန်းခွင်တွင် ထိရောက်စွာ အသုံးချနိုင်ရန် ဆောင်ရွက်ရမည်ဖြစ်ပါသည်။

သူနာပြုနှင့် သားဖွားများ သုတေသနလုပ်ငန်းစဉ်များတွင် ပါဝင်ခြင်းဖြင့် မိမိတို့၏ အသက်မွေး ဝမ်းကျောင်းလိုင်စင် သက်တမ်းတိုးရာ၌ လိုအပ်သောသတ်မှတ်အမှတ် (CPD Credit Units) ပြည့်မီအောင် စုဆောင်းနိုင်ပါသည်။ တစ်နည်းအားဖြင့် မြန်မာနိုင်ငံသူနာပြုနှင့်သားဖွားကောင်စီမှ သူနာပြုနှင့်သားဖွားများအား သုတေသနအလေ့အထနှင့် အကျွမ်းတဝင်ဖြစ်အောင် ချိတ်ဆက်ပေးနေခြင်းဖြစ်ပါသည်။

ထို့ပြင် “ဒစ်ဂျစ်တယ်ကျန်းမာရေး” (Digital Health) သည် အနာဂတ်ကျန်းမာရေးစနစ်၏ မရှိ မဖြစ် အစိတ်အပိုင်းတစ်ရပ် ဖြစ်လာသည်ကိုလည်း အလေးဂရုပြုရမည်ဖြစ်ပါသည်။ ကျန်းမာရေး စောင့်ရှောက်မှုများ ပိုမိုမြန်ဆန်၊ တိကျပြီး အရည်အသွေးကို ပိုမိုမြှင့်တင်ပေးနိုင်စေရန် အီလက်ထရွန်နစ် လူနာမှတ်တမ်း (Electronic Medical Record)၊ တယ်လီကျန်းမာ (Telehealth)၊ ဉာဏ်ရည်တုနည်းပညာ (Artificial Intelligence)၊ Big Data နှင့် ဒစ်ဂျစ်တယ်နည်းပညာဖြင့် သူနာပြုစုမှုမှတ်တမ်း တင်ခြင်း (Digital Nursing Documentation) တို့ကို အသုံးပြုနိုင်သည့် သူနာပြုနှင့်သားဖွားစွမ်းအားစုကို တည်ဆောက်နိုင်ရန် လိုအပ်လာပြီ ဖြစ်ပါသည်။

မြန်မာနိုင်ငံ သူနာပြုနှင့်သားဖွားကောင်စီ၏ (CPD) လှုပ်ရှားမှုများတွင် ဤဒစ်ဂျစ်တယ်စွမ်းရည် မြှင့်တင်မှုကို ပူးတွဲဖော်ဆောင်ခြင်းဖြင့် အနာဂတ် မြန်မာ့သူနာပြုနှင့်သားဖွားများသည် ခေတ်မီနည်းပညာကိုအသုံးပြု၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ပိုမိုထိရောက်စွာ အကောင်အထည်ဖော်နိုင်မည် ဖြစ်ပါသည်။

