နိုင်ငံ့ဝင်ငွေတိုးတက်စေမည့် ဈေးကွက်ဝင် မက္ကဒေးမီးယားသီးနှံ
ခင်ခင်(စိုက်ပျိုးရေး)
မက္ကဒေးမီးယားဟုခေါ်သော အစေ့အဆန်ရရှိသည့်အပင်ကို မြန်မာနိုင်ငံ၌ ဒေသအခေါ်အားဖြင့် ချောကလက်သီးဟူ၍လည်းကောင်း၊ သော့သီးဟူ၍လည်းကောင်း ခေါ်တွင်ကြသည်။ မက္ကဒေးမီးယားအဆန်သည် စားသုံးရာတွင် အနံ့၊ အရသာကောင်းမွန်မှုကြောင့် အကောင်းဆုံးသောအစေ့အဆန်ဖြစ်ပြီး တန်ဖိုးကြီးမြင့်၍ ဈေးကောင်းရရှိနေသော နှစ်ရှည်သီးနှံတစ်မျိုးဖြစ်ပါသည်။
မူရင်းဒေသနှင့် လက်ရှိစိုက်ပျိုးနေမှု
ကမ္ဘာတွင် မက္ကဒေးမီးယား အများအပြား စိုက်ပျိုးသောနိုင်ငံများမှာ နယူးဇီလန်၊ ဇင်ဘာဘွေ၊ မာလဝီ၊ တောင်အာဖရိက၊ ကင်ညာ၊ အစ္စရေး၊ ဂွါတီမာလာ၊ ဘရာဇီး၊ မက္ကဆီကို၊ ကော်စတာရီကာဒေသတို့ ဖြစ်ကြသည်။ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားနှင့် ဖလော်ရီဒါပြည်နယ်တို့တွင်လည်း ဟာဝိုင်ယီပြည်နယ်ကဲ့သို့ မက္ကဒေးမီးယားကို အလေးထားစိုက်ပျိုးနေကြသည်။
အလားတူ မြန်မာနိုင်ငံ၌လည်း ၁၉၈၂-၁၉၈၃ ခုနှစ်တွင် မက္ကဒေးမီးယားပျိုးပင်များကို ဩစတြေးလျနိုင်ငံမှ မှာယူတင်သွင်းခဲ့ပြီး ရေမြေသဘာဝကိုက်ညီမှုရှိ/ မရှိ သိရှိနိုင်ရန် ထားဝယ်ခရိုင်၊ ပြည်ခရိုင်နှင့် မြစ်ကြီးနားမြို့နယ်တို့တွင် စမ်းသပ်စိုက်ပျိုးခဲ့ရာ မြစ်ကြီးနားနှင့် ပြည်ခရိုင် ညောင်ဂျိုးကျေးရွာ၌ စိုက်ပျိုးသောအပင်များမှာ ကောင်းမွန်စွာ ဖြစ်ထွန်းခဲ့ပါသည်။
အလားတူ ၂၀၀၀ ပြည့်နှစ်က ပြင်ဦးလွင်ဒေသ၌ စိုက်ပျိုးခဲ့သော အပင်များမှာလည်း ရှင်သန်အောင်မြင်ဖြစ်ထွန်းကြောင်း တွေ့ရှိရပါသည်။ မက္ကဒေးမီးယားသီးနှံအား ရေမြေဒေသနှင့် ကိုက်ညီသော ကချင်၊ ကယား၊ ကရင်နှင့် ရှမ်းပြည်နယ်၊ မန္တလေးနှင့် ပဲခူးတိုင်းဒေသကြီးတို့၌ တိုးချဲ့စိုက်ပျိုးခဲ့ကြပါသည်။ ယခုဆိုလျှင် ၂၀၂၅-၂၀၂၆ ခုနှစ်အထိ မြန်မာတစ်နိုင်ငံလုံး မက္ကဒေးမီးယားစိုက်ပျိုးပြီး ဧကမှာ ၁၄၀၀၀ နီးပါးသို့ ရောက်ရှိနေပြီဖြစ်သည်။
ကျန်းမာရေးအပြင် ဘက်စုံအသုံးဝင်သည့် အစေ့အဆန်လည်းဖြစ်