တစ်ချိန်တည်းမှာပင် သူနာပြုနှင့်သားဖွားများ၏ လုပ်ငန်းခွင်ပတ်ဝန်းကျင်ကောင်းမွန်ရေး၊ လုပ်ငန်းခွင်လုံခြုံရေး၊ စိတ်ကျန်းမာရေးနှင့် လူမှုဖူလုံရေးတို့ကိုလည်း အလေးထားဆောင်ရွက်ရန် လိုအပ်ပါသည်။ လုံခြုံပြီး ဂုဏ်သိက္ခာရှိသော လုပ်ငန်းခွင်သည် အရည်အသွေးပြည့်ဝသော သူနာပြုနှင့် သားဖွားများအား ရေရှည်ထိန်းသိမ်းထားနိုင်သည့် အခြေခံအချက်တစ်ချက်ဖြစ်ပြီး ကျန်းမာရေးစနစ်၏ တည်ငြိမ်မှုကိုလည်း အထောက်အကူပြုစေမည် ဖြစ်ပါသည်။ ထို့ကြောင့် နိုင်ငံ့ဝန်ထမ်းသူနာပြုများအတွက်လည်း ထမ်းဆောင်ရသည့်တာဝန်များနှင့် တိုးတက်လာသော သူနာပြုပညာရေးအပေါ်မူတည်ပြီး ချီးမြှင့်ပေးခြင်း၊ ရာထူးအဆင့်အလိုက် လစာတိုးမြှင့်ပေးခြင်း၊ ထပ်ဆောင်းချီးမြှင့်ငွေများ ပံ့ပိုးပေးခြင်းတို့ကို ဆောင်ရွက်ပေးနေခြင်းသည် နိုင်ငံတော်အတွက် လိုအပ်နေသည့် “ကျန်းမာရေးစွမ်းအားစု အဆောက် အအုံ” တောင့်တင်းခိုင်မာအောင် အုတ်မြစ်ချ ဆောင် ရွက်ပေးနေသည်ကို တွေ့မြင်ကြရမည် ဖြစ်ပါသည်။

အနာဂတ်ကျန်းမာရေးစနစ်ကို ဦးဆောင်မည့် သူနာပြုနှင့်သားဖွားစွမ်းအားစု၏ မျှော်မှန်းချက်

သူနာပြုနှင့် သားဖွားစွမ်းအားစု တည်ဆောက်ရေးသည် ပညာရေး၊ လူ့စွမ်းအားအရင်းအမြစ် စီမံခန့်ခွဲမှု၊ နည်းပညာ၊ သုတေသန၊ ခေါင်းဆောင်မှုနှင့် မူဝါဒများကို တစ်ပြိုင်တည်း ပေါင်းစပ်အကောင်အထည်ဖော်ရမည့် အမျိုးသားအဆင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်တစ်ရပ် ဖြစ်ပါသည်။ ထိုသို့စနစ်တကျ ရင်းနှီးမြှုပ်နှံတည်ဆောက်ထားသော သူနာပြုနှင့် သားဖွားစွမ်းအားစုသည် ကျန်းမာရေးဝန်ကြီးဌာန၏ ရည်မှန်းချက်ဖြစ်သည့် လူတိုင်းသက်တမ်းစေ့ အသက်ရှည်စွာနေနိုင်ရေးနှင့် လူတိုင်း ရောဂါဘယ ကင်းရှင်းရေးတို့ကို အောင်မြင်အောင်ဆောင်ရွက်၍ ပြည်သူဗဟိုပြု၊ အရည်အသွေးမြင့်မားပြီး ရေရှည်တည်တံ့သော လူတိုင်းလက်လှမ်းမီ ရယူနိုင်သည့် မြန်မာနိုင်ငံ၏ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို ခိုင်မာစွာပံ့ပိုးပေးနိုင်မည် ဖြစ်ပါသည်။

ထို့ကြောင့်ပင် သူနာပြုနှင့် သားဖွားပညာရေးသည် စာသင်ခန်းအတွင်း သင်ကြားပေးခြင်းကို ကျော်လွန်၍ ဝေဖန်ပိုင်းခြားတွေးခေါ်နိုင်မှု၊ ဆုံးဖြတ်ချက်ချနိုင်မှု၊ သုတေသနစွမ်းရည်၊ ဆက်သွယ်ရေး ကျွမ်းကျင်မှု၊ အဖွဲ့လိုက် ပူးပေါင်းဆောင်ရွက်နိုင်မှုနှင့် အကျင့်စာရိတ္တခိုင်မာမှုတို့ဖြင့် တစ်ပြိုင်တည်း ပြုစုပျိုးထောင်ပေးနေပြီဖြစ်ပါသည်။ အရည်အသွေးမြင့် သူနာပြုနှင့်သားဖွားများသည် ခေတ်မီတိုးတက် နေသည့် ပညာရပ်များကို ကျွမ်းကျင်ရမည့်အပြင် လူသားများ၏ဂုဏ်သိက္ခာနှင့် လူသားချင်းစာနာမှုကို အမြဲဦးစားပေးသည့် ပညာရှင်များအဖြစ် ဖွံ့ဖြိုးလာရမည်ဖြစ်ပါသည်။

ထို့ပြင် သုတေသနနှင့် ဆန်းသစ်တီထွင်မှုဖြင့် လက်တွေ့လုပ်ငန်းခွင်တွင် တွေ့ကြုံရသော အခက်အခဲများကို သက်သေအထောက်အထား အခြေပြုဖြေရှင်းနိုင်သည့် ယဉ်ကျေးမှုတစ်ရပ်ကို တည်ဆောက်နိုင်မှသာ ကျန်းမာရေးစောင့်ရှောက်မှုများ၏ အရည်အသွေးကို ပိုမိုမြှင့်တင်နိုင်မည်ဖြစ်ပါသည်။ ထို့ကြောင့် သုတေသနများပြုလုပ်နိုင်ပြီး သုတေသနရလဒ်များကို လက်တွေ့တွင်အသုံးချနိုင်သည့် သူနာပြုနှင့် သားဖွားစွမ်းအားစုကို ပိုမိုမွေးထုတ်ပေးခြင်းသည် အနာဂတ်အတွက် မဟာဗျူဟာမြောက် ရင်းနှီးမြှုပ်နှံမှုပင် ဖြစ်ပါသည်။

ဒစ်ဂျစ်တယ်နည်းပညာများ တိုးတက်လာမှုသည် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ပိုမိုမြန်ဆန်တိကျပြီး လက်လှမ်းမီစေသော်လည်း နည်းပညာသည် သူနာပြုနှင့်သားဖွားများ၏ လူသားဆန်သော စောင့်ရှောက်မှုကို မည်သို့မျှအစားထိုးနိုင်မည်မဟုတ်ပါ။ လူနာတစ်ဦး၏ နာကျင်မှုကို နားလည်ပေးနိုင်ခြင်း၊ စိတ်ဓာတ်ပိုင်းဆိုင်ရာ အားပေးနှစ်သိမ့်နိုင်ခြင်းနှင့် မိသားစုဝင်များနှင့် အပြန်အလှန်ယုံကြည်မှု တည်ဆောက်နိုင်ခြင်းတို့သည် မည်သည့် နည်းပညာကမျှ အစားထိုး၍မရနိုင်သည့် သူနာပြုနှင့် သားဖွားများ၏ တန်ဖိုးအရှိဆုံးသော အရည်အသွေးများ ဖြစ်ကြပါသည်။

ထို့ကြောင့် သူနာပြုနှင့်သားဖွားစွမ်းအားစုကို တည်ဆောက်ခြင်းသည် ကျန်းမာရေးကဏ္ဍအတွက် သာမဟုတ်ဘဲ နိုင်ငံတော်၏အနာဂတ်၊ ပြည်သူတို့၏ လူနေမှုဘဝနှင့် မျိုးဆက်သစ်များ၏ အရည်အသွေးကို တည်ဆောက်ခြင်းပင်ဖြစ်ကြောင်း အလေးအနက် ယုံကြည်မိပါသည်။

မွန်မြတ်သောဂုဏ်သိက္ခာနှင့် ကျင့်ဝတ်

အချုပ်အားဖြင့်ဆိုရသော် နိုင်ငံတစ်ခု၏ ဖွံ့ဖြိုးတိုးတက်မှုကို တိုင်းတာရာတွင် ပြည်သူတို့၏ ကျန်းမာရေးအဆင့်အတန်းသည်လည်း အပါအဝင်ဖြစ်ရာ တိုင်းတာလေ့ရှိပြီး သူနာပြုနှင့် သားဖွား စွမ်းအားစုသည် အရည်အသွေးမြင့်မားသော ကျန်းမာရေးစနစ်ကို ဒေါက်တိုင်ပြုထားသည့် ကျန်းမာရေးစနစ်၏ အခြေခံအုတ်မြစ် ဖြစ်ပါသည်။ သူနာပြုစုခြင်းသည် ရောဂါကုသပေးခြင်းထက် လူနာနှင့်မိသားစုအပေါ် စာနာနားလည်မှု၊ ကျန်းမာရေး အသိပညာပေးမှုနှင့် လူသားချင်းစာနာမှုတို့ကို အခြေခံသည့်အတွက် မွန်မြတ်သောဂုဏ်သိက္ခာနှင့် ကျင့်ဝတ် ရှိသည့် သက်မွေးဝမ်းကျောင်းပညာဖြစ်ပါသည်။