မက္ကဒေးမီးယားအဆန်သည် အဖြူရောင်ဖြစ်ပြီး ဆီ၊ ပရိုတင်းနှင့် အချို(သကြား) ဓာတ်၊ ကာဗွန်ဟိုက်ဒရိတ်ဓာတ်များ ပါဝင်သည်။ ကျန်းမာရေးအတွက် လိုအပ်သော ဖော့စ်ဖရပ်စ်ဓာတ်လည်း ပါဝင်သည်။ မက္ကဒေးမီးယားအဆန်ကို သဘာဝအတိုင်းဖြစ်စေ၊ ချောကလက်၊ သကြားလုံး၊ ရေခဲမုန့် တို့တွင်ဖြစ်စေ၊ မုန့်ဖုတ်လုပ်ငန်းများတွင် ထည့်သွင်း၍ဖြစ်စေ အသုံးပြုကြသည်။ အဆီ ၇၃ ရာခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်းအထိ ပါဝင်သော်လည်း အဆိုပါအဆီသည် ကိုလက်စထရောအဆီဓာတ်များကို ကျဆင်းစေကာ သံလွင်ဆီကဲ့သို့ လူတို့စားသုံးရန်သင့်သော အဆီဖြစ်သည်။ ကိုလက်စထရောဓာတ်နည်းပြီး အရသာအထူးကောင်းမွန်သောကြောင့် စားသုံးရန် အကောင်းဆုံးအစေ့အဆန်အဖြစ် အသိအမှတ်ပြုထားကြသည်။ ပုံမှန်စားသုံးခြင်းအားဖြင့် သွေးထဲမှ အဆီဓာတ်ကို လျော့ကျစေသောကြောင့် နှလုံးရောဂါဖြစ်ပွားမှုကို လျော့ပါးစေနိုင်ကြောင်း သိရှိ ရပါသည်။
မက္ကဒေးမီးယားအသီး၏ လတ်ဆတ်သော အတွင်းပိုင်းအဆန်အားကြိတ်ခြင်းဖြင့် မက္ကဒေးမီးယားဆီအဖြစ်ရရှိပြီး စားသုံးရာတွင်လည်းကောင်း၊ လူသုံးကုန်နှင့်အလှကုန်ပစ္စည်းများ ထုတ်လုပ်ရာတွင်လည်းကောင်း သုံးစွဲကြသည်။
စိုက်ပျိုးရာမှာ သင့်တော်သည့်ရေမြေရာသီဥတုရှိရန်နှင့် မျိုးရွေးချယ်မှုမှန်ရန် အရေးကြီး
မက္ကဒေးမီးယားသည် နှစ်စဉ်မိုးရေချိန်လက်မ ၆၀ နှင့်အထက် ရွာသွန်းသောဒေသများတွင် စိုက်ပျိုးရှင်သန်နိုင်ပြီး ပန်းပွင့်ချိန်ကာလများဖြစ်သော ဒီဇင်ဘာ၊ ဇန်နဝါရီ၊ ဖေဖော်ဝါရီလတို့တွင် ပျမ်းမျှအနိမ့်ဆုံးအပူချိန် ၁၄ ဒီဂရီစင်တီဂရိတ်မှ ၁၈ ဒီဂရီစင်တီဂရိတ်အတွင်းရရှိရန် လိုအပ်သည်။ မက္ကဒေးမီးယားပင်သည် မြေအမျိုးမျိုးတွင် စိုက်ပျိုးနိုင်သော်လည်း အဓိကအားဖြင့် လေဝင်လေထွက်ကောင်းမွန်ပြီး အာဟာရဓာတ်ပြည့်ဝ၍ သဲမဆန်လွန်းသော မြေမျိုးဖြစ်ရန်လိုအပ်သည်။ မြေချဉ်ငန်ဓာတ် ၅ မှ ၅ ဒသမ ၅ အတွင်း ရှိရမည်ဖြစ်သည်။
အရည်အသွေးကောင်းမွန်သော အစေ့အဆန်ရရှိစေရန် မိမိရေမြေဒေသ၊ ရာသီဥတုနှင့် ကိုက်ညီသောမျိုးကို ရွေးချယ်စိုက်ပျိုးရန် အရေးကြီးသည်။ မြန်မာနိုင်ငံ၌ လက်ရှိစိုက်ပျိုးနေသောမျိုးမှာ အခွံချော၊ အသီးလုံးဝိုင်း၊ အသီးကြီးမျိုးဖြစ်ပြီး ရှမ်းပြည်နယ် (မြောက်ပိုင်း) နောင်ချို၊ ကျောက်မဲ၊ မန္တလေးတိုင်းဒေသကြီးအတွင်း ပြင်ဦးလွင်၊ မိုးကုတ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း) ရှိ ရွာငံ၊ ကလော၊ တောင်ကြီးစသော ဒေသများတွင် ကောင်းမွန်စွာဖြစ်ထွန်း၍ အသီးအရွယ်ကြီးမားခြင်း၊ လုံးဝိုင်းညီညာခြင်း၊ အသီးခွံချောခြင်း၊ အစေ့အဆန်အရည်အသွေးကောင်းမွန်ခြင်းတို့ကြောင့် ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးလာကြသည်။