ထို့ပြင် ခေတ်သစ်ကျန်းမာရေး စိန်ခေါ်မှုများနှင့် နည်းပညာပြောင်းလဲမှုများကို ကျော်လွှားနိုင်ရန်အတွက် အရည်အသွေးပြည့်ဝသော သူနာပြုနှင့်သားဖွားများအား စဉ်ဆက်မပြတ်လုံလောက်စွာ မွေးထုတ်ပေးပြီး ၎င်းတို့၏ ခေါင်းဆောင်မှုအခန်းကဏ္ဍကို မြှင့်တင်ပေးခြင်းသည် မဟာဗျူဟာမြောက် ဦးစား ပေးလုပ်ငန်းအဖြစ် ဆောင်ရွက်နေခြင်းဖြစ်ပါသည်။

သူနာပြုနှင့် သားဖွားစွမ်းအားစု တည်ဆောက်ခြင်းသည် ကျန်းမာရေးဝန်ကြီးဌာနတစ်ခုတည်း၏ တာဝန်မဟုတ်ဘဲ ပညာရေး၊ သုတေသန၊ လူမှုအဖွဲ့အစည်းများနှင့် မိတ်ဖက်အဖွဲ့များအားလုံး ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်ရမည့် အမျိုးသားရေးတာဝန်တစ်ရပ် ဖြစ်ပါသည်။ “ပြည်သူလူထုအားဗဟိုပြု၍ ကျန်းမာရေးကိုတည်ဆောက်မည်၊ သူနာပြုနှင့် သားဖွားအင်အားစုအားဗဟိုပြု၍ ကျန်းမာရေးစနစ်ကို အားကောင်းစေမည်”ဟူသော ခံယူချက်ထားရှိရန်လည်း လိုအပ်ပါမည်။

ထိုမျှမက သူနာပြုနှင့် သားဖွားတို့၏ စေတနာ၊ မေတ္တာနှင့် စာနာမှုတို့ကို မည်သည့်အဆင့်မြင့် နည်းပညာနှင့်မျှ အစားထိုး၍မရနိုင်သော ထာဝရတန်ဖိုးဖြစ်ခြင်းကိုလည်း တွေ့ရှိရမည်ဖြစ်ပါသည်။ ထို့ကြောင့် “သူနာပြုနှင့် သားဖွားစွမ်းအားစု အဆောက်အအုံ”ကို အမျိုးသားရေးဦးစားပေးလုပ်ငန်းတစ်ရပ်အဖြစ် အားဖြည့်တည်ဆောက်ခြင်းဖြင့် မြန်မာနိုင်ငံ၏ အနာဂတ်ကျန်းမာရေးနှင့် ပြည်သူလူထု၏ လူမှုစီးပွားဘဝကို မြှင့်တင်ပေးမည့် စုပေါင်းအင်အားဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။ ။

(မြန်မာနိုင်ငံ၏ ကျန်းမာရေးကဏ္ဍတွင် စွမ်းစွမ်းတမံ ကိုယ်ကျိုးစွန့် အနစ်နာခံ၍ တာဝန်ထမ်းဆောင်နေကြသော သူနာပြုနှင့်သားဖွားများ အပါအဝင် ကျန်းမာရေးဝန်ထမ်းများအားလုံးကို ဤဆောင်းပါးဖြင့် ဂုဏ်ပြုမှတ်တမ်းတင်လိုက်ရပါသည်။)