မက္ကဒေးမီးယားပင်သည် အစေ့မှစိုက်ပျိုးလျှင် မျိုးရိုးဗီဇအလွယ်တကူ တိမ်ကောနိုင်ပြီး ရေရှည်တွင် အထွက်နှုန်းနှင့် အစေ့အဆန်အရည်အသွေး ကျဆင်းတတ်သဖြင့် စီးပွားဖြစ်စိုက်ပျိုးမည်ဆိုပါက အရည်အသွေးကောင်း မိခင်ပင်များကို လိင်မဲ့နည်းဖြင့် ကိုင်းကူးကိုင်းဆက်၍ ရွေးချယ်စိုက်ပျိုးပါက မိခင်အပင်၏ အရည်အသွေးအတိုင်း ရရှိနိုင်သည့်အပြင် သီးပွင့်ချိန်စောသဖြင့် ယခုနောက်ပိုင်းတွင် ကိုင်းဆက်ပင်များ ရွေးချယ်စိုက်ပျိုးလာကြပါသည်။
မြန်မာနိုင်ငံ၌ မြေနေရာအနေအထားအမျိုးမျိုးအပေါ်မူတည်လျက် မက္ကဒေးမီးယားပင် အကွာအဝေးကို စိုက်ပျိုးကြသည်။ စိုက်ကျင်းတူးခြင်းကို ၂ ပေ x ၂ ပေ x ၂ ပေ တူးရပါသည်။ ကိုင်းဆက်ပင်များ စိုက်ပျိုးမည်ဆိုပါက ပင်ကြား၊ တန်းကြားအကွာအဝေး ၂၅ ပေ x ၂၅ ပေ၊ တစ်ဧက အပင် ၇၀ နှုန်းဖြင့်လည်းကောင်း၊ အစေ့စိုက်ပင်များ စိုက်ပျိုးမည်ဆိုပါက ပင်ကြား၊ တန်းကြား ၃၂ ပေ x ၃၂ ပေ၊ တစ်ဧက အပင် ၄၀ နှုန်းထား၍လည်းကောင်း စိုက်ပျိုးကြသည်။
မက္ကဒေးမီးယားပင်သည် အပင်ကြီး၊ အပင်လတ်မျိုးဖြစ်ပြီး အမြဲစိမ်းသစ်တောပင်ဖြစ်သည်။ အပင်အမြင့်ပေ ၆၀ နှင့်အထက်ရှိပြီး အကျယ်ပေ ၄၀ ခန့်အထိ ဘေးကိုင်းများဖြာထွက်သည်။ အစေ့ စိုက်ပင်များသည်စိုက်ပြီး ခြောက်နှစ်မှ ခုနစ်နှစ်တွင်လည်းကောင်း၊ ကိုင်းကူးပင်များသည် စစိုက်ပြီး သုံးနှစ်မှ ငါးနှစ်အတွင်းတွင်လည်းကောင်း စတင်အသီးရရှိနိုင်ပြီး ၁၂ နှစ်မှ ၁၅ နှစ်တွင် စီးပွားဖြစ် ထုတ်လုပ်ရရှိနိုင်ပါသည်။ အပင်သက်တမ်း နှစ် ၆၀ အထိ စီးပွားရေးတွက်ခြေကိုက်သော အထွက်ကို ရရှိနိုင်ပြီး နှစ်ပေါင်းတစ်ရာအထိ သီးပွင့်မှုရှိကြောင်း လေ့လာသိရှိရသည့်အတွက် အလားအလာရှိသည့် စိုက်ပျိုးသင့်သော အဖိုးတန်နှစ်ရှည်ပင် ဖြစ်သည်။
ဝင်ငွေများ၍ စိုက်ပျိုးသူများလာ
ပုံမှန်အားဖြင့် မက္ကဒေးမီးယားတစ်မျိုးတည်း စိုက်ပျိုးမည်ဆိုပါက တစ်ဧကခန့်မှန်းကုန်ကျစရိတ် (စိုက်နှစ်မှ လေးနှစ်သားထိ) ကျပ်သိန်း ၅၀ မှ ၆၀ ခန့် ကုန်ကျနိုင်ပါသည်။ သို့ရာတွင် မိမိစိုက်ပျိုးထားသော မက္ကဒေးမီးယားမျိုး၊ ပြုစုထိန်းသိမ်းမှုနှင့် အထွက်နှုန်းများအပေါ်မူတည်၍ စိုက်ပျိုးပြီး ရှစ်နှစ်မှ ကိုးနှစ်အကြာတွင် အရင်းကျေနိုင်ပြီး ၁၀ နှစ်သားခန့်တွင် အမြတ်စတင်ရရှိနိုင်သည်။
စနစ်တကျထိန်းသိမ်းထားသောခြံမှ ရေမြေဒေသအလိုက် တစ်ဧကလျှင် အခွံပါအစေ့ (၁ တန်မှ ၅ တန်)အထိထွက်ရှိပြီး အစေ့အဆန် (၀ ဒသမ ၃ တန်မှ ၂ တန်) အထိ ရရှိနိုင်သည်။ အပင်သက်တမ်း နှစ် ၂၀ နှင့် ၃၀ ကြားသည် အသီးထွက်အကောင်းဆုံးကာလဟု သိရသည်။ မြန်မာနိုင်ငံမှ မက္ကဒေးမီးယားထွက်ကုန်များကို တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှ အဓိကဝယ်ယူနေပြီး ပြင်သစ်နှင့် အခြားနိုင်ငံများသို့လည်း ဈေးကွက်ထိုးဖောက်ရန် ဆောင်ရွက်လျက်ရှိသည်။
ယနေ့ နိုင်ငံတကာဈေးကွက်တွင် အစေ့အဆန် တစ်တန်လျှင် ဒေါ်လာ ၆၀၀၀ ပတ်ဝန်းကျင်ရှိသဖြင့် တစ်နှစ်တစ်ဧကအခွံပါအစိမ်းသီး ၃ တန်ထွက်ပါက အစေ့အဆန်တန် ၁ တန် ရရှိနိုင်ပြီး ရောင်းရငွေကျပ် သိန်း ၁၈၀ မှ ၂၅၀ အထိ ရရှိနိုင်မည်ဖြစ်သည်။ မက္ကဒေးမီးယားသီးနှံအား တရုတ်နိုင်ငံသို့ တရားဝင် တင်ပို့နိုင်ရေးအတွက်လည်း မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံအကြား တရုတ်နိုင်ငံ အကောက်ခွန်အထွေထွေအုပ်ချုပ်ရေးဌာနနှင့် သဘောတူညီထားသော ပို့ကုန်ဆိုင်ရာ လုပ်ထုံးလုပ်နည်း (GACC protocol) ပါ သတ်မှတ်ချက်များကို လိုက်နာ၍ တင်ပို့ခြင်းအားဖြင့် မက္ကဒေးမီးယားစိုက်တောင်သူများ ဝင်ငွေပိုမိုရရှိနိုင်မည်ဖြစ်သည်။
ကြားသီးနှံနှင့် တွဲဖက်စိုက်ပျိုးမည်ဆိုပါက ပိုမိုအကျိုးရှိ
မက္ကဒေးမီးယားကို ကြားသီးနှံနှင့် တွဲဖက်စိုက်ပျိုးမည်ဆိုပါက စိုက်နှစ်မှ လေးနှစ်သားအထိ နှစ်စဉ်ပြုစုထိန်းသိမ်းစရိတ်ကုန်ကျငွေ ကာမိရုံမျှမက ကြားသီးနှံမှ အပိုဝင်ငွေရရှိစေနိုင်သည့်အတွက် အရင်းကျေကာလသက်တမ်းကို လျင်မြန်စွာ ရောက်ရှိစေနိုင်သည်။
ယခုအခါ နောင်ချိုဒေသရှိ မက္ကဒေးမီးယားစိုက်ပျိုးသူပုဂ္ဂလိကလုပ်ငန်းရှင်များက မက္ကဒေးမီးယားပင်များအကြားတွင် ကြားသီးနှံများ မြေနေရာလပ်မရှိ စိုက်ပျိုးနိုင်ရေးအတွက် “တောင်သူနှင့် ဖက်စပ်အကျိုးတူ ပူးပေါင်းဆောင်ရွက်ရေးစနစ်” ကို ကျင့်သုံးဆောင်ရွက်လျက်ရှိကြသည်။ အဆိုပါစနစ်ကြောင့် မက္ကဒေးမီးယားစိုက်လုပ်ငန်းရှင်များအတွက် ပေါင်းရှင်းစရိတ်သက်သာစေသည့်အပြင် ကြားသီးနှံစိုက်ပျိုးသော တောင်သူက ကြားသီးနှံအတွက် မြေဩဇာထည့်သွင်းခြင်းဖြင့် မက္ကဒေးမီးယားပင်အတွက်ပါ မြေဩဇာထည့်သွင်းစရိတ်ကို သက်သာစေ၏။ တောင်သူများဘက်ကလည်း ကြားသီးနှံစိုက်ပျိုးရန် အလွယ်တကူမြေနေရာ ရရှိ စေနိုင်သည့်အတွက် နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းမှုရှိသောစနစ်ဖြစ်သဖြင့် ကျယ်ကျယ်ပြန့်ပြန့် ကျင့်သုံးလာကြသည်။
ကြားသီးနှံအဖြစ် မက္ကဒေးမီးယားပင်တန်းများအကြားတွင် ပြောင်း (သို့) နေကြာကို စိုက်ပျိုးပြီး အဆိုပါသီးနှံများ ရိတ်သိမ်းပြီးပါက ပဲစင်းငုံ၊ ပဲစောင်းလျားစသည်တို့ကို သီးထပ်စိုက်ပျိုးကြပြန်ပါသည်။ ပေါင်းမြက်အလွန်ထူသော စိုက်ကွက်များတွင်မူ ပဲယဉ်းကို စိုက်ပျိုးခြင်းဖြင့် သက်ငယ်ပေါင်းများကို နှိမ်နင်းနိုင်သည်။
မက္ကဒေးမီးယားနှင့် ကော်ဖီတွဲ၍ စိုက်သော စိုက်ခင်းများတွင် မက္ကဒေးမီးယားအခွံများအား ကော်ဖီစေ့လှော်ရာတွင် ထင်းအစားထိုးလောင်စာအဖြစ် အသုံးပြုကြသည်။ မက္ကဒေးမီးယားအပေါ်ခွံ များကိုမူ ဥယျာဉ်ခြံသီးနှံများအတွက် အစိုဓာတ်ထိန်းရာတွင်လည်းကောင်း၊ မြေသြဇာအဖြစ်လည်းကောင်း အသုံးပြုကြသည်။
မက္ကဒေးမီးယား စိုက်ပျိုးလိုသူများအနေဖြင့် အထွက်နှုန်းတိုးတက်စေရန်နှင့် ဝင်ငွေပိုမိုရရှိစေရန် သင့်တော်သောရေမြေ၊ ရာသီဥတုနှင့် အပူချိန်ရှိသည့် မြေနေရာဒေသရွေးချယ်ခြင်း၊ အထွက်ကောင်းမျိုးများအား စနစ်တကျရွေးချယ်၍ ကိုင်းဆက်ပျိုးပင် အသုံးပြုစိုက်ပျိုးခြင်း၊ မှန်ကန်သော အကွာအဝေးဖြင့် စိုက်ပျိုးခြင်း၊ မြေဆီလွှာထိန်းသိမ်းမှုလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ကိုင်းဖြတ်ခြင်းနှင့် အပင်ပုံသွင်းခြင်းလုပ်ငန်းများ စနစ်တကျဆောင်ရွက်ခြင်း၊ စိုက်ခင်းပြုစုထိန်းသိမ်းခြင်း၊ ပိုးမွှားရောဂါကာကွယ်နှိမ်နင်းခြင်းတို့ကို အချိန်နှင့် ရာသီအလိုက် စနစ်တကျဆောင်ရွက်ခြင်း၊ သင့်တော်သည့် ကြားသီးနှံစိုက်ပျိုးခြင်း၊ ကော်ဖီနှင့်တွဲ၍ စိုက်ပျိုးခြင်းကို လိုက်နာကြရပါမည်။
ကျန်းမာရေးအတွက် အသုံးဝင်အဖိုးတန်သောသီးနှံဖြစ်သည့်အပြင် ရေရှည်တွင် သားစဉ်မြေးဆက်အကျိုးရှိသည့် ဈေးကွက်အလားအလာကောင်းသော၊ စိုက်ပျိုးသူများ ဝင်ငွေတိုးရုံသာမက နိုင်ငံ့ဝင်ငွေကိုပါ တိုးတက်စေမည့် မက္ကဒေးမီးယားသီးနှံကို တိုးချဲ့စိုက်ပျိုးနိုင်ကြပါရန်နှင့် နည်းပညာလိုအပ်ချက်များရှိပါက စိုက်ပျိုးရေးဦးစီးဌာန၊ နှစ်ရှည်သီးနှံဌာနခွဲ (ရုံးချုပ်) နှင့် ရှမ်းပြည်နယ်ရှိ မက္ကဒေးမီးယားခြံများဖြစ်သည့် နောင်ချို၊ အင်တော၊ နမ့်စန်ခြံများသို့ ဆက်သွယ်မေးမြန်းနိုင်ပါကြောင်း အသိပေးရေးသားလိုက်ရပါသည်။ ။